News @ M-Media

Blog

  • ဆော်ဒီကိုလက်နက်​ရောင်းချရေး ကန်လွှတ်တော် မီးစိမ်းပြ

    ဆော်ဒီကိုလက်နက်​ရောင်းချရေး ကန်လွှတ်တော် မီးစိမ်းပြ

    ဒီဇင်ဘာ ၈၊ ၂၀၂၁
    M-Media

    -ဒေါ်လာ သန်းပေါင်း ၆၅၀ တန်ဖိုးရှိမယ့် ဒုံးကျည်တွေ၊ လေကြောင်းရန် ကာကွယ်ရေးစနစ်တွေ ဆော်ဒီကို မရောင်းဖို့ ပိတ်ပင်တဲ့ ဆုံးဖြတ်ချက် မူကြမ်းတစ်ခုကို ​အမေရိကန် အထက်လွှတ်တော်က ဒီကနေ့မှာ မဲခွဲ ပယ်ချလိုက်ပါတယ်။

    သမ္မတ ဂျိုးဘိုင်ဒန်က ဒီအစီအစဉ်ကို နိုဝင်ဘာလမှာ အတည်ပြုခဲ့တာပါ။ ဒါပေမယ့် ဒီလိုရောင်းချလိုက်ရင် ယီမင်စစ်ပွဲမှာ ဆော်ဒီအာရေဗျရဲ့ ပါဝင်မှုကို ပိုမိုအားကောင်းစေလိမ့်မယ်လို့ ထောက်ပြကာ ရီပက်ဘလစ်ကန်ပါတီ လွှတ်တော်အမတ်အချို့က ကန့်ကွက်တဲ့မူကြမ်းကို တင်ခဲ့တာ ဖြစ်ပါတယ်။

    ဒီကနေ့ မဲခွဲရာမှာ ထောက်ခံမဲ ၃၀၊ ကန့်ကွက်မဲ ၆၇ မဲနဲ့ ပယ်ချခံလိုက်ရပါတယ်။ ဆုံးဖြတ်ချက်မူကြမ်းရေးသားရာမှာ ပါဝင်ခဲ့တဲ့ တစ်သီးပုဂ္ဂလိ လွှတ်တော်အမတ် ဘာနီ ဆန်းဒါးစ်က ဆော်ဒီကို ဒုံးကျည်တွေရောင်းတာဟာ မီးပုံထဲ ဓာတ်ဆီလောင်းထည့်တာသာ ဖြစ်လိမ့်မယ်လို့ မဲခွဲမှုအပြီးမှာ ပြောကြားခဲ့ပါတယ်။

    ယီမင်ပြည်တွင်းစစ်မှာ ဆော်ဒီဦးဆောင်တဲ့ ပင်လယ်ကွေ့မဟာမိတ်အဖွဲ့ဟာ ၂၀၁၅ ခုနှစ်က စတင်ပါဝင်ခဲ့ပြီး ယီမင်အစိုးရဖက်ကနေ အီရန်ကျောထောက်နောက်ခံပြုထားတဲ့ ဟူသီသူပုန်တွေကို တိုက်ခိုက်ပေးနေတာ ဖြစ်ပါတယ်။

    ဆော်ဒီကို လက်နက်မရောင်းဖို့ တားမြစ်တဲ့ ဆုံးဖြတ်ချက်မူကြမ်းကို မထောက်ခံကြောင်း သမ္မတဘိုင်ဒန်က မနေ့မှာ ပြောကြားခဲ့ပြီး ဆော်ဒီအာရေဗျက အရပ်သားတွေ ဒုံးကျည်၊ ဒရုန်းနဲ့ တိုက်ခိုက်ခံရမှု ပိုမိုမြ​င့်တက်လာတဲ့အချိန် မဟာမိတ်တွေကို ကူညီရေး မိမိတို့ကတိကဝတ်ကို ထိခိုက်စေလိမ့်မယ်လို့ တုန့်ပြန်ခဲ့ပါတယ်။

    ဆော်ဒီကဝယ်ယူမယ့် လက်နက်တွေထဲမှာ Raytheon ဒုံးကျည်တွေ၊ ပက်ထရီယော့ ဒုံးခွင်းစနစ်တွေ ပါဝင်မှာ ဖြစ်ပါတယ်။

