News @ M-Media
Blog
  • နိုင်ငံတကာ သတင်းတို (ဇူလိုင် ၂၊ ၂၀၁၅)
    နိုင်ငံတကာ သတင်းတို (ဇူလိုင် ၂၊ ၂၀၁၅)
    ဇူလိုင် ၂၊ ၂၀၁၅
    M-Media
    ဖိလစ်ပိုင်တွင် ခရီးသည်တင်သင်္ဘောမှောက်၊ ၃၀ ကျော်သေဆုံး
    ……………………………….
    ဖိလစ်ပိုင်နိုင်ငံအလယ်ပိုင်းတွင် လူ ၂၀၀ နီးပါး တင်ဆောင်သွားသည့် သင်္ဘောတစ်စင်းမှာ ကြီးမားသော လှိုင်းဒဏ်ကြောင့် ယနေ့တွင် နစ်မြုပ်သွားခဲ့ပြီး အနည်းဆုံး ၃၆ ဦးသေဆုံးခဲ့သည်ဟု တာဝန်ရှိသူများက ပြောကြားခဲ့သည်။ သို့သော်လည်း အများစုမှာ အသက်ရှင်ခဲ့ပြီး
    ကမ်းခြေစောင့်တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကမူ ၁၂၇ ဦး အသက်ရှင်ခဲ့ကာ ၂၆ ဦးမှာ ပျောက်ဆုံးနေဆဲဖြစ်သည်ဟု ဆိုသည်။ ကျွန်းပေါင်း ၇၁၀၀ ရှိသည့် ဖိလစ်ပိုင်နိုင်ငံတွင် နှစ်စဉ် သင်္ဘောများတိမ်းမှောက်မှုကြောင့် ရာပေါင်းများစွာ သေဆုံးလေ့ရှိသည်။
    အီရတ်မြောက်ပိုင်းရှိ IS များအပေါ် စစ်တပ်အသာရနေ
    ……………………………..
    အီရတ်နိုင်ငံမြောက်ပိုင်း ဘိုင်ဂျီမြို့၏ ဧရိယာအများစုမှ IS တပ်များကို အီရတ်စစ်တပ်က ရှင်းလင်းဖယ်ရှားနိုင်ခဲ့ပြီး အနီးအနားရှိ ရေနံသန့်စင်စက်ရုံမှ IS တပ်ဖွဲ့များကိုလည်း မကြာမီ မောင်းထုတ်နိုင်တော့မည်ဟု ရှီအိုက် ပြည်သူ့စစ်တပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ယနေ့တွင် ပြောကြားခဲ့သည်။ ဘိုင်ဂျီမြို့အား အီရတ်စစ်တပ်မှ ထိန်းချုပ်နိုင်ခဲ့ပါက IS များ သိမ်းပိုက်ထားသော မူဆိုးလ်မြို့ကို ထိုးစစ်ဆင်ရန် အခွင့်သာမည်ဖြစ်သည်။
    BBC မှ အလုပ်အကိုင် ၁၀၀၀ လျှော့ချမည်
    …………………………………..
    လိုင်စင်ကြေးရရှိမှု ဘက်ဂျက်တွင် ပေါင် သန်း ၁၅၀ ခန့် ကွာဟနေသောကြောင့် ဌာနအတွင်း အလုပ်အကိုင် ၁၀၀၀ ခန့်ကို လျှော့ချမည်ဟု BBC မှ အထွေထွေဒါရိုက်တာ တိုနီဟောလ်က ယနေ့တွင် ပြောကြားလိုက်သည်။ ထိုသို့ လျှော့ချမှုမှ ပေါင် သန်း ၅၀ ခန့် ထွက်လာမည်ဖြစ်ပြီး နောက်ထပ် လျှော့ချမှုများကိုလည်း ပြုလုပ်သွားမည်ဟု ဟောလ်က ထည့်သွင်းပြောကြားခဲ့သည်။
    ထိုကဲ့သို့ ဘက်ဂျက်ကွာဟချက်မှာ တိုက်ရိုက်ထုတ်လွှင်သည့် ရုပ်သံလိုင်းကို မကြည့်ဟုပြောကာ လိုင်စင်ကြေးမပေးသည့် အိမ်များ တိုးလာခြင်းကြောင့်ဖြစ်သည်ဟု ဆိုသည်။
    ဗာတီကန်တွင် ပါလက်စတိုင်သံရုံးဖွင့်မည်
    ……………………………….
