News @ M-Media

Blog

  • အီရတ်စစ်တပ် ထိပ်တန်းအရာရှိတစ်ဦးကို ၀န်ကြီးချုပ် ဖယ်ရှား

    အီရတ်စစ်တပ် ထိပ်တန်းအရာရှိတစ်ဦးကို ၀န်ကြီးချုပ် ဖယ်ရှား

    ဇွန် ၃၀၊ ၂၀၁၅
    M-Media

    – အီရတ်စစ်တပ်၏ စစ်ဦးစီးအရာရှိချုပ်ကို ၀န်ကြီးချုပ် ဟိုင်ဒါ အလ်-အဘာဒီက အနားပေးခဲ့သည်ဟု ၀န်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူက ယမန်နေ့တွင် ပြောကြားခဲ့ပြီး ပြီးခဲ့သည့်နှစ်က တိုင်းပြည်၏ အစိတ်ပိုင်းအများအပြားကို IS က သိမ်းယူပြီးနောက်ပိုင်း ၀န်ကြီးချုပ်က စစ်တပ်မှ တာဝန်ရှိသူများကို ဖယ်ရှားမှုအတွင်း ရာထူးအမြင့်ဆုံးလည်းဖြစ်သည်။

    ဖယ်ရှားခံရသူမှာ ဗိုလ်ချုပ် ဘာဘေကာ ဇီဘာရီဖြစ်ပြီး အာဘာဒီ၏ အမိန့်ဖြင့် ဖယ်ရှားခံလိုက်ရခြင်းဖြစ်သည်ဟု ပြောရေးဆိုခွင့်ရှိသူ ဆအာဒ် အလ်-ဟာဒီသီက AFP သတင်းဌာနသို့ ပြောကြားခဲ့ကာ အသေးစိတ်အချက်အလက်များကို ထည့်သွင်းဖော်ပြခဲ့ခြင်း မရှိချေ။

    ပြီးခဲ့သည့် ဇွန်လမှစကာ IS အဖွဲ့က ထိုးစစ်ဆင်ရာတွင် တုံ့ပြန်မှုဆိုးရွားခဲ့သည့် စစ်တပ်အား ပြန်လည်တည်ဆောက်ရေးနှင့် တိုးတက်စေရေးတို့အတွက် အာဘာဒီမှာ စစ်တပ်နှင့် ရဲတပ်ဖွဲ့မှ တာဝန်ရှိသူ အများအပြားကို ထုတ်ပယ်ခဲ့သည်။

    သို့သော်လည်း ဇီဘာရီမှာ ထိုအကြောင်းကြောင့် သို့မဟုတ် အခြားသော အကြောင်းအရင်းများကြောင့် ထုတ်ပယ်ခံရခြင်းလားဆိုသည်ကို ရှင်းရှင်းလင်းလင်း မသိရှိရသေးပေ။

    IS ၏ ထိုးစစ်ဆင်မှုတွင် အီရတ်စစ်တပ်မှ တပ်မဟာအများအပြားမှာ လက်နက်များ၊ ယာဉ်များနှင့် ယူနီဖောင်းများ အားလုံးကို စွန့်ကာ ထွက်ပြေးခဲ့ကြသည်။ အီရတ်စစ်တပ်မှာ လေ့ကျင့်မှု ညံ့ဖျင်းခြင်းနှင့် ခေါင်းဆောင်မှုကင်းမဲ့ခြင်း စသည့် အားနည်းချက်များကို ခံစားနေရသည်။

    ဇီဘာရီက အမေရိကန်စစ်တပ်များ နိုင်ငံအတွင်း ဆက်ရှိနေခြင်းမှာ ပို၍ကောင်းပြီး အီရတ်စစ်တပ် အပြည့်အ၀ အဆင်သင့်ဖြစ်ရန် နှစ်များစွာ အချိန်ယူရမည်ဟု ထုတ်ပယ်မခံရမီက ပြောကြားခဲ့ဖူးသည်။

    အမေရိကန်စစ်တပ်များ ထွက်ခွာသွားသည်မှာ ၃ နှစ်ခွဲ ကြာမြင့်ပြီဖြစ်သော်လည်း အီရတ်စစ်တပ်အား လေ့ကျင့်ပေးရန်၊ အကြံဥာဏ်ပေးရန်၊ အီရတ်နှင့် ဆီးရီးယားတို့တွင် IS တပ်ဖွဲ့များအား လေကြောင်းမှ တိုက်ခိုက်ရန်အတွက် အမေရိကန်စစ်သား ထောင်နှင့်ချီ၍ အီရတ်သို့ ပြန်လည်ရောက်ရှိလာကြသည်။

    Ref: Alarabiya

  • ကိုပါအမေရိက ဖိုင်နယ်ရောက်သည်မှာ အိပ်မက် အမှန်တစ်ကယ်ဖြစ်လာခြင်းဟု ချီလီနည်းပြပြော

    ကိုပါအမေရိက ဖိုင်နယ်ရောက်သည်မှာ အိပ်မက် အမှန်တစ်ကယ်ဖြစ်လာခြင်းဟု ချီလီနည်းပြပြော

    ဇွန် ၃၀၊ ၂၀၁၅
    M-Media

    chile

    – မိမိတို့အသင်းမှာ ကိုပါအမေရိကဖလားတွင် အခက်အခဲဆုံးအသင်းအား ကျော်ဖြတ်နိုင်ခဲ့သည်ဟု ချီလီနည်းပြ ဂျော့ဂ်ျ ဆမ်ပါအိုလီက ဆိုပြီး ဖိုင်နယ်ရောက်သည်မှာ အိပ်မက် အကောင်အထည်ပေါ်လာခြင်းဟု ပြောကြားလိုက်သည်။

