News @ M-Media

Blog

  • တောင်ကယ်ရိုလိုင်းနား လွှတ်တော်မှ ကွန်ဖက်ဒရိတ်အလံကို ဖြုတ်ချ

    တောင်ကယ်ရိုလိုင်းနား လွှတ်တော်မှ ကွန်ဖက်ဒရိတ်အလံကို ဖြုတ်ချ

    ဇူလိုင် ၁၁၊ ၂၀၁၅
    M-Media

    us

    – ခွဲထွက်ရေးသဘောတရားများ၊ လူမျိုးရေးခွဲခြားသည့် သဘောထားများ ပါဝင်နေသည့် ကွန်ဖက်ဒရိတ်အလံအား အမေရိကန်ပြည်ထောင်စု တောင်ကယ်ရိုလိုင်းနားပြည်နယ်ရှိ ပြည်နယ်လွှတ်တော် အဆောက်အအုံမှ ဖြုတ်ချလိုက်သည်ဟု သိရသည်။

    ချာလ်စတန်မြို့ရှိ လူမည်းခရစ်ယာန်ဘုရားကျောင်းအား လူဖြူလူမျိုးကြီးဝါဒီ ဒိုင်လန်ရုဖ်က ပြီးခဲ့သည့်လတွင် ၀င်ရောက်ပစ်ခတ်ကာ လူ ၉ ဦး သေဆုံးခဲ့ရပြီးနောက် လူဖြူလူမျိုးကြီး ၀ါဒီများ တစ်စိုက်မတ်မတ် အသုံးပြုလာသည့် အဆိုပါ ကွန်ဖက်ဒရိတ်အလံကို ဖြုတ်ချရန် တိုက်တွန်းမှုများ မြင့်တက်လာခဲ့သည်။

    တောင်ကယ်ရိုလိုင်းနား လွှတ်တော်တွင် နှစ်ပေါင်း ၅၄ နှစ်ကြာ လွှင့်ထူလာခဲ့သည့် အဆိုပါအလံအား ဖြုတ်ချမှုမှာ ကောင်းမွန်သော စိတ်ဆန္ဒ၏ လက္ခဏာဖြစ်ပြီး၊ ပိုကောင်းသည့် အနာဂတ်အတွက် ကုစားသော၊ အဓိပ္ပါယ်ရှိသော ခြေလှမ်းဖြစ်သည်ဟု ကွန်ဖက်ဒရိတ်အလံအား ဖြုတ်ချအပြီး မိနစ်အနည်းငယ်အကြာတွင် သမ္မတ အိုဘားမားက ၎င်း၏ Twitter စာမျက်နှာ၌ ရေးသားခဲ့သည်။

    အလံဖြုတ်ချခြင်းအခမ်းအနားကို ယမန်နေ့ ဒေသစံတော်ချိန် နံနက် ၁၀ နာရီတွင် ပြုလုပ်ခဲ့ပြီး နိုင်ငံတစ်ဝှမ်းသို့ တိုက်ရိုက် ထုတ်လွှင့်ပြသခဲ့သည်။ ထိုအလံကို တောင်ကယ်လိုင်းနား မြို့တော်ဖြစ်သော ကိုလံဘီယာရှိ ပြည်နယ်စစ်ဘက်ဆိုင်ရာပြတိုက်တွင် ပြသသွားမည်ဖြစ်သည်

    တောင်ကယ်ရိုလိုင်းနား ရီပက်ဘလစ်ကန် အုပ်ချုပ်ရေးမှူး နစ်ကီဟာလေးက အဆိုပါ ကွန်ဖက်ဒရိတ်အလံအား ဂုဏ်သိက္ခာဖြင့် ဖြုတ်ချမည်ဟု ကြာသာပတေးနေ့က ကတိပြုခဲ့ပြီး ဖြုတ်ချခဲ့သည့် သောကြာနေ့ကို ပြည်နယ်အတွက် ကြီးကျယ်သောနေ့တစ်နေ့ ဖြစ်သည်ဟု NBC ရုပ်သံသို့ ပြောကြားခဲ့သည်။