    လာမည့်နွေရာသီအကုန်တွင် ဗာတီကန်၌ ပါလက်စတိုင်းသံရုံးဖွင့်ရန် စီစဉ်နေသည်ဟု ပါလက်စတိုင်း နိုင်ငံခြားရေးဝန်ကြီး ရီယဒ်မာလီကီက ယနေ့တွင်ပြောကြားခဲ့သည်။ ဗာတီကန်မှာ ပါလက်စတိုင်းအား ပြီးခဲ့သည့်လက လွတ်လပ်သော အချုပ်အခြာအာဏာပိုင် နိုင်ငံအဖြစ် အသိအမှတ်ပြုခဲ့သည်။
    Ref: News Agencies
  • ဒုစရိုက် ဂိုဏ်းစတား ဘ၀မှသည် အစ္စလာမ့် ရပ်ဝန်းသို့
    ဒုစရိုက် ဂိုဏ်းစတား ဘ၀မှသည် အစ္စလာမ့် ရပ်ဝန်းသို့
    ဇူလိုင် ၂ ၊ ၂၀၁၅
    M-Media
    d2ba8530c8b1461bac1d72c44b86b992_18
    တောင်အာဖရိက၊ ကိပ်တောင်းမြို့ ဟာနိုဗာပန်းခြံရပ်ကွက် Hanover Park တွင် အစ္စလာမ့်စည်းဝိုင်းထဲ ၀င်ရောက်လာသူ ဒုစရိုက်ဂိုဏ်းသားဟောင်းတို့မှ လူငယ်များအား အကြမ်းဖက်စက်ကွင်း လွတ်မြောက်ရေး သင်ပြပေးနေကြသည်။
    အဗ်ဒူရာ့ဂ်မာန်း အဘီသည် သူ့အင်္ကျီလက်မောင်းသားများကို ဆွဲလှန်ပြီး သူ၏တက်တူးနေရာ တစ်လျှောက်မှ သေနတ်ဒဏ်ရာ အမာရွတ်များအား ပြသလိုက်၏။ ၎င်းမှာ ဆယ်စုနှစ်တစ်ခုစာမက ကိပ်တောင်းမြို့၌ Backstreets Kids – BSK လူမိုက်ဂိုဏ်သား ဘ၀အတွင်း ကျင်လည်စဉ် ရရှိခဲ့သော အမှတ်အသားများ ဖြစ်ကြသည်။
    “ဒီလက်မောင်းမှာ နှစ်ကြိမ်၊ ခြေထောက်မှာနှစ်ကြိမ် သေနတ်နဲ့ပစ်ခံခဲ့ရတယ်” ဟု အလ်ဂျဇီးရားသို့ ပြောပြသည်။ တဆက်တည်း “သေမင်းခံတွင်းက လက်မတင်လေး လွတ်မြောက်ခဲ့ဖူးတယ်” ဟု သူလည်မျိုအောက်က ဓားဒဏ်ရာကိုပြသရင်း ထိုဇာတ်လမ်းကို နောင်တရစွာဖြင့် ရယ်မောပြောပြလေသည်။
    အဘီနှင့် နောက်ထပ် Backstreets Kids ဂိုဏ်းသားတစ်ဦး လူသတ်တရားခံဖြစ်ဖူးသူ ကီယမ်ဖရေးတို့သည် ယခုအခါတွင် Hanover Park ၏အပစ်အခတ် ပပျောက်ရေး အစီအစဉ်အတွက် လူထု ကိုယ်စားလှယ်များအဖြစ် ရွေးချယ်ခံရသည်။ ထိုအစီအစဉ်တွင် ဒုစရိုက်ဂိုဏ်းသားဟောင်း ၁၀ ဦးကို အကြမ်းဖက်ကာကွယ်ရေးစံပြ ပုဂ္ဂိုလ်များအဖြစ် ခန့်အပ်ထားပြီး၊ ပဋိပက္ခများတွင် ထောက်လှမ်းကြားဝင်ပေးခြင်းဖြင့် လည်းကောင်း၊ လူတစ်ဦးချင်းပေါ်သက်ရောက်နိုင်သည့် အန္တရာယ်ကို ဖော်ထုတ်ဖြေရှင်းခြင်းဖြင့် လည်းကောင်း၊ လူထု၏စံလွဲမှုကို ပြောင်းလဲ တည့်မတ်ပေးခြင်းဖြင့် လည်းကောင်း လူ့အဖွဲ့အစည်း အတွင်း အကြမ်းဖက်မှု မပြန့်ပွားအောင် ဆောင်ရွက်နေကြသည်။
    အဘီနှင့် ဖရေးတို့သည် မွတ်စ်လင်မ်များဖြစ်ကြသည်။ မိမိတို့၏ ယုံကြည်ချက်က ဒုစရိုက်ဂိုဏ်းသားဘ၀မှ ကျောခိုင်းထွက်ခွာရန် သြဇာညောင်းကူညီပေးခဲ့ကြောင်း သူတို့က ဆိုသည်။
    “လူသတ်မှုနဲ့ ထောင်ဒဏ် ၉ နှစ်ကျပြီး လွတ်မြောက်လာတဲ့နောက် အရာရာအားလုံး ပြောင်းလဲသွားခဲ့ပါတယ်။ ကျွန်တော့်သူငယ်ချင်းတွေ ပစ်သတ်ခံရတယ်။ မိတ်ဆွေ အများအပြား ဆုံးရှုံးသွားခဲ့တယ်။ ကျွန်တော့်ဘ၀ကို ဘာသာတရားအခြေပြု ပြောင်းလဲလိုက်ဖို့ ကျွန်တော် ဆုံးဖြတ်ခဲ့ပါတယ်” ဟု ဖရေးက ပြောပြသည်။