    ယနေ့မနက်က ဆီမီးဖိုနယ်ပွဲအဖြစ် ကစားခဲ့သည့် အိမ်ရှင်ချီလီနှင့် ပီရူးတို့ပွဲတွင် ချီလီက ၂ ဂိုး ၁ ဂိုးဖြင့်အနိုင်ရခဲ့ပြီး နောက်ဆုံးဗိုလ်လုပွဲကို တက်ရောက်သွားပြီဖြစ်သည်။ သိုသော်လည်း ချီလီမှာ လွယ်လွယ်ကူကူ အနိုင်ရခဲ့ခြင်းမဟုတ်ဘဲ ပီရူးအသင်းမှ ကားလို့စ် ဇမ်ဘရာနို မိနစ် ၂၀ တွင် အထုတ်မခံရမီ အချိန်အထိ ဖိအားနှင့် ရင်ဆိုင်ခဲ့ရသည်။

    နောက်ပိုင်းမှသာ ဗားဂက်စ်၏ ဂိုး ၂ ဂိုးဖြင့် အနိုင်ရခဲ့ခြင်းဖြစ်သည်။ ဆမ်ပါအိုလီကမူ ဖိုင်နယ်သို့ရောက်ရှိခဲ့သည်မှာ မိမိတို့လိုချင်သည့် အိပ်မက်ဖြစ်သည်ဟု ပွဲအပြီး သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

    “လာရော်ဂျာ (ချီလီအသင်း၏ နာမည်ပြောင်) နဲ့အတူ ဖိုင်နယ်ရောက်သွားတာဟာ ကျွန်တော်တို့ ဖြစ်လာချင်တဲ့ အိပ်မက်ပါပဲ။ ပီရူးမှာ တန်ဖိုးမဖြတ်နိုင်တဲ့ ကစားသမားတွေရှိပြီး ကျွန်တော်တို့ကိုလည်း ပညာပေးခဲ့ပါတယ်။ သူတို့ကစားပုံ ကောင်းခဲ့ပါတယ်။ ၂၀၁၅ ကိုပါအမေရိက ကျွန်တော်တို့ကစားခဲ့တဲ့ ပွဲတွေထဲမှာ ဒီပွဲဟာ အရှုပ်ထွေးဆုံး ပွဲပါ။ အောင်မြင်မှုအတွက် ကျွန်တော်တို့ တော်တော်လေး
    ပျော်ရွှင်မိပါတယ်” ဟု ဆမ်ပါအိုလီက ပြောကြားခဲ့သည်။

    ထိုပွဲတွင် ၂ ဂိုးသွင်းခဲ့သည့် ဗားဂက်စ်မှာ ပြိုင်ပွဲတစ်လျှောက် ၄ ဂိုးရှိပြီဖြစ်ပြီး ရွှေဖိနပ်ရရန် အလားအလာကောင်းနေကာ ဆမ်ပါအိုလီကလည်း ချီးကျူးခဲ့သည်။

    “ဗားဂက်စ်ဟာ အမြဲတမ်း ကျွန်တော်တို့အတွက် ဆောင်ရွက်ပေးတယ်လို့ သိရမြင်ရတာ ၀မ်းမြောက်စရာပါပဲ။ ကျွန်တော်တို့ သူ့အပေါ်မှာ စွဲလမ်းနှစ်သက်မှု ကြီးကြီးမားမားရှိပြီး ကျွန်တော်တို့အသင်းအတွက် သူ အားလုံးကို ပေးဆပ်တယ်ဆိုတာကိုလည်း ခင်ဗျားတို့ တွေ့ရမှာပါ”

    Ref: Goal

  • မွတ်စလင်များ၏ ရမ်ဇာန်ပရဟိတကို အားကျသဖြင့် ဝေးလ်ရှိ ကျောင်းဆရာများ ဥပုသ်သီလ ဆောက်တည်မည်

    မွတ်စလင်များ၏ ရမ်ဇာန်ပရဟိတကို အားကျသဖြင့် ဝေးလ်ရှိ ကျောင်းဆရာများ ဥပုသ်သီလ ဆောက်တည်မည်

    ဇွန် ၃၀၊ ၂၀၁၅
    M-Media

    uk

    – ရမ်ဇာန်လ ရက်ပေါင်း ၃၀ အတွင်း အိမ်ယာမဲ့များကို အစားအသောက်များ လှူဒါန်းကျွေးမွေးမည့် မွတ်စလင်များ၏အစီအစဉ်ကို စိတ်ဝင်စားသောကြောင့် ကာဒစ်ဖ်မြို့မှ မွတ်စလင်မဟုတ်သူ ကျောင်းဆရာများမှာ အစ္စလာမ်နှင့်ပတ်သက်၍ အသိပေးမှုကို မြှင့်တင်ရန်နှင့် မြို့အတွင်း မွတ်စလင်တို့၏ အားထုတ်ကြိုးပမ်းမှုကို အားပေးရန်အတွက် တစ်ရက်တာ ဥပုသ်သီလ
    ဆောက်တည်သွားမည်ဟု ကြေညာခဲ့သည်။