    အမေရိကန်ပြည်တွင်းစစ်တွင် ကျွန်စနစ်ကို လိုလားသည့် တောင်ပိုင်းပြည်နယ်များက အသုံးပြုသော အဆိုပါ ကွန်ဖက်ဒရိတ်အလံကို တောင်ကယ်ရိုလိုင်းနား ခေါင်းဆောင်များက ၁၉၆၁ ခုနှစ်တွင် ပြည်နယ်လွှတ်တော်၏ အမိုးခုံး၌ ပြည်တွင်းစစ် နှစ် ၁၀၀ ပြည့် အထိမ်းအမှတ်အဖြစ် လွှင့်တင်ခဲ့ခြင်းဖြစ်သည်။

    Ref: Aljazeera

  • ဘိုကိုဟရမ်၏ ရန်ကြောင့် နိုက်ဂျီးယားဗလီများတွင် အေသေကာ့ဖ်တရားထိုင်ခြင်း အစီအစဉ်အား ဖျက်သိမ်း

    ဘိုကိုဟရမ်၏ ရန်ကြောင့် နိုက်ဂျီးယားဗလီများတွင် အေသေကာ့ဖ်တရားထိုင်ခြင်း အစီအစဉ်အား ဖျက်သိမ်း

    ဇူလိုင် ၁၁၊ ၂၀၁၅
    M-Media

    nigeria

    – ဘိုကိုဟရမ် စစ်သွေးကြွများက ဗလီဝတ်ကျောင်းတော်များနှင့် အခြားသော ဘာသာရေးဆိုင်ရာ နေရာများအား တိုက်ခိုက်မှုများ ပိုမိုမြင့်တက်လာသည့်အတွက်ကြောင့် နိုက်ဂျီးရီးယားနိုင်ငံ မြောက်ပိုင်းရှိ ဗလီဝတ်ကျောင်းတော် အများအပြားတွင် အေသေကာ့ဖ်ထိုင်ခြင်း (တရားထိုင်ခြင်း) နှင့် ညလုံးပေါက်ဝတ်ပြုခြင်း အစီအစဉ်တို့ကို ဖျက်သိမ်းလိုက်သည်ဟု သိရသည်။

    “လုံခြုံရေး အကြောင်းအရင်းတွေကြောင့် ဒီနှစ် အေသေကာ့ဖ်အစီအစဉ်ကို ကျွန်တော်တို့ ဖျက်သိမ်းလိုက်ပါတယ်” ဟု ကာနိုပြည်နယ်ရှိ အူမာရ် အစ်ဗနေ့ ခသာ့ဘ် ဗလီဝတ်ကျောင်းတော်မှ အစ္စလာမ့် ဓမ္မပညာရှင် မိုဟာမက် အဘ်ဒူလာက ပြောကြားခဲ့သည်။

    ထို့ပြင် ထိုကဲ့သို့ ဖျက်သိမ်းမှုကို အခြားသော အဓိက ဗလီဝတ်ကျောင်းတော်ကြီးများတွင်လည်း ဆောင်ရွက်သွားမည်ဖြစ်ပြီး လုံခြုံရေး စိုးရိမ်ရသည့် အကြောင်းအရင်းကြောင့်သာဖြစ်သည်ဟု အတည်ပြုခဲ့သည်။

    “ကျွန်တော်တို့ တိုင်းပြည်မှာ ငြိမ်းချမ်းရေးပြန်ရဖို့၊ ပြီးတော့ ဒီလိုအကြမ်းဖက်မှုတွေ ဆောင်ရွက်နေတဲ့ အဖွဲ့တွေအားလုံး ပျက်ဆီးသွားဖို့ ကျွန်တော်တို့ ဆုတောင်းပါတယ်။ မွတ်စလင်တွေအဖြစ် ကျွန်တော်တို့ဟာ ဒီအကြမ်းဖက်မှုနောက်ကွယ်မှာရှိနေတဲ့ လူဆိုးတွေအပေါ် အောင်နိုင်ဖို့လည်း ကျွန်တော်တို့ ဆက်လက် ဆုတောင်းသွားမှာပါ”

