News @ M-Media

Blog

  • မြန်မာ့လေတပ် စစ်ဦးစီး အရာရှိချုပ် ပြောင်းလဲခန့်ထား

    မြန်မာ့လေတပ် စစ်ဦးစီး အရာရှိချုပ် ပြောင်းလဲခန့်ထား

    ဇွန် ၂၉၊ ၂၀၁၅
    M-Media

    airforce

    – မြန်မာ့လေတပ်မှ အဆင့်မြင့် အရာရှိတစ်ဦးကို ဖယ်ရှားကာ အစားထိုးလိုက်ပြီဟု တာဝန်ရှိသူများက ယနေ့တွင် ပြောကြားခဲ့ပြီး ထိုသို့ အစားထိုးရခြင်းမှာ လွန်ခဲ့သည့် ၃ လက လေတပ်မှ ကြဲချသည့်ဗုံးများ တရုတ်နိုင်ငံအတွင်းသို့ ကျရောက်ခဲ့ကာ လယ်သမား ၄ ဦး သေဆုံးခဲ့ရသည့်အတွက် တရုတ်နိုင်ငံ၏ အမျက်ထွက်မှုကို တုံ့ပြန်ခြင်းဖြစ်သည်ဟု ရှုမြင်ကြသည်။

    လေတပ်စစ်ဦးစီး အရာရှိချူပ် ဗိုလ်ချုပ်လွင်ဦး၏ နေရာအား  ဗိုလ်မှူးချူပ် မောင်မောင်ကျော်နှင့် အစားထိုးခဲ့ခြင်းဖြစ်သည်ဟု သမ္မတရုံးမှ အကြီးတန်း တာဝန်ရှိသူ တစ်ဦးက Reuters သတင်းဌာသို့ ပြောကြားခဲ့သည်။ သို့သော်လည်း အဆိုပါ အပြောင်းအရွှေ့မှာ မည်သည့်အချိန်က ဖြစ်ခဲ့သည်ကို ရှင်းရှင်းလင်း သိရခြင်းမရှိပေ။

    ၄၉ နှစ်ကြာ စစ်အာဏာရှင်စနစ် မှ ၂၀၁၁ ခုနှစ်တွင် ပြုပြင်ပြောင်းလဲရေးလုပ်ခဲ့သည့် မြန်မာနိုင်ငံမှာ ယခုအချိန်တွင် အရပ်သားတစ်ပိုင်း အစိုးရ ဖြစ်နေပြီဖြစ်သည်။ သို့သော်လည်း စစ်တပ်အတွင်း အဆင့်မြင့်အရာရှိများ အပြောင်းအရွှေ့များတွင် လျှို့ဝှက်ဖုံးကွယ်မှုများ ဆက်လက်ရှိနေဆဲ ဖြစ်သည်။ ယခုကိစ္စမှာလည်း အထိအခိုက်မခံသည့် ကိစ္စဖြစ်သည့်အတွက်ကြောင့် တာဝန်ရှိသူများက Reuters သတင်းဌာနအား အမည်ဖေါ်လိုသည့် အခြေအနေတွင် ပြောကြားခဲ့သည်။

    လေတပ်တာဝန်ရှိသူတစ်ဦးကမူ ဗိုလ်ချုပ်လွင်ဦးမှာ ယခုနှစ်အစောပိုင်းတွင် မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် MNDAA အား တိုက်ခိုက်သည့်တိုက်ပွဲတွင် တရုတ်နိုင်ငံဘက်သို့ ဗုံးဆံ ကျရောက်မှုကြောင့် ထိုကဲ့သို့ ရာထူးဆုံးရှုံးရကြောင်း ယုံကြည်ရသည်ဟု ဆိုသည်။

    “ကျွန်တော်တို့နားလည်သလောက်တော့ သူဟာ လေတပ်က တရုတ်ပိုင်နက်အတွင်းကို ဗုံးဆံချော်ပြီး ကျသွားတဲ့အတွက် အပြစ်ပေးခံရတဲ့အနေနဲ့ ဖယ်ရှားခံရတာပါပဲ” ဟု အဆိုပါ တာဝန်ရှိသူက ပြောကြားခဲ့သည်။

    မြန်မာစစ်တပ်မှာ တရုတ်နိုင်ငံအတွင်းသို့ ဗုံးဆံကျရောက်မှုအတွက် စောစောပိုင်းတွင် ငြင်းဆိုခဲ့သော်လည်း နောက်ပိုင်းတွင် လက်ခံခဲ့ကာ ပြန်လည်တောင်းပန်ခဲ့သည်။