    “ကျွန်တော်တို့ရဲ့ မွတ်စလင်ကျောင်းသားတွေနဲ့ ဆက်သွယ်တဲ့ နည်းလမ်းတစ်ခုအဖြစ်၊ ပြီးတော့အစားအသောက်ဘဏ်အတွက် ရန်ပုံငွေမြှင့်တင်ပေးဖို့ ဒါကို ကျွန်တော်တို့ လုပ်သွားမှာပါ။ ကျွန်တော်တို့ရဲ့ နိုင်ငံတကာကျောင်းသားအများစုဟာ မွတ်စလင်တွေပါ ဥပုသ်သီလဆောက်တည်မှုမှာ ပါဝင်ခြင်းအားဖြင့် သူတို့၊ ဒေသအတွင်း လူ့အဖွဲ့အစည်းနဲ့အတူ စည်းလုံးညီညွတ်မှုကို ပြသဖို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်” ဟု ပါ့က်ပလေ့စ်ရှိ ဆဲလ်တစ် အင်္ဂလိပ်အကယ်ဒမီမှ ဆရာတစ်ဦးဖြစ်သူ အန်ဒရူးဘော့ဒ်ဂင်က Wales Online သို့ ပြောကြားခဲ့သည်။

    ထို့ပြင် မိမိတို့၏ ကျောင်းသားအများစုမှာ အရှေ့အလယ်ပိုင်းမှ ဖြစ်ကြပြီး ရမ်ဇာန်လတွင် ဥပုသ်သီလဆောက်တည်လျက် စာသင်နိုင်ရန် ၎င်းတို့၏အားထုတ်မှုများကို တွေ့ရခြင်းကြောင့် မိမိတို့ကလည်း စာနာနားလည်မှုကို ပြချင်ကြောင်း၊ တစ်ခါတစ်ရံ မွတ်စလင်များ အကြောင်းမဲ့ သွားပုပ်လေလွင့် အပြောခံရသည့်အခါ ဖေးမသည့် လူ့အဖွဲ့အစည်းရှိသည်ကို ပြသချင်ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

    အိမ်ယာမဲ့များအပါအ၀င် လူပေါင်း ၄၀၀ ကို ကာဒစ်ဖ် မြို့တွင်းရှိ ဒါရွလ်အစ္စရာ ဗလီဝတ်ကျောင်းတော်က ရမ်ဇာန်ဥပုသ်လတစ်လလုံး ညစဉ် လှူဒါန်းကျွေးမွေးမည့် အစီအစဉ်ကို ကြားခဲ့ရပြီးနောက် ကာဒစ်ဖ်ရှိ အခြားသော ကျောင်းဆရာများကဲ့သို့ပင် ဘော့ဒ်ဂင်မှာ တစ်ရက်တာ ဥပုသ်သီလဆောက်တည်ရန် အားကျလာခြင်းဖြစ်သည်။

    မွတ်စလင်များနှင့် ဥပုသ်သီလဆောက်တည်ခြင်းနှင့်အတူ ကျောင်းဆရာများမှာ ကာဒစ်ဖ်အစားအသောက်ဘဏ်အတွက်လည်း ပေါင် ၅၀၀ ရန်ပုံငွေရှာဖွေပေးရန်၊ ရမ်ဇာန်ဥပုသ်လကို ၎င်းတို့၏ မွတ်စလင်ကျောင်းသားများနှင့်အတူ မျှဝေခံစားရန် မျှော်လင့်နေသည်။

    “လူတွေနဲ့ သူတို့ရဲ့ယဉ်ကျေးမှုဟာ ကြောက်စရာမဟုတ်ဘူးဆိုတာကို ကျွန်တော် ပြချင်ပါတယ်။ မတူညီတဲ့သူတွေ၊ သူတို့ရဲ့ ယဉ်ကျေးမှုတွေနဲ့ ကျွန်တော်တို့ ဆက်သွယ်နိုင်လေလေ၊ ပိုကောင်းလေလေပါပဲ” ဟု ဘော့ဒ်ဂင်က ပြောကြားခဲ့သည်။

    ထို့ပြင် ဥပုသ်သီလဆောက်တည်သည့်အချိန် ၁၉ ရာနီခန့် အစားအစာနှင့် ရေမရရှိဘဲ ဖြတ်သန်းရမည်မှာ ခက်ခဲလိမ့်မည်ဟု ၎င်းက ၀န်ခံခဲ့သည်။

    အစ္စလာမ်ပြက္ခဒိန်တွင် အမြင့်မြတ်ဆုံးလဖြစ်သည့် ရမ်ဇာန်ဥပုသ်လတွင် အရွယ်ရောက်သော အစ္စလာမ်ဘာသာဝင် အမျိုးသား၊ အမျိုးသမီးတိုင်းမှာ ဥပုသ်သီလဆောက်တည်ရန် မလုပ်မနေရဟု အစ္စလာမ်က သတ်မှတ်ထားသည်။ သို့သော်လည်း ကျန်းမာရေးချို့တဲ့သူများနှင့် ခရီးသည်များအတွက်မူ ပလပ်ခွင့်ရှိသည်။

    နွေလအလယ်ပိုင်းတွင် ကျရောက်သည့် ယခုနှစ်ရမ်ဇာန်တွင် နေ့တာအရှည်ဆုံးအချိန်များကို ကြုံတွေ့ရမည်ဖြစ်သည်။

