ဇူလိုင် ၈၊ ၂၀၁၅
M-Media
– နိုင်ငံတစ်ဝှမ်းရှိ မွတ်စလင်လူ့အဖွဲ့အစည်း အပေါ်ချစ်ကြည် ရင်းနှီးမှုကို ဖော်ပြရန် အတွက် ထိုင်းအစိုးရက ရမ်ဇာန် ညစာစားပွဲ တစ်ခုကို ဇွန်လ ၆ ရက်နေ့က ကျင်းပ ပြုလုပ်ခဲ့ပြီး ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာ တက်ရောက်ခဲ့သည်ဟု သိရသည်။
.
အစိုးရအိမ်တော်ရှိ Santi Maitree အဆောက်အဦးတွင် ပြုလုပ်ခဲ့သည့် အဆိုပါ အခမ်းအနားသို့ ထိုင်း ကတ်ဘိနက်အဖွဲ့ဝင်များ၊ ထိုင်း မွတ်စလင် အမျိုးသားခေါင်းဆောင် ချွာလာရာဂျာ မွန်ထရီး အာစစ် ပီတက်ကမ်ပိုလ်၊ မွတ်စလင်နိုင်ငံများမှ သံတမန်များ၊ ထိုင်းအစ္စလာမ် သာသနာရေးရာကောင်စီ ဗဟိုမှ ကော်မတီအဖွဲ့ဝင်များ၊ ထင်ရှားသည့် မွတ်စလင်ခေါင်းဆောင်များ၊ အစိုးရ အရာရှိများနှင့် ဧည့်သည်တော်များ တက်ရောက် ခဲ့ကြသည်။
.
ဝန်ကြီးချုပ် ရောက်ရှိလာသည့် အချိန်တွင် ကုရ်အာန် ကျမ်းတော်မြတ်ကို ရွတ်ဖတ် သရဇ္ဈာယ်၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့သည်။ ထို့နောက် ထိုင်းအစိုးရ ကိုယ်စား ၀န်ကြီးချုပ်က အမှာစကားပြောကြားရာတွင် ဟစ်ဂျရီသက္ကရာဇ် ၁၄၃၆ ခုနှစ် ရမ်ဇာန် ညစာစားပွဲတွင်ပါဝင်ရသည့် အတွက် ၀မ်းမြောက်မိကြောင်း၊ ဘာသာတရားများမှာ သီလနှင့် ကိုယ်ကျင့်တရားကို မွေးမြူပေးရာတွင် အရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်သောကြောင့် မိမိတို့အစိုးရမှာ ဘာသာတရား အားလုံး၏ အရေးပါသော လှုပ်ရှားမှုများနှင့် လိုက်နာ ကျင့်သုံးမှုများကို အသိအမှတ်ပြုခဲ့ကြောင်း၊ ထို့ပြင် ယခုကဲ့သို့ ရမ်ဇာန် ညစာစားပွဲ ကျင်းပပေးခြင်းအားဖြင့် မြင့်မြတ်သော ရမ်ဇာန် ဥပုသ်လတွင် တစ်စိတ်တစ်ပိုင်း ပါဝင်ခွင့်ရသည့်အတွက် ထိုင်းအစိုးရ အနေဖြင့် ကျေနပ်မိကြောင်း ပြောကြားခဲ့သည်။
.
ထို့ပြင် တိုင်းပြည်အရေး ဆောင်ရွက်ရာတွင် မွတ်စလင်ခေါင်းဆောင် ချွာလာရာဂျာမွန်ထရီး အပါအ၀င် အခြားသော မွတ်စလင်ခေါင်းဆောင်များနှင့် ဆွေးနွေး ညှိနှိုင်းမှုများ ပြုလုပ်သည် ဟုလည်း ထည့်သွင်းပြောကြားခဲ့သည်။
.
