News @ M-Media

Blog

  • အမေရိကန်ရှိ ရုပ်ရှင်ရုံတွင် လူဖြူတစ်ဦး သေနတ်ဖြင့် ၀င်ပစ်၊ ၂ ဦးသေဆုံး

    အမေရိကန်ရှိ ရုပ်ရှင်ရုံတွင် လူဖြူတစ်ဦး သေနတ်ဖြင့် ၀င်ပစ်၊ ၂ ဦးသေဆုံး

    ဇူလိုင် ၂၄၊ ၂၀၁၅
    M-Media

    us

    – အမေရိကန်ပြည်ထောင်စု လူဝီစီးယားနားပြည်နယ် လာဖာယက်တီမြို့တွင် သေနတ်သမားတစ်ဦးက ယမန်နေ့ညပိုင်းတွင် ရုပ်ရှင်ရုံအတွင်းသို့ ၀င်ရောက်ပစ်ခတ်မှုကြောင့် အနည်းဆုံး လူ ၂ ဦး သေဆုံးခဲ့ပြီး သေနတ်သမားမှာ မိမိကိုယ်ကို ပစ်သတ်သွားခဲ့သည်ဟု ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

    Train Wreck အမည်ရသည့် ရုပ်ရှင်ကို ဒေသစံတော်ချိန် ည ၇ နာရီပွဲ၌ ပြသပြီး မိနစ် ၂၀ အကြာတွင် ပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ မျက်မြင်သက်သေတစ်ဦးဖြစ်သူ ကေသီ ဒိုမီနစ်ကမူ သေနတ်သမားမှာ အသက်ကြီးသည့် လူဖြအမျိုးသားတစ်ဦးဖြစ်ပြီး ရုပ်ရှင်ရုံထဲသို့ ၀င်ရောက်ကာ ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

    “သူဘာမှမပြောပါဘူး။ ဘာအော်သံမှလည်း ကျွန်မ မကြားပါဘူး” ဟု ဒိုမီနစ်ကဆိုပြီး ၎င်းတို့စုံတွဲ နီးစပ်ရာ ထွက်ပေါက်မှ ထွက်မပြေးခင် သေနတ်သံ ၆ ချက် ကြားခဲ့သည်ဟု ထည့်သွင်းပြောကြားခဲ့သည်။ သေနတ်သမားမှာ နောက်ပိုင်းတွင် မိမိကိုယ်ကို သေနတ်ဖြင့် ပစ်သတ်သွားခဲ့သည်။

    ပစ်ခတ်မှုကြောင့် လူ ၉ ဦး ဒဏ်ရာရရှိခဲ့ပြီး ရုပ်ရှင်ရုံထဲတွင် လူပေါင်း ၁၀၀ ခန့် ရှိသည်ဟု ထိုအဖြစ်အပျက်ကို ကိုယ်တိုင်ကြုံတွေ့ရသူ ကိုင်ဖာ ဆန်ဒါစ်က CNN သတင်းဌာနသို့ ပြောကြားခဲ့သည်။

    လွန်ခဲ့သည့် ၃ နှစ်ကလည်း ကိုလိုရာဒိုပြည်နယ် အူရိုရာမြို့ရှိ ရုပ်ရှင်ရုံတစ်ရုံ၌ လင်းနို့လူသား၏ The Dark Knight Rises ဇာတ်ကား ပြသနေစဉ် ဂျိမ်းစ်ဟုမ်းဆိုသူက သေနတ်ဖြင့် ၀င်ရောက်ပစ်ခတ်ခဲ့သောကြောင့် လူ ၁၂ ဦး သေဆုံးခဲ့ပြီး ဒါဇင်နှင့်ချီ၍ ဒဏ်ရာရရှိခဲ့သည်။

    Ref: Channelnewsasia

  • နိုင်ငံတကာသတင်းတို (ဇူလိုင် ၂၃၊ ၂၀၁၅)