    Ref: Onislam

  • ကလေးငယ်တွေ ကျောင်းနေပျော်ကြရဲ့လား

    ကလေးငယ်တွေ ကျောင်းနေပျော်ကြရဲ့လား

    ဇွန် ၃၀ ၊ ၂၀၁၅
    M-Media
    ဆောင်းပါးရှင်- ထက်မြတ်
    KhitPhoneThit
    ၂၀၁၅-၂၀၁၆ ပညာသင်နှစ်ကာလကို ရောက်ရှိလာသည်မှာ တစ်လထဲသို့ ရောက်ရှိလာခဲ့ပြီ။ ထို တစ်လ အတွင်း အခြေခံပညာ မူလတန်း၊ အလယ်တန်း၊ အထက်တန်း အစရှိသည့် ပညာများကို ဆည်းပူးနေသော ကလေးငယ်များ ကျောင်းနေပျော်ကြရဲ့လား။ မိဘများကရော ကလေးတွေကျောင်းနေပျော်အောင် ဘယ်လိုအရာတွေကို လုပ်ဆောင်ပေးနေကြသလဲ။ စဉ်းစားကြည့်ရအောင်။

    ယနေ့ခေတ် ကျောင်းသား/ ကျောင်းသူတစ်ဦးဆီကိုကြည့်လိုက်လျှင် မနက် အိပ်ယာနိုး ကျောင်းသွား၊ ကျောင်းမှာ တစ်နေ့ကို ၄၅မိနစ်ဆီ (၆) ကြိမ် (သို့မဟုတ်) (၇) ကြိမ် အတန်းချိန်ရှိသည်။ အတန်းချိန်အားလုံး စာသင်ကြားပြီးနောက် အိမ်သို့ပြန်ရောက်လာသည့် အခါတွင်လည်း ကျူရှင်ဆက်တက်၊ ကျူရှင်ကပြန်လာ Guide ဆရာ/ဆရာမနှင့် စာဆက်သင်၊ ပြီးတော့ ညအိပ်ချိန်ရောက်ရော။ ကလေးတစ်ယောက်ရဲ့  (၂၄) နာရီအချိန်က အိပ်ချိန်ကလွဲပြီး ကျန်သည့်အချိန်များက စာလုပ်ချိန်များနှင့် ကုန်ဆုံးနေသည်။

    ကျောင်းသား/ ကျောင်းသူမှန်လျှင် စာကျက်ရမည်၊ စာဖတ်ရမည်ဖြစ်သည်ကို မငြင်းပါ။ ဟုတ်ပါသည် ကျောင်းသားအရွယ်မှာတော့ စာကျက်မှတ်ရမှာပေါ့။ ဒါမှကြီးလာရင် ပညာတတ်မှာလေ။ သို့သော် တစ်နေ့လုံးကြီး ကလေးတွေက စာနဲ့ထိတွေ့နေဖို့မှ မလိုတာ။ နားချိန်၊ ဆော့ချိန် ဆိုတာတွေတော့ သီးသန့်ရှိရဦးမှပေါ့လေ။ ယနေ့ခေတ်ကျောင်းသား/ ကျောင်းသူများကို ပန်းခြံများတွင် ပိတ်ရက်များတွင်သာ ဆော့ကစားခြင်းကို တွေ့ရတတ်တော့သည်။

    မိုးလင်းကမိုးချုပ် စာတောထဲမှာ စိတ်ဖိစီးမှုအပြည့်နှင့် နေနေရသည်မှာ မလွဲပါ။ အစိုးရကျောင်းများမှာလည်း စာသင်ချိန်များတွင် ကာယချိန်၊ သက်မွေးချိန်၊ စာရိတ္တချိန်များ ပါဝင်သော်လည်း ယင်းအချိန်များတွင်လည်း သက်ဆိုင်ရာ ဆရာ/ဆရာမများက ဘာသာရပ်ပညာများကိုသာ သင်ကြားနေကြသည်။ ကျောင်းတွင်လည်း ကလေးတွေမှာ အနားယူချိန်မရ၊ မဆော့ရ။ အိမ်ရောက်တော့လည်း ကျူရှင်နဲ့ Guide က ဆက်နေတော့ ဆော့ချိန်၊ ကစားချိန်၊ တီဗီကြည့်ချိန်များက အဘယ်မှာနည်း။ ဒီလိုစာတွေပဲ အချိန်တိုင်း ဆက်တိုက် သင်နေရတဲ့ ကလေးတွေကရော ကျောင်းစာတွေမှာ ပျော်ရွှင်စွာ သင်ကြားနိုင်ပါ့မလား မေးခွန်းထုတ်စရာပင်။

    အိမ်နားက ကလေးက ဗိုလ်တထောင်ကျောင်း တစ်ကျောင်းမှာ Grade (9) ကို တက်ရောက်နေတယ်။ ဟိုနေ့ကသူနဲ့တွေ့လို့ သူကို့မေးကြည့်တယ်။ “သား ကျောင်းတက် ရတာပျော်လားလို့” ဆိုတော့ “အရမ်းတော့ မပျော်ပါဘူးဗျာ၊ သားတို့ကို ရှစ်တန်းက အစိုးရစစ် အရေးကြီးတယ်ဆိုပြီး ကျောင်းမှာ စာတွေပဲဆက်တိုက်သင်နေတာ၊ အရင်က ကာယချိန်ဆို သားတို့လေ့ကျင့်ခန်း လုပ်ရတာ၊ ဒီနှစ်တော့ ခုထိတစ်ချိန်မှ မလုပ်ရသေးဘူး၊ ကျောင်းကပြန်တော့လည်း ရေချိုးပြီး ကျူရှင်တန်းသွား၊ ကျူရှင်တွေကလည်း တစ်ခုနဲ့တစ်ခုဆက်နေတာ အိမ်ပြန်ရောက်တော့ အိပ်ရရော။ သား ညီမလေးနဲ့တောင် တစ်ပတ်တစ်ခါလောက်ပဲ ဆော့ရတာ” ဟုစိတ်ညစ်နေတဲ့ မျက်နှာဖြင့် ဖိုးသားလေးကပြောဆိုခဲ့သည်။