နောက်ဆုံးတွင် ၀န်ကြီးချုပ် ပရာယွတ်က ထိုင်းနိုင်ငံ အတွင်းရှိ မွတ်စလင်များ အားလုံးအပေါ် အလ္လာဟ်အရှင်မြတ် ထံတော်မှ ကောင်းချီးမင်္ဂလာအပေါင်း ကျရောက်ပါစေကြောင်း၊ လူမှုဘ၀၊ လုပ်ငန်း ကိုင်တာများတွင် တိုးတက်မှုရရှိကာ၊ လုပ်ကိုင်သမျှ အောင်မြင် ပါစေကြောင်း ဆုမွန်ကောင်း တောင်းပေးခဲ့သည်။
.
ထိုင်းမွတ်စလင်ခေါင်းဆောင် ချွာလာရာဂျာမွတ်ထရီးကလည်း အစိုးရမှ ပြုလုပ်ပေးသည့် အဆိုပါ ညစားစားပွဲအတွက် ကျေးဇူးတင်မိသည်ဟု ပြောကြားခဲ့ကာ ၀ါမဖြေမီ အလျှင် ဆုမွန် ဒိုအာ တောင်းပေးခဲ့သည်။ တက်ရောက်လာကြအသည့် အစ္စလာမ်ဘာသာဝင်များမှာ အစိုးရ အိမ်တော်တွင် မဂ်ရစ်ဘ်ဆွလာသ် (နေ၀င်ပြီးဝတ်ပြုမှု) ကို ၀တ်ပြု ဆောက်တည်ခဲ့ကြသည်။
.
ဇွန်လ ၂၆ ရက်နေ့ကလည်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနမှာ အစ်ဖ်သာရ် ၀ါဖြေညစာစားပွဲ တစ်ခုကို ကျင်းပပြုလုပ်ခဲ့ပြီး သံတမန်များ မွတ်စလင်ခေါင်းဆောင်များကို ဖိတ်ကြားခဲ့သည်။
.
Ref: Royal Thai Government’s Website
Blog
-
ထိုင်းအစိုးရမှ ပြုလုပ်သည့် ၀ါဖြေ ညစာစားပွဲကို ၀န်ကြီးချုပ်ပရာယွတ် တက်ရောက်
-
အသေအပျောက်များလာသည့် Selfie ရိုက်ခြင်းအတွက် ရုရှားက သတိပေးလှုပ်ရှားမှု ပြုလုပ်
ဇူလိုင် ၈၊ ၂၀၁၅
M-Media– ထူးထူးဆန်းဆန်း Selfie များ ရိုက်သည့်အတွက် သေဆုံးမှုများ၊ ထိခိုက်ဒဏ်ရာရရှိမှုများ ဖြစ်ပေါ်ခဲ့ပြီးနောက် ရုရှားရဲတပ်ဖွဲ့က Selfie နှင့် ပတ်သက်၍ ပြည်သူများအား အသိပညာပေးရေး လှုပ်ရှားမှုကို စတင်လိုက်သည်ဟု သိရသည်။
အဆိုပါလှုပ်ရှားမှုကို ယမန်နေ့က စတင်ခဲ့ခြင်းဖြစ်ပြီး ထူထူးဆန်းဆန်း Selfie ရိုက်မှုကြောင့် မကြာသေးမီကာလအတွင်း ဖြစ်ပွားခဲ့သည့် မတော်တဆမှုများတွင် သေဆုံးသူ ဒါဇင်နှင့်ချီ၍ ရှိခဲ့ကာ ဒဏ်ရာရသူမှာ ၁၀၀ ခန့် ရှိခဲ့သည်။
ပြီးခဲ့သည့်မေလအတွင်းက အသက် ၂၁ နှစ်အရွယ် အမျိုးသမီးတစ်ဦးမှာ ပစ္စတိုကို ဦးခေါင်း၌ ချိန်၍ Selfie ရိုက်စဉ် မတော်တဆ ပစ်ခတ်မိခဲ့ပြီး ဦးခေါင်း၌ ဒဏ်ရာရရှိခဲ့သည်။