    ဇူလိုင် ၂၃၊ ၂၀၁၅
    M-Media

    တစ်ရက်အတွင်း ပါလက်စတိုင်း ၂ ဦးကို အစ္စရေးပစ်သတ်
    …………………………………….
    အစ္စရေးက ကျူးကျော် သိမ်းပိုက်ထားသည့် ပါလက်စတိုင်းပိုင် အနောက်ဘက်ကမ်းရှိ ဟီဘရွန်ဒေသမှ အိမ်တစ်အိမ်သို့ ယမန်နေ့တွင် အစ္စရေးစစ်သားများ ချိုးဖျက်ဝင်ရောက် စီးနင်းမှုအတွင်း အသက် ၅၂ နှစ်အရွယ် ပါလက်စတိုင်း အမျိုးသား ဖာလာဟ် အဘူ မာရီယာကို
    ပစ်သတ်ခဲ့သည်။ အဘူ မာရီယာမှာ အစ္စရေးစစ်သားများ၏ စီးနင်းဝင်ရောက်မှုအတွင်း ခြေထောက်၌ ဒဏ်ရာရသွားသော အသက် ၂၂ နှစ်အရွယ် သားဖြစ်သူအား ကူညီရန် ကြိုးစားနေစဉ် ရင်ဘတ်အား သေနတ်ဖြင့် ၂ ချက်ဆက်တိုက် အနီးကပ် ပစ်သတ်ခံခဲ့ရခြင်း ဖြစ်သည်။

    ဗုဒ္ဓဟူးနေ့ မနက်ပိုင်းကလည်း အနောက်ဘက်ကမ်း ဂျီနင်ဒေသ၌ ၀င်ရောက်စီးနင်းမှုအတွင်း အသက် ၂၁ နှစ်အရွယ် ပါလက်စတိုင်းအမျိုးသားတစ်ဦးကို အစ္စရေးစစ်တပ်က ပစ်သတ်ခဲ့သည်။ ယခုနှစ်အတွင်း အစ္စရေးစစ်တပ်မှ ပစ်သတ်မှုကြောင့် အနောက်ဘက်ကမ်းတွင် သေဆုံးရသူ ပါလက်စတိုင်းများမှာ ၁၆ ဦးရှိနေပြီး ၁၀၀၀ ခန့် ဒဏ်ရာရရှိခဲ့သည်ဟု ကုလက ပြောကြားခဲ့သည်။

    အရှေ့တရုတ်ပင်လယ်ကိစ္စ ဂျပန်၏ ကန့်ကွက်မှုကို တရုတ်ဝေဖန်
    …………………………
    အရှေ့တရုတ်ပင်လယ်မှ ဂျပန်နှင့်တရုတ်တို့ ပိုင်ဆိုင်မှုအငြင်းပွားနေသည့် ရေပိုင်နက်တွင် တရုတ်၏ ဆောက်လုပ်ရေးလုပ်ငန်းများ လုပ်ဆောင်နေသော ဓာတ်ပုံများကို ဂျပန်နိုင်ငံက ထုတ်ပြန် ကန့်ကွက်လိုက်ခြင်းမှာ နှစ်နိုင်ငံအကြား ထိပ်တိုက်ရင်ဆိုင်မှုကိုသာ ဖြစ်စေမည်ဖြစ်ပြီး ညှိနှိုင်းဆွေးနွေးရေး လုပ်ငန်းများအတွက် မည်သည့် အကျိုးသက်ရောက်မှုမှ ရှိမည်မဟုတ်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ယမန်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။ ထို့ပြင် အငြင်းပွားမှုမရှိသော ရေပိုင်နက်တွင် ရေနံနှင့် သဘာဝဓတ်ငွေ့ ရှာဖွေထုတ်လုပ်ပိုင်ခွင့်မှာ တရားနည်းလမ်းကျသည်ဟုလည်း ပြောကြားခဲ့သည်။

    ဆိုယုဇ်အာကာသယာဉ် ISS နှင့် အောင်မြင်စွာ ချိတ်ဆက်နိုင်
    ………………………….
    ရုရှား၊ ဂျပန်နှင့် အမေရိကန်တို့မှ အာကာသယာဉ်မှူး ၃ ဦးကို တင်ဆောင်သွားခဲ့သည့် ဆိုယုဇ် အာကာသယာဉ်မှာ ယမန်နေ့က မြေပြင်မှလွှတ်တင်ပြီး ၆ နာရီအကြာတွင် နိုင်ငံတကာ အာကာသစခန်း ISS နှင့် ချိတ်ဆက်နိုင်ခဲ့သည်ဟု နာဆာက ပြောကြားခဲ့သည်။ လွှတ်တင်မည့် ရုရှား ဒုံးပျံ ပြဿနာကြောင့် ၂ လကြာ နှောင့်နှေးခဲ့ရသည့် အဆိုပါ အာကာသယာဉ် လွှတ်တင်မှုကို
    ကမ္ဘာတစ်ဝှမ်းရှိ အာကာသ ပညာရှင်များက စောင့်ကြည့်ခဲ့ကြသည်။

    Ref: News Agencies

  • သစ်ခုတ်သမားများကို မြန်မာထောင်ချမှု တရုတ် ကန့်ကွက်ကာ ပြန်လည် လွှဲပေးရန် တောင်းဆို

