News @ M-Media
Blog
  • ခြေစမ်းပွဲအရှုံးက စမ်းသပ်မှုဖြစ်သည်ဟု မော်ရင်ဟိုပြော
    ခြေစမ်းပွဲအရှုံးက စမ်းသပ်မှုဖြစ်သည်ဟု မော်ရင်ဟိုပြော
    ဇူလိုင် ၂၃၊ ၂၀၁၅
    M-Media
    morih
    – ရာသီကြိုခြေစမ်းပွဲတွင် နယူးယောက် ရဒ်ဘူးလ်အသင်းအား ၄ ဂိုး ၂ ဂိုးဖြင့် ရှုံးနိမ့်မှုမှာ တစ်ဖက်သတ် အနိုင်ရရှိခြင်းထက်ပို၍ အသင်းအတွက် အကျိုးရှိသည်ဟု ချယ်ဆီးနည်းပြ မော်ရင်ဟိုက ပြောကြားလိုက်သည်။
    နိုင်ငံတကာ ချန်ပီယံဖလားပြိုင်ပွဲ အဖွင့်ပွဲစဉ်အဖြစ် ယမန်နေ့က ယှဉ်ပြိုင်ခဲ့သည့် အဆိုပါပွဲတွင် ချယ်ဆီးအသင်းမှာ အခွင့်အရေးများကို အသုံးမချနိုင်ခဲ့ဘဲ ထိုကဲ့သို့ ဂိုးပြတ်ဖြင့် ရှုံးနိမ့်ခဲ့ရခြင်း ဖြစ်သည်။
    မိုရင်ဟိုကမူ ထိုအရှုံးက အသင်းအတွက် စမ်းသပ်မှုဖြစ်သည်ဟု ဆိုသည်။
    “တကယ်လို့ ကျွန်တော်တို့ ၁၀ ဂိုးပြတ်နဲ့ နိုင်ရင်လည်း ဘာမှ ကောင်းသွားမှာမဟုတ်ပါဘူး။ ကျွန်တော်တို့ စမ်းသပ်မှုတစ်ခု လိုချင်ပြီး အဲဒီစမ်းသပ်မှုကို ရခဲ့ပါတယ်။ သူတို့ဟာ သွက်လက်တယ်၊ လျင်မြန်တယ်၊ လှုံ့ဆော်မှုကောင်းတယ်၊ ကျွန်တော်တို့နဲ့ ကစားရတာကို တော်တော်ပျော်ကြပါတယ်။ ကျွန်တော်တို့ထင်ထားတာထက်ပိုပြီး သူတို့က ပိုကောင်းခဲ့ပါတယ်” ဟု မော်ရင်ဟိုက ပွဲအပြီးတွင်
    သတင်းထောက်များအား ပြောကြားခဲ့သည်။
    ထိုပွဲတွင် ချယ်ဆီးမှာ ဒုတိယပိုင်း၌ ပိုမိုဆိုးရွားခဲ့ပြီး မော်ရင်ဟိုကမူ မိမိမှာ အင်္ဂလန်မှ အကောင်းဆုံးအသင်း၏ နည်းပြဖြစ်သည်ဟု ဆိုသည်။
    “ကျွန်တော်ဟာ အင်္ဂလန်ရဲ့အကောင်းဆုံးအသင်းက နည်းပြတစ်ဦးပါ။ ကျွန်တော်တို့မှာ ထိပ်တန်းကစားသမားတွေရှိတယ်။ အကွဲအပြဲလည်းမရှိပါဘူး။ ခြောက်ရက်မှာ လေ့ကျင့်ခန်း ၁၁ ကြိမ်လောက် ကျွန်တော်တို့ လုပ်ခဲ့ပါတယ်။ ကစားသမားတွေကို ကျွန်တော်ယုံပါတယ်။ ဒီအသင်းနဲ့ ၁၀ ပွဲကစားရင် ကျွန်တော်တို့ ၉ ပွဲ နိုင်ပါတယ်”
    ချယ်ဆီးမှာ ဒုတိယပွဲစဉ်အဖြစ် ပီအက်စ်ဂျီအသင်းနှင့် စနေနေ့တွင် ကစားရမည်ဖြစ်သည်။
    Ref: Goal
  • နှစ် ၂၀ အတွင်း ဘန်ကောက်မြို့ ရေအောက်ရောက်မည့် အန္တရာယ်ရှိနေ
    နှစ် ၂၀ အတွင်း ဘန်ကောက်မြို့ ရေအောက်ရောက်မည့် အန္တရာယ်ရှိနေ
    ဇူလိုင် ၂၃၊ ၂၀၁၅
    M-Media
    thai