    Ref: Channelnewsasia

  • ဂါဇာသို့သွားရောက်သည့် တက်ကြွလှုပ်ရှားသူများ၏ သင်္ဘောကို အစ္စရေးဖမ်းဆီး

    ဂါဇာသို့သွားရောက်သည့် တက်ကြွလှုပ်ရှားသူများ၏ သင်္ဘောကို အစ္စရေးဖမ်းဆီး

    ဇွန် ၂၉၊ ၂၀၁၅
    M-Media

    gaz

    – ဂါဇာအား ရေကြောင်းပိတ်ဆို့ထားမှုကို ဖယ်ရှားရန်နှင့် ဂါဇာပြည်သူများနှင့်အတူ စည်းလုံးညီညွတ်မှုကို ပြသရန် သွားရောက်သည့် သင်္ဘောအုပ်စုကို အစ္စရေးအာဏာပိုင်များက ဖမ်းဆီးလိုက်သည်ဟု သိရသည်။

    အစ္စရေးစစ်တပ်မှ ယနေ့တွင် ထုတ်ပြန်သော ကြေညာချက်တွင် ထိုသင်္ဘောငယ်အုပ်စုမှ Marianne သင်္ဘောကို အင်အားသုံးခြင်းမရှိဘဲ အစ္စရေးရှိ အက်ရှ်ဒေါ့ဒ်မြို့သို့ လမ်းကြောင်းပြောင်းခိုင်းခဲ့သည်ဟု ဖော်ပြခဲ့သည်။

    အစ္စရေးစစ်တပ်မှ ပြောရေးဆိုခွင့်ရှိသူ အဗီချေး အက်ဒရေးကမူ ထိုကဲ့သို့ ဖမ်းဆီးခေါ်ဆောင်သွားရခြင်းမှာ ၎င်းတို့က အစ္စရေးရေတပ်၏ သတိပေးချက်ကို နားမထောင်သောကြောင့် ဆောင်ရွက်ရခြင်းဖြစ်ပြီး မည်သူ့ကိုမှ နာကျင်ခြင်းမရှိဘဲ လျင်လျင်မြန်မြန်
    ဆောင်ရွက်ခဲ့သည်ဟု ဆိုသည်။

    အဆိုပါသင်္ဘောငယ်အုပ်စုမှ ပြောရေးဆိုခွင့်ရှိသူ ပက်ထရို့စ် စတာဂူကမူ ယနေ့နံနက် ဒေသစံတော်ချိန် နံနက် ၂ နာရီခန့်က စစ်သင်္ဘော ၃ စီး ရောက်လာသည့်အချိန်တွင် Marianne သင်္ဘောနှင့် အဆက်အသွယ်ပြတ်တောက်သွားသည်ဟု ပြောကြားခဲ့သည်။

    “ကျွန်တော်တို့ သိထားတာကတော့ အစ္စရေးရေတပ်ဟာ ဂါဇာကမ်းခြေနဲ့ ရေမိုင် ၁၀၀ လောက်အကွာမှာ Marianne သင်္ဘောကို တိုက်ခိုက်တယ် ဆိုတာပါပဲ။ စစ်သင်္ဘော ၃ စီးလာနေတာကို မြင်ရပြီး စစ်တပ်ပဲဖြစ်မယ်လို့ သူတို့(သင်္ဘောပေါ်မှာရှိသူတွေ) က ပြောခဲ့ပါတယ်။ အစ္စရေးအစိုးရနဲ့ စစ်တပ်ဟာ နိုင်ငံတော်ပင်လယ်ဓားပြပုံစံမျိုး ထပ်လုပ်ပြီး ကျွန်တော်တို့ သင်္ဘောကို နိုင်ငံတကာရေပိုင်နက်မှာ တိုက်ခိုက်ခဲ့တာပါပဲ” ဟု စတာဂူက ထည့်သွင်းပြောကြားခဲ့သည်။

    အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက သင်္ဘောပေါ်တွင်ပါလာသည့် ခရီးသည်များအား ထိန်းသိမ်းရန် စစ်တပ်ကို အမိန့်ပေးခဲ့သည်။

    အဆိုပါသင်္ဘောမှာ Freedom Flotilla III ဟု အမည်ရသည့် သင်္ဘောငယ် ၄ စီးအုပ်စုမှ တစ်စီးဖြစ်ပြီး အာရပ်အစ္စရေး လွှတ်တော်အမတ် ဘေဆယ် ဂါတာ့စ်၊ တူနီးရှား သမ္မတဟောင်း မွန်ဆက်ဖ် မာဇူကီနှင့် အနည်းဆုံး ဥရောပအမတ်တစ်ဦး အပါအ၀င် ပါလက်စတိုင်းအရေး တက်ကြွလှုပ်ရှားသူများကို တင်ဆောင်သွားသည့် သင်္ဘောလည်းဖြစ်သည်။