    6683508f5cf545108b3f18cee1ecd0bf_18
    အဘီမှာမူ ထောင်နန်းစံခဲ့ဖူးသော်လည်း သူ၏ ဘ၀အလှည့်အပြောင်းမှာ မွတ်စ်လင်မ်ဖြစ်သော သူ့ဇနီးနှင့် တွေ့ဆုံအိမ်ထောင်ကျသည့် အခါမှ ဖြစ်လာသည်။ မွတ်စ်လင်မ်ဖြစ်ခြင်းက သူ့အား လူမိုက်ဂိုဏ်းသား လောကမှ အပြီးအပိုင်စွန့်ခွာကျောခိုင်းရန် ယုံကြည်ချက် စနစ်တစ်ရပ်ကို ပေးစွမ်းခဲ့သည်။
    ယခုအခါ သူတို့နှစ်ဦးစလုံး အစ္စလာမ့် လမ်းစဉ်ဖြင့် ဒုစရိုက်ဂိုဏ်း အကြမ်းဖက် ကာကွယ်မှု တားဆီး ကာကွယ်ရေးကို ဆောင်ရွက်လျက် ရှိပေသည်။ သူတို့မှာ လူထုကိုယ်စားများဖြစ်သည်နှင့်အညီ အကြမ်းဖက်မှုဆိုင်ရာကြားဝင်စေ့စပ်ရေး၌ ကျယ်ကျယ်ပြန့်ပြန့် လေ့ကျင့် ထိန်းကျောင်း ခံရပြီးဖြစ်သည်။ သို့သော် သူတို့နှစ်ဦးစလုံးသည် ထိုအရေးအတွက် ဟောပြောရာတွင် ကိုယ်ပိုင်နည်းလမ်းများကိုယ်စီ အသုံးပြုကြ၏။ ဒုစရိုက်ဂိုဏ်းသားဘ၀၏ ကိုယ်ပိုင်အတွေ့အကြုံများအပေါ် သင်ခန်းစာချပြခြင်း၊ သို့မဟုတ် ဂိုဏ်းစတားလမ်းစဉ်၌ပါဝင်ပတ်သက်နေသော လူငယ်များထံ မိမိတို့၏အယူဝါဒဖြန့်ချိခြင်း ကဲ့သို့ ဖြစ်ကြသည်။
    Hanover Park ရပ်ဝန်းအတွင်းနေထိုင်ကြသူများသည် မွတ်စ်လင်မ်နှင့် ခရစ်ယာန် ထက်ဝက်စီ ဖြစ်နေကြသည်။
    First Community Resource Centre တည်ထောင်သူ ခရစ်ယာန်ဘုန်းတော်ကြီး Craven Engel က “မွတ်စ်လင်မ်အသိုင်းအ၀ိုင်းဆီကို ကြားဝင်ဆက်သွယ်ဆောင်ရွက်ပေးမယ့်လူတစ်ဦးနဲ့ လက်တွဲဖို့ ကျွန်တော်တို့ အသိဝင်ရပါတယ်။ ဒါဟာ လူမိုက်ဂိုဏ်းထဲရောက်နှင့်နေပြီး အန္တရာယ်ပေးနိုင်ခြေရှိတဲ့ မွတ်စ်လင်မ်နဲ့ ဆက်ဆံရာမှာ ယုံကြည်စိတ်ချမှုကို ရရှိစေပါတယ်” ဟူ၍ ပြောကြားသည်။
    faecf5fa4fad4728b8db1efab4717330_18
    ခရစ်ယာန်များကိုမူ လမ်းညွှန်အတိုင်းသာ ပြောဆိုဆွေးနွေးကြောင်း အဘီက ပြောပြသည်။
    ကိပ်တောင်းမြို့လယ်မှ မိနစ် ၂၀ ကားမောင်းသွားလျှင် Hanover Park အရပ်သို့ရောက်သည်။ Cape Flats ဟုလူသိများသော ဆင်းရဲနွမ်းပါး၍ လျစ်လျူရှုခံ လူ့အဖွဲ့အစည်းများ၏ ရောယှက်နေထိုင်ရာဒေသဖြစ်သည်။ ထိုသို့သော လူ့အသိုင်းအ၀ိုင်းများ၏ နေ့စဉ်ဘ၀ထဲ၌ ဒုစရိုက်ဂိုဏ်းများနှင့် အကြမ်းဖက်မှုများက ပါဝင်နစ်မြုပ်လျက်ရှိကြသည်။
    အသက် ၁၂ မှ ၁၅ နှစ်ကြားရှိ ၉၃.၁ ရာခိုင်နှုန်းလူဦးရေထဲတွင် အမျိုးအစားတစ်ခုထက် ပိုလွန်သော အကြမ်းဖက်စရိုက် လက္ခဏာများ ပေါ်လွင်နေသည်ဟု Hanover Park မှ မြီးကောင်ပေါက်လူငယ်များထံ ကောက်ယူထားသည့် လတ်တလောစစ်တမ်းတစ်ရပ်က ဖော်ပြထားသည်။
    ထိုသို့သောလူ့အဖွဲ့အစည်းဝင် လူငယ်တို့သည် ငွေကြေးချို့တဲ့မှု၊ အလုပ်အကိုင်ရှားပါးမှု အနေအထားအရ အိမ်တွင်းရေးပြဿနာများကြောင့် ပလက်ဖောင်း မင်းသား ဘ၀သို့ဖြစ်စေ၊ အကာအကွယ်ရှိရေး သို့မဟုတ် လူလေးစားခံရရေးအတွက် လူမိုက်ဂိုဏ်းထဲ သို့ဖြစ်စေ ရောက်သွားလေ့ရှိသည်။
