ဇူလိုင် ၁၀၊ ၂၀၁၅
M-Media
– အခြားသူများ၏ ကျရှုံးမှုများအတွက် မိမိမှာ ဓားစားခံဖြစ်နေရပြီး ကမ္ဘာကြီးပူနွေးလာမှုအတွက်ပင် မိမိမှာ အပြစ်တင်ခံရလိ့မ်မည်ဟု ဖီဖာဥက္ကဌ ဆပ်ဘလတ္တာက ထေ့ငေါ့ ပြောကြားလိုက်သည်။
အဖွဲ့အတွင်း ချစားမှုပြဿနာများဖြင့် ရှုပ်ထွေးနေသော်လည်း ငါးကြိမ်မြောက် ဥက္ကဌအဖြစ် မေလက ရွေးချယ်ခြင်းခံခဲ့ရသည့် ဘလတ္တာမှာ လေးရက်အကြာတွင်ပင် ရာထူးမှ နှုတ်ထွက်တော့မည်ဟု ကြေညာခဲ့သည်။
ဖီဖာရှိ အကြီးတန်းအရာရှိအချို့မှာ ချစားမှု၊ လာဘ်ပေးလာဘ်ယူမှုများဖြင့် ဖမ်းဆီးခြင်း၊ စုံစမ်းစစ်ဆေးခြင်း ခံနေရသော်လည်း ဘလတ္တာမှာ ပါဝင်ခြင်းမရှိသောကြောင့် အချို့က ဝေဖန်မှုများ ရှိနေပြီး ဘလတ္တာကမူ ထိုသို့ဝေဖန်မှုများက မိမိအား မမျှမတ မလိုမုန်းထားခြင်းဖြစ်ကာ ဖီဖာမှ ၀န်ထမ်းတစ်ဦးချင်းဆီတိုင်း၏ လုပ်ရပ်အတွက် မိမိမှာ တာဝန်မယူနိုင်ဟု ပြောကြားခဲ့သည်။
“ကျွန်တော် အားလုံးကို လိုက်ကြည့်နေတာ မဟုတ်ပါဘူး။ မကြာခင်က ကမ္ဘာ့ဖလားမှာ အင်္ဂလိပ် အမျိုးသမီးကစားသမား ကိုယ့်ဂိုးကိုယ်သွင်းတာ၊ အဲဒါတွေအားလုံးကို ကျွန်တော် တာဝန်ယူရမှာလား။ ရာသီဥတုပြောင်းလဲတာကိုရော ကျွန်တော် တာဝန်ယူရမှာလား” ဟု Reuters သို့ ဘလတ္တာက ပြောကြားခဲ့သည်။
လူများက ၎င်းအပေါ် မနာလိုဝန်တိုမှု ထားရှိနေသည်ဟု ဘလတ္တာက ထင်မြင်ယူဆနေသည်။
“အားကျမှုဟာ နှစ်နဲ့ချီအောင်းနေတာပါ။ အဲဒီ အားကျမှုက မနာလိုဝန်တိုမှုကို အခိုင်အမာ ဖြစ်စေပါတယ်။ ပြီးတော့ မနာလိုမှုက ချစ်ခြင်းမေတ္တာမှာ သွားပြီး အမြစ်တည်ပါတယ်။ ဒါက အမုန်းကို ပြောင်းသွားနိုင်ပြီး ကျွန်တော်တို့ ကွန်ဂရက်မလုပ်ခင် ၂ ရက်အရင်က ၀ရုန်းသုန်းကားဖြစ်လာတဲ့အခါ ပေါ်လာတော့တာပါပဲ”
FBI မှာ ဖီဖာမှ တာဝန်ရှိသူ ၁၄ ဦးကို ၁၉၉၁ ခုနှစ်မှ စတင်ခဲ့သည့် ချစားမှုစွဲချက်များဖြင့် ဖမ်းဆီးထားပြီး ဆွစ်ဇာလန်အာဏာပိုင်များကလည်း ၂၀၁၈ နှင့် ၂၀၂၂ ကမ္ဘာ့ဖလား အိမ်ရှင်ရွေးချယ်မှုအတွက် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေသည်။
Ref: Goal
Leave a Reply
You must be logged in to post a comment.