    – ဖွံ့ဖြိုးတိုးတက်လာမှုနှင့် ပင်လယ်ရေမျက်နှာပြင် ဆက်လက်မြင့်တက်လာခြင်းတို့ကြောင့် ထိုင်းနိုင်ငံရှိ ဘန်ကောက်မြို့မှာ လာမည့် နှစ် ၂၀ အတွင်း ရေအောက်သို့ ရောက်ရှိသွားနိုင်သည်ဟု ထိုင်းအမျိုးသား ပြုပြင်ပြောင်းလဲရေးကော်မတီ NRC က ပြောကြားလိုက်သည်။
    ယနေ့တွင်ထုတ်ပြန်သော အစီရင်ခံစာတွင် ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်ပြီး ထိုင်းအစိုးရအနေဖြင့် ဘန်ကောက်မြို့ နစ်မြုပ်ခြင်းပြဿနာအား စီမံနိုင်ရန်အတွက် အမျိုးသား ကော်မတီတစ်ခုကို ဖွဲ့စည်းထားရှိသင့်သည်ဟု အကြံပြုခဲ့သည်။
    အထပ် ၂၀ မြင့်သော မိုးမျှော်တိုက်များ ဆောက်လုပ်လာခြင်းနှင့် စက်မှုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ခြင်းတို့က ဘန်ကောက်မြို့ နစ်ဝင်ခြင်းကို ဖြစ်စေပြီး ပင်လယ်ရေမျက်နှာပြင်အထက် ၀.၅ မီတာနှင့် ၂ မီတာအကြားတွင်တည်ရှိနေသော မြို့တော်မှာ တစ်နှစ်လျှင် ၁၀ မီလီမီတာ
    ရေအောက်သို့ နစ်မြုပ်နေသည်ဟု ရေအရင်းအမြစ် ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။
    မြို့ရွာများ ဖွံ့ဖြိုးတိုးတက်လာခြင်းနှင့် ကြီးမားသည့် အခြေခံအဆောက်အဦး စီမံကိန်းများက မြေကြီးများအား ပိုမိုနစ်ဝင်စေသည်ဟု ယုံကြည်ရပြီး မြေအောက်ရေများကို စည်းကမ်းမဲ့စွာ အသုံးပြုမှုကလည်း မြို့ကြီး ရေအောက်မြုပ်ဝင်မှုကို ဖြစ်စေသည်ဟု စိုးရိမ်မှုများ
    ရှိနေသည်။
    ထို့ပြင် ဆယ်စုနှများအတွင်း အဆိုးဝါးဆုံး မိုးခေါင်ရေရှားမှုကို ကြုံတွေ့နေရခြင်းကြောင့် အရေးပါ် သောက်သုံးရေ ဖြန့်ဝေပေးရန်အတွက် အရန်ရေများကို သုံးစွဲနေရခြင်းကလည်း ဘန်ကောက်မြို့၏ အခြေအနေကို ပိုမိုဆိုးဝါးစေသည်။
    NRC ကမူ မြို့ပြဖွံ့ဖြိုးရေးစီမံကိန်းများအား ပြုပြင်ပြောင်းလဲခြင်း၊ ပိုမိုကောင်းမွန်သည့် ရေအရင်းအမြစ် စီမံခန့်ခွဲမှုများ စီမံဆောင်ရွက်ခြင်းတို့ အပါအ၀င် ထိုပြသနာကို ဖြေရှင်းရန် လုပ်ဆောင်ရမည့် ကိစ္စရပ်အများအပြားကို တင်ပြခဲ့သည်။
    ထို့ပြင် မြို့တော်အား ပြန်လည်နေရာချထားခြင်း သို့မဟုတ် ထိုင်းပင်လယ်ကွေ့တွင် ရေထိန်းနံရံများ တည်ဆောက်ခြင်းတို့ကဲ့သို့ ကန်ဒေါ်လာ ၁၄.၃ ဘီလီယံခန့် ကုန်ကျနိုင်သည့် ချက်ခြင်းဆောင်ရွက်ရမည့် ကိစ္စရပ်များကိုလည်း တိုးမြှင့်လုပ်ဆောင်ရန် တိုက်တွန်းခဲ့သည်။