    ဤအခြေအနေ၏ရလဒ်များပေါ်မူတည်၍ ကိပ်တောင်းအာဏာပိုင်များက အနောက်ပိုင်းကိပ်တောင်းပြည်နယ်အတွင်း ဒုစရိုက်ဂိုဏ်းပေါင်း ၁၀၀ မှ ၁၂၀ အထိ၊ အဖွဲ့သားများမှာ ၈ သောင်းမှ တစ်သိန်းအထိ ရှိနေမည်ဟု ခန့်မှန်းထားကြသည်။
    အဆိုပါဒေသများအတွင်း နိုင်ငံတကာဘာသာရေးလှုပ်ရှားမှုများနှင့် ဂိုဏ်းအုပ်စုဖြစ်ပေါ်မှုများအကြားရှိ အစွန်းရောက်မှုကို အဘီက ချိတ်ဆက်ဖော်ပြခဲ့သည်။
    “လူတွေက ဘာကြောင့် အစွန်းရောက်ကုန်သလဲ ဆိုတာ ခင်ဗျားတို့ သိပါသလား။ ဖိနှိပ်ခံရခြင်းနဲ့ ဆင်းရဲနွမ်းပါးမှုကြောင့်ဖြစ်တယ်။ လူဆိုးဂိုဏ်းတွေနဲ့ပတ်သက်ရင်လည်း အလားတူနီးနီးပါပဲ။ အိမ်ထဲမှာ နေရာမရဘူး၊ အလုပ်အကိုင် မရှိဘူးဆိုရင် သူဟာ အစွန်းရောက်အောင် တွန်းပို့ခံရတော့တာပါပဲ”။
    ထိုအနေအထားမှစတင်၍ အသက် ၁၀ နှစ်မျှသာရှိသော လူငယ်တို့သည် ဂိုဏ်းသားသွတ်သွင်းခြင်း၏ပစ်မှတ်များ ဖြစ်ရသည်။ ငွေ၊ အ၀တ်အထည်၊ မူးယစ်ဆေး တို့ဖြင့် လူမိုက်ဂိုဏ်းထဲဝင်ရောက်စေရန် သွေးဆောင်ခံရတော့သည်။
    “ကျွန်တော် သူတို့ကို အပစ်အခတ်ပပျောက်ချုပ်ငြိမ်းရေးလမ်းညွှန်တွေပေးတယ်။ အဲ့ဒီနောက်မှာမှ ကျွန်တော့်ဘာသာတရားယုံကြည်ချက်ကို တင်ပြပါတယ်။ သူတို့ကို လူကို လူလိုနားလည်တတ်ကြလို့ပါပဲ” ဟု ဘာသာရေးသွန်သင်မှုနှင့်တွဲ၍ ဂိုဏ်းဝင်များနှင့် လက်တွဲလုပ်ဆောင်ပုံကို သူက ရှင်းပြသည်။
    ပစ်ခတ်သတ်ဖြတ်မှုကင်းပျောက်ရေးအစီအမံ၏ ဂိုဏ်းအုပ်စုပြဿနာများ ဖြေရှင်းမှုသည် ကျားမလူငယ်များအား ဂိုဏ်းဝင်များဘ၀မှ  နှုတ်ထွက်အောင်လည်း လမ်းကြောင်းပေးပါသည်။
    817dd15e27444360b13ba7f661a2ef28_18
    လက်ရှိတွင် ၆ ပတ်တာ ပြန်လည်ထူထောင်ရေးစခန်းထဲရောက်နေသော အသက် ၃၁ နှစ်အရွယ် မွတ်စ်လင်မ်ဖြစ်သူ သဆီးရ်ကယ်လီ Tathir Kelly က သူ့ဘ၀အား ပြန်ပြောင်းတွေးလျက် “ကျွန်တော်ဟာ တကယ့်ပြဿနာကောင် ဖြစ်ခဲ့တယ်” ဟု ၀န်ခံခဲ့သည်။
    လူသတ်ရန်ကြိုတင်ကြံစည်မှု ၁၄ မှုစွဲချက်ဖြင့် လေးနှစ်ထောင်ဒဏ်ကျခံခဲ့သည့် Terrible Westsiders ဂိုဏ်းသားဟောင်း ကယ်လီမှာ ယခုအခါ ထိုအမှုမျိုးကို အပြီးအပိုင် ကျောခိုင်းစွန့်လွှတ်လိုက်ပြီဖြစ်သည်။
    မိမိ၏ဗီဇဆိုးအပေါ် အစ္စလာမ်က အကောင်းမြင်ဝါဒဖြင့် သြဇာလွှမ်းမိုးသွားကြောင်း ကယ်လီက သူ၏အားလပ်ရက်များတွင် လိုက်လံရှင်းပြသည်။
    “အစ္စလာမ်က ကျွန်တော့် နှလုံးသားထဲ ရောက်ခဲ့ပါပြီ။ တကယ်လို့ ကျွန်တော့်မှာ သေနတ်တစ်လက်ရှိနေပြီး ရန်သူကို ဆုံတွေ့ရင်လည်း သူ့ကို လွှတ်လိုက်မှာပါ။ ဘာကြောင့်လဲဆိုတော့ သူ့ကို ပစ်လိုက်ရင် အကြီးစားမကောင်းမှုတစ်ရပ်ကို ကျူးလွန်မိမှာမို့လို့ဖြစ်ပါတယ်။ ဂိုဏ်းစတားတစ်ဦးဆိုတဲ့ အတွေးမျိုး ကျွန်တော် လုံးဝ မစဉ်းစားတော့သလို သေနတ်ကိုကောက်ကိုင်တာမျိုးလည်း လုံးဝ လုပ်တော့မှာ မဟုတ်ဘူးဗျ။ ကျွန်တော့်ရဲ့ ပြန်လည်ထူထောင်ရေးစခန်းသွင်းအစီအစဉ်ဟာ ရမဿွာန်လ ပထမရက်မှာ ပြီးဆုံးတော့မှာဖြစ်ပါတယ်။ ဥပုသ်ထွက်ပြီးရင်တော့ ကျွန်တော်ဟာ ပြောင်းလဲသွားပြီဖြစ်ပြီး အဲ့ဒီအပြောင်းအလဲအတိုင်း ဘ၀ရပ်တည်သွားတော့မှာပါ”။