    ၂၀၁၀ ခုနှစ်ကလည်း ဂါဇာပြည်သူများအား လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများပေးရန် သွားရောက်ခဲ့သည့် သင်္ဘောငယ်အုပ်စုမှ တူရကီသင်္ဘော Mavi Marmara ကို အစ္စရေးကွန်မန်ဒိုများက မနက်စောစောတွင် ၀င်ရောက်စီးနင်း ပစ်ခတ်ခဲ့ပြီး တူရကီ တက်ကြွလှုပ်ရှားသူ ၁၀ ဦး သေဆုံးခဲ့သည်။

    နောက်ပိုင်းတွင် ထိုကဲ့သို့ အကူအညီပေးရေးလှုပ်ရှားမှုများကို ပြုလုပ်ခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။

    Ref: Aljazeera

  • လန်ဒန်ရှိ ဘောလုံးကွင်းဆောက်လုပ်ရေးတွင် လူတစ်ဦး ပြုတ်ကျသေဆုံး

    လန်ဒန်ရှိ ဘောလုံးကွင်းဆောက်လုပ်ရေးတွင် လူတစ်ဦး ပြုတ်ကျသေဆုံး

    ဇွန် ၂၉၊ ၂၀၁၅
    M-Media

    london

    – ကမ္ဘာ့လား ရဘ်ဘီပြိုင်ပွဲ ကျင်းပရန်နှင့် ၀က်စ်ဟမ်းအသင်း၏ အိမ်ကွင်းအဖြစ် အသုံးပြုရန် လန်ဒန်မြို့တွင် ဆောက်လုပ်နေသည့် အိုလံပစ်အားကစားကွင်းတွင် အလုပ်သမားတစ်ဦး ပြုတ်ကျသေဆုံးခဲ့ပြီးနောက် ဆောက်လုပ်ရေးလုပ်ငန်းများကို ရပ်ထားလိုက်ပြီဟု သိရသည်။

    ပြုတ်ကျသေဆုံးသူမှာ အသက် ၄၄ နှစ်အရွယ် အမျိုးသားတစ်ဦးဖြစ်ပြီး ရဲတပ်ဖွဲ့ကလည်း သေဆုံးကြောင်း အတည်ပြုခဲ့သည်။

    “ရဲတပ်ဖွဲ့ဝင်တွေကို တနင်္ဂနွေနေ့မနက် ၇ နာရီခွဲလောက်မှာ ကစားကွင်းက ဖုန်းခေါ်ခဲ့ပြီး လူတစ်ယောက် ကွင်းပေါ်ကနေ မြေကြီးပေါ်ပြုတ်ကျကာ သတိလစ်နေတယ်လို့ အကြောင်းကြားခဲ့ပါတယ်။ ရဲတပ်ဖွဲ့ဝင်တွေ အခင်းဖြစ်ရာနေရာကို ရောက်ရှိတဲ့အချိန်မှာ အဲဒီလူက မလှုပ်ရှားတော့ပါဘူး။ လန်ဒန်လူနာတင်ယာဉ်အဖွဲ့ ရောက်လာပြီး ၈ နာရီမထိုးခင်လောက်မှာ သေဆုံးကြောင်း ကြေညာခဲ့ပါတယ်” ဟု လန်ဒန်ရဲတပ်ဖွဲ့မှ ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြထားသည်။

    အဆိုပါကွင်းအား ဆောက်လုပ်နေသော Balfour Beatty ကုမ္ပဏီကမူ အခင်းဖြစ်ပွားရာနေရာကို ကြည့်ရှုစစ်ဆးနေပြီး ပြည့်ဝသည့် စုံစမ်းစစ်ဆေးမှုကို ဆောင်ရွက်နေသည့်အချိန်တွင် မိမိတို့အနေဖြင့် တာဝန်ရှိသူများနှင့် ပူးပေါင်းဆောင်ရွက်နေသည်ဟု ပြောကြားခဲ့သည်။

    “ဆောက်လုပ်ရေးလုပ်ငန်းတွေအားလုံးကို ရပ်ထားပါတယ်။ သေဆုံးသွားသူရဲ့ မိသားစု၊ မိတ်ဆွေ သူငယ်ချင်းတွေနဲ့အတူ ကျွန်တော်တို့ ထပ်တူထပ်မျှ ကြေကွဲရပါတယ်”

