News @ M-Media

Blog

  • ပေါ့ဘာအား ဘာကာ၏ ယူရို သန်း ၈၀ ဖြင့် ကမ်းလှမ်းမှု ဂျူဗီပယ်ချ

    ပေါ့ဘာအား ဘာကာ၏ ယူရို သန်း ၈၀ ဖြင့် ကမ်းလှမ်းမှု ဂျူဗီပယ်ချ

    ဇူလိုင် ၂၊ ၂၀၁၅
    M-Media

    pobga

    – မိမိတို့အသင်း၏ အဓိက ကစားသမား ပေါ့ဘာအတွက် ဘာစီလိုနာအသင်းက ယူရိုသန်း ၈၀ ဖြင့် ကမ်းလှမ်းခဲ့သော်လည်း ပယ်ချခဲ့သည်ဟု ဂျူဗင်တပ်စ်အသင်း၏ အထွေထွေဒါရိုက်တာဖြစ်သူ ဂူဆက်ပီ မာရော့တာက အတည်ပြု ပြောကြားလိုက်သည်။

    ဘာစီလိုနာမှ ဒါရိုက်တာများဖြစ်ကြသော အရီဒို ဘရိုင်ဒါနှင့် အလ်ဘာတို ဆိုလာတို့မှာ မာရော့တာ၊ ဂျူဗီ အားကစားဒါရိုက်တာ ဖေဘီယို ပါရာတစ်တို့နှင့် တွေ့ဆုံရန် အီတလီသို့ သွားခဲ့ကြပြီး ယမန်နေ့က ဆွေးနွေးခဲ့ကြကာ ယခုကဲ့သို့ ကမ်းလမ်းမှု ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

    “ဘာစီလိုနာက ပေါ့ဘာအတွက် ယူရို သန်း ၈၀ နဲ့ ကမ်းလှမ်းခဲ့ပေမယ့် ကျွန်တော်တို့ကတော့ သူ့ကို မရောင်းချင်ပါဘူး” ဟု မာရော့တာက Gazzetta dello Sport သတင်းစာသို့ ပြောကြားခဲ့သည်။

    ဘာစီလိုနာမှာ ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလအထိ ကစားသမားသစ် ခေါ်ယူခွင့်မရှိသော်လည်း ပေါ့ဘာမှာ ယခုနှစ်တွင် ဘာစီလိုနာ၏ အဓိက ပစ်မှတ်ကစားသမား ဖြစ်လာခဲ့သည်။

    ဘာစီလိုနာဥက္ကဌရွေးကောက်ပွဲကို လာမည့်နှစ်ပတ်ကျော်တွင် ကျင်းပရန်ရှိနေပြီး ပါဝင်ယှဉ်ပြိုင်သူများဖြစ်သော လက်ရှိဥက္ကဌ ဘာတိုမြူနှင့် ဥက္ကဌဟောင်း လာပေါ်တာတို့မှာ ပေါ့ဘာအား ယခုလောလောဆယ် ၀ယ်ယူချင်နေပြီး ၂၀၁၆-၁၇ ဘောလုံးရာသီ စတင်ကစားရန် စာရင်းသွင်းမည် ဖြစ်သည်။

    ဂျူဗင်တပ်စ်အသင်းကလည်း အဓိကကစားသမားများဖြစ်သည့် တီဗက်ဇ်နှင့် ပီယာလိုတို့ကို လက်လွှတ်လိုက်ရသောကြောင့် နောက်ထပ် အားထားရသည့် ကစားသမားများကို လက်လွှတ်ရန် ဆန္ဒမရှိတော့ပေ။ သို့သော်လည်း နောက်နှစ် နွေရာသီတွင်မူ ရောင်းထုတ်သွားရန် ရှိနေပြီး ဘာစီလိုနာကလည်း ယူရို သန်း ၁၀၀ အထိ တိုးမြှင့်ပေးသွားဖွယ်ရှိနေသည်။