    သစ်ခုတ်သမားများကို မြန်မာထောင်ချမှု တရုတ် ကန့်ကွက်ကာ ပြန်လည် လွှဲပေးရန် တောင်းဆို

    ဇူလိုင် ၂၃၊ ၂၀၁၅
    M-Media

    log

    – တရုတ်နိုင်ငံသား ၁၅၃ ဦးအား သစ်ခိုးခုတ်မှုအတွက် မြန်မာနိုင်ငံမှ ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချမှုကို တရုတ်နိုင်ငံက သံတမန်နည်းလမ်းဖြင့် ယနေ့တွင် ဆန့်ကျင်ကန့်ကွက်ခဲ့သည်ဟု သိရသည်။

    မြန်မာနိုင်ငံမှာ ကချင်ပြည်နယ်တွင် တရားမ၀င်သစ်ခုတ်မှုများကို နှိမ်နှင်းရာမှ ထိုလုပ်ငန်းတွင် ပါဝင်သည့် တရုတ်နိုင်ငံသား ၁၅၅ ဦးကို ယခုနှစ် ဇန်န၀ါရီလအတွင်း ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ထို့နောက် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီးနောက် ၎င်းတို့ထဲမှ ၁၅၃ ဦးကို ယမန်နေ့က ထောင်ဒဏ်တစ်သက်တစ်ကျွန်းစီ ချမှတ်ခဲ့ပြီး ၂ ဦးကိုမူ ထောင်ဒဏ် ၁၀ နှစ်စီ ချမှတ်ခဲ့သည်။

    တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ လူကန်ကမူ မိမိတို့မှာ နိုင်ငံသားများ ဖမ်းဆီးခံရပြီးကတည်းက ထိုကိစ္စအတွက် နည်းလမ်းပေါင်းစုံးသုံး၍ မြန်မာနိုင်ငံနှင့် ဆက်သွယ်ဆောင်ရွက်ခဲ့သည်ဟု Reuters သတင်းဌာနသို့ ပြောကြားခဲ့သည်။

    တရုတ်သတင်းဌာနဖြစ်သည့် Xhinhua ကမူ လူကန်မှာ အဆိုပါ သစ်ခုတ်သမားများ၏ အခြေအနေမှန်ကို ထည့်သွင်းစဉ်းစားရန်နှင့် ဥပဒေနှင့် ညီညွှတ်ပြီး၊ သင့်လျော်ကာ ယုတ္တိတန်သည့် နည်းလမ်းမျိုးဖြင့် ထိုကိစ္စကို ကိုင်တွယ်ရန် မြန်မာအစိုးရအား တောင်းဆိုခဲ့သည်ဟု ဖော်ပြခဲ့သည်။ ထို့ပြင် အဆိုပါ ဖမ်းဆီးထားသူများအား တတ်နိုင်သမျှ မြန်မြန်ဆန်ဆန် တရုတ်နိုင်ငံသို့ ပြန်လည်လွှဲပေးရန်လည်း မြန်မာနိုင်ငံအား တိုက်တွန်းခဲ့သည်။

    သို့ရာတွင် မြန်မာအစိုးရကမူ မိမိတို့မှာ တရားစီရင်ရေးကိစ္စတွင် ၀င်ရောက်စွက်ဖက်မည်မဟုတ်ဟု ပြန်လည်တုံ့ပြန်ခဲ့သည်။

    “အခြားတိုင်းပြည်တွေမှာ ကျွန်တော်တို့ နိုင်ငံသားတွေ ဥပဒေချိုးဖောက်တဲ့အခါ၊ သူတို့တွေဟာ အဲဒီနိုင်ငံက ဥပဒေနဲ့ အပြစ်ပေး ခံရမှာပါပဲ။ ဒါကိုကြားဝင်ဖို့ သံတမန်နည်းလမ်းကို ကျွန်တော်တို့ သုံးလို့မရပါဘူး။ တရုတ်နိုင်ငံက နားလည်လိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်။ တကယ်လိုအပ်နေတာက အနာဂတ်မှာ တရားမ၀င် သစ်ခုတ်မှုကို တားမြစ်ဖို့ပါပဲ” ဟု မြန်မာအစိုးရ၏
    ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က AFP သတင်းဌာနသို့ ပြောကြားခဲ့သည်။

    Ref: Channelnewsasia, Ibtimes

  • နေစွမ်းအင်သုံး နားကြားကိရိယာတစ်ခု ဘရာဇီးလ် တီထွင်

    နေစွမ်းအင်သုံး နားကြားကိရိယာတစ်ခု ဘရာဇီးလ် တီထွင်

    ဇူလိုင် ၂၃၊ ၂၀၁၅
    M-Media

    brazil

    – အကြားအာရုံ ချို့တဲ့သူများအတွက် နေစွမ်းအင်သုံး နားကြားကိရိယာကို ဘရာဇီးလ်နိုင်ငံမှ ကုမ္ပဏီတစ်ခုက တီထွင်ထုတ်လုပ်နိုင်ခဲ့ပြီး ကမ္ဘာ့ပထမဆုံး နေစွမ်းအင်သုံး နားကြားကိရိယာလည်း ဖြစ်လာခဲ့သည်။