“ခပ်လန်းလန်း Selfie က အသက်နဲ့ ရင်းရတတ်ပါတယ်” ဟု ပြည်ထဲရေးဝန်ကြီးဌာမှ ထုတ်ပြန်သော သတိပေးလက်ကမ်းစာစောင်တွင် ရေးသားဖော်ပြထားပြီး Selfie ရိုက်ခြင်းမှာ သေတတ်သည့် လက်နက်ဖြစ်သည်ဟုလည်း သတိပေးထားသည်။
ပြီးခဲ့သည့်ဇန်န၀ါရီလက လူငယ်နှစ်ဦးမှာ ယူရဲလ်တောင်တန်းတွင် စနက်တံဖြုတ်ထားသော လက်ပစ်ဗုံးတစ်လုံး ကိုင်ဆောင်၍ Selfie ရိုက်နေစဉ် ပေါက်ကွဲမှု ဖြစ်ပွားခဲ့သောကြောင့် သေဆုံးခဲ့ပြီး ၎င်းတို့ ဓာတ်ပုံရိုက်ထားသော ဖုန်းမှတ်တမ်းမှာ ကျန်ရစ်ခဲ့သည်။
မေလအတွင်းကလည်း ရွာဇန်ဒေသရှိ ဆယ်ကျော်သက်လူငယ်တစ်ဦးမှာ ရထားလမ်းရှိရာ တံတားပေါ်သို့ Selfie ရိုက်ရန် တက်ရောက်ရာ လျှပ်စစ်ဝါယာကြိုးဖြင့် ထိမိ၍ ဓာတ်လိုက်သေဆုံးခဲ့သည်။
“ကံမကောင်းအကြောင်းမလှစွာနဲ့ပဲ ကိုယ့်ကိုယ်ကိုယ် ဓာတ်ပုံရိုက်ရတာ နှစ်သက်သူတွေမှာ ဖြစ်ပွားတဲ့ မတော်တဆမှုတွေဟာ သိသိသာသာ မြင့်တက်လာတယ်ဆိုတာကို ကျွန်တော်တို့ သိရှိခဲ့ပါတယ်။ နှစ်အစကစလို့ ထိခိုက်ဒဏ်ရာရမှု ရာပေါင်းများစွာကို ကျွန်တော်တို့ ပြောနေကြရပါတယ်” ဟု ပြည်ထဲရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးဖြစ်သူ ယဲလီနာ အလက်ဇီယီဗာက ပြောကြားခဲ့သည်။
ထို့ပြင် Selfie ရိုက်ခြင်းက ဒါဇင်နှင့်ချီ သေဆုံးရသည့် မတော်တဆမှုများကို ဖြစ်ပွားခဲ့သည်ဟုလည်း ၎င်းက ထည်သွင်းပြောကြားခဲ့သည်။
ရုရှားရဲတပ်ဖွဲ့မှ ပြုလုပ်သည့် ယခုလှုပ်ရှားမှုအသစ်တွင် သတိပေးလက်ကမ်းစာစောင်များ၊ ဗီဒီယိုများ ဖြန့်ဝေခြင်း ပြည်ထဲရေးဝန်ကြီးဌာန၏ ၀ဘ်ဆိုက်တွင် အကြံပြုချက်များ ဖော်ပြခြင်းတို့ ပါဝင်မည်ဖြစ်သည်။
“ “like” များများရဖို့အရေး စွန့်စားတာဟာ မရဏခရီးကို ဦးတည်သွားနိုင်တယ်ဆိုတာ Selfie မရိုက်ခင် လူတိုင်း တွေးသင့်ပါတယ်။ ပြီးတော့ သူ့ရဲ့ စွန့်စွန့်စားစား နောက်ဆုံး ဓာတ်ပုံဟာ သေပြီးမှ ထွက်လာတာမျိုးလည်း ဖြစ်နိုင်ပါတယ်” ဟု အလက်ဇီယီဗာက ထပ်လောင်း ပြောကြားခဲ့သည်။