    အဆိုပါ အစ်ဗနေ့ ခသာ့ဘ် ဗလီဝတ်ကျောင်းတော်တွင် ပြီးခဲ့သည့် တစ်ပတ်က အမျိုးသမီး အသေခံ ဗုံးခွဲသမားတစ်ဦးမှာ ၀တ်ပြုသူများအကြား ဗုံးခွဲရန် ကြိုးစားခဲ့ပြီး မွတ်စလင်လူ့အဖွဲ့အစည်းမှ လုံခြုံရေးအဖွဲ့ဝင်များက မောင်းထုတ်ခဲ့သည်။ သို့သော်လည်း ၎င်းမှာ စနတ်တံဖြုခဲ့သောကြောင့် ကိုယ်တိုင်သေဆုံးကာ အခြားလူအနည်းငယ်မှာလည်း ဒဏ်ရာရခဲ့သည်။

    အသေခံဗုံးခွဲသမားများမှာ ရမ်ဇာန်ဥပုသ်လ စတင်ဝင်ရောက်လာကတည်းက နိုက်ဂျီးရီးယားနိုင်ငံမြောက်ပိုင်းရှိ ဗလီဝတ်ကျောင်းတော် ၃ လုံးကို ပစ်မှတ်ထား၍ ဗုံးဖောက်ခွဲမှုများ ပြုလုပ်ခဲ့ပြီး လူအများအပြား သေဆုံးခဲ့ရသည်။

    နိုက်ဂျီးရီးယားနှင့် အနောက်အာဖရိကတို့တွင် အကြီးဆုံး အစ္စလာမ့်အဖွဲ့အစည်းများထဲမှ တစ်ခုဖြစ်သည့် Nasrul-Lahi-L-Fatih Society ကာနိုအဖွဲ့ခွဲကလည်း ၎င်းတို့စီစဉ်ထားသည့် လဟာပြင်တွင် လူများစုဝေးကာ ညလုံးပေါက်ဝတ်ပြုမှု အစီအစဉ်ကို လုံခြုံရေးအခြေအနေကြောင့် ဖျက်သိမ်းခဲ့သည်။

    “ပြည်နယ်အတွင်းက လုံခြုံရေးအခြေအနေကြောင့် လိုက်လာသွလ်ကဒရ်ညမြတ် ရှာဖွေခြင်း အစီအစဉ်ကို ကျွန်တော်တို့ ဖျက်သိမ်းလိုက်ပါတယ်။ ကျွန်တော်တို့အားလုံးနဲ့အတူ အလ္လာဟ်အရှင်မြတ် ရှိနေတော်မူပါစေ” ဟု ထိုအဖွဲ့မှထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြထားသည်။

    အေသေကာ့ဖ်ထိုင်ခြင်းကိုလည်း ဖျက်သိမ်း

    ရမ်ဇာန်ဥပုသ်လ၏ နောက်ဆုံး ၁၀ ရက်တွေင် ဗလီဝတ်ကျောင်းတော်များ၌ သွားရောက် အားထုတ်ရသည့် အေသေကာ့ဖ် တရားထိုင်ခြင်းအစီအစဉ်ကို နိုင်ငံအနောက်မြောက်ပိုင်း ကာဒူနာ ပြည်နယ်၊ အရှေ့မြောက်ပိုင်းမှ ဘော်နိုနှင့် ယိုဘီပြည်နယ်၊ နိုင်ငံမြို့တော် အဘူဂျာစသည့် ဒေသများရှိ ဗလီဝတ်ကျောင်းတော်များတွင် လုံခြုံရေးအခြေအနေကြောင့် ဆောင်ရွက်ခြင်းမပြုရန် ကြေညာခဲ့သည်။