    Solar Ear ဟု အမည်ပေးထားသည့် ကုမ္ပဏီက တီထွင်ထုတ်လုပ်လိုက်ခြင်းဖြစ်ပြီး အဆိုပါ နားကြားကိရိယာမှာ နေစွမ်းအင်ဖြင့် ဘတ္ထရီအား ပြန်လည်အားဖြည့်နိုင်မည် ဖြစ်သည်။

    ထို့ပြင် နားကြားကိရိယာ လိုအပ်ချက်ရှိ၊ မရှိကို ဆေးရုံသွားရန်မလိုဘဲ မိမိ၏ အကြားအာရုံချို့တဲ့မှုအား တစ်ကိုယ်ရည် စမ်းသပ်နိုင်မည့် မိုဘိုင်း အက်ပလီကေးရှင်းတစ်ခုကိုလည်း ထိုကုမ္ပဏီက တီထွင်ထုတ်လုပ်ခဲ့သည်။

    ကမ္ဘာတစ်ဝှမ်းတွင် အကြားအာရုံ ချို့တဲ့သူများမှာ သန်းပေါင်း ၃၆၀ ကျော် ရှိနေပြီး အများစုမှာ ၀င်ငွေ အလယ်အလတ်တန်းနှင့် ၀င်ငွေနိမ့်သော နိုင်ငံများမှ ဖြစ်သည်။ နားကြားကိရိယာမှာ ထိုကဲ့သို့သော သူများအတွက် အရေးပါသော ကိရိယာဖြစ်သော်လည်း အကြားအာရုံ ချို့တဲ့သူ စုစုပေါင်း ပမာဏ၏ ၁၀ ရာခိုင်နှုန်းသာ ထိုကိရိယာကို အသုံးပြုနိုင်ကြသည်။

    ထို့ကြောင့် ယခုကဲ့သို့ နေစွမ်းအင်သုံး နားကြားကိရိယာကို တီထွင်နိုင်ခြင်းမှာ ၎င်းတို့အတွက် လက်တွေ့ကြပြီး ငွေရေးကြေးရေးအရ ပိုမိုအဆင်ပြေမည့် အဖြေတစ်ခုလည်း ဖြစ်လာမည်ဖြစ်သည်။

    မသန်စွမ်းသူများမှာ လူ့အဖွဲ့အစည်းအတွင်း ဘေးဖယ်အခံရဆုံး အုပ်စုများဖြစ်ပြီး အထူးသဖြင့် ဖွံ့ဖြိုးဆဲ နိုင်ငံများတွင်ဖြစ်သည်။ ၎င်းတို့မှာ အလုပ်ခန့်ထားမှုတွင် မကြာခဏ လစ်လျူရှုခံရပြီး၊ လူကောင်းများနှင့် တန်းတူပညာသင်ခွင့်ကိုလည်း ငြင်းပယ်ခြင်း ခံနေရသည်။ အကြားအာရုံ ချို့တဲ့သူ အများစုမှာ ၎င်းတို့ တတ်နိုင်လောက်သည့် နားကြားကိရိယာ အကူအညီကို ရရှိပါက ထိုအခြေအနေများကို အလွယ်တစ်ကူပင် ကျော်လွှားနိုင်ကြသည်။

    Ref: Aljazeera

  • ဘာသာရေးနှင့် လူမျိုးရေး ခွဲခြားစော်ကားမှုများ ထိရောက်စွာ အရေးယူမည့် ဥပဒေ ယူအေအီး ပြဌာန်း

    ဘာသာရေးနှင့် လူမျိုးရေး ခွဲခြားစော်ကားမှုများ ထိရောက်စွာ အရေးယူမည့် ဥပဒေ ယူအေအီး ပြဌာန်း

    ဇူလိုင် ၂၃ ၊ ၂၀၁၅
    M-Media

    2159272628

    – ဘာသာရေး၊ ဇာတ်၊ ယုံကြည်မှု၊ အယူဝါဒ၊ အသားအရောင် သို့မဟုတ် တိုင်းရင်းဇာတိတို့ကို အခြေခံ၍ မည်သည့်ခွဲခြားမှု ပုံစံမျိုးကိုမဆို အပြစ်ပေး အရေးယူနိုင်မည့် ဥပဒေတစ်ခုကို သမ္မတ ခါလီဖာ ဘင် ဇယဒ် အလ် နဟ်ယန်၏ အမိန့်ဖြင့် ယူအေအီးနိုင်ငံက ပြဌာန်း လိုက်သည်။