    ထိုင်းအစိုးရကမူ ထိုတွေ့ရှိချက်များအား ပြန်လည်ဆန်းစစ်ကာ အသေးစိတ်အချက်အလက်များပါသည့် အစီရင်ခံစာကို ၇ ရက်အတွင်း ကက်ဘိနတ်သို့တင်သွင်းရန် တောင်းဆိုခဲ့သည်။
    Ref: Channelnewsasia
  • ဆီးဂိမ်းဘောလုံးပြိုင်ပွဲ၌ လုပ်ပွဲကစားရန် ကြံစည်မှုဖြင့် အင်ဒိုတစ်ဦး ထောင် ၂ နှစ်ခွဲကျ
    ဆီးဂိမ်းဘောလုံးပြိုင်ပွဲ၌ လုပ်ပွဲကစားရန် ကြံစည်မှုဖြင့် အင်ဒိုတစ်ဦး ထောင် ၂ နှစ်ခွဲကျ
    ဇူလိုင် ၂၃၊ ၂၀၁၅
    M-Media
    singa
    – မကြာသေးမီကမှ ကျင်းပပြီးစီးခဲ့သည့် ၂၈ ကြိမ်မြောက် စင်ကာပူဆီးဂိမ်း အမျိုးသားဘောလုံးပြိုင်ပွဲတွင် လုပ်ပွဲကစားရန် ပူးပေါင်းကြံစည်မှုဖြင့် အင်ဒိုနီးရှားနိုင်ငံသားတစ်ဦးကို စင်ကာပူက ဇူလိုင် ၂၁ ရက်နေ့တွင် ထောင်ဒဏ် ၂ နှစ်ခွဲ ချမှတ်လိုက်သည်ဟု သိရသည်။
    အသက် ၅၂ နှစ်အရွယ် နစီရ်ရွဒ်ဒင်းဆိုသူဖြစ်ပြီး စင်ကာပူနိုင်ငံသားတစ်ဦး အပါအ၀င် အခြား ၂ ဦးနှင့်အတူ အရှေ့တီမော နည်းပြ အော်လန်ဒို မားကွက်စ် ဟင်းနရစ်က်အား မလေးရှားနှင့် ပွဲတွင် အရှုံးပေးရန်အတွက် စင်ကာပူဒေါ်လာ ၁၅၀၀၀ လာဘ်ငွေပေးရန် သဘောတူညီခဲ့ကြခြင်း ဖြစ်သည်။
    ၎င်းတို့ ၃ ဦးနှင့် အော်လန်ဒိုတို့မှာ မေလ ၂၈ ရက်နေ့က စင်ကာပူရှိ Orchid Country Clubတွင် တွေ့ဆုံဆွေးနွေးနေစဉ် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။ မေလ ၃၀ ရက်နေ့က ကစားခဲ့သည့် အဆိုပါပွဲတွင် မလေးရှားအသင်းက ၁ ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။
    နစီရ်ရွဒ်ဒင်းမှာ ထိုပွဲအား အရှုံးပေးရန်အတွက် တီမောကစားသမား အနည်းဆုံး ၇ ဦးကို လာဘ်ငွေပေးရန် ဆောင်ရွက်မှုဖြင့်လည်း တရားစွဲဆိုခြင်း ခံခဲ့ရသည်။ ၎င်းမှာ အင်ဒိုနီးရှားတွင် ဒိုင်လူကြီးတစ်ဦးအဖြစ် မှတ်ပုံတင်ထားသူဖြစ်ပြီး ဘောလုံးအသင်းများစွာမှ လာဘ်ငွေများ ယူဆောင်မှုဖြင့် အင်ဒိုနီးရှား အာဏာပိုင်များ၏ ၁၀ နှစ်ပိတ်ပင်ခြင်း ခံရသူဖြစ်သည်။
    အင်္ဂါနေ့က ထုတ်ပြန်သော ကြေညာချက်တွင် စင်ကာပူမှ ချစားမှု စုံစမ်းစစ်ဆေးရးကော်မရှင် CPIB က မိမိတို့စင်ကာပူမှာ ချစားမှုကို ချဉ်းကပ်ရာတွင် လုံးဝ သည်းခံမည်မဟုတ်ဘဲ လုပ်ပွဲကစားမှု မည်သည့်ပုံစံမျိုးကိုမဆို လစ်လျူရှုသွားမည်မဟုတ်ဟု ဖော်ပြခဲ့သည်။
    Ref: Straitstimes