    သို့တစေ ဂိုဏ်းစတား ဘ၀အား စွန့်လွှတ်ကျောခိုင်းခြင်းဟူသည် ထင်သလောက် မလွယ်ကူလှပါ။
    “ဂိုဏ်းတွေရဲ့အစဉ်အလာအရ ဘာသာရေးလို ခိုင်မာတဲ့ အကြောင်းပြချက်မရှိဘဲ နှုတ်ထွက်လို့မရပါဘူး။ ဒါကြောင့် ကျွန်တော့် သာသနာက ကျွန်တော့် အတွက် အုတ်မြစ်ကြီး ဖြစ်ပါတယ်။ ဒါဟာ ကျွန်တော် ဂိုဏ်းက ခွာထွက်နိုင်တဲ့အကြောင်း ဖြစ်ပါတယ်” ဟု ကယ်လီက ပြောပါသည်။
    အလုပ်အကိုင်အခွင့်အလမ်းရှားပါးလွန်းသည့် လူမှုအသိုင်းအ၀ိုင်းတွင် သာသနာရေးသည် မရှိသလောက်နည်းပါးလှသည့် လူမှုအရင်းအမြစ်များ အနက် အပါအ၀င် တစ်ခုလည်း ဖြစ်သည်။ ဤအကြောင်းရပ်နှင့်စပ်လျဉ်း၍ အစ္စလာမ်က ဂိုဏ်းသားဘ၀ပြင်ပတွင် ယုံကြည်ချက်စနစ်တစ်ရပ်ကိုသာမက အသိုင်းအ၀ိုင်းနှင့်ကိုယ်ပိုင်လက္ခဏာကိုလည်း ပေးစွမ်းလျက်ရှိသည်။
    ဘာသာရေး၏အရေးပါမှု အထူးသဖြင့် အစ္စလာမ်သာသနာသည် အကြမ်းဖက်မှုကို ထိထိရောက်ရောက်ဟန့်တားနိုင်ကြောင်း အပစ်အခတ်ကင်းစင်ရေးဆိုင်ရာစာရင်းညွှန်းကိန်းများက ထပ်မံ သုံးသပ်ထားသည်။
    “သောကြာနေ့ဟာ မွတ်စ်လင်မ်တွေအတွက် ဘာသာရေးနေ့ထူးနေ့မြတ်ဖြစ်ပါတယ်။ ဒါပေမယ့် ကြာသပတေးနေ့ဟာ ဘာသာရေးနေ့(သောကြာ)အတွက် စတင်ပြင်ဆင်မှုအဖြစ် လက်ခံထားကြတယ်။ လက်တွေ့အားဖြင့် ဒီနှစ်ရက်မှာ ဘာမှပစ်ခတ်မှုမရှိကြောင်း တွေ့နေရပါတယ်” ဟု ဘုန်းတော်ကြီး Engel က ဆိုပါသည်။
    ယုံကြည်ချက်စွမ်းအားဝတ်ရုံ၊ ပစ်ခတ်မှုကင်းစင်ရေးသင်တန်း၊ ကိုယ်ပိုင်ဆုံးဖြတ်ချက်တို့ဖြင့် အဘီနှင့် ဖရေးတို့မှ Hanover Park ဂိုဏ်း(အုပ်စုဖွဲ့)အကြမ်းဖက်ခြင်းများ လျော့ကျအောင် ဆောင်ရွက်နေကြသည်။ ကယ်လီလိုမျိုး မိမိတို့၏လူနေမှုဘ၀ အလှည့်အပြောင်းဖြစ်လာအောင် လူငယ်များကို ယင်းသို့ကူညီခြင်းအားဖြင့် ၎င်းတို့၏လူမှုအသိုင်းအ၀န်းတွင် အပြောင်းအလဲဖြစ်လာမည်ဟု သူတို့မျှော်လင့်ထားကြသည်။
    “ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ဟာ မိမိကိုယ်ကို လူအဖြစ် ပြန်လည်မြင်တွေ့ခဲ့ရတာကြောင့်ပါပဲ” ဟု အဘီက ဆိုသလို၊ ဖရေးကလည်း မွတ်စ်လင်မ်တို့၏ယုံကြည်ချက်သည် ယင်းသို့အသွင်ကူးပြောင်းမှု၌ အခြေခံကျသည့်အခန်းကဏ္ဍတစ်ရပ်ထဲ ရှိနေကြောင်း အောက်ပါအတိုင်း ပြောပါသည်။
    “အစ္စလာမ်(စနစ်)ဟာ လူ့အဖွဲ့အစည်း(အားလုံး)အတွက် အကောင်းဆုံးစံနမူနာဖြစ်ပါတယ်။ ဒီ(လမ်းစဉ်)ကို နည်းမှန်လမ်းမှန်ကျင့်သုံးမယ်၊ ယုံကြည်မယ်ဆိုရင် အရာရာကို ပြောင်းလဲပစ်နိုင်ပါတယ်။ တစ်ခုတော့ရှိပါတယ်။ သန့်စင်တဲ့ နှလုံးသား၊ အတွေးအမြင်နဲ့ဆိုရင် အပြောင်းအလဲလုပ်နိုင်တယ်ဆိုတဲ့အပေါ် ယုံကြည်ထားရပါလိမ့်မယ်”။
    xxxxxxxxxxxxxxxxxxxxxxxx
    မူရင်း – Dariusz Dziewanski ၏ South Africa: Escaping gangland through Islam ဆောင်းပါး (Al Jazeera)