    ၂၀၁၂ ခုနှစ်က မန်ယူမှ ပြောင်းရွှေ့သွားခဲ့သည့် ပေါ့ဘာမှာ ဂျူဗင်တပ်စ်အသင်းတွင် ထိပ်တန်းအသင်းများ၏ အလိုချင်ဆုံးကစားသမားတစ်ဦးအဖြစ် တိုးတက်လာခဲ့သည်။

    Ref: Goal

  • လူမျိုးရေးစော်ကားမှုကြောင့် အမေရိကန် သမ္မတလောင်း သူဌေးကြီးနှင့် စီးပွားရေးလုပ်ငန်းများကို ရုပ်သံ ဌာနများ ရပ်ဆိုင်း

    လူမျိုးရေးစော်ကားမှုကြောင့် အမေရိကန် သမ္မတလောင်း သူဌေးကြီးနှင့် စီးပွားရေးလုပ်ငန်းများကို ရုပ်သံ ဌာနများ ရပ်ဆိုင်း

    ဇူလိုင် ၂၊ ၂၀၁၅
    M-Media

    nbc

    – ၂၀၁၆ အမေရိကန်သမ္မတရွေးကောက်ပွဲ မဲဆွယ်မှုတွင် ပြောကြားခဲ့သော မက္ကဆီကန် ရွှေ့ပြောင်းအခြေချလာသူများအပေါ် လူမျိုးရေးခွဲခြားစော်ကားသည့် မှတ်ချက်အတွက် သမ္မတလောင်းအဖြစ် ၀င်ရောက်ယှဉ်ပြိုင်မည့် အမေရိကန် သူဌေးကြီး ဒေါ်နယ် ထရမ့်ပ်နှင့် စီးပွားရေးဆိုင်ရာ ဆက်ဆံမှုအားလုံးကို အဆုံးသတ်လိုက်ပြီဟု NBC ရုပ်သံဌာနက ပြောကြားလိုက်သည်။

    NBC နှင့် ထရမ့်ပ်တို့ ပူးပေါင်းကာ နှစ်စဉ်တင်ဆက်နေသည့် Miss USA နှင့် Miss Universe အလှမယ် ပြိုင်ပွဲများကိုလည်း ထပ်မံ ထုတ်လွှင့်သွားတော့မည်မဟုတ်ဟုလည်း ဆိုသည်။ NBC မှာ အဆိုပါ ပြိုင်ပွဲများကို ၂၀၀၃ ခုနှစ်ကတည်း ဆက်တိုက် ထုတ်လွှင့်လာခဲ့ခြင်းဖြစ်ပြီး ယခုနှစ်အတွက် ပြိုင်ပွဲကို ဇူလိုင်လ ၁၂ ရက်နေ့တွင် ကျင်းပပြုလုပ်ရန် စီစဉ်ထားသည်။

    “NBC မှာ လူသားအားလုံးအတွက် လေးစားမှုနဲ့ ဂုဏ်သိက္ခာဟာ ကျွန်တော်တို့ တန်ဖိုးတွေရဲ့ အခြေခံအုတ်မြစ်ဖြစ်ပါတယ်” ဟု ပြီးခဲ့သည့်ရက်ပိုင်းက ထုတ်ပြန်ခဲ့သော ကြေညာချက်တွင် NBC က ဖော်ပြထားသည်။ ထရမ့်ပ်ကလည်း အားနည်းသော NBC အနေဖြင့် ၎င်းအား တရားရုံးတွင် ရင်ဆိုင်ရန် ပြင်ဆင်ထားသင့်သည်ဟု ပြောကြားခဲ့သည်။

    ပြီးခဲ့သည့် တနင်္လာနေ့နှောင်းပိုင်းက မက္ကဆီကိုရှိ မီဒီယာကြီးတစ်ခုဖြစ်သော Televisa ကလည်း ၎င်းတို့မှာ Miss Universe အလှမယ်ပြိုင်ပွဲကို ဆက်လက်ထုတ်လွှင့်တော့မည်မဟုတ်ဘဲ အခြားသော ဆက်သွယ်ရေးစီမံကိန်းများနှင့် ပတ်သက်၍ ထရမ့်ပ်နှင့် အလုပ်လုပ်တော့မည်မဟုတ်ဟု ကြေညာခဲ့သည်။