    “ဒီ ကာဒူနာပြည်နယ်က ဆူလ်တန်ဘဲလို ဗလီဝတ်ကျောင်းတော်မှာ ကျွန်တော်ဟာ အေသေကာ့ဖ် တရားထိုင်လေ့ရှိပါတယ်။ ဒါပေမယ့် ဒီနှစ်မှာတော့ ဘိုကိုဟရမ်ရဲ့ ခြိမ်းခြောက်မှုကြောင့် ဒီအစီအစဉ်ကို ဆောင်ရွက်မှာမဟုတ်ဘူးဆိုတာ သိခဲ့ရပါတယ်။ ၀တ်ပြုသူတွေကို တိုက်ခိုက်ဖို့ ဘိုကိုဟရမ် စစ်သွေးကြွတွေက အခွင့်ကောင်းရသွားမှာ စိုးတဲ့အတွက် အခြားသော ဗလီဝတ်ကျောင်းတော်တွေမှာလည်း ဒီလိုပဲ ဖျက်သိမ်းသွားမှာပါ” ဟု ပြည်သူ့ဝန်ထမ်းတစ်ဦးဖြစ်သူ အဟ်မဒ် လာဒန်က ပြောကြားခဲ့သည်။

    မြို့တော်အဘူဂျာရှိ အေပိုဓမ္မသတ်ရုံးချုပ်မှ အကြီးအကဲဖြစ်သူ ရှိခ် မိုဟာမက် ခါလစ်ကလည်း နှစ်စဉ် လူပေါင်းရာနှင့်ချီ၍ အေသေကာ့ဖ်တရားထိုင်လေ့ရှိသည့် အဘူဂျာမှ ဗလီဝတ်ကျောင်းတော်ကြီးတွင် ယခုနှစ်၌ ပြုလုပ်တော့မည်မဟုတ်ဟု ပြီးခဲ့သည့် ရက်အနည်းငယ်က ကြေညာခဲ့သည်။

    “လုံခြုံမှုမရှိမှုဟာ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်လာတယ်ဆိုတယ်ဆိုတဲ့အချက်ကို လူတိုင်းက လက်ခံနိုင်ပါတယ်။ ဗုံးခွဲမှုဟာ မြောက်ပိုင်းမှာ နေ့စဉ်လိုလိုဖြစ်လာတယ်။ အထူးသဖြင့် နိုင်ငံရဲ့ အရှေ့မြောက်ပိုင်း ဒေသမှာပေါ့။ ဒီလိုကမောက်ကမဖြစ်နေတာကို ရင်ဆိုင်ဖြေရှင်းဖို့ တတ်နိုင်တာ ဘာပဲဖြစ်ဖြစ် အစိုးရနဲ့ ကျွန်တော်တို့ ပူးပေါင်းဆောင်ရွက်သွားဖို့ လိုပါတယ်” ဟု ခါလစ်က ထည့်သွင်းပြောကြားခဲ့သည်။

    ထို့ပြင် နိုက်ဂျီးရီးယားရှိ အခြားသော ထိပ်တန်း မွတ်စလင်အဖွဲ့အစည်းများကလည်း နိုင်ငံအတွင်း မတည်ငြိမ်မှုများ ပပျောက်သွားရေးအတွက် ရမ်ဇာန်နောက်ဆုံး ၁၀ ရက်တွင် ဆုမွန်ကောင်းတောင်းကြရန် မွတ်စလင်များကို တိုက်တွန်းခဲ့သည်။

    Ref: Onislam

  • နိုင်ငံတကာသတင်းတို (ဇူလိုင် ၁၀၊ ၂၀၁၅)