    ဖိုးသားလေးလိုကလေးတွေ မြန်မာနိုင်ငံမှာ ဘယ်လောက် များပြားနေပြီလဲ။ ကျောင်းတွေမှာလည်း ဆောင်ပုဒ်တွေတွေ့ရတတ်ပါတယ်။ “ကျောင်းနေပျော်၍ စာတော်ရမည်တဲ့”။ ဆောင်ပုဒ်ကတော့ အလွန်ကောင်းပါတယ်။ ဆောင်ပုဒ်အတိုင်း လက်တွေ့ကျင့်သုံးဖို့တော့ လိုအပ်နေပါပြီ။

    ကလေးငယ်တွေဆိုတာ ဦးနှောက်ကလည်း သိပ်မတွေး တတ်သေးဘူး။ နှလုံးသားတွေကလည်း နုနယ်သေးပါတယ်။ ဒီအရွယ်မှာ သူတို့ကို စိတ်ဒဏ်ရာတွေ ပေးလို့မရသေးပါဘူး။ စာတွေကိုတက်မြောက်စေချင်တဲ့ မိဘတွေရဲ့ဆန္ဒ၊ ထူးချွန်စေချင်တဲ့ ဆရာ/ဆရာမတွေရဲ့ စေတနာ များကို ကိုယ်ချင်းစာမိပါတယ်။ သို့သော် ကလေးတွေအတွက်ကို ကြည့်ပေးစေလိုသည်။ မိမိရင်သွေးက ကျောင်းမှာပျော်ရဲ့လား။ ဘာတွေလိုအပ်နေသလဲကို ကြည့်စေချင်သည်။

    တချို့ (၁၀) တန်းကျောင်းသားမိဘများဆိုရင်လည်း (၁၀) တန်းပဲ အရေးကြီးတယ်ဆိုပြီး စာတွေကိုပဲ နင်းကန် လုပ်ခိုင်းတာတွေ့ရတတ်တယ်။ (၁၀) တန်းမှာလည်း ကိုယ်ပိုင် အချိန်ရှိရပါ့မယ်။ ကျောင်းစာများ ကျက်မှတ်ပြီးတစ်ခဏတွင် အနားယူ၊ အပန်းဖြေ အစရှိသည့် အလုပ်များကိုပေါ့ပါးစွာ လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။ သို့မှသာ စိတ်အပြောင်းအလဲဖြစ်ပြီး တစ်ဖန်ပြန်လည်လန်းဆန်းစွာ စာကိုပြန်လည် ကျက်မှတ်နိုင်မှာဖြစ်ပါတယ်။ စာမေးပွဲနီးရင် တစ်အိမ်လုံး တီဗီမကြည့်ရဘူး။ ဖုန်းတွေသိမ်း အစရှိသည့်လုပ်ရပ်များသည် လွန်စွာမှားယွင်းနေသည်။ အပန်းဖြေချိန်၊ အနားယူချိန်ဆိုတာ အမြဲတမ်းရှိရမည်ဖြစ်သည်။

    တချို့အနည်းငယ်မိဘများကိုတော့ တွေ့ရတတ်ပါသည်။ ကလေးတွေကို စနစ်တကျ ကိုင်တွယ်ထိန်းကြောင်းနေတာကို တွေ့ရတယ်။ ကလေးတွေကို စာသင်ချိန်ဆိုသင်၊ ဆော့ချိန်ဆိုဆော့ မရရတဲ့အချိန်ထဲက သေချာကိုဖယ်ထုတ်ပြီး ကလေးတွေအတွက် အနားယူချိန်ကို သီးသန့်ထားပေးတာမျိုးလည်း ရှိပါတယ်။

    သူတို့စိတ်ကလေးတွေလည်း အပြောင်းအလဲဖြစ်အောင်၊ လန်းဆန်းမှု၊ တက်ကြွမှုများလည်းရရှိအောင် ခန္ဓာကိုယ်အနားပေးမှုများ၊ စိတ်အပန်းဖြေစေမည့် အရာများကို လုပ်ဆောင်ပေးသင့်ပါသည်။ စိတ်အပြောင်းအလဲလေး အနည်းငယ်ဖြစ်သွားသည့်အခါတွင် စာကိုယခင်ကထက်ပိုမိုပြီး လေ့လာ ကျက်မှတ်နိုင်သည်မှာ မလွဲဧကန်ပင်ဖြစ်ပါသည်။ စာထဲမှာပဲ တစ်နေ့လုံး မနစ်မွန်းနေအောင် အထူးဂရုစိုက်သင့်ပါသည်။ လိုအပ်တာထက်ပိုပြီး ကျူရှင်တွေထားမှုကိုလည်း လျော့ရပါက လျော့သင့်ပါသည်။ ကလေးတွေအတွက် ကိုယ်ပိုင်အချိန်တွေလည်း ထွက်လာတာပေါ့။ သူတို့ကိုယ်ပိုင် အချိန်တွေကိုတော့ လွတ်လပ်ခွင့်များကို ပေးသင့်ပါတယ်။ ဒါမှသူတို့လည်း ပျော်ပြီး ကျောင်းမှာပျော်ပျော်ရွှင်ရွှင် စာသင်ကြားနိုင်မှာ ဖြစ်ပါတယ်။