    Televisa မှာ မြောက်အမေရိကတွင် အကြီးဆုံးရုပ်သံဌာနများမှ တစ်ခုဖြစ်ပြီး ၎င်းတို့၏ ကြေညာချက်၌ ထရမ့်ပ်၏ လေးစားသမှုမရှိသော မှတ်ချက်များက မက္ကဆီကိုပြည်သူများအားလုံးကို ဒေါသထွက်စေသည်ဟု ဖော်ပြခဲ့သည်။ ထို့ပြင် မိမိတို့ကုမ္ပဏီအနေဖြင့် ခွဲခြားဆက်ဆံမှု၊ လူမျိုးရေးခွဲခြားမှု၊ နိုင်ငံခြားသားကြောက်ရောဂါ ပုံစံအားလုံးကို ပြင်းပြင်းထန်ထန် ဆန့်ကျင်သည်ဟုလည်း ဆိုသည်။

    ထရမ့်ပ်၏ ကိုယ်စားလှယ်ကမူ ထိုကိစ္စနှင့်ပတ်သက်၍ မည်သည့်မှတ်ချက်မှ မပေးခဲ့ပေ။

    လွန်ခဲ့သည့်တစ်ပတ်ကလည်း အခြားမီဒီယာကုမ္ပဏီတစ်ခုဖြစ်သည့် Univision က အဆိုပါ လူမျိုးရေးခွဲခြားမှုကြောင့် ထရမ့်ပ်၊ အလှမယ်ပြိုင်ပွဲများနှင့် လမ်းခွဲရန် ဆုံးဖြတ်ခဲ့သည်။ ထရမ့်ပ်မှာ NBC ၏ The Apprentice အစီအစဉ် တင်ဆက်သူလည်းဖြစ်ပြီး ယခုအချိန်တွင် တင်ဆက်ခွင့်မရတော့ဘဲ NBC က အခြားတစ်ဦးကို ရှာဖွေနေသည်။

    ထရမ့်ပ်က မိမိအနေဖြင့် စီးပွားရေးဆုံးရှုံးမည်ကို မျှော်လင့်ထားပြီးဖြစ်သော်လည်း မိမိ၏ မှတ်ချက်မှာ မှန်ကန်သည့်အတွက်ကြောင့် တောင်းပန်သွားမည်မဟုတ်ဟု တုံ့ပြန်ပြောကြားခဲ့သည်။ ထို့ပြင် ၎င်းနှင့် စီးပွားရေးအဆုံးသတ်ခဲ့သည့် လုပ်ငန်းများကိုလည်း တရားစွဲဆိုသွားမည်ဟု ကြေညာချက်တွင် ဖော်ပြခဲ့သည်။

    သမ္မတလောင်းအဖြစ် မဲဆွယ်မှုတွင် ထရမ့်ပ်က မက္ကဆီကန် ပြောင်းရွှေ့အခြေချသူများမှာ မူးယစ်ဆေးဝါး၊ ရာဇ၀တ်မှုတို့ကို အမေရိကန်သို့ ယူဆောင်လာပြီး ၎င်းတို့မှာ မုဒိမ်းကောင်များဖြစ်ကာ အနည်းငယ်သာ လူကောင်းများဖြစ်သည်ဟု မိမိယူဆကြောင်း ထည့်သွင်းပြောကြားခဲ့သည်။ ထို့ပြင် မက္ကဆီကိုနှင့် အမေရိကန်နယ်စပ်တစ်လျှောက်တွင် တံတိုင်းတည်ဆောက်ရန်လည်း ၎င်းက
    တိုက်တွန်းခဲ့သည်။

    နောက်ပိုင်းတွင် ထရမ့်ပ်က ၎င်း၏ မှတ်ချက်များမှာ အမေရိကန်၏ ပေါ်လစီချမှတ်သူများကို ရည်ညွှန်း၍ ပြောဆိုခြင်းဖြစ်ပြီး မက္ကဆီကိုအစိုးရနှင့် ပြည်သူများကို ရည်ညွှန်းခြင်းမဟုတ်ဟု ပြန်လည်ဖြေရှင်းခဲ့သည်။