    ဇူလိုင် ၁၀၊ ၂၀၁၅
    M-Media

    ခြစားသူများကို ပိုမိုပြင်းထန်စွာအပြစ်ပေးရန် တရုတ်အစိုးရ တာဝန်ရှိသူ တိုက်တွန်း
    ……………………………
    အာဏာရ ကွန်မြူနစ်ပါတီမှ ခြစားသော အဖွဲ့ဝင်များအား ပြင်းပြင်းထန်ထန် အပြစ်ပေးရန်နှင့် ပိုမိုတင်းကြပ်သော စည်းမျဉ်းစည်းများ ချမှတ်ရန် တရုတ်ခြစားမှုတိုက်ဖျက်ရေး စောင့်ကြည့်အဖွဲ့ အကြီးအကဲ ၀မ်ကွီရှန်က ပြောကြားခဲ့သည်။ သမ္မတ ဇီဂျင်ပင်း တက်လာခဲ့ပြီးနောက်ပိုင်း တရုတ်အစိုးရအတွင်းရှိ ခြစားမှုများကို တိုက်ဖျက်လာသည်မှာ ၃ နှစ်ကျော် ရှိလာပြီဖြစ်ပြီး အကြီးတန်း
    နိုင်ငံရေးသမား၊ စစ်ဘက်နှင့် နိုင်ငံတော်ပိုင် လုပ်ငန်းများမှ တာဝန်ရှိသူအချို့မှာ အရေးယူခြင်း ခံခဲ့ရသည်။

    အီရန်နျူအရေး နောက်ဆုံးရက်တွင် သဘောတူညီချက် မရသေး
    …………………………………
    အီရန်နှင့် အင်အားကြီး ၆ နိုင်ငံတို့၏ နျူအရေး သဘောတူညီချက်မှာ နောက်ဆုံးနေ့ဖြစ်သည့် ယနေ့တွင်လည်း သဘောတူညီချက် မရသေးဘဲ အီရန်ကမူ အနောက်နိုင်ငံများမှာ အနောက်ပြန်သွားနေသည်ဟု စွပ်စွဲခဲ့ပြီး အမေရိကန်က မိမိုတို့မှာ ဆွေးနွေးပွဲမှ ထွက်ခွာရန်
    စီစဉ်နေသည်ဟု ပြောကြားခဲ့သည်။ အီရန်၏ ဒုတိယသမ္မတဖြစ်သူ ဂျာဟန်ဂူရီက အနောက်နိုင်ငံများမှာ လွန်လွန်ကျူးကျူး တောင်းဆိုမှုများကို စွန့်လွှတ်လျှင် ဆွေးနွေးမှုတွင် ကောင်းမွန်သော သဘောတူညီချက်ရမည်ဟု ဆိုသည်။

    ဂျပန်တွင် တိုင်းဖုန်းမုန်တိုင်းကြောင့် လူ ၂၀ ခန့် ဒဏ်ရာရ
    …………………………….
    ဂျပန်နိုင်ငံ အိုကီနာဝါကျွန်းတွင် ချန်ဟွန် ဟု အမည်ရသည့် မုန်တိုင်းတစ်ခု ယနေ့တွင် တိုက်ခတ်ခဲ့ပြီး လူ ၂၀ ခန့်ဒဏ်ရာရခဲ့ကာ ၁၈၀ ခန့် ဘေးလွတ်ရာသို့ ရွှေပြောင်းပေးခဲ့ရသည်။ ယခုအချိန်တွင် ထို တိုင်ဖုန်းမှာ ထိုင်ဝမ်နှင့် တရုတ်နိုင်ငံများသို့ ဦးတည်နေသည်။ အဆိုပါ မုန်တိုင်းမှာ ယခုသီတင်းပတ် အစောပိုင်းက ဖိလစ်ပိုင်နိုင်ငံသို့လည်း ၀င်ရောက်ခဲ့ပြီး လူ ၅ ဦး သေဆုံးခဲ့သည်။

