ဇူလိုင် ၄၊ ၂၀၁၅
M-Media
– အသိအမှတ်ပြုလက်မှတ် အတုများအတွက် စုံစမ်းစစ်ဆေးမှုများကို ပြုလုပ်နေစဉ် ပြီးခဲ့သည့်လများအတွင်း အိန္ဒိယနိုင်ငံ အရှေ့ပိုင်းပြည်နယ်တစ်ခုမှ မူလတန်းကျောင်းဆရာ ၁၄၀၀ ခန့်မှာ ရာထူးမှ နှုတ်ထွက်သွားသည်ဟု ပညာရေးတာဝန်ရှိသူတစ်ဦးက ယမန်နေ့တွင် ပြောကြားလိုက်သည်။
ဘီဟာရ်ပြည်နယ်ရှိ ကျောင်းဆရာ၊ ဆရာမများအနေဖြင့် ၎င်းတို့၏ ဘွဲ့လက်မှတ်ဆိုင်ရာ မမှန်ကန်မှုအတွက် ဥပဒေကြောင်းအရ တရားစွဲဆိုခြင်းကို ရှောင်ရှားရေး ရာထူးမှ နှုတ်ထွက်သွားကြရန် လွတ်ငြိမ်းချမ်းသာခွင့် ပေးထားသည့်ကာလ မပြီးဆုံးခင်
နှုတ်ထွက်ကြခြင်းဖြစ်သည်ဟု ပြည်နယ်ပညာရေးဝန်ကြီးဌာန စည်းကမ်းပိုင်းဆိုင်ရာ အတွင်းရေးမှူး အာရ် ကေ မာဟာဂျန်က ဆိုသည်။
ပြည်နယ်အတွင်းရှိ မူလတန်းကျောင်းဆရာ၊ ဆရာမ အရေအတွက် ၃၅၀၀၀၀ တွင် ၂၅၀၀၀ ခန့်မှာ အစိုးရထံမှ သင့်လျော်သည့် လေ့ကျင့်ပေးမှု မရရှိဘဲ ၀င်ရောက်စာသင်နေသည်ဟူသော စိုးရိမ်မှုနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရန် တရားရုံးချုပ်က ပြီးခဲ့သည့် မေလအတွင်း အမိန့်ပေးခဲ့သည်။
ကျောင်းဆရာများ၏ ကိုယ်ရေးအချက်အလက် ဖောင်များကို တာဝန်ရှိသူများက စစ်ဆေးမှုနှင့်အတူ စုံစမ်းမှု ပြုလုပ်နေစဉ် နှုတ်ထွက်မှု များပြားလာခဲ့ခြင်းဖြစ်ပြီး တရားရုံးက ပြီးခဲ့သည့်လအတွင်း လွတ်ငြိမ်းချမ်းသာခွင့် ကာလတစ်ခုကို ကြေညာခဲ့ကာ ယခုလ ၉ ရက်နေ့တွင် ကုန်ဆုံးမည်ဖြစ်သည်။
“လွတ်ငြိမ်းချမ်းသာခွင့်ကို တရားရုံးက အမိန့်မပေးခင် နှုတ်ထွက်မှုဟာ ၁၄၀၀ လောက် ရှိပါတယ်။ ပြစ်ဒဏ်ပေးခြင်းမပြုတဲ့ အခွင့်အရေးကို အရယူခဲ့တဲ့ ကျောင်းဆရာတွေရဲ့ နောက်ဆုံးအရေအတွက်ကို လွတ်ငြိမ်းချမ်းသာခွင့်ကာလ ပြီးဆုံးပြီးတဲ့နောက် သိရမှာပါ” ဟု
မဟာဂျန်က AFP သို့ ပြောကြားခဲ့သည်။
ထို့ပြင် ရာထူးမှနှုတ်ထွက်ကြမည့် နောက်ဆုံးစာရင်းက ပြဿနာဖြစ်မည်ဟု မိမိမထင်ဘဲ ပညာရေးစနစ်တွင် လစ်လပ်မှုရှိမည်မဟုတ်ဟု ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။ သို့သော်လည်း အသိအမှပြုလက်မှတ်အတုများ ကိုင်ဆောင်၍ ဆက်လက်ရှိနေသည့် ဆရာများကိုမူ ၎င်းက သတိပေးခဲ့ပြီး ရာဇ၀တ်မှုဖြစ်ကာ ထောင်ဒဏ်နှင့် ရင်ဆိုင်ရနိုင်သည်ဟု ဆိုသည်။
ပြီးခဲ့သည့်လအတွင်း ဒေလီမြို့၏ ဥပဒေရေးရာဝန်ကြီးတစ်ဦးဖြစ်သူ ဂျီတန်ဒရာ ဆင်း တိုမာရ်မှာ ၎င်း၏ဘွဲ့အတွက် လိမ်လည်မှုကြောင့် အဖမ်းခံရပြီးနောက် ယခုပြဿနာမှာ ရှေ့တန်းရောက်လာခြင်း ဖြစ်သည်။
အထူးသဖြင့် အိန္ဒိယရှိ ဝေးလံခေါင်ဖျားသော ဒေသများတွင် ပညာရေးစနစ်၏ အရည်အသွေးမှာ အဓိကပြဿနာ ဖြစ်နေသည်။ ဆရာအများစုမှာ အတန်းအား ပုံမှန်တက်ရောက်မှုပင် မရှိကြဘဲ ကောလိပ်များကို ၀န်ထုတ်ဝန်ပိုး ဖြစ်စေသည်။
ကျေးလက်ဒေသများမှ ကလေးငယ်များ၏ ထက်ဝက်ကျော်မှာ အစိုးရပညာရေးကို ၅ နှစ်တာ သင်ယူခဲ့သော်လည်း ၎င်းတို့ ကိုယ်ပိုင်ဘာသာစကား၏ အခြေခံစာကြောင်းများကိုပင် ဖတ်တတ်ခြင်းမရှိဟု အိန္ဒိယ ပညာရေးနှင့် သုတေသနအဖွဲ့ Pratham က ဆိုသည်။
Ref: Channelnewsasia
Leave a Reply
You must be logged in to post a comment.