    ကျောင်းနေပျော်သည့်ကလေးများဖြစ်မှသာ ဆောင်ပုဒ်နှင့်အညီ ကျောင်းနေပျော်ပြီးစာတော်လာမည် ဖြစ်ပါသည်။ ထို့ကြောင့် မိမိတို့ရင်သွေးငယ်များ ပညာများတိုးပွားလာစေရန် ကျောင်းနေပျော်အောင် အရင်ဆုံးလုပ်ဆောင်ရမည်ဖြစ်ပါသည်ကြောင်း သုံးသပ်ပြောကြားလိုပါတယ်။

    ထက်မြတ်

    Credit- သရုပ်ဖော်ပုံ ကာတွန်းအာကာ

  • တောင်ဘလူဗလီနဲ့…တောင်ဘလူရပ် ဆိုတာကို… မသိတဲ့လူတွေအတွက်…

    တောင်ဘလူဗလီနဲ့…တောင်ဘလူရပ် ဆိုတာကို… မသိတဲ့လူတွေအတွက်…

    ဇွန် ၃၀ ၊ ၂၀၁၅
    မောင်မောင် (ရွှေကရဝိတ်) ရေးသည်။
    . 11049562_1611717009096692_5279020691471619428_n
    တောင်ဘလူဗလီရှိတဲ့ တောင်ဘလူရပ်ဆိုတာ…တနေ့မနေ့ကမှ တည်ထားတာမဟုတ်ပါဘူး…

    မန္တလေးမြို့ မွေးဖွားလာ ကထဲက…အတူရှိနေခဲ့တဲ့ ဗလီနဲ့…ရပ်ကွက်ကြီးဘဲဖြစ်ပါတယ်…

    မြန်မာမွတ်စလင် ရပ်ကွက်ကြီးတခုဖြစ်ပါတယ်…..

    တောင်ဘလူရပ်ကွက်သားများဟာ…မန္တလေးဈေးချိုတော်မှာ…ဘယဆေးနဲ့..ချည်ခင်များ…ချည်ထည်များကို(အများစု)ရောင်းချ အသက်မွေးဝမ်းကြောင်းခဲ့ကြပြီးတော့…စီပွားရေးအင်အား တောင့်တင်းတဲ့ သူများဖြစ်ခဲ့ကြပါတယ်…လူမျိုးခြား..စီးပွားရေးသမားတွေနဲ့ ယှဉ်ပြိုင်နိုင်တဲ့ အင်အားလည်း…ရှိခဲ့ကြပါ တယ်….

    မြန်မာမွတ်စလင်များဖြစ်သည့် အားလျော်စွာ…ဈေးချိုတော် ရုံကြီး ၁၂ရုံရဲ့…ကထိန်တော်ဖြစ်မြောက် ရေး အဖွဲ့ဝင်တွေ…တာဝန်ရှိတဲ့သူတွေလည်း…ဖြစ်ခဲ့ကြပါတယ်…

    မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီခေတ်…စီးပွားရေးတွေ…ပျက်ပြားသွားခဲ့ကြတဲ့ အချိန်မှာတောင်…တောင်ဘလူ အရပ်သား…မြန်မာမွတ်စလင်တွေဟာ..အခြေအနေမပျက်အောင်…ထိန်းသိမ်း..စီးပွားရှာနိုင်ခဲ့ ကြပါတယ်…၁၉၇၆ခုနှစ်…ပေါက်မြိုင်ဝင်းမီးဘေးမှာ…တရပ်ကွက်လုံး အထိနာခဲ့ပေမဲ့…အိနြေ္ဒမပျက်ခဲ့ ကြပါဘူး….၁၉၈၄ခုနှစ်…ဦးကျားကြီးမီးလောင်လို့… တမြို့နယ်လုံး… မီးသင့်ခံရတော့မှဘဲ..အထိနာခဲ့ရ တာပါ…ဒါပေမဲ့လည်း…ကိုယ်ပိုင်မြေတွေ…ကိုယ်ပိုင်အိမ်တွေနဲ့…ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတွေလုပ်ကိုင်ပြီး…အခြေအနေ မပျက်နေနိုင်တဲ့သူတွေ…အများကြီးရှိပါသေးတယ်…

    တောင်ဘလူအရပ်သား မြန်မာမွတ်စလင်တွေဟာ…သမိုင်းစဉ် တလျောက်လုံး…ပြည်ထောင်စုမြန်မာ နိုင်ငံသား…အခြားဘာသာဝင်တွေနဲ့…ကွဲပာမှုမရှိဘဲ…အေးအတူ ပူအမျှ…တသားထဲနေခဲ့ကြတာပါ… ပညာတတ်လူတန်းစားတွေ အများစုဖြစ်ကြပြီး… ကျောင်းအုပ်ဆရာကြီးတွေ…ကျောင်းအုပ်ဆရာမကြီး တွေ…ကျောင်းဆရာတွေ…ကိုယ်ပိုင်ကျောင်းဖွင့်လှစ်ခဲ့သူတွေ…အစိုးရ ဝန်ထမ်းတွေ…ဌာနဆိုင်ရာ အရာရှိတွေ..ရှိခဲ့သလို…မိသားစုတိုင်းလိုလိုထဲမှာ…တပ်မတော်သားတွေလဲ..ရှိခဲ့ကြပါတယ်… တပ်မတော်မှာ…အဆင့်မြင့်အရာရှိကြီးများဖြစ်ခဲ့တဲ့သူတွေရှိသလို…အရာရှိငယ်များ…အရာခံ…အကြပ်တပ်သား…အဆင့်မျိုးစုံမှာ…တာဝန်ထမ်းဆောင်ခဲ့ကြတာဟာ…ဦးနေဝင်းအစိုးရရဲ့…တပ်တွင်းက အစ္စလာမ်ဘာသာဝင်တွေကို..မခွဲခြား…မချိုးနှိမ်ခင်အချိန်အထိဖြစ်ပါတယ်….