Ref: AFP
-
ဖျက်ဆီးခံ ခရစ်ယာန်ဘုရားကျောင်းများ ပြုပြင်ရေး အမေရိကန်မွတ်စလင်များ ရန်ပုံငွေ ကောက်ခံ
ဇူလိုင် ၈၊ ၂၀၁၅
M-Media– နိုင်ငံအတွင်းရှိ အာဖရိကန်-အမေရိကန်များနှင့် တစ်သားတည်းရှိမှုကို သြခြင်းအဖြစ် ချာလ်စတန် တိုက်ခိုက်မှုနောက်ပိုင်း လူဖြူလူမျိုးကြီးဝါဒီများ၏ မီးရှို့ဖျက်ဆီးမှုကို ခံခဲ့ရသည့် လူမည်းဘုရားကျောင်းများ ပြုပြင်ရန်အတွက် အမေရိကန်မွတ်စလင် ပရဟိတအဖွဲ့များနှင့် တက်ကြွလှုပ်ရှားသူများက ရန်ပုံငွေရှာဖွေရေး လှုပ်ရှားမှုများကို ပြုလုပ်နေကြသည်ဟု သိရသည်။
“ဒီလို မှောင်မိုက်တဲ့ အချိန်တွေအတွင်းမှာ သူတို့နဲ့အတူ တစ်သားတည်းရှိနေတယ်ဆိုတာကို ကျွန်တော်တို့ရဲ့ အာဖရိကန် ညီအစ်ကိုမောင်နှမတွေကို သိစေချင်ပါတယ်။ ဒီတစ်သားတည်းရှိမှုရဲ့ သင်္ကေတအဖြစ် တောင်ကယ်ရိုလိုင်နားပြည်နယ် ချာလ်စတန်က လူမျိုးရေးခွဲခြားတဲ့ လူသတ်မှု ဖြစ်ပြီးကတည်း မီးရှို့ဖျက်ဆီးခံခဲ့ရတဲ့ ခရစ်ယာန်ဘုရားကျောင်း ၇ ကျောင်း ပြန်လည်တည်ဆောက်ရေး အကူအညီပေးဖို့ ကောင်းချီးမင်္ဂလာတွေနဲ့ ပြည့်စုံတဲ့ ဒီ ရမ်ဇာန်လမြတ်မှာ ကျွန်တော်တို့ဟာ အလှူငွေတွေ စုဆောင်းနေပါတယ်” ဟု အဆိုပါလှုပ်ရှားမှုတွင် ပါဝင်ဆောင်ရွက်နေသူ အီမာမ် ရှာကီရ်က ပြောကြားခဲ့သည်။
အီမာမ်ရှာကီရ်မှာ အဖျက်အဆီးခံ ဘုရားကျောင်းများ တည်ဆောက်ရေး အမေရိကန်မွတ်စလင်များက အွန်လိုင်းမှတစ်ဆင့် ပြုလုပ်နေသော အလှူငွေကောက်ခံရေး လှုပ်ရှားမှုကို ရည်ညွှန်းပြောဆိုခဲ့ခြင်း ဖြစ်သည်။
ဇူလိုင်လ ၂ ရက်နေ့က စတင်ခဲ့သည့် အဆိုပါ အွန်လိုင်းလှုပ်ရှားမှုမှ ရန်ပုံငွေ ၂၂၈၀၀ ရရှိခဲ့ပြီး လူပေါင်း ၄၀၀ ကျော်က လှူဒါန်းခဲ့ခြင်းဖြစ်သည်။ ထိုပမာဏမှာ လှုပ်ရှားမှုစတင်ခဲ့သည့်အချိန်တွင် ထားရှိခဲ့သည့် ကန်ဒေါ်လ ၂ သောင်း ရရှိရေး ရည်ရွယ်ချက်ကို ကျော်လွန်ခဲ့ခြင်းလည်း ဖြစ်သည်။