    ထိုမှတ်ချက်ကြောင့် လက်တင်နွယ်ဖွားများနှင့် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများမှာ ထရမ့်ပ်အား ဆန့်ကျင်ဆန္ဒပြခဲ့ကြသည်။

    Ref: AP

  • ခြစားသည်ဟု သက်သေပြနိုင်က ပြဟု ဘလတ္တာစိန်ခေါ်

    ခြစားသည်ဟု သက်သေပြနိုင်က ပြဟု ဘလတ္တာစိန်ခေါ်

    ဇူလိုင် ၂၊ ၂၀၁၅
    M-Media

    fifa

    – မိမိအား ခြစားသည်ဟု သက်သေပြနိုင်သူရှိပါက ထွက်လာရန် ဖီဖာဥက္ကဌ ဘလတ္တာက စိန်ခေါ်လိုက်ပြီး ဖီဖာတွင် အရှုပ်အထွေးများ ရှိနေသော်လည်း မိမိအနေဖြင့် လိပ်ပြာသန့်သည်ဟု ပြောကြားခဲ့သည်။

    ဖီဖာ၏ တာဝန်ရှိသူဟောင်းများနှင့် လက်ရှိတာဝန်ရှိသူများကို အက်ဖ်ဘီအိုင်က ဖမ်းဆီးကာ ခြစားမှု၊ လာဘ်ပေးလာဘ်ယူမှုတို့ဖြင့် တရားစွဲဆိုထားပြီး ဆွစ်ဇာလန်ရဲတပ်ဖွဲ့လည်း ၎င်းတို့မှာ ၂၀၁၈နှင့် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲ အိမ်ရှင်အဖြစ် ရွေးချယ်မှုနှင့်ပတ်သက်၍ လာဘ်ယူမှုများ ရှိခဲ့သလားဆိုသည်ကို စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေသည်။

    ဘလတ္တာမှာ ထိုကဲ့သို့ ဖမ်းဆီးမှုများနှင့် တရားစွဲဆိုမှုများအတွက် တာဝန်ယူရန် ငြင်းဆိုခဲ့ပြီး ဖီဖာမှာ ထိုစွပ်စွဲချက်များအတွက် အက်ဖ်ဘီအိုင်နှင့် ပူးပေါင်းဆောင်ရွက်နေသည်ဟု အခိုင်အမာ ပြောကြားခဲ့ကာ မေလ ရွေးကောက်ပွဲတွင် ပြန်လည် အရွေးခံခဲ့ရသည်။

    သို့သော်လည်း ၄ ရက်အကြာတွင် ရာထူးမှနှုတ်ထွက်တော့မည်ဟု ကြေညာခဲ့ပြီးနောက် ၎င်းကိုယ်တိုင် ထိုပြဿနာများတွင် ပါဝင်နေသည်ဟု စွပ်စွဲခြင်းခံနေရကာ ၎င်းကမူ ငြင်းဆိုခဲ့သည်။

    “ကျွန်တော် လိပ်ပြာသန့်ပါတယ်။ တကယ်လို့ တစ်ယောက်ယောက်က ကျွန်တော်ဟာ ခြစားတယ်လို့ ဆိုလာရင် ဒီစကားလုံးရဲ့အဓိပ္ပါယ်ကို ခင်ဗျားသိလားဆိုပြီး ကျွန်တော် မေးမိမှာပါပဲ။ ကျွန်တော့်ကို ခြစားတယ်လို့ပြောတဲ့ ဘယ်သူမဆို သက်သေပြဖို့ လိုပါတယ်။ ဒါပေမယ့် ဘယ်သူမှ သက်သေမပြနိုင်ပါဘူး။ ဘာ့ကြောင့်လည်းဆိုတော့ ကျွန်တော် ခြမစားခဲ့လို့ပါ” ဟု ဘလတ္တာက မီဒီယာတစ်ခုသို့ ပြောကြားခဲ့သည်။