    Ref: Aljazeera

  • စစ်တပ်အကြီးအကဲ လေယာဉ်ပျက်ကျသေဆုံးသွားကြောင်း အိန္ဒိယအတည်ပြု

    စစ်တပ်အကြီးအကဲ လေယာဉ်ပျက်ကျသေဆုံးသွားကြောင်း အိန္ဒိယအတည်ပြု

    ဒီဇင်ဘာ ၈၊ ၂၀၂၁
    M-Media

    -စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဘီပင် ရာ၀ပ်ဟာ နိုင်ငံတောင်ပိုင်း တမီလ်နာဒူးပြည်နယ်မှာ လေယာဉ်ပျက်ကျ သေဆုံးသွားတယ်လို့ အိန္ဒိယလေတပ်က အတည်ပြုထုတ်ပြန်လိုက်ပါတယ်။

    ဗိုလ်ချုပ်ကြီးရာဝပ် လိုက်ပါသွားတဲ့ Mi-17V5 ရဟတ်ယာဉ် ပျက်ကျသွားတယ်ဆိုတဲ့သတင်းတွေ ဒေသစံတော်ချိန် ဒီကနေ့ နေ့လယ်ပိုင်းလောက်ကတည်းက ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်နေတာဖြစ်ပါတယ်။

    လေတပ်ရဲ့ ထုတ်ပြန်ချက်မှာ ရဟတ်ယာဉ်ဟာ လေတပ်စခန်းကနေ ကာကွယ်ရေးကောလိပ်ကိုအသွားမှာ ပျက်ခဲ့တာဖြစ်ပြီး ဒီအတွက် စုံစမ်းစစ်ဆေးမှုတွေလုပ်နေကာ ကာကွယ်ရေးဝန်ကြီးကလည်း ညနေပိုင်းမှာ လွှတ်တော်ကို တင်ပြဖို့ရှိတယ်လို့ ဖော်ပြထားပါတယ်။

    လေယာဥ်ပျက်မှုအတွင်း ဗိုလ်ချုပ်ကြီးရာဝပ်ရဲ့ဇနီးနဲ့ လေယာဉ်ပေါ်လိုက်ပါသွားသူ အခြား ၁၁ ဦးလည်း သေဆုံးခဲ့ပါတယ်။

    ကြည်း၊ ရေ၊ လေ စစ်ဦးစီးအရာရှိချုပ်တွေကို ကွပ်ကဲမယ့် စစ်ဦးစီးချုပ်ရာထူးကို အိန္ဒိယအစိုးရက ၂၀၁၉ ခုနှစ်မှာ ဖန်တီးကာ အငြိမ်းစားယူသွားပြီဖြစ်တဲ့ ဗိုလ်ချုပ်ကြီး ဘီပင်ရာဝပ်ကို ခေါ်ယူခန့်အပ်ခဲ့တာ ဖြစ်ပါတယ်။

    ဗိုလ်ချုပ်ကြီးဟာ ဝန်ကြီးချုပ်မိုဒီနဲ့ နီးစပ်သူဖြစ်ပြီး၊ ကာကွယ်ရေးဝန်ကြီးဌာန အကြံပေးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးပါတယ်။ မိဘမျိုးရိုးက စစ်သားမျိုးဖြစ်ပြီး ဗိုလ်ချုပ်ကြီးကိုယ်တိုင်လည်း အိန္ဒိယစစ်တပ်မှာ နှစ်ပေါင်း ၄၀ လောက် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

    ပါကစ္စတန်၊ တရုတ်တို့နဲ့ ပိုင်နက်အငြင်းပွားမှုရှိနေတဲ့ ကက်ရှ်မီးယားဒေသက တပ်တွေကို ကွပ်ကဲရသူ ဖြစ်ပါတယ်။ နိုင်ငံအနောက်မြောက်ပိုင်းမှာ လက်နက်ကိုင်ပဋိပက္ခလျော့ကျအောင် ဆောင်ရွက်နိုင်ခဲ့လို့ ကျော်ကြားသလို မြန်မာနိုင်ငံထဲအထိ ဝင်ရောက်ဆင်နွှဲတဲ့ သူပုန်တိုက်ဖျက်မှု စစ်ဆင်ရေးကိုလည်း ဗိုလ်ချုပ်ကြီးရာဝပ်က ကွပ်ကဲခဲ့ဖူးပါတယ်။