    ၀၂/၂၀၁၅ ဖြင့် ထုတ်ပြန်လိုက်သော အဆိုပါ ဥပဒေသစ်တွင် ဘာသာရေး အမုန်းတရားများ ဖြစ်လာအောင် မီးထိုးပေးခြင်း၊ စကား၊ ရေးသားထားသည့်စာ၊ စာအုပ်များ၊ လက်ကမ်းစာစောင်များ သို့မဟုတ် အွန်လိုင်းမီဒီယာ စသဖြင့် မည်သည့်ပုံစံမျိုးဖြင့်မဆို ဘာသာတရားအား စော်ကားခြင်းတို့ကို ရာဇ၀တ်မှုအဖြစ် သတ်မှတ်ထားသည်။

    အဘူဒါဘီ၏ တရားသူကြီးချုပ်ဖြစ်သူ အလီ မိုဟာမက် အလ် ဘာလူရှီက အဆိုပါဥပဒေမှာ နိုင်ငံ၏ စည်းလုံးပြီး၊ မတူညီကွဲပြားစွာ ညီညွတ်နေသော လူ့အဖွဲ့အစည်းအတွင်း သွေးကွဲမှုမျိုးစေ့များအား စိုက်ပျိုးရန် မည်သည့်ကြိုးပမ်းမှုကိုမဆို တားမြစ်ဟန့်တားနိုင်မည်ဟု ယမန်နေ့က အခိုင်အမာ ပြောကြားခဲ့သည်။

    ၎င်း၏ ကြေညာချက်တွင် အလ် ဘာလူရှီက အဆိုပါ ခွဲခြားမှုဆန့်ကျင်ရေးဥပဒေမှာ လူ့အဖွဲ့အစည်း၏ အစိတ်အပိုင်းတိုင်းကို ကာကွယ်ရန်၊ နိုင်ငံတကာ လူ့အခွင့်အရေးဥပဒေနှင့် ကိုက်ညီသော လေးစားမှု မူဘောင်အတွင်း ထို့ပြင် ပို၍ အရေးကြီးသည့် အာရပ်လူ့အဖွဲ့အစည်း၊ အစ္စလာမ့်လူ့အဖွဲ့တို့အတွင်း ၎င်းတို့၏ တစ်ကိုယ်ရည်လုံခြုံမှုကို အာမခံပေးရန်ဖြစ်သည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

    ထိုဥပဒေတွင် ပြဌာန်ထားသော အပြစ်ပေးမှုများမှာလည်း နိုင်ငံရှိ လူ့အဖွဲ့အစည်းက လက်ခံထားပြီး အမုန်းတရားနှင့် ခွဲခြားမှုတို့ကို ငြင်းပယ်သော အစ္စလာမ့်ယဉ်ကျေးမှု အနှစ်သာရနှင့် ကိုက်ညီသည်ဟုလည်း အလ် ဘာလူရှီက ဆိုသည်။

    ခွဲခြားဆက်ဆံမှု ဆန့်ကျင်ရေး အဆိုပါဥပဒေသစ်က ခန္တီတရားပြည့်ဝသော၊ သဘောထားကြီးသော၊ နားလည်လက်ခံတတ်သော ယူအေအီး၏ လူ့ပတ်ဝန်းကျင်အတွက် ခိုင်မာသည့် အခြေခံအုတ်မြစ်ကို ချပေးရန်အတွက်ဖြစ်ပြီး၊ ဘာသာရေးအမုန်းတရားနှင့် သည်းမခံနိုင်မှုတို့ကို လှုံ့ဆော်သော လုပ်ရပ်များမှ မွေးဖွားရာဇာတိ၊ ယုံကြည်မှု၊ လူမျိုးတို့ကို ထည့်မတွက်ဘဲ ပြည်သူများအား လုံခြုံဘေးကင်းစေရန် ရည်ရွယ်ခြင်းလည်း ဖြစ်သည်။

    ထို့ပြင် နိုင်ငံ၏ လုံခြုံရေးကို ပျက်ဆီးစေသော ကြိုးပမ်းမှုပေါင်းစုံမှ လူ့အဖွဲ့အစည်းအား ကာကွယ်ရန် မည်သည့်ပုံစံဖြင့်မဆို အမုန်းတရားဖြန့်ဖြူးမှု၊ သို့မဟုတ် အမုန်းတရားအခြေခံသော ရာဇ၀တ်မှုများဖြစ်စေရန် လှုံ့ဆော်မှု၊ အပြောအဆိုနှင့် မီဒီယာများမှတစ်ဆင့် ပြန့်နှံ့စေမှုတို့အပေါ် တင်းကျပ်သော အရေးယူမှုများကို ပြုလုပ်သွားမည်ဟု အလ် ဘာလူရှီက ထည့်သွင်းပြောကြားခဲ့သည်။