“၀တ်ပြုရာနေရာအားလုံးဟာ အထွဋ်အမြတ်ထားရာ နေရာတွေပါ။ လုံခြုံတယ်လို့ ခံစားရသင့်တဲ့ နေရာတွေဖြစ်ပြီး ကမ္ဘာကြီးက တာဝန်ယူဖို့ မတတ်နိုင်တော့တဲ့အခါ ကျွန်တော်တို့ ခိုလှုံနိုင်တဲ့ နေရာလည်း ဖြစ်ပါတယ်။ ဒီဘုရားကျောင်းတွေ ပြန်လည်တည်ဆောက်ဖို့ ရင်းမြစ်တွေ စုပေါင်းပါဝင်ရင်းနဲ့ နိုင်ငံတစ်ဝှမ်းက ဘာသာရေးလူ့အဖွဲ့အစည်းတွေအတွက် ကျွန်တော်တို့ရဲ့ ကူညီဖေးမမှုမှာ ထည့်ဝင်ကူညီကြဖို့ ကျွန်တော်တို့ တိုက်တွန်းနေတာပါ။ မွတ်စလင်တွေအဖြစ် ကျွန်တော်တို့ဟာ ဘုရားသခင်ကို အမျိုးမျိုးသော ဘာသာစကားနဲ့ ခေါ်ဝေါ်ကြတဲ့ ချို့တဲ့သူတွေ၊ လေးစားရမယ့်သူတွေကို ကာကွယ်ဖို့ အရေးကြီးမှုကိုလည်း သိကြပါတယ်။ မွတ်စလင်လူ့အဖွဲ့အစည်းနဲ့ လူမည်းလူ့အဖွဲ့အစည်းဟာ ခြားနားတဲ့ လူ့အဖွဲ့အစည်းတွေ မဟုတ်ဘူးဆိုတာ ကျွန်တော်တို့ စိတ်ထဲမှာ အမြဲတမ်း စွဲမှတ်ထားပါတယ်” ဟု ရန်ပုံငွေစုဆောင်းရေး လှုပ်ရှားမှု အွန်လိုင်းစာမျက်နှာတွင် ဖော်ပြထားသော ကြေညာချက်၌ ရေးသားထားသည်။
ထို့ပြင် ကြီးကျယ်ထူးဆန်းသည့် ဤနိုင်ငံတွင် တူညီသော အမှတ်သညာများနှင့် ဆက်ဆံရေးတို့ဖြင့် မိမိတို့လူ့အဖွဲ့အစည်းမှာ ထူးထူးခြားခြား ပေါင်းစည်းထားကြသည်ဟုလည်း ဖော်ပြခဲ့သည်။
အဆိုပါ လှုပ်ရှားမှုကို Muslim ARC၊ နယူးယောက် အာရပ်အမေရိကန်အသင်းနှင့် Ummah Wide စသည့် မွတ်စလင်အဖွဲ့များက ပူးပေါင်းကာ ဆောင်ရွက်ခြင်းဖြစ်သည်။
ပြီးခဲ့သည့်ဇွန်လက တောင်ကယ်ရိုလိုင်းနားပြည်နယ် ချာလ်စတန်မြို့ရှိ လူမည်း ခရစ်ယာန်ဘုရားကျောင်းတစ်ခုတွင် လူဖြူလူမျိုးကြီးဝါဒီတစ်ဦး၏ ၀င်ရောက်ပစ်ခတ်မှုကြောင့် လူ ၉ ဦး သေဆုံးခဲ့ရသည်။
ထိုအဖြစ်အပျက်ဖြစ်ပွားပြီးနောက်ပိုင်း တောင်ပိုင်းပြည်နယ်များရှိ ထင်ရှားသည့် လူမည်း ခရစ်ယာန်ဘုရားကျောင်းများမှာ ဆက်တိုက်ဆိုသလို မီးရှို့ဖျက်ဆီးခြင်း ခံခဲ့ရသည်။
Ref: Onislam, i100
-
နိုင်ငံတကာသတင်းတို (ဇူလိုင် ၇၊ ၂၀၁၅)
ဇူလိုင် ၇၊ ၂၀၁၅
M-Mediaယီမင်တွင် အရပ်သားသေဆုံးမှု ၁၅၀၀ ကျော်ပြီ
………………………….