    ဘာသာပြန် – သြရသ ရေချမ်း
  • စင်ကာပူတွင် တရုတ်-မွတ်စလင် တဦး အလုပ်လျောက်ရာ၌  ခွဲခြားဆက်ဆံ ခံရမှု စုံစမ်းစစ်ဆေးနေ
    စင်ကာပူတွင် တရုတ်-မွတ်စလင် တဦး အလုပ်လျောက်ရာ၌ ခွဲခြားဆက်ဆံ ခံရမှု စုံစမ်းစစ်ဆေးနေ
    ဇူလိုင် ၂ ၊ ၂၀၁၅
    M-Media
    e1083964775a96bf0158e3a5bbb1cc0be7fd7652
    စင်္ကာပူ တရုတ် မွတ်စ်လင်မ်တစ်ဦး၏ အလုပ်အကိုင် လျှောက်ထားချက် အပေါ် ခွဲခြား ချိုးနှိမ်မှုပြဿနာ ဖြစ်ပေါ်လာသဖြင့် TAFEP မှ လေ့လာစုံစမ်းလျက်ရှိသည်။
    ဟိုင်ဒီဟိန်း၏ အလုပ်လျှောက်ထားချက်၌ လူမျိုးရေးခွဲခြား ချိုးနှိမ်မှုကို မိမိတို့မှ သတိပြုမိကြောင်း၊ ယင်းနှင့်ပတ်သက်သည့် သတင်းအချက်အလက်များ ထပ်မံရရှိရန် လုပ်ဆောင်နေပြီဖြစ်ကြောင်း The Tripartite Alliance for Fair and Progressive Employment Practices (TAFEP) က ပြီးခဲ့သော ဗုဒ္ဒဟူးနေ့တွင် Yahoo Singapore သို့ အကြောင်းကြားခဲ့သည်။
    တရားမျှတစွာ အလုပ်အကိုင်ခန့်အပ်ရေးနှင့် ပတ်သက်၍ “လုပ်သားများသည် လုပ်ငန်းခွင်၌ ဘာသာရေးနှင့် ဆက်နွယ်သည့် အလုပ်အကိုင်များမှအပ အလုပ်အကိုင် ခန့်အပ်ရေး အတွက် ဘာသာရေးအား စံသတ်မှတ်ချက်အဖြစ် ကျင့်သုံးခြင်းမှာ လက်သင့် မခံနိုင်စရာဖြစ်သည်ဟု TAFEP က ဆိုသည်။
    စင်္ကာပူနိုင်ငံသား တရုတ်-မွတ်စ်လင်မ်တစ်ဦးဖြစ်သူ ဟိန်း သည် ရုံးဝန်ထမ်းနေရာအတွက် အလုပ်လျှောက်ခဲ့ရာမှ သူမ၏ ဟလာလ် စားသောက်မှု ပုံဟန်အား မေးခွန်းထုတ်ခံရသော အခါ အံ့သြတုန်လှုပ်သွားခဲ့သည်။
    fa9816b0-1fae-11e5-bec0-c10207089c82_Screen-Shot-2015-07-01-at-1-06-16-PM
    ဟိန်း၏ အလုပ်လျှောက်လွှာပို့ပေးရန် အီးမေးလ် လိပ်စာအား တောင်းဆိုရာတွင် Whatsapp ပေါ် ထိုကဲ့သို့ ပြောဆိုမှုများ ဖြစ်ပေါ်လာခဲ့ခြင်းဖြစ်သည်။
    “အလုပ်က အလုပ်၊ အစားအသောက်က အစားအသောက်ပါ (ဘာမှမသက်ဆိုင်ပါဘူး)။ ဟလာလ် အစားအစာကို ကျွန်မ စားနိုင်ရမှာဖြစ်သလို သူတို့က သူတို့ရဲ့ ဟလာလ် မဟုတ်တဲ့ အစားအစာကို စားနိုင်တာပါပဲ။ သာမန် ရုံးအလုပ်တစ်ခု လိုချင်သူအပေါ် လူမျိုးရေး ခွဲခြားမှု မှတ်ချက်နဲ့ အဆုံးသတ်တာ ခံရပါတယ်” ဟု သူမက ပြောပြသည်။
    ဖေ့စ်ဘွတ်ပေါ်မှတ်ချက်ပေးသူအများစုမှာ ကုမ္ပဏီကို ဝေဖန်ပြစ်တင်လျက် သူမကို စာနာအားပေးခဲ့ကြသည်။
    “မိမိ နှစ်သက်ရွေးချယ်တဲ့အစားအစာက ရုံးဝန်ထမ်းအလုပ်ရဲ့လုပ်ကိုင်စွမ်းရည်ကို ဘယ်အကြောင်းကြောင့် အကန့်အသတ် ဖြစ်သွားစေမှာလဲ၊ ဒီလိုဖြစ်စရာလို့ ကျွန်တော် မမြင်ပါဘူး” ဟု ၎င်းအပေါ်တုန့်ပြန်သူ M Fauzi မှ ဆိုပါသည်။
    Ref : sg.news.yahoo.com
  • တိုရွန်တိုရှိ ဂျူးဘုရားကျောင်းတွင် မွတ်စလင်များအတွက် စုပေါင်းဝါဖြေပွဲ ပြုလုပ်
    တိုရွန်တိုရှိ ဂျူးဘုရားကျောင်းတွင် မွတ်စလင်များအတွက် စုပေါင်းဝါဖြေပွဲ ပြုလုပ်