    Ref: News Agencies

  • တိုက်စစ်မှူးဗန်ပါစီ ဖီနာဘာချီသို့ရောက်ရန် နီးစပ်နေ

    တိုက်စစ်မှူးဗန်ပါစီ ဖီနာဘာချီသို့ရောက်ရန် နီးစပ်နေ

    ဇူလိုင် ၁၀၊ ၂၀၅
    M-Media

    as

    – တူရကီကလပ် ဖီနာဘာချီမှာ တိုက်စစ်မှူး ဗန်ပါစီအား ခေါ်ယူရန် မန်ယူအသင်းနှင့် ဆွေးနွေးမှုများ ပြုလုပ်နေပြီး ယခုသီတင်းပတ်အဆုံးတွင် အပြောင်းအရွှေ့ ဖြစ်လာနိုင်သည်ဟု သိရသည်။

    ဖီနာဘာချီနှင့် ဗန်ပါစီတို့မှာ တစ်ပတ်လုပ်ခ ပေါင် ၂၄၀၀၀၀ ဖြင့် ၃ နှစ်စာ ချုပ်ချုပ်ဆိုရန် သဘောတူညီခဲ့ပြီးနောက် ပြောင်းရွှေ့ကြေး ပေါင် ၄.၇ သန်းဖြင့် ခေါ်ယူနိုင်ရန် မန်ယူနှင့် ဖီနာဘာချီတို့ ယမန်နေ့က ဆေးနွေးမှုများ စတင်ပြုလုပ်ခဲ့သည်။

    အသက် ၃၁ နှစ်အရွယ်ရှိ ဗန်ပါစီမှာ တနင်္ဂနွေနေ့တွင် တူရကီသို့ သွားရောက်ရန်ရှိနေပြီး နောက်ထပ် ၂၄ နာရီအကြာတွင် လက်မှတ်ထိုးပွဲ ပြုလုပ်ရန် ရှိနေသည်။

    မန်ယူတွင်ဆက်နေရေးအတွက် လွတ်လပ်စွာ ဆုံးဖြတ်နိုင်သော်လည်း နည်းပြဗန်းဂါးလ်နှင့် ဆက်ဆံရေးမှာ တင်းမာနေပြီး ရာသီအကြို လေ့ကျင့်မှုသို့ ရောက်ရှိလာခဲ့ပြီးနောက် ဗန်ပါစီမှာပထမနေရာအတွက် အားမခံချက်မရှိဟု အသိပေးခြင်း ခံခဲ့ရကြောင်း သတင်းများက
    ဖော်ပြကြသည်။

    ဖီနာဘာချီမှာ ပြီးခဲ့သည့် တနင်္ဂနွေနေ့က မန်ယူတောင်ပံကစားသမားဟောင်း နာနီအား ခေါ်ယူထားနိုင်ခဲ့သည်။

    မန်ယူအသင်းကလည်း ဘိုင်ယန်မြူးနစ် ကွင်းလယ်လူ ရှဝိုင်းစတိုင်ဂါအား ခေါ်ယူရန်အတွက် ကမ်းလှမ်းထားပြီး အပျော်ခရီးထွက်နေသည့် ရှဝိုင်းစတိုင်ဂါ ပြန်ရောက်ပါက ဆွေးနွေးမှုများ ပြုလုပ်မည်ဟု ဘိုင်ယန်မြူးနစ် စီအီးအို ကာလ်း-ဟိန့်ဇ် ရမ်မီနစ်ဂီက ယမန်နေ့တွင် အတည်ပြု ပြောကြားခဲ့သည်။

    Ref: Dialymail

  • ဘင်္ဂလားဒေ့ရှ်တွင် အ၀တ်အစားလှူဒါန်းမှုအတွင်း လူများတိုးဝှေ့ရာမှ  ၂၀ ကျော်သေဆုံး