ယီမင်နိုင်ငံအတွင်း တိုက်ခိုက်မှုများကြောင့် မတ်လ ၂၇ ရက်နေ့မှစ၍ သေဆုံးသူ အရပ်သားအရေအတွက်မှာ ၁၅၀၀ ကျော်လာခဲ့ပြီး ဒဏ်ရာရသူမှာ ၃၆၀၀ ကျော်ရှိပြီဟု ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးမှ ယနေ့တွင် ထုတ်ပြန်သော ကြေညာချက်တွင်
ဖော်ပြထားသည်။ ပြီးခဲ့သည့်နှစ် စက်တင်ဘာတွင် ဟူသီသူပုန်များက မြို့တော်ဆန်နာကို သိမ်းပိုက်ခဲ့ပြီးနောက်ပိုင်း နိုင်ငံအတွင်း ပဋိပက္ခများ ဖြစ်ပွားခဲ့ကာ ပြီးခဲ့သည် မတ်လတွင် ဆော်ဒီက ဟူသီသူပုန်များအား ဗုံးကြဲမှုကို စတင်လုပ်ဆောင်ခဲ့သည်။အီရန် နျူသဘောတူညီချက် မနက်ဖြန်တွင် ရနိုင်ဖွယ်ရှိ
………………………………..
အီရန်နှင့် အင်အားကြီး ၆ နိုင်ငံတို့ ဆွေးနွေးနေသော နျူအရေးမှာ ဇူလိုင် ၈ ရက်မနက်ထက် နောက်မကျဘဲ သဘောတူညီချက်ရရှိမည်ဟု အီရန်ရှိ ထိပ်တန်းရင်းမြစ်တစ်ခုက TASS သတင်းဌာနသို့ ပြောကြားခဲ့သည်။ သဘောတူညီချက်အတွက် နောက်ဆုံးရက်မှာ ယနေ့တွင်ဖြစ်ပြီး ကုလမှ အီရန်အား တိုက်ချင်းပစ်ဒုံးကျည် ရောင်းဝယ်ခြင်း ပိတ်ဆို့ထားမှုအတွက် အချေအတင်
ဆွေးနွေးနေကြသည်။ အမေရိကန်အစိုးရကမူ ဆွေးနွေးမှုကို ဇူလိုင်လ ၁၀ ရက်နေ့အထိ ထပ်တိုးသွားမည်ဟု ကြေညာခဲ့သည်။ဂရိဘဏ်များတွင် ငွေကုန်တော့မည်
…………………………..
ကြွေးရှင်နိုင်ငံများ၏ အဆိုပြုချက်ကို ကန့်ကွက်ခဲ့သည့် ဂရိနိုင်ငံရှိ ဘဏ်များတွင် ငွေသားများ ကုန်တော့မည်ဟု ၀န်ကြီးချုပ် တီစီပရက်စ်က ယနေ့တွင် ပြောကြားခဲ့သည်။ ၀န်ကြီးချုပ်မှာ နိုင်ငံအား အကြွေးမှကယ်တင်ရေး အဆိုပြုချက်အသစ်ကို ကိုင်ဆောင်ကာ ယနေ့တွင်
ဥရောပခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့သော်လည်း ဥရောပနိုင်ငံများက တီစီပရ်စ်အား ပြင်းပြင်းထန်ထန် သတိပေးခဲ့သည်။ ဥရောပဇုန် တာဝန်ရှိသူတစ်ဦးကမူ မည်သည့် အဆိုပြုချက်ကိုမှ ယနေ့တွင် လက်မခံခဲ့ဟု ပြောကြားခဲ့သည်။လက်ဝှေ့ကျော်မေ၀ယ်သာ ၀ယ်သာဝိတ်ချန်ပီယံဘွဲ့ ရုပ်သိမ်းခံရ
…………………………………….