    Ref: Reuters

  • စစ်တပ်ပိုင် စီးပွားရေးပေ့ချ်များ၊ အကောင့်များကို Facebook က စတင်ဖယ်ရှား

    စစ်တပ်ပိုင် စီးပွားရေးပေ့ချ်များ၊ အကောင့်များကို Facebook က စတင်ဖယ်ရှား

    ဒီဇင်ဘာ ၈၊ ၂၀၂၁
    M-Media

    -မြန်မာစစ်ခေါင်းဆောင်တွေရဲ့ စီးပွားရေးလုပ်ငန်းတွေနဲ့ သက်ဆိုင်တဲ့ ပေ့ချ်တွေ၊ အကောင့်တွေ အားလုံးကို ဖယ်ရှားသွားမယ်လို့ Facebook က ဒီကနေ့မှာ ကြေငြာပါတယ်။

    အခုလိုကြေငြာပြီးပြီးချင်းမှာပဲ စစ်တပ်နဲ့ ဗီယက်နမ်တို့ ပူးတွဲပိုင်ဆိုင်တဲ့ ဆက်သွယ်ရေးလုပ်ငန်း MyTel ရဲ့ စာမျက်နှာကို ဖယ်ရှားလိုက်ပါတယ်။

    Facebook မိခင်ကုမ္ပဏီ Meta ရဲ့ အာရှ-ပစိဖိတ်ဆိုင်ရာအကြီးအကဲ ရာဖေးလ် ဖရန်ကဲလ်က သူတို့ ပလက်ဖောင်းမှာ မြန်မာစစ်တပ် မတည်ရှိရေး ပိုမိုလုပ်ဆောင်သွားမှာဖြစ်ပြီး၊ စစ်တပ်ကပိုင်တဲ့ စီးပွားရေးလုပ်ငန်းတွေကိုလည်း ဖယ်ရှားသွားမယ်လို့ ပြောပါတယ်။

    ‘အရင်ကတည်းက အခုအချိန်အထိ အကြမ်းဖက်မှုတွေ၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကျူးလွန်နေတဲ့ မြန်မာစစ်တပ်ရဲ့ ဝင်ငွေရလမ်းမှာ စစ်ခေါင်းဆောင်တွေပိုင်တဲ့ စီးပွားရေးလုပ်ငန်းတွေက အဓိကကျနေတာကို နိုင်ငံတကာအသိုင်းအ၀ိုင်းနဲ့ အစိုးရမဟုတ်တဲ့အဖွဲ့အစည်းတွေက သက်သေသာဓက အထောက်အထား ပြည့်ပြည့်စုံစုံနဲ့ ဖော်ပြလာတဲ့အတွက်’’ ဒီလို အရေးယူဆောင်ရွက်ရခြင်းဖြစ်တယ်လို့လည်း ဖရန်ကဲလ်က ဆိုပါတယ်။

    ရခိုင်ပြည်နယ်က လူနည်းစု ရိုဟင်ဂျာမွတ်စလင်တွေအပေါ် အမုန်းစကားပြောဆိုမှုကို အချိန်မီဖယ်ရှားဖို့ ပျက်ကွက်ခဲ့တယ်ဆိုပြီး ရိုဟင်ဂျာအဖွဲ့အစည်းတွေက နစ်နာကြေး ဒေါ်လာ ဘီလီယံ ၁၅၀ ရလိုမှုနဲ့ တရားစွဲပြီး ၂ ရက်အကြာမှာပဲ Facebook ရဲ့ ဒီကြေ​ငြာချက် ထွက်ပေါ်လာတာပါ။