    အဆိုပါ အိုလံပစ်ဘောလုံးကွင်းမှာ စက်တင်ဘာနှင့် အောက်တိုဘာလတွင် ကမ္ဘာ့ဖလားရပ်ဘီပွဲ ၅ ပွဲကို ယှဉ်ပြိုင်ကစားသွားမည် ဖြစ်ကာ ၂၀၁၆ ခုနှစ်တွင် ၀က်စ်ဟမ်းအသင်း၏ အိမ်ကွင်းအဖြစ် အသုံးပြုသွားမည်ဖြစ်သည်။

    Ref: Goal

  • အကြွေးပြဿနာကြောင့် ဘဏ်များကို ဂရိအစိုးရ ယာယီပိတ်ပစ်

    အကြွေးပြဿနာကြောင့် ဘဏ်များကို ဂရိအစိုးရ ယာယီပိတ်ပစ်

    ဇွန် ၂၉၊ ၂၀၁၅
    M-Media

    grece

    – ဂရိအတွက် အရေးပေါ်ရန်ပုံငွေ ထပ်ဆောင်းမပေးတော့ဟု ဥရောပဗဟိုဘဏ် ECB က ပြောကြားခဲ့ပြီးနောက်ပိုင်း နိုင်ငံအတွင်းရှိ ဘဏ်များအားလုံးကို ယာယီပိတ်ထားလိုက်ပြီဟု ဂရိဝန်ကြီးချုပ် အလက်ဇစ် တီစီပရက်စ်က ပြောကြားလိုက်သည်။

    ယမန်နေ့က ရုပ်မြင်သံကြားမှ ပြောကြားသည့်မိန့်ခွန်းတွင် တီစီပရက်စ်က အစိုးရအနေဖြင့် အကြွးကိစ္စအတွက် မရေမရာဖြစ်နေသည့် နောက်ဆုံးရက်မတိုင်ခင် ငွေကြေးပမာဏ ထိန်းချုပ်မှုကို စတင်ဆောင်ရွက်သွားမည်ဟု ဆိုသည်။

    ဂရိမှာ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့သို့ အင်္ဂါနေ့နောက်ဆုံးထား၍ အကြွေး ၁.၈ ဘီလီယံပေးရန် လိုအပ်နေပြီး ထိုသို့မပေးပါက ဘဏ္ဍာရေးအန္တရာယ်နှင့် ရင်ဆိုင်ရဖွယ် ရှိနေသည်။ ဂရိကမူ အကြွေးပေးရမည့် နောက်ဆုံးရက်ကို တိုးမြှင့်ပေးရန် တောင်းဆိုခဲ့သော်လည်း ဥရောပဇုန်ရှိ ဘဏ္ဍာရေးဝန်ကြီးများက ပယ်ချခဲ့သည်။

    နိုင်ငံတကာကြွေးရှင်များမှ ကမ်းလှမ်းသော အကြွေးပြဿနာကယ်တင်ရေး အဆိုပြုချက်အတွက် လူထုဆန္ဒခံယူရန် စီစဉ်ထားသည့်ရက်၏ နောက်တစ်နေ့ ဇူလိုင် ၆ ရက်နေ့အထိ ဘဏ်များကို ပိတ်ထားရန် ဂရိအစိုးရ တာဝန်ရှိသူများက ယမန်နေ့တွင် အတည်ပြုခဲ့သည်။

    သို့သော်လည်း ATM စက်များကိုမူ တနင်္လာနေ့ နေ့လည်ပိုင်းတွင် ပြန်ဖွင့်မည်ဟု ဆိုပြီး လူတစ်ဦးလျှင် တစ်နေ့တာ ငွေထုတ်ယူမှုကို ၆၀ ယူရိုအထိသာ ကန့်သတ်ခွင့်ပြုမည်ဖြစ်သည်။

    သို့သော်လည်း နိုင်ငံအတွင်း နေထိုင်သည့် နိုင်ငံခြားသားများနှင့် နိုင်ငံရပ်ခြား ခရက်ဒစ်ကဒ်များကို ကိုင်ဆောင်ထားသူများမှာ ဘဏ်တွင် ငွေထုတ်မှုကန့်သတ်ချက် သက်ရောက်မည်မဟုတ်ဟု ဂရိအစိုးရက ကြေညာချက်တွင် ဖော်ပြထားသည်။

    ဂရိနိုင်ငံ၏ စတော့အိတ်ချိန်းမှာလည်း တနင်္လာနေ့အထိ ပိတ်ထားမည်ဖြစ်သည်။ ဂရိအနေဖြင့် အကြွေးမပေးနိုင်ပါက ယူရိုဇုန်မှ ထွက်ရမည်ဖြစ်သည်။