    ဥပဒေ
    ——–
    ယူအေအီးမှ ပြဌာန်းလိုက်သော ထိုဥပဒေသစ်တွင် အခြားသော ဘာသာရေးအုပ်စု သို့မဟုတ် တစ်ဦးတစ်ယောက်ချင်းစီကို ဒိဌိများ သို့မဟုတ် သွေဖည်သူများအဖြစ် သမုတ်သည့် မည်သူ့ကိုမဆို အပြစ်ပေးရန် ပြဌာန်းမှုများလည်း ပါဝင်သည်။

    ဥပဒေတွင် ပါဝင်သည့် ပြဌာန်းချက်များကို ချိုးဖောက်မှုအတွက် အပြစ်ပေးအရေးယူမှုများတွင် ထောင်ဒဏ် ၆ လမှ ၁၀ နှစ်အထိနှင့် ငွေဒဏ် ဒီနာ ၅၀၀၀၀ မှ ၂ သန်းအထိ ပေးဆောင်ရန်တို့ ပါဝင်သည်။

    အဆိုပါ ခွဲခြားမှုဆန့်ကျင်ရေး ဥပဒေတွင် ဘုရားသခင်၊ တမန်တော်များ၊ သူတော်စင်များ၊ ကျမ်းစာများ၊ ၀တ်ပြုရာနေရာများနှင့် သုဿာန်များအား စော်ကားခြင်းဟု မှတ်ယူ၍ရနိုင်သော မည်သည့် ဆောင်ရွက်မှုမျိုးကိုမဆို တားမြစ်ပိတ်ပင်ထားသည်။

    ထို့ပြင် တစ်ဦးတစ်ယောက်ချင်း သို့မဟုတ် လူအစုအဖွဲ့များအပေါ် ဘာသာရေး၊ ဇာတ်၊ အယူဝါဒ၊ လူမျိုး၊ တိုင်းရင်းဇာတိ စသည်တို့ကို အခြေခံ၍ ခွဲခြားဆက်ဆံခြင်းကို တွန်းလှန်ရန် ပြဌာန်းချက်များလည်း ပါဝင်သည်။

    အမုန်းစကားကို ဖြစ်စေသော လုပ်ရပ်များ၊ အွန်လိုင်း၊ ပုံနှိပ်၊ ရေဒီယိုနှင့် ရုပ်မြင်သံကြားတို့အပါအ၀င် မည်သည့် မီဒီယာပုံစံမျိုးကိုမဆို အသုံးပြု၍ အခြားသူများအပေါ် ခွဲခြားဆက်ဆံမှုနှင့် အကြမ်းဖက်မှု ဖြစ်ပေါ်လာအောင် မြှင့်တင်ဆောင်ရွက်ပေးခြင်းတို့ကိုလည်း ထိုဥပဒေက ရှုတ်ချထားသည်။

    အထူးသဖြင့် ဘာသာရေးအမုန်းတရားကို လှုံ့ဆော်ရန် တည်ဆောက်ထားသော မည်သည့် အသင်း၊ အဖွဲ့ကိုမဆို ထိုဥပဒေက တားမြစ်ထားပြီး၊ အမုန်းအခြေခံ ရာဇ၀တ်မှုများနှင့် ဆက်နွယ်သည့် တစ်ဦးတစ်ယောက်ချင်း သို့မဟုတ် အုပ်စု၊ အသင်းအဖွဲ့များနှင့် ၎င်းတို့အား ထောက်ခံသူများကို ပြင်းပြင်းထန်ထန် အပြစ်ပေးအရေးယူရန်လည်း အကြံပြုထားသည်။

    ထို့ပြင် ခွဲခြားမှုမျိုးစေ့များ၊ ဘာသာရေး၊ ဇာတိနှင့် လူမျိုးရေးကို အခြေခံကာ တစ်ဦးတစ်ယောက် သို့မဟုတ် တစ်စုတစ်ဖွဲ့အပေါ် အမုန်းမျိုးစေ့များ စိုက်ပျိုးရန်ဟူသော ရည်ရွယ်ချက်ဖြင့် ယူအေအီးနိုင်ငံအတွင်း ပြုလုပ်ကျင်းပသည့် ညီလာခံများ၊ အစည်းအဝေးများကဲ့သို့ မည်သည့်အခမ်းအနားမျိုးကိုမဆို ထိုဥပဒေက တားမြစ်ထားသည်။