    ဖရန်ကဲလ်ကတော့ စစ်တပ်ပိုင်စီးပွားရေးလုပ်ငန်းတွေကိုဖယ်ရှားဖို့ သူတို့ရဲ့ဆုံးဖြတ်ချက်ကို လွန်ခဲ့တဲ့ သီတင်းပတ်အနည်းငယ်ကတည်းက ချထားတာဖြစ်ပြီး၊ အခုတစ်ပတ် ရိုဟင်ဂျာတွေရဲ့ တရားစွဲဆိုမှုနဲ့ မပတ်သက်ဘူးလို့ ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    ရိုဟင်ဂျာတွေအပေါ် စစ်တပ်က ကျူးလွန်မှုတွေဟာ အလွန်စက်ဆုပ်စရာကောင်းတယ်လို့ ဖရန်ကဲလ်က မှတ်ချက်ပေးခဲ့ပြီး အမုန်းစကားတွေဖယ်ရှားရေး အားထုတ်လုပ်ဆောင်နေတယ်လို့လည်း ဆိုပါတယ်။

    ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းကာ ပြည်သူလူထုအပေါ် အကြမ်းဖက် တိုက်ခိုက်သတ်ဖြတ်မှုတွေ၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေ လုပ်ဆောင်တဲ့အတွက် အမေရိကန်အပါအဝင် ကမ္ဘာ့နိုင်ငံတွေက စစ်ခေါင်းဆောင်တွေနဲ့ သူတို့ပိုင်ဆိုင်တဲ့ စီးပွားရေးလုပ်ငန်းတွေကို ပိတ်ဆို့အရေးယူတာတွေ တိုးမြှင့်လုပ်ဆောင်လာပါတယ်။

    စစ်ခေါင်းဆောင်တွေဟာ ကျောက်စိမ်း၊ ရေနံနဲ့သဘာ၀ဓာတ်ငွေ့၊ သစ်လုပ်ငန်း စတဲ့ ဒေါ်လာ ဘီလီယံပေါင်းများစွာ ရရှိတဲ့ လုပ်ငန်းတွေကို ဦးစီးလုပ်ကိုင်နေတာ ဖြစ်ပါတယ်။

    ဖရန်ကယ်က စစ်ခေါင်းဆောင်တွေ အပြည့်အ၀မပိုင်ဆိုင်တဲ့ လုပ်ငန်းတွေကိုလည်း Facebook စာမျက်နှာကနေ ဖယ်ရှားသွားမှာဖြစ်ပြီး အဲဒီအထဲမှာ ဘီယာလုပ်ငန်း Kirin’s Myanmar Brewery လည်း ပါဝင်တယ်လို့ ဆိုပါတယ်။

    Ref: Financial Times

  • စီးပွားရေးပြန်လာလုပ်ရပ် ဂျပန်ကို စစ်ကောင်စီက မေတ္တာရပ်ခံ

    စီးပွားရေးပြန်လာလုပ်ရပ် ဂျပန်ကို စစ်ကောင်စီက မေတ္တာရပ်ခံ

    ဒီဖင်ဘာ ၈၊ ၂၀၂၁
    M-Media

    စစ်ကောင်စီခန့်ဝန်ကြီး ဦးအောင်နိုင်ဦး)

    -မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုတွေ ပြန်လာလုပ်ဖို့နဲ့ ရပ်ဆိုင်းထားတဲ့ အကူအညီပေးရေး စီမံကိန်းတွေ ပြန်လည်ပတ်ဖို့အတွက် စစ်ကောင်စီက ဂျပန်အစိုးရကို မေတ္တာရပ်ခံခဲ့ပါတယ်။

    စစ်ကောင်စီမှာ ရင်းနှီးမြှုပ်နှံမှုနဲ့ နိုင်ငံခြားဆက်ဆံရေးဝန်ကြီးအဖြစ် တာဝန်ယူထားတဲ့ ဦးအောင်နိုင်ဦး ဂျပန်သတင်းဌာနတွေနဲ့ မနေ့က အင်တာဗျူးမှာ ဒီလိုပြောကြားလိုက်တာပါ။