WBO သို့ ပေးရန်ရှိသည့် ဒဏ်ကြေး ဒေါ်လာ ၂ သိန်းကို နောက်ဆုံးရက်ဖြစ်သော သောကြာနေ့တွင် ပေးအပ်ခြင်းမရှိသောကြောင့် ပက်ကွီအိုအားနိုင်ကာ ရရှိထားသည့် မေ၀ယ်သာ၏ ကမ္ဘာ့ဝယ်သာဝိတ်ချန်ပီယံဘွဲ့ကို WBO က ရုပ်သိမ်းလိုက်သည်။ မတူညီသော ၀ိတ်တန်းများတွင် တစ်ချိန်တည်း ချန်ပီယံဘွဲ့များကို ရယူထားခြင်း မရှိရဟူသော လက်ဝှေ့လောက၏ စည်းမျဉ်းအရ
မစ်ဒယ်ဝိတ်ချန်ပီယံဖြစ်ထားသည့် မေ၀ယ်သာမှာ ထိုကဲ့သို့ ဒဏ်ရိုက်ခံရခြင်းဖြစ်သည်။Ref: News Agencies
-
ဘင်္ဂလားဒေ့ရှ်ရှိ ဘုန်းကြီးကျောင်းမှ မွတ်စလင်များဝါဖြေရန် အစားအသောက်များ လှူဒါန်း
ဇူလိုင် ၇၊ ၂၀၁၅
M-Media– ဘင်္ဂလားဒေ့ရှ်ရှိ ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းတစ်ခုမှာ ရမ်ဇာန်ဥပုသ်လအတွင်း ဆင်းရဲသည့် ရာနှင့်ချီသော မွတ်စလင်များကို အစားအသောက်များ လှူဒါန်းခဲ့ကြပြီး တောင်အာရှနိုင်ငံဖြစ်သည့် ဘင်္ဂလားဒေ့ရှ်ရှိ ဘာသာတရားများအကြား သဟာဇတဖြစ်မှု၏ ဥပမာတစ်ခုလည်း ဖြစ်လာခဲ့သည်။
မြို့တော် ဒါကာရှိ ဒါမာရာဂျိက ကျောင်းတိုက်မှ ထိုကဲ့သို့ လှူဒါန်းခြင်းဖြစ်ပြီး အဖ်သာရ်ခေါ် ၀ါလွှတ်ချိန်ဝါဖြေကြမည့် မွတ်စလင်များအား နေ့စဉ် အစားသောက်အထုတ်များကို ထိုကျောင်းတိုက်မှ စတင်ဖြန့်ဝေသည့်အချိန်ကတည်းက ဆိုရှယ်မီဒီယာများတွင် အလျင်အမြန် ပြန့်နှံ့လာခဲ့သည်။
“လူသားထုကို အလုပ်အကျွေးပြုတာဟာ ခြွင်းချက်မဲ့ ဘာသာတရားဖြစ်တယ်လို့ ဗုဒ္ဓဘာသာက ဘုန်းကြီးတို့ကို သွန်သင်ပါတယ်။ သူတို့ရဲ့ ဥပုသ်ကို ဖြေဖို့အတွက် သင့်လျော်တဲ့အစားအသောက် ၀ယ်ဖို့ မတတ်နိုင်တဲ့ ဆင်းရဲတဲ့ မွတ်စလင်တွေကို ဘုန်းကြီးတို့က လှူဒါန်းတာပါ” ဟု အဆိုပါ ကျောင်းတိုက်မှ ကျောင်းထိုင်ဆရာတော် Suddhananda Mahathero က AFP သတင်းဌာနသို့