    ထိုလုပ်ရပ်များအတွက် ဘဏ္ဍာရေးထောက်ပံ့မှု ရယူခြင်းကိုလည်း အဆိုပါ ဥပဒေသစ်အရ အပြစ်ပေးနိုင်သည်။

    ထိုဥပဒေအား ချိုးဖောက်သော လုပ်ရပ်တွင် ပါဝင်သည့် မည်သူမဆို အာဏာပိုင်များ၏ ရှေ့မှောက်တွင် ကိုယ်တိုင်ကိုယ်ကျ ၀န်ခံရန် ထိုဥပဒေက တိုက်တွန်းထားပြီး၊ ထိုသို့ ဖြောင့်ချက်ပေးပါက ထိုအမှုများအတွက် ပြစ်ဒဏ်ကင်းလွှတ်ခွင့်ပေးနိုင်ရန် တရားရုံးများကို ခွင့်ပြုထားသည့် ပြဌာန်းချက်များလည်း ပါဝင်သည်။

    အမျိုးသမီးများ၊ ကလေးငယ်များ၊ မသန်စွမ်းသူများနှင့် အခြားသူများကဲ့သို့ ယူအေအီးလူ့အဖွဲ့အစည်းရှိ အထူးအခွင့်အရေးပေးထားသော အုပ်စုများကို ကာကွယ်ရန် ရည်ရွယ်ရေးဆွဲထားသည့် ရှိပြီးသား အခြားဥပဒေများနှင့် ထိုဥပဒေသစ်က ဆန့်ကျင်ဘက်ဖြစ်မည် မဟုတ်ချေ။

    ဥပဒေအား အကောင်အထည်ဖော်ခြင်း
    —————————————–
    ခွဲခြားမှုနှင့် အမုန်းတရားဆန့်ကျင်ရေး ယခုဥပဒေသစ်ကို အကောင်အထည်ဖော်ရန် ယူအေအီး၏ ဆောင်ရွက်မှုမှာ နိုင်ငံသားများနှင့် နိုင်ငံ နယ်နမိတ်အတွင်း နေထိုင်ကြသူများ၏ အခွင့်အရေးနှင့် ဂုဏ်သိက္ခာကို ကာကွယ်ရန် သိမ်မွေ့သည့်ခြေလှမ်းဖြစ်သည်ဟု အီမရိတ် လူ့အခွင့်အရေးအသင်း EHRA မှ ဒါရိုက်တာဘုတ်အဖွဲ့ ဥက္ကဌဖြစ်သူ မိုဟာမက် ဆလီမ်း အလ် ကာဘီက ပြောကြားခဲ့သည်။

    ထို့ပြင် အဆိုပါဥပဒေက အမုန်းတရားကို လှုံ့ဆော်ပြီး၊ လူ့အဖွဲ့အစည်းအတွင်း အဖျက်သဘောဆောင်သော၊ သည်းမခံနိုင်သည့် သဘောထားများကို ဖြန့်ချီသူများကို အဆိုပါ ဥပဒေက အပြစ်ပေးသွားမည်ဟု အချို့သောနိုင်ငံများတွင် အဖျက်သဘောဆောင်သည့် အယူအဆများကြောင့် ၀ရုန်းသုန်းကားဖြစ်နေမှုများကို ထောက်ပြ၍ အလ် ကာဘီက ထည့်သွင်းပြောကြားခဲ့သည်။

    “ဒီလိုဥပဒေမျိုးတည်ရှိခြင်းဟာ နိုင်ငံအားလုံးအတွက် အရေးတကြီး လိုအပ်ချက်ပါ။ အထူးသဖြင့် ဆိုရှက်နက်ဝက်တွေမှာ လူမျိုးရေးအမုန်းတရားကို လှုံ့ဆော်နေတဲ့ စိုးရိမ်ဖွယ်ရာ အခုလို အချိန်မျိုးမှာပါ”