    “မြန်မာနိုင်ငံမှာ စီးပွားရေး ပြန်စဖို့၊ ဖြစ်နိုင်ရင် ထပ်မံချဲ့ထွင်ပေးဖို့ ဂျပန်စီးပွားရေးအသိုင်းအ၀ိုင်းကို တိုက်တွန်းပေးပါလို့ ကျွန်တော် သတင်းစကားပါးချင်ပါတယ်။ အရင်ကထက်မတူဘဲ ပိုကောင်းတဲ့ စီးပွားရေး အသိုက်အဝန်းဖြစ်အောင် ကျွန်တော်တို့ လုပ်ဆောင်နေပါတယ်”

    ဖေဖော်ဝါရီ ၁ ရက် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေး မတည်မငြိမ်ဖြစ်လာရာကနေ လက်ရှိမှာတော့ အခြေအနေတွေ ပုံမှန်ပြန်ဖြစ်သွားပြီလို့လည်း ဦးအောင်နိုင်ဦးက ပြောပါတယ်။

    ရွေးကောက်ခံအစိုးရကို ဖြုတ်ချအာဏာသိမ်းမှု၊ လူထုအပေါ် အကြမ်းဖက်သတ်ဖြတ်မှုတွေလုပ်တဲ့ မြန်မာစစ်တပ်ရဲ့ လုပ်ရပ်တွေကြောင့် ဂျပန်အစိုးရဟာ မြန်မာနိုင်ငံမှာ လုပ်ဆောင်နေတဲ့ အကူအညီပေးရေး စီမံကိန်းတွေကို ရပ်ဆိုင်းလိုက်သလို၊ ဂျပန်စီးပွားရေးလုပ်ငန်းတွေကိုလည်း မြန်မာနိုင်ငံကထွက်ဖို့ ညွှန်ကြားထားတာ ဖြစ်ပါတယ်။

    ဦးအောင်နိုင်ဦးက လက်ရှိ စစ်ကောင်စီဟာ နိုင်ငံတကာစီးပွားရေးလုပ်ငန်းတွေကို ပြန်လည်ကြိုဆိုဖို့ လုပ်ဆောင်နေကြောင်း၊ မြန်မာနိုင်ငံက အခြေအနေတွေကို နိုင်ငံတကာမီဒီယာတွေက ချဲ့ကားပြောဆိုနေသလို၊ ဝန်ထမ်းတွေအလုပ်မဆင်းတဲ့ CDM လှုပ်ရှားမှုကလည်း မရှိတော့သလောက်ဖြစ်နေကြောင်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    စစ်အာဏာသိမ်းမှုနောက်ပိုင်း မြန်မာနိုင်ငံရဲ့ စီးပွားရေးဟာ အကြီးအကျယ် ကျဆင်းသွားပြီး အလုပ်လက်မဲ့နှုန်း များလာကာ၊ ကုန်စျေးနှုန်းတွေလည်း အလွန်အမင်း မြင့်တက်လာပါတယ်။ ဘဏ်လုပ်ငန်း ရပ်ဆိုင်းလုနီးပါးဖြစ်နေသလို၊ ငွေကြေးတန်ဖိုးလည်း ကျဆင်းနေပါတယ်။ စစ်ကောင်စီရဲ့ လူထုအပေါ် ဖိနှိပ်အကြမ်းဖက်မှုတွေကြောင့် နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေလည်း တိုင်းပြည်ကနေ ထွက်ခွာနေပါတယ်။

    ကမ္ဘာ့ဘဏ်၊ ကုလသမဂ္ဂနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေက လာမယ့်နှစ် မြန်မာ့စီးပွားရေးဟာ ဒေသတွင်း အများဆုံးအဖြစ် ၁၈ ရာခိုင်နှုန်း ကျဆင်းမှာဖြစ်ပြီး သန်းနဲ့ချီတဲ့လူတွေ ငတ်မွတ်ခေါင်းပါးမှု၊ အစာရေစာပြတ်လပ်မှုနဲ့ ကြုံတွေ့ရနိုင်တယ်လို့ သတိပေးထားပါတယ်။