    မိသားစု တခုအတွင်းမှာပင်လျှင်…ဖခင် အရာခံဗိုလ်နှင့်…သားဗိုလ်မှူး၂ဦးအထိရှိတာတွေ..တွေ့ခဲ့ရပါ တယ်….

    560402_191144807686760_26613195_n

    အဲ့ဒီတော့…အခုခေတ်လို..ဖျော်ဖြေရေးတွေ မပေါများသေးတဲ့ အချိန်အခါမှာ…တောင်ဘလူ အရပ်သား အများစုဟာ…အားလပ်တဲ့ရက်တွေမှာ…မိမိတို့ဆွေမျိုးသားချင်းတွေ စုစည်းပြီး…အမဲလိုက် ထွက်တတ်ကြပါတယ်…အရွယ်ရောက်ပြီးတဲ့ တောင်ဘလူ အရပ်သားတိုင်းလိုလိုမှာ..အစိုးရထံက တရားဝင် လိုင်စင်နဲ့ ကိုင်ဆောင်တဲ့…အမဲပစ် သေနတ်တွေ…ရှိခဲ့ကြပါတယ်…ဟိုအရင် အချိန်အခါက လေသေနတ်ဆိုတာဟာ…လိုင်စင်မလိုဘဲ…ကိုင်ဆောင်ခွင့်ရှိတဲ့ ပစ္စည်းပါ…

    ပြီးခဲ့တဲ့နှစ်…မန္တလေး အကြမ်းဖက်ခံရမှုမှာ…ကျဆုံးသွားခဲ့တဲ့…ရှဟီဒီ ကိုစိုးမင်းထွေးရဲ့…အဖိုးတော်စပ် သူ…ဦးစလေမန်ဆိုတာဟာ…၃၁လမ်းနဲ့..၈၃လမ်းဒေါင့်… မြန်မာညွန့် စက်ဘီးဆိုင်နဲ့ တွဲလျက်အခန်း တခန်းမှာ…လက်နက် မျိုးစုံပြင်တဲ့ ဝပ်ရှော့…တရားဝင်ဖွင့်ခဲ့တာပါ… အမဲပစ်ရိုင်ဖယ်တွေကို အထူးပြု ပြင်ခဲ့တာဖြစ်ပါတယ်…လေသေနတ်ကျည်ဆံတွေ…နှစ်လုံးပြူး ကျည်ဆံတွေလည်း…ရောင်းပါတယ်… ကိုယ်တိုင်လုပ်ပြီး….ဆိုင်ဖွင့်ပြီး ရောင်းခဲ့တာပါ…

    ဦးစလေမန်ဟာ… ကိုယ်တိုင်လည်း… မုဆိုးကြီးတယောက်ဖြစ်ပါတယ်… မကြာခဏဆိုသလို… သူ့ကိုယ်ပိုင်… ဘေးတွဲဆိုင်ကယ်ကြီးနဲ့…သေနတ်တွေတင်ပြီး… မိတ်ဆွေတယောက်စ… နှစ်ယောက်စနဲ့အတူ…  အမဲပစ်ထွက်လေ့ရှိပါတယ်…ဟာလီဒဘယ်ဆဲန် ဆိုင်ကယ်ဖြစ်လိမ့်မယ် ထင်ပါတယ်….မန္တလေးမြို့မှာ… သူလို ဘေးတွဲ ဆိုင်ကယ်ကို…စီးတဲ့သူက…သူရယ်…၈၃လမ်း…ကျောက်ဗလီ အရပ်ထဲက. ဦးချစ်ညိုရယ် ၂၇လမ်း… လေလ္လာဝင်းအတွင်းက ဦးမူလေးရယ် သုံးယောက်ဘဲရှိခဲ့တာပါ…သုံးဦးစလုံး…မြန်မာမွတ်စလင်တွေချည်းပါဘဲ…

    မကြာခဏဆိုသလို… ဦးစလေမန်တယောက် ဘေးတွဲဆိုင်ကယ်ကြီးနဲ့…သမင်တွေ…ဂျီ(ချေ)တွေ… တင်ပြီး…အမဲလိုက်ပြန်လာတာကို…မှတ်မိနေပါတယ်…

    အဲ့ဒီတော့ …အရင်တုန်းက….တောင်ဘလူ အရပ်သားမှန်ရင်… အမဲမလိုက်ဘူးတဲ့သူ… မရှိသလောက် .. ရှားခဲ့ပါတယ်…

    ၁၉၈၈ခုနှစ်… အရေးအခင်းကြီးအပြီးမှာ… အရပ်သားတွေလက်ထဲမှာ… လိုင်စင်ရှိ… လိုင်စင်မဲ့… သေနတ် တွေ… လုံးဝမထားဘဲ… အပ်နှံခိုင်းတဲ့အတွက်… အားလုံး…အပ်လိုက်ကြရပါတယ်… ဒါပေမဲ့… လက်နက်တွေကို လက်ခံသိမ်းယူတဲ့ ရဲစခန်းက တာဝန်ရှိသူတွေက… ပြောင်းအပိုတွေ… ပြောင်းအပျက်တွေ…  ဒင်အပိုတွေ… ဒင်အကျိုးအပဲ့တွေကို… လက်မခံခဲ့ပါဘူး… အဲ့ဒီတော့  အိမ်တိုင်းလိုလိုမှာ… ပြောင်းအပို တွေ… ဒင် အဟောင်း… အပိုတွေရှိနေခဲ့ပါတယ်… သေနတ်တလက်ကို အပေါ်ယံပြင်ဆင်တဲ့ ပစ္စည်းတွေ လဲရှိနေကြပါတယ်….