    ဇူလိုင် ၂၊ ၂၀၁၅
    M-Media
    aaa
    – ဥပုသ်သီလဆောက်တည်သည့် ဓလေ့နှင့်ပတ်သက်၍ အပြန်အလှန် သင်ယူလေ့လာနိုင်ရန်အတွက် ကနေဒါရှိ သြဇာလွှမ်းမိုးမှုအရှိဆုံး ဂျူးဘုရားကျောင်းများမှ တစ်ခုဖြစ်သော Holy Blossom က မွတ်စလင်များအတွက် အစ်ဖ်သာရ် စုပေါင်းဝါဖြေပွဲတစ်ခုကို စီစဉ်ပေးခဲ့သည်ဟု သိရသည်။
    “ဘာသာတရားတွေ အချင်းအချင်းမှာ စစ်မှန်တဲ့ တွေ့ဆုံဆွေးနွေးမှုဟာ လူတွေ အတူတကွ ပညာသင်ကြတဲ့အခါ၊ အတူတကွ စားကြသောက်တဲ့အခါ ဖြစ်လာတာလို့ ကျွန်တော် ယုံကြည်ပါတယ်” ဟု အဆိုပါ ဂျူးဘုရားကျောင်းမှ ဘုန်းတော်ကြီး မိုက်ကယ် ဆတ်ဇ်က ပြောကြားခဲ့သည်။
    ဇွန်လ ၂၃ ရက်နေ့က ပြုလုပ်ခဲ့သော အဆိုပါ ၀ါဖြေညစာစားပွဲကို ဘာသာပေါင်းစုံနှင့် ယဉ်ကျေးမှုအချင်းချင်း ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ပေးရန် ရည်ရွယ်သည့် အကျိုးအမြတ်မယူသော Intercultural Dialogue Institute အဖွဲ့က ပူးပေါင်းစပွန်ဆာပေးခြင်း
    ဖြစ်သည်။
    “ဒီအစ်ဖ်သာရ်ဝါဖြေပွဲဟာ ပိုမိုနားလည်မှုရှိဖို့၊ နာမ်ပိုင်းဆိုင်ရာ အသိပေးဖို့၊ ပြီးတော့ ဆက်ဆံရေးတွေ တည်ဆောက်ဖို့အတွက် ဒီညမှာ ကျွန်တော်တို့အားလုံးကို အတူတကွ စုစည်းစေခဲ့ပါတယ်” ဟု ကော်ဒိုဘာ ပြည်သူ့ရေးရာ စီမံခန့်ခွဲမှုစင်တာ၏ ဒါရိုက်တာဖြစ်သူ မူနီဘ် နစီးရ်က အဆိုပါဝါဖြေပွဲတွင် ပြောကြားခဲ့သည်။
    ၁၈၅၆ ခုနှစ်က တည်ထောင်ခဲ့သည့် အဆိုပါ Holy Blossom ဂျူးဘုရားကျောင်းမှာ ကနေဒါရှိ အကြီးဆုံး ပြုပြင်ပြောင်းလဲရေး ဘုရားကျောင်းဖြစ်ပြီး အဖွဲ့ဝင် ၇၀၀၀ ခန့်ရှိကာ တိုရွန်တိုတွင် သက်တမ်းအရင့်ဆုံး ဂျူးဘာသာရေး အဖွဲ့အစည်းလည်းဖြစ်သည်။
    ယခုသီတင်းပတ် အစောပိုင်းက ဂျူးဘုန်းတော်ကြီးဖြစ်သူ ဒေါင် မာရ်မူရ်က “မတူညီတဲ့အယူဝါတွေက လူတွေနဲ့အတူ စားသောက်ခြင်းစိတ်ဓာတ်က သာမန် ဘာသာပေါင်းစုံပွဲတွေမှာ စုစည်းတာထက်ကို ပိုပြီး တာသွားပါတယ်။ ကျွန်တော်တို့ ဘာတွေစားတာ၊ ဘယ်လိုစားတာတွေက ကျွန်တော်တို့ရဲ့ ယဉ်ကျေးမှုနဲ့ ဘာသာတရားကို ရောင်ပြန်ဟပ်တာကြောင့် ဒီလိုနည်းလမ်းနဲ့ ကျွန်တော်တို့ကို ဖော်ပြတာဟာ ပိုပြီး အဆင်ချောမယ်လို့ Intercultural Dialogue Institute က ထင်ပုံရပါတယ်။ မွတ်စလင်မိတ်ဆွေတွေနဲ့ အစ်ဖ်သာရ်ဝါဖြေပွဲ ကျင်းပဖို့ သူတို့ရဲ့ ဖိတ်ကြားမှုဟာ ကနဦးခြေလှမ်းပဲလို့ ကျွန်တော် မျှော်လင့်ပါတယ်” ဟု Toronto Star သတင်းစာတွင် ရေးသားခဲ့သည်။
    စည်းလုံးညီညွတ်ခြင်း
    bbb
    “အစ္စလာမ်ရဲ့ ဥပုသ်သီလဆောက်တည်မှု အဓိကရည်ရွယ်ချက်ကတော့ တစ်ဦးတစ်ယောက်ရဲ့ဘ၀မှာ နာမ်ပိုင်းဆိုင်ရာ အသိတရား ပိုမိုရရှိရေး ဘုရားသခင်ကို ဦးစားပေးရင်းနဲ့ ဘုရားသခင်ရဲ့ အသိအမှတ်ပြုမှုကို ပိုပြီး ရရှိစေဖို့ပါပဲ။ ကျွန်တော်တို့ရဲ့ သုံးစွဲမှု အမူအကျင့်တွေ၊ နေ့စဉ်ဘ၀ စည်းချက်ကျကျ လှုပ်ရှားမှုတွေကို ရပ်တန့်ခြင်းအားဖြင့် ဘ၀ရဲ့အဓိပ္ပါယ်နဲ့ အရေးပါမှုတွေဆီ