    Ref: Aljazeera

  • ရီးယဲလ်ထက်ရှေ့ပိုရောက်ရန် ကစားသမားများဝယ်ရမည်ဟု ဘာကာဥက္ကဌပြော

    ရီးယဲလ်ထက်ရှေ့ပိုရောက်ရန် ကစားသမားများဝယ်ရမည်ဟု ဘာကာဥက္ကဌပြော

    ဇွန် ၂၉၊ ၂၀၁၅
    M-Media

    baca

    – ခါးသီးသောပြိုင်ဘက် ရီးယဲလ်မက်ဒရစ်ထက် အရှေ့ရောက်ချင်ပါက မိမိတို့အသင်းအနေဖြင့် အပြောင်းအရွှေ့ဈေးကွက်တွင် ရင်းနှီးမြှုပ်နှံမှု မဖြစ်မနေလုပ်ရမည်ဟု ဘာစီလိုနာအသင်းဥက္ကဌ ဂျိုးဆက်ပ် ဘာတိုမြူက ပြောကြားလိုက်သည်။

    ၂၀၁၄-၁၅ ဘောလုံးရာသီတွင် ဘာစီလိုနာမှာ လာလီဂါ၊ စပိန်ရှုံးထွက်ဖလားနှင့် ချန်ပီယံလိဂ်ဖလား ၃ လုံး ရရှိခဲ့သည်။ ယခုလက်ရှိအချိန်တွင် ဘာစီလိုနာခေါ်ယူထားသည့် ကစားသမားမှာ ဆီးဗီးလားအသင်းမှ အလီဇစ်ဗီဒဲလ်တစ်ဦးတည်းသာ ရှိသေးပြီး ၎င်းမှာလည်း ဘာစီလိုနာအသင်း အပြောင်းအရွှေ့ ပိတ်ပင်ထားမှု အဆုံးသတ်သည့် ဇန်န၀ါရီလတွင်မှ ကစားနိုင်မည်ဖြစ်သည်။

    “ကျွန်တော်တို့ အရှိန်လျှော့လို့မရပါဘူး။ ဒါမျိုးလုပ်ရင် ရီးယဲလ်လို ပြိုင်ဘက်တွေက အခွင့်အရေး ယူသွားမှာပါ။ အပြောင်းအရွှေ့ဈေးကွက်မှာ သူတို့ဟာ တက်တက်ကြွကြွ အရောင်းအ၀ယ်တွေ လုပ်နေပါတယ်။ အမှုဆောင်ဘုတ်အဖွဲ့ကလည်း အသင်းအတွက် အကျိုးရှိမယ့်ကိစ္စတွေ လုပ်ပေးရပါမယ်။ လာမယ့်ရာသီမှာ အသင်းကို ပိုပြီး ယှဉ်ပြိုင်လိုစိတ်ရှိဖို့ ဘာစီလိုနာက မနားမနေ ကြိုးစားရပါမယ်” ဟု ဘာတိုမြူက ပရိတ်သတ်များအား ပြောကြားခဲ့သည်။

    ဘာစီလိုနာတွင် ဇူလိုင်လ ၁၇ ရက်နေ့၌ ဥက္ကဌရွေးကောက်ပွဲရှိနေပြီး ဘာတိုမြူမှာ ဥက္ကဌဟောင်းလာပေါ်တာနှင့် ရင်ဆိုင်ယှဉ်ပြိုင်နေရကာ ဒေသတွင်း မီဒီယာများကမူ ဘာတိုမြူသာ အသာရလိမ့်မည်ဟု ခန့်မှန်းထားကြသည်။

    ထိပ်တန်းကစားသမားများကို ခေါ်ယူမည်ဆိုခြင်းက ဥက္ကဌဖြစ်ရေးမဲဆွယ်ပွဲတွင် အဓိက လက်နက်တစ်ခုဖြစ်ပြီး လာပေါ်တာကမူ ဂျူဗင်တပ်စ်အသင်း၏ ပြင်သစ်တိုက်စစ်မှူး ပေါ့ဘာကို ခေါ်ယူရန် ရည်ရွယ်ထားသည်ဟု ထုတ်ဖော်ပြောဆိုခဲ့သည်။ ဘာတိုမြူမှာ ၂၀၁၃ ခုနှစ် နေးမာ၏ အပြောင်းအရွှေ့တွင် အခွန်တိမ်းရှောင်မှုအတွက် တရားစွဲဆိုခြင်း ခံထားရသူဖြစ်သည်။

    Ref: Goal