  • အီရန်နှင့် နျူသဘောတူညီချက်ကို ဆန့်ကျင်ဆန္ဒပြမှု အမေရိကန်တွင်ပြုလုပ်
    အီရန်နှင့် နျူသဘောတူညီချက်ကို ဆန့်ကျင်ဆန္ဒပြမှု အမေရိကန်တွင်ပြုလုပ်
    ဇူလိုင် ၂၃၊ ၂၀၁၅
    M-Media
    iran
    – အီရန်နှင့် အင်အားကြီး ၆ နိုင်ငံတို့ ရရှိခဲ့သော နျူကလီးယား သဘောတူညီချက်အား ဆန့်ကျင်သည့် အနေဖြင့် အစ္စရေးလိုလားသူများနှင့် ရီပက်ဘလစ်ကန်ပါတီကို ထောက်ခံသူများမှာ ယမန်နေ့တွင် နယူးယောက် တိုင်းမ်စကွဲ၌ ဆန္ဒပြခဲ့ကြသည်ဟု သိရသည်။
    ဆန္ဒပြမှုတွင် ပါဝင်ခဲ့သူများမှာ အဆိုပါသဘောတူညီချက်ကို အစ္စရေးနှင့် ကမ္ဘာ့လုံခြုံရေးအား ခြိမ်းခြောက်မှုအဖြစ် သမုတ်ခဲ့ကြပြီး အမေရိကန် အထက်လွှတ်တော်အနေဖြင့် ထို သဘောတူညီချက်ကို ပယ်ချရန် တောင်းဆိုခဲ့သည်။
    ပြီးခဲ့သည့် တစ်ပတ်က အီရန်နှင့် အင်အားကြီးနိုင်ငံ ၆ နိုင်ငံတို့ လက်မှတ်ရေးထိုးခဲ့သည့် ထို သဘောတူညီချက်အရ အီရန်မှာ ၎င်းတို့၏ နျူကလီးယားအစီအစဉ်ကို ရပ်တန့်ရမည်ဖြစ်ပြီး အပြန်အလှန်အားဖြင့် အမေရိကန်၊ ကုလနှင့် အနောက်နိုင်ငံများက အီရန်အပေါ်
    ပိတ်ဆို့ထားမှုများအား ဖယ်ရှားပေးရမည် ဖြစ်သည်။
    အမေရိကန်တွင် ယခုကဲ့သို့ ဆန္ဒပြမှုမှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီနှင့် အခြားသော အကြီးတန်း တာဝန်ရှိသူများက အထက်လွှတ်တော်အမတ်များကို သဘောတူညီချက်နှင့် စပ်လျဉ်း၍ ယမန်နေ့က တံခါးပိတ် ရှင်းလင်းတင်ပြနေစဉ် ထွက်ပေါ်လာခြင်း ဖြစ်သည်။ အထက်လွှတ်တော် အမတ်တစ်ချို့ကမူ ၎င်းတို့အနေဖြင့် ထိုသဘောတူညီချက်အား မယုံရဲသေးဟု သတင်းထောက်များအား ပြောကြားခဲ့သည်။
    အဆိုပါဆန္ဒပြပွဲတွင် အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုအား ထောက်ခံကြောင်းလည်း ပြသခဲ့သည်။ နေတန်ယာဟုမှာ အီရန်နျူအရေး သဘောတူညီချက်အကို ဝေဖန်ဆန့်ကျင်သည့် တစ်ဦးတည်းသော ပုဂ္ဂိုလ်ဖြစ်သည်။
    အမေရိကန်ရှိ အစ္စရေးလိုလားသူနှင့် ရီပက်ဘလစ်ကန်ပါတီအား ထောက်ခံသူများမှာ အီရန်၏ နျူသဘောတူညီချက်ကို ရီပက်ဘလစ်ကန် အမတ်များကြီးစိုးသည့် အထက်လွှတ်တော်မှ လက်ခံခြင်းမပြုရန်အတွက် လှုပ်ရှားမှုများကို ဆက်လက်တိုးမြှင့် ပြုလုပ်သွားရန် ရှိနေသည်။
    သို့သော်လည်း သမ္မတအိုဘားမားအနေဖြင့် အဆိုပါသဘောတူညီချက်အား အထက်လွှတ်တော်မှ ကန့်ကွက်မှုအတွက် ဗီတိုသုံး၍ ပယ်ချရန် အခွင့်အာဏာလည်း ရှိနေသည်။