    ဘင်္ဂလားဒေ့ရှ်တွင် အ၀တ်အစားလှူဒါန်းမှုအတွင်း လူများတိုးဝှေ့ရာမှ  ၂၀ ကျော်သေဆုံး

    ဇူလိုင် ၁၀၊ ၂၀၁၅
    M-Media

    ban

    – ဘင်္ဂလားဒေရှနိုင်ငံတွင် စက်ရုံတစ်ရုံမှ အ၀တ်အစားများ အခမဲ့ပေးဝေမှုအတွင်း လူများ စုပြုံတိုးဝှေ့သောကြောင့် အနည်းဆုံး လူ ၂၀ ကျော် သေဆုံးခဲ့သည်ဟု ရဲတပ်ဖွဲ့က ပြောကြားလိုက်သည်။

    နိုင်ငံမြောက်ပိုင်း မိုင်မန်ဆင်းမြို့ရှိ စက်ရုံတစ်ရုံတွင် ယနေ့မနက်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ရာနှင့်ချီသော လူအုပ်ကြီးမှာ နံနက် အာရုံတက်ချိန်မတိုင်မီ စက်ရုံ၏ ကျဉ်းမြောင်းသော ဂိတ်တံခါးပေါက်မှ အတွင်းသို့ဝင်ရန် တိုးဝှေ့မှုအတွင်း ထိုကဲ့သို့ သေဆုံးခဲ့ခြင်းဖြစ်သည်။

    “အခုအချိန်အထိတော့ ကျွန်တော်တို့ဟာ အလောင်း ၂၃ လောင်းကို ရရှိထားပါတယ်။ သေဆုံးသူအများစုဟာ ဆင်းရဲပြီး ပိန်ချုံးနေတဲ့ အမျိုးသမီးတွေပါပဲ” ဟု မိုင်မန်ဆင်းမြို့မှ ရဲတပ်ဖွဲ့အကြီးအကဲ မိုအီနူလ် ဟာကွီက ပြောကြားခဲ့ပြီး ဒဏ်ရာရရှိသူမှာ ၅၀ ကျော်ရှိသည်ဟု
    ဆိုသည်။

    အဆိုပါစက်ရုံအနီးရှိ ရဲစခန်းမှ အကြီးတန်းအရာရှိဖြစ်သူ ကမ်ရူလ်အစ္စလာမ်ကလည်း သေဆုံးသူစာရင်းမှာ မြင့်တက်လာနိုင်သည်ဟု ပြောကြားခဲ့သည်။

    “ရဲတပ်ဖွဲ့ အခင်းဖြစ်ရာနေရာကို ရောက်မလာခင်မှာ ဆွေမျိုးတွေက အချို့အလောင်းတွေကို ယူသွားကြပါတယ်”

    အထိုအဖြစ်အပျက်ကြောင့် စက်ရုံပိုင်ရှင်နှင့် အခြားလူ ၆ ဦးကို ဖမ်းဆီးထားသည်ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

    ဆေးရွက်ကြီးစက်ရုံဖြစ်သည့် အဆိုပါစက်ရုံပိုင်ရှင်က ၎င်းအနေဖြင့် ဆင်းရဲသူများအတွက် အ၀တ်အစားများ ဝေငှမည်ဟု ကြေညာခဲ့ပြီးနောက်ပိုင်း နံနက် ၄ နာရီ ၄၅ မိနစ် အချိန်ခန့်တွင် လူ ၁၅၀၀ ခန့်မှာ စက်ရုံသို့ ရောက်ရှိလာကာ တိုးဝှေ့ခဲ့ကြခြင်း ဖြစ်သည်။

    အစ္စလာမ်ဘာသာဝင်တို့၏ ရမ်ဇာန်ဥပုသ်လတွင် ဘင်္ဂလားဒေ့ရှ်ရှိ ချမ်းသာသူများမှာ ဆင်းရဲသူများအတွက် အ၀တ်အထည်များကို လှူဒါန်းဝေငှလေ့ရှိသည်။

    Ref: Aljazeera