ပြောကြားခဲ့သည်။ယမန်နေ့ ညနေပိုင်းက AFP မှ သွားရောက်ကြည့်ရှုရာတွင် ဒါကာရှိ ဘာဆာဘို ပတ်ဝန်းကျင်၌ တည်ရှိသော အဆိုပါဘုန်းကြီးကျောင်း၏ ဂိတ်ပေါက်ဝတွင် မွတ်စလင် ၃၀၀ ခန့်မှာ အစ်ဖ်သာရ်အတွက် အစားသောက်များကို လက်ခံရယူရန် စောင့်ဆိုင်းနေကြသည်ကို တွေ့ခဲ့ရသည်။
“မေတ္တာတရား၊ ဖေးမကူညီမှုနဲ့ လှူဒါန်းတဲ့ အစားအသောက်ကို ကျွန်မ စားလို့ရပါတယ်” ဟု အသက် ၇၀ အရွယ်ရှိ အဖွားအို အမီနာခါတွန်က ပြောကြားခဲ့ပြီး အဆိုပါဘုန်းကြီးကျောင်းသို့ ရောက်ရန် ခရီးဝေးမှ လမ်းလျှောက်လာရသည်ဟု ဆိုသည်။
ရဟန်းပျိုတစ်ပါးက တိုကင်များ ပေးဝေနေစဉ် ရဲတပ်ဖွဲ့ဝင်တစ်ဦးကလည်း အစီအစဉ်တကျဖြစ်စေရန် ကူညီပေးခဲ့သည်။
“ဘာသာတရား မတူညီဘူးဆိုတာကို ထည့်မတွက်ဘဲ ဥပုသ်သီလဆောက်တည်တဲ့ အိမ်နီးချင်းအပေါ်မှာ လေးစားမှုနဲ့ မေတ္တာတရားကို ပြသရင်း ဒါဟာ ဘာသာရေး သဟဇာတဖြစ်မှုရဲ့ ရင်သပ်ရှုမောစရာ ဥပမာပါပဲ” ဟု ရဲတဖွဲ့ဝင် အာဆဒ် အူဇာမန်က ပြောကြားခဲ့သည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ သန်း ၁၆၀ သော လူဦးရေတွင် အစ္စလာမ်ဘာသာဝင်များမှာ ၉၀ ရာခိုင်နှုန်းရှိပြီး ဗုဒ္ဓဘာသာဝင်မှာ အနည်းငယ်သောပမာဏသာ ရှိကာ မြန်မာနိုင်ငံနှင့် နယ်နမိတ်ချင်း ထိစပ်နေသည့် နိုင်ငံအရှေ့တောင်ပိုင်းတွင် အများစု နေထိုင်ကြသည်။
အဆိုပါ ဘုန်းကြီးကျောင်း၏ အစားအသောက်များ ဝေငှလှူဒါန်းးခြင်းအတွက် မွတ်စလင်များကလည်း ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ကြပြီး ရွှေဝါရောင်သင်္ကန်းနှင့် ဘုန်းတော်ကြီးများ အစားအသောက် မျှဝေပေးနေသော ဓာတ်ပုံများကိုလည်း ဖြန့်ဝေခဲ့ကြသည်။
“ဒီလိုဆောင်ရွက်မှုကို ကျွန်တော် တကယ့်ကို နှစ်သက်မိပြီး ကိုယ်တော်တွေကိုလည်း ကျေးဇူးတင်ပါတယ်” ဟု ဘဏ်လုပ်ငန်းရှင်တစ်ဦးဖြစ်သူ မစ္စတာ နူရ် ဟူစိန်က ပြောကြားခဲ့သည်။
ဒါမာရာဂျိက ဘုန်းကြီးကျောင်းကို ၁၉၄၉ ခုနှစ်က ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး မိဘမဲ့ ကလေး ၇၀၀ ကျော်ကို ပြုစုစောင့်ရှောက်ထားက ပညာလည်းသင်ပေးထားသည်။
Ref: straitstimes