    Ref: Aljazeera
  • ယခု အာဆင်နယ်မှာ ချန်ပီယံဘွဲ့ကို စိန်ခေါ်နိုင်ပြီဟု ၀င်းဂါးပြော
    ယခု အာဆင်နယ်မှာ ချန်ပီယံဘွဲ့ကို စိန်ခေါ်နိုင်ပြီဟု ၀င်းဂါးပြော
    ဇူလိုင် ၁၃၊ ၂၀၁၅
    M-Media
    winger
    – အတိတ်က အာဆင်နယ်အသင်းမှာ ပရီးမီးယားလိဂ်ဖလားအား ရရှိရန် မဖြစ်နိုင်သော်လည်း လက်ရှိအာဆင်နယ်မှာ ချန်ပီယံမျှော်လင့်ချက်အတွက် ယုံကြည်ချက်ရှိနေပြီဟု နည်းပြ အာဆင်ဝင်းဂါးက ပြောကြားလိုက်သည်။
    ပြီးခဲ့သည့်နှစ်က ၀င်းဂါးသက်တမ်းတစ်လျှောက် ရာသီအစ အဆိုးဝါးဆုံးရလဒ်များကို ကြုံတွေ့ခဲ့ရသည့် အာဆင်နယ်အသင်းမှာ ၂၀၀၄ ခုနှစ်မှစ၍ ပရီးမီးယားလိဂ်ဖလားကို မရရှိခဲ့ဘဲ ချယ်ဆီး၊ မန်ယူနှင့် မန်စီးတီးအသင်းတို့၏ ချန်ပီယံဖလား ကိုင်မြှောက်မှုများကိုသာ ကြည့်ရှုခဲ့ရသည်။
    “ဟုတ်ပါတယ်။ အကောင်းဆုံးကစားသမားတွေကို ဆုံးရှုံးရတဲ့အချိန် ပြိုင်ဘက်တွေဟာ သူတို့ရဲ့ လူစာရင်းတွေကို တောင့်တင်းအောင်ကြိုးစားတာကို တွေ့ရတယ်။ ပြီးတော့ သူတို့ဟာ ကိုယ်တွေထက် တောင့်တင်းလာခဲ့ပြီး (ချန်ပီယံဖြစ်ဖို့) မဖြစ်နိုင်ပါဘူး” ဟု ၀င်းဂါးက The Telegraph သို့ ပြောကြားခဲ့သည်။
    သို့သော်လည်း နောက်ပိုင်းတွင် အာဆင်နယ်၏ပေါ်လစီမှာ ပြောင်းလဲလာခဲ့ပြီး ၂၀၁၃ ခုနှစ်က ဂျာမန်ကွင်းလယ်လူ အိုဇေးလ်ကို ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင်း ၄၂ သန်းဖြင့်လည်းကောင်း၊ ပြီးခဲ့သည့်နှစ်က တိုက်စစ်မှူးဆန်းချက်ဇ်ကို လည်းကောင်း၊ ခုနှစ်တွင် ဂိုးသမား ပီတာချက်ကိုလည်းကောင်း ခေါ်ယူခဲ့သည်။
    အာဆင်ဝင်းဂါးကမူ ယခုလက်ရှိတွင် အသင်း၏ အနေအထားမှာ ပြောင်းလဲသွားပြီဟု ဆိုသည်။
    “ကျွန်တော်တို့ ကွာဟချက်တွေကို လျှော့ချခဲ့ပြီး ရှေ့ဆက်လျှောက်ဖို့ အဆင်သင့်ဖြစ်နေပြီလို့ ယုံကြည်ပါတယ်။ အခု ကျွန်တော်တို့ တည်ငြိမ်နေပြီး ဒါက ကျွန်တော်တို့ကို တောင့်တင်းစေပါတယ်”
    ထို့ပြင် အပြောင်းအရွှေ့ဈေးကွက် မကုန်ဆုံးသေးသောကြောင့် မိမိတို့အသင်းမှာ ကစားသမားများကို ဆက်လက်ဝယ်နိုင်မည်ဖြစ်ကြောင်း၊ အသင်းမှ ကစားသမားများကို မရောင်းတော့ဘဲ မိမိတို့၏ ဈေးကွက်အပေါ် ရှုမြင်မှုမှာ ပြောင်းလဲသွားပြီဟု ၀င်းဂါးက ထပ်လောင်းပြောကြားခဲ့သည်။
    Ref: Goal