    Ref: Japan Today

  • တစ်ပတ် ၄ ရက်ခွဲသာ အလုပ်လုပ်ရမည့် စနစ်ကို ယူအေအီးတွင် ကျင့်သုံးမည်

    တစ်ပတ် ၄ ရက်ခွဲသာ အလုပ်လုပ်ရမည့် စနစ်ကို ယူအေအီးတွင် ကျင့်သုံးမည်

    ဒီဇင်ဘာ ၇၊ ၂၀၂၁
    M-Media

    -တစ်ပတ်ကို ၄ ရက်ခွဲသာအလုပ်လုပ်ရပြီး ၂ ရက်ခွဲပိတ်မယ့် စနစ်ကို လာမယ့်နှစ် ဇန်နဝါရီ ၁ ရက်နေ့ကနေ စတင်ကျင့်သုံးမယ်လို့ အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး) နိုင်ငံက ဒီကနေ့မှာ ကြေငြာပါတယ်။

    တစ်ရက်ကို ၈ နာရီနဲ့ တနင်္လာနေ့ကနေ ကြာသာပတေးနေ့အထိ အလုပ်လုပ်ရပ်မှာဖြစ်ပြီး သောကြာနေ့မှာတော့ နေ့တစ်ဝက် ၄ နာရီခွဲသာ လုပ်ရပ်မှာ ဖြစ်ပါတယ်။ သောကြာနေ့ နေ့တစ်ပိုင်းနဲ့ စနေ၊ တနင်္ဂနွေ နှစ်ရက်က ပိတ်ရက်ဖြစ်မှာပါ။

    ဒီအချိန်ဇယား အပြောင်းအလဲကို အစိုးရရုံးတွေ၊ အဖွဲ့အစည်းတွေမှာ စတင်ကျင့်သုံးမှာဖြစ်ပြီး ပုဂ္ဂလိကကဏ္ဍနဲ့ ကျောင်းတွေမှာ ကျင့်သုံးမလားဆိုတာ တိတိကျကျ မသိရပါဘူး။

    ယူအေအီးနိုင်ငံမှာ တနင်္ဂနွေနေ့ကနေ ကြာသာပတေးနေ့အထိ အလုပ်လုပ်ပြီး သောကြာ၊ စနေ ရုံးပိတ်တဲ့ စနစ်ကို လက်ရှိ ကျင့်သုံးနေတာ ဖြစ်ပါတယ်။ အစ္စလာမ်ဘာသာဝင် အများစုရှိတဲ့အတွက် စုပေါင်း ဝတ်ပြုဆုတောင်းရတဲ့ သောကြာနေ့ကို ရုံးပိတ်ရက်အဖြစ် သတ်မှတ်ထားတာပါ။

    အခုအပြောင်းအလဲသစ်ဟာ ကမ္ဘာတစ်ဝှမ်းလုံး ကျင့်သုံးနေတဲ့ ရုံးပိတ်ရက်စနစ်နဲ့ ကိုက်ညီကာ စီးပွားရေးမှာ ပိုမိုယှဉ်ပြိုင်နိုင်စွမ်းရှိလာရေး ရည်ရွယ်လုပ်ဆောင်တာ ဖြစ်တယ်လို့ ယူအေအီး အစိုးရတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

    သောကြာနေ့ နေ့တစ်ဝက် အလုပ်ဆင်းဖို့အတွက် အစိုးရဝန်ထမ်းတွေဟာ အိမ်ကနေ အလုပ်လုပ်တာ ဒါမှမဟုတ် အဆင်ပြေမယ့်အချိန် အလုပ်ဆင်းတာ စသဖြင့် စိတ်ကြိုက် ရွေးချယ်နိုင်မယ်လို့ အစိုးရထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

    သောကြာနေ့ဝတ်ပြုဆုတောင်းမှုကို နေ့လည် ၁ နာရီ ၁၅ မှာ စတင်ဖို့လည်း သတ်မှတ်ထားပါတယ်။

    ယူအေအီးဟာ အရင်က စနေနေ့ကနေ ဗုဒ္ဓဟူးနေ့အထိ အလုပ်ဆင်းရပြီး ကြာသာပတေး၊ သောကြာ ရုံးပိတ်တဲ့စနစ်ကို ကျင့်သုံးကာ ၂၀၀၆ ခုနှစ်ရောက်မှ လက်ရှိ သောကြာ၊ စနေပိတ်တဲ့စနစ်ကို ပြောင်းလဲလိုက်တာ ဖြစ်ပါတယ်။

    Ref: Aljazeera