    ထို့ပြင် အလ်ကာဘီက ကမ္ဘာတစ်ဝှမ်း နိုင်ငံပေါင်း ၂၀၀ ကျော်မှ နိုင်ငံခြားသားများ နေထိုင်ကြသည့် ယူအေအီးတွင် နိုင်ငံသားများနှင့် လာရောက်နေထိုင်သူများ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်မှုကို မီးမောင်းထိုးပြခဲ့ကာ ကုလ၏ ငြိမ်းချမ်းရေး ပြုစုစောင့်ရှောက်ရေးနှင့် ကယ်ဆယ်ရေး နိုင်ငံတကာအဖွဲ့အစည်းမှ ၂၀၁၄ ခုနှစ်တွင် ထုတ်ပြန်သော နှစ်ပတ်လည် အစီရင်ခံစာနှင့်အညီ မတူညီသော နိုင်ငံပေါင်းစုံမှ နိုင်ငံသားများ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်သော ကမ္ဘာ့တစ်ဝှမ်းရှိနိုင်ငံများတွင် ယူအေအီးမှာ ထိပ်တန်းအဆင့် ရှိနေသည်ဟု ထောက်ပြခဲ့သည်။

    ထောက်ခံကြိုဆို
    —————–
    လူ့အခွင့်ရေးတိုးတက်မှုနှင့် ကမ္ဘာလုံးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ဂျီနီဗာစင်တာမှ ဒေါက်တာ ဟာနစ်ဖ် အလ် ကာစင်မ်ကမူ ခွဲခြားမှု၊ အမုန်းတရားနှင့် ဘာသာရေးမထိလေးစားပြုမှု လုပ်ရပ်အားလုံးကို ရာဇ၀တ်မှုအဖြစ် သတ်မှတ်ထားသည့် အဆိုပါဥပဒေကို ထောက်ခံချီးကျူးခဲ့သည်။

    “ဒီတန်ဖိုးတွေဟာ ကျွန်တော်တို့ရဲ့ အမျိုးသားအမှတ်သညာရဲ့ မဏ္ဍိုင်တွေပါပဲ။ ဒါတွေကို မျိုးဆက်တစ်ခုကနေ နောက်မျိုးဆက်တစ်ခုကို လက်ဆင့်ကမ်းသွားဖို့ နိုင်ငံတော်က ထိန်းသိမ်းထားပါတယ်”

    ဖက်ဒရယ်အမျိုးသားကောင်စီ FNC မှာ ပထမလက်ထောက် ပြောခွင့်ရပုဂ္ဂိုလ်၊ အဘူဒါဘီအစိုးရ အမှုဆောင်အာဏာပိုင်အဖွဲ့ဝင်ဖြစ်ပြီး အဘူဒါဘီ ပညာရေးကောင်စီ၏ အထွေထွေဒါရိုက်တာဖြစ်သူ  ဒေါက်တာ အမာလ် အလ် ကွာဘိုင်စီကလည်း ထိုဥပဒေသစ်ကို ချီးကျူးခဲ့သည်။

    သူမက ဘာသာရေးသည်းခံမှုမှာ ယူအေအီးနိုင်ငံ စတင်တည်ထောင်ကတည်းက ထိန်းသိမ်းလာခဲ့သည့် အဓိကတန်ဖိုးဖြစ်ပြီး အပြန်အလှန်နားလည်မှုရှိသော လူ့အဖွဲ့အစည်းတွင် ကမ္ဘာတစ်ဝှမ်းမှ လူမျိုးပေါင်းစုံ ငြိမ်းချမ်း၊ တည်ငြိမ်စွာ နေထိုင်နေမှုအား ထောက်ပြခဲ့သည်။

    ထို့ပြင် ခွဲခြားမှုနှင့် အမုန်းစကားများကို တိုက်ထုန်ရန် ခေါင်းဆောင်မှုပိုင်းမှ ညွှန်ကြားချက်များကို ယူအေအီးက အမြဲတမ်း အလေးထားသည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

    အီမရိတ် စာရေးဆရာများသမဂ္ဂကလည်း ယခုဥပဒေသစ်ကို ချီးကျူးခဲ့ပြီး အဆိုပါဥပဒေမှာ ယူအေအီးနိုင်ငံအား စတင်တည်ဆောက်ခဲ့သည့် အချိန်ကတည်းက ဖြစ်တည်ခဲ့သော လွတ်လပ်မှု၊ သည်းခံမှု၊ အခြားသူများအား လက်ခံမှု၊ အမြင်၊ အယူအဆ၊ ယုံကြည်ချက်နှင့် အခြားသူများ၏ တန်ဖိုးများကို လေးစားမှု စသည့် စည်းမျဉ်းစည်းကမ်းများကို စုစည်းခိုင်မာစေရန် ရည်ရွယ်ခြင်းဖြစ်သည်ဟု ၎င်းတို့၏ ကြေညာချက်တွင် ဖော်ပြထားသည်။

    ယူအေအီးနိုင်ငံမှာ အဆိုပါ စည်းမျဉ်းစည်းကမ်းများကို ဥပဒေစိုးမိုးမှုဖြင့် အာမခံ၊ ကာကွယ်ပေးထားသည်။

    ref: Emirates 24/7 News