    ပြန်လှည့်ဖို့ ကျွန်တော်တို့ရဲ့ သာမန်ဘ၀တွေကို တစ်လတာ အနားပေးလိုက်ကြပါတယ်” ဟု မူနီဘ်နစီးရ်က ပြောကြားခဲ့သည်။
    Intercultural Dialogue Institute အဖွဲ့မှာ နှစ်စဉ် ရမ်ဇာန်ဥပုသ်လ၌ ဘာသာပေါင်းစုံ စုပေါင်းဝါဖြေပွဲကို ပြုလုပ်လေ့ရှိပြီး ယခုနှစ်တွင်လည်း စုပေါင်ဝါဖြေပွဲ ၁၁ ခု ပြုလုပ်သွားရန် စီစဉ်ထားသည်။
    “အစ်ဖ်သာရ် ညစာစားပွဲတွေဟာ မတူညီတဲ့ အယူဝါဒနဲ့ လူမျိုးစု၊ ယဉ်ကျေးမှုနောက်ခံမျိုးစုံက လူတွေကို အတူတကွ ပေါင်းစည်းစေပါတယ်။ ပြီးတော့ ဆွေးနွေးညှိနှိုင်းမှုတွေကိုအားပေးတာနဲ့ အပြန်အလှန် အသိအပေးရေး နည်းလမ်းလည်း ဖြစ်ပါတယ်” ဟု အဆိုပါ အင်စတီကျုမှာ ဒုတိယ ဥက္ကဌဖြစ်သူ ဖာတီဟ် ယီဂူလ်က ပြောကြားခဲ့သည်။
    Ref: Onislam
  • ဆိုင်းနိုင်းကျွန်းဆွယ်တွင် အီဂျစ်စစ်တပ်နှင့် လက်နက်ကိုင်များ တိုက်ပွဲဖြစ်
    ဆိုင်းနိုင်းကျွန်းဆွယ်တွင် အီဂျစ်စစ်တပ်နှင့် လက်နက်ကိုင်များ တိုက်ပွဲဖြစ်
    ဇူလိုင် ၂၊ ၂၀၁၅
    M-Media
    egypt
    – ဆိုင်းနိုင်းကျွန်းဆွယ်မြောက်ပိုင်းတွင် ယမန်နေ့က ဖြစ်ပွားခဲ့သော တိုက်ခိုက်မှုများအတွင်း လက်နက်ကိုင် ၁၀၀ ကျော်နှင့် စစ်သား ၁၇ ဦး သေဆုံးခဲ့သည်ဟု အီဂျစ်စစ်တပ်က ပြောကြားလိုက်ပြီး ထိုက်တိုက်ခိုက်မှုမှာ နှစ်များစွာအတွင်း အဆိုးဝါးဆုံး တိုက်ခိုက်မှုလည်းဖြစ်သည်။
    လုံခြုံရေးတပ်ဖွဲ့များရှိရာ နေရာ ၁၅ ခုကို တိုက်ခိုက်ရေးသမားများက တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး IS အား သစ္စာခံသည့်အဖွဲ့က ထိုတိုက်ခိုက်မှုများကို ၎င်းတို့ လုပ်ခဲ့သည်ဟု တာဝန်ယူခဲ့သည်။
    အချို့သော လုံခြုံရေးဆိုင်ရာ ရင်းမြစ်များကမူ စစ်သားနှင့် ရဲတပ်ဖွဲ့ဝင်များ သေဆုံးမှုမှာ တရားဝင်ထုတ်ပြန်မှုထက် ပိုများမည်ဟု ဆိုသည်။
    အီဂျစ်စစ်တပ်နှင့် တိုက်ခိုက်ရေးသမားများကြား တစ်ရက်တာ ကြာမြင့်ခဲ့သော အဆိုပါ တိုက်ခိုက်မှုများတွင် F16 တိုက်လေယာဉ်များ အပါချီရဟတ်ယာဉ်များကို စစ်တပ်က အသုံးပြုခဲ့ပြီး ကျွန်းဆွယ်အတွင်း အကြမ်းဖက်အဖွဲ့များ စုစည်းမှုအားလုံး ရှင်းလင်းသွားသည်အထိ စစ်ဆင်ရေးများ ဆက်လက်ပြုလုပ်သွားမည်ဟုလည်း ပြောကြားခဲ့သည်။
    စစ်ဘက်ဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူ မိုဟာမက် ဆာနီးရ်က နိုင်ငံပိုင်ရုပ်သံသို့ ပြောကြားရာတွင် ဗုဒ္ဓဟူးနေ့ ညပိုင်းက ဆိုင်းနိုင်းကျွန်းဆွယ် မြောက်ပိုင်းကို ၁၀၀ ရာခိုင်နှုန်း ထိန်းချုပ်နိုင်ခဲ့ပြီဟု ဆိုသည်။
    သမ္မတမော်စီကို စစ်တပ်အကြီးအကဲ အဘ်ဒဲလ် ဖာတာ အလ်စီစီက ဖြုတ်ချခဲ့သည့် ၂၀၁၃ ခုနှစ်နောက်ပိုင်း ဆိုင်းနိုင်းကျွန်းဆွယ်ရှိ လက်နက်ကိုင်များမှာ တိုက်ခိုက်မှုများကို တိုးမြှင့်လုပ်ဆောင်ခဲ့သည်။
    Ref: Aljazeera