    ဒါတွေကို ရေးပြနေတာက…ရပ်ကွက်ရဲ့ အခြေခံကိုမသိ… သမိုင်းကြောင်းကို မသိဘဲ… ဖွတဲ့သူက…  မဖွယ်မရာရည်ရွယ်ချက်နဲ့ ဖွလိုက်တာနဲ့… ဘုမသိ… ဘမသိ…ဟာ… သေနတ်ဒင်တွေတွေ့တယ်…  ပြောင်းအပိုတွေတွေ့တယ်… လက်နက်ပြင်တဲ့ ပစ္စည်းတွေ…တွေ့တယ်…ဆိုပြီး… လန့်ဖြန့်… အစိုးရိမ်ပို နေကြတာတွေ့ရလို့… ရှင်းရှင်းလင်းလင်း သိသွားအောင်…ရေးပြလိုက်တာပါ…

    ခက်တာက…မြန်မာနိုင်ငံမှာ… ဘယ်လူမျိုးတွေ… ဘယ်ဘာသာဝင်တွေဟာ… သမိုင်းစဉ်တလျောက်… ဘယ်လိုနေခဲ့ကြတယ်ဆိုတာကို… မသိ… တနေ့မနေ့ကမှ… လူလားမြောက်လာပြီး… ဘာသာရေးပညာလေးသင်ယူ ပေါက်မြောက်ခဲ့လို့…မြို့ပေါ်တက်…ကျောင်းထိုင်ရတာ… ပေါ်ပြူလာဖြစ်လာတာလေးတခုနဲ့…  မြန်မာတနိုင်ငံလုံး… ဗုဒ္ဓဘာသာဝင်တွေချည်းဘဲ…တသက်လုံးနေခဲ့တယ်လို့ အထင်ရောက်နေတဲ့…. .. မန္တလေးတမြို့လုံးက ကုလားတွေ… စားစရာမရှိအောင်.. လုပ်ပြမယ်…နေစရာမရှိအောင်..လုပ်ပြမယ် လို့…ကျွေးကြော်ထားတဲ့…ဦးဝီရသူလို…သံဃာ အတုအယောင်က…ပါးစပ်ထဲလာရာ စကားလုံးတွေနဲ့… တိုင်းပြည်ကို မီးလောင်တိုက်သွင်းဖို့ကြံစည်နေတာကို… လူအများစုက… အဟုတ်အမှန်ထင်နေတာက ပြသနာဖြစ်နေတာပါ….

    ဦးဝီရသူဟာ…မန္တလေးမြို့ကို…ဖျက်ဆီးဖို့…မန္တလေးမြို့ကို…မီးလောင်တိုက်သွင်းဖို့…နေ့စဉ်နဲ့အမျှ…ဥာဏ်နီ…ဥာဏ်နက်မျိုးစုံ ထုတ်ပြီး… လုပ်ကြံသတင်းတွေလွှင့်ထုတ် ကြံစည်နေတာပါ…

    ဒါကို…မြန်မာနိုင်ငံကို အမှန်တကယ် ချစ်သူများ…မန္တလေးမြို့ကို ချစ်မြတ်နိုးသူများက…အသိတရားရှိရှိ နဲ့… အဖျက်စကားတွေကို နားမယောင်ကြဘဲ… သတိရှိရှိနဲ့…ဝိုင်းဝန်းကာကွယ် စောင့်ရှောက်သင့် ပါတယ်…

    တောင်ဘလူ အရပ်သားများအနေနှင့်လည်း….အထူးသတိပြုနေထိုင်သင့်ပါတယ်… မနှစ်က ဦးဝီရသူရဲ့ စနက်ကြောင့်…တောင်ဘလူ အရပ်သား…ကိုစိုးမင်းထွေး… အသက်ဆုံးရှုံးခဲ့ရတယ်… ဒီနှစ်…ရပ်ကွက် ကို နာမည်ဖျက်ပြီး… အကြမ်းဖက်တိုက်ခိုက်ဖို့… အလှုံ့ဆော်ခံခဲ့ရတာကို…ပေါ့ပေါ့လေး မနေကြဘဲ… မိမိတို့နဲ့ ပတ်သက်ရာ…ရဟန်းရှင်လူများအပါအဝင်… ဆရာတော်ကြီးများ… နိုင်ငံတော် အစိုးရအဖွဲ့ဝင် များကို…ဆက်သွယ်ရှင်းပြ… အကူအညီတောင်းခံပြီး…ဦးဝီရသူရဲ့ အဖျက်အန္တရာယ်မှ…ကင်းဝေး အောင်…အမြန်ဆုံး အကာအကွယ်တောင်းခံသင့်ပါကြောင်း…တင်ပြလိုက်ရပါတယ်…

    စာရေးသူ၏ FB စာမျက်နှာမှ ကူးယူဖော်ပြပါသည်။