ဇူလိုင် ၂၃၊ ၂၀၁၅
M-Media
– ဖွံ့ဖြိုးတိုးတက်လာမှုနှင့် ပင်လယ်ရေမျက်နှာပြင် ဆက်လက်မြင့်တက်လာခြင်းတို့ကြောင့် ထိုင်းနိုင်ငံရှိ ဘန်ကောက်မြို့မှာ လာမည့် နှစ် ၂၀ အတွင်း ရေအောက်သို့ ရောက်ရှိသွားနိုင်သည်ဟု ထိုင်းအမျိုးသား ပြုပြင်ပြောင်းလဲရေးကော်မတီ NRC က ပြောကြားလိုက်သည်။
ယနေ့တွင်ထုတ်ပြန်သော အစီရင်ခံစာတွင် ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်ပြီး ထိုင်းအစိုးရအနေဖြင့် ဘန်ကောက်မြို့ နစ်မြုပ်ခြင်းပြဿနာအား စီမံနိုင်ရန်အတွက် အမျိုးသား ကော်မတီတစ်ခုကို ဖွဲ့စည်းထားရှိသင့်သည်ဟု အကြံပြုခဲ့သည်။
အထပ် ၂၀ မြင့်သော မိုးမျှော်တိုက်များ ဆောက်လုပ်လာခြင်းနှင့် စက်မှုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ခြင်းတို့က ဘန်ကောက်မြို့ နစ်ဝင်ခြင်းကို ဖြစ်စေပြီး ပင်လယ်ရေမျက်နှာပြင်အထက် ၀.၅ မီတာနှင့် ၂ မီတာအကြားတွင်တည်ရှိနေသော မြို့တော်မှာ တစ်နှစ်လျှင် ၁၀ မီလီမီတာ
ရေအောက်သို့ နစ်မြုပ်နေသည်ဟု ရေအရင်းအမြစ် ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။
မြို့ရွာများ ဖွံ့ဖြိုးတိုးတက်လာခြင်းနှင့် ကြီးမားသည့် အခြေခံအဆောက်အဦး စီမံကိန်းများက မြေကြီးများအား ပိုမိုနစ်ဝင်စေသည်ဟု ယုံကြည်ရပြီး မြေအောက်ရေများကို စည်းကမ်းမဲ့စွာ အသုံးပြုမှုကလည်း မြို့ကြီး ရေအောက်မြုပ်ဝင်မှုကို ဖြစ်စေသည်ဟု စိုးရိမ်မှုများ
ရှိနေသည်။
ထို့ပြင် ဆယ်စုနှများအတွင်း အဆိုးဝါးဆုံး မိုးခေါင်ရေရှားမှုကို ကြုံတွေ့နေရခြင်းကြောင့် အရေးပါ် သောက်သုံးရေ ဖြန့်ဝေပေးရန်အတွက် အရန်ရေများကို သုံးစွဲနေရခြင်းကလည်း ဘန်ကောက်မြို့၏ အခြေအနေကို ပိုမိုဆိုးဝါးစေသည်။
NRC ကမူ မြို့ပြဖွံ့ဖြိုးရေးစီမံကိန်းများအား ပြုပြင်ပြောင်းလဲခြင်း၊ ပိုမိုကောင်းမွန်သည့် ရေအရင်းအမြစ် စီမံခန့်ခွဲမှုများ စီမံဆောင်ရွက်ခြင်းတို့ အပါအ၀င် ထိုပြသနာကို ဖြေရှင်းရန် လုပ်ဆောင်ရမည့် ကိစ္စရပ်အများအပြားကို တင်ပြခဲ့သည်။
ထို့ပြင် မြို့တော်အား ပြန်လည်နေရာချထားခြင်း သို့မဟုတ် ထိုင်းပင်လယ်ကွေ့တွင် ရေထိန်းနံရံများ တည်ဆောက်ခြင်းတို့ကဲ့သို့ ကန်ဒေါ်လာ ၁၄.၃ ဘီလီယံခန့် ကုန်ကျနိုင်သည့် ချက်ခြင်းဆောင်ရွက်ရမည့် ကိစ္စရပ်များကိုလည်း တိုးမြှင့်လုပ်ဆောင်ရန် တိုက်တွန်းခဲ့သည်။
ထိုင်းအစိုးရကမူ ထိုတွေ့ရှိချက်များအား ပြန်လည်ဆန်းစစ်ကာ အသေးစိတ်အချက်အလက်များပါသည့် အစီရင်ခံစာကို ၇ ရက်အတွင်း ကက်ဘိနတ်သို့တင်သွင်းရန် တောင်းဆိုခဲ့သည်။
Ref: Channelnewsasia
Leave a Reply
You must be logged in to post a comment.