    ထို့ပြင်မိမိမှာ ဘာသာရေးကိုင်းရှိုင်းသူဖြစ်ပြီး အမြဲတမ်းဆုတောင်းကြောင်း၊ ပုပ်ရဟန်းမင်းကြီး ကောင်းချီးပေးထားသည့် ရွှေသားလက်ဝါးကပ်တိုင်ရှိကာ မိမိမှာ တစ်နေ့တွင် ကောင်းကင်ဘုံသွားရမည်ဟု ယုံကြည်ကြောင်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

    Ref: Goal

  • ဒေါ်လာ ၃၂ ဘီလီယံ ပိုင်ဆိုင်မှု အားလုံး လှူ ဒါန်းမည်ဟု ဆော်ဒီတော်ဝင် မင်းသား ကြေညာ

    ဒေါ်လာ ၃၂ ဘီလီယံ ပိုင်ဆိုင်မှု အားလုံး လှူ ဒါန်းမည်ဟု ဆော်ဒီတော်ဝင် မင်းသား ကြေညာ

    ဇူလိုင် ၂၊ ၂၀၁၅
    M-Media

    saudi-prince-alwaleed-bin-talal

    – မိမိကွယ်လွန်သွားသည့်အခါ ကန်ဒေါ်လာ ၃၂ ဘီလီယံရှိသော မိမိ၏ ပိုင်ဆိုင်မှုအားလုံးကို လှူဒါန်းသွားမည်ဟု ဘီလီယံနာဖြစ်သူ ဆော်ဒီတော်ဝင်မင်းသား အလ်ဝလိဒ်က ပြောကြားလိုက်သည်။

    ရက်ရက်ရောရော လှူဒါန်းမှုများကြောင့် လူသိများသည့် မင်းသားဝလိဒ်မှာ ယမန်နေ့က ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်ပြီး ပိုင်ဆိုင်မှုအများအပြားကို ၎င်းတည်ထောင်ထားသော Alwaleed Philanthropic ဖောင်ဒေးရှင်းကို စတင်လွှဲပြောင်းပေးသွားမည်ဟု ဆိုသည်။

    လှူဒါန်းမည့် ၃၂ ဘီလီယံတွင် ၎င်း ဥက္ကဌအဖြစ်ဆောင်ရွက်နေသော Kingdom Holding ကုမ္ပဏီမှ ရှယ်ယာများနှင့် ဆော်ဒီအာရေဗျအပြင်ဘက်ရှိ ၎င်း၏ ပိုင်ဆိုင်မှုများလည်း ပါဝင်မည်ဖြစ်သည်။

    ရီယာ့ဒ်တွင်ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ထုတ်ပြန်သော ကြေညာချက်၌ မင်းသားက ထိုလှူဒါန်းမှုများကို “ယဉ်ကျေးမှုချင်းနားလည်မှု တိုက်တွန်းအားပေးရေး၊ လူ့အဖွဲ့အစည်းများ ဖွံ့ဖြိုးတိုးတက်ရေး၊ အမျိုးသမီးများအား စွမ်းအားမြှင့်တင်ပေးရေး၊ လူငယ်များကို ပျိုးထောင်ပေးရေး၊ သဘာဝဘေးအန္တရာယ်များတွင် အရေးပါသော ကူညီကယ်ဆယ်မှုများ ပြုလုပ်ပေးရေး၊ ခန္တီတရားပိုထားပြီး ပိုမိုနားလည်လက်ခံနိုင်သည့်ကမ္ဘာကြီး ဖန်တီးရေး စသည်တို့အတွက် ပေါင်းကူးတံတားထိုးရာတွင် ကူညီသွားမည်” ဟု ဖော်ပြခဲ့သည်။

    ထို့ပြင် ၎င်း၏လှူဒါန်းမှုများကို လာမည့်နှစ်များတစ်လျှောက် ကောင်းမွန်စွာ စီစဉ်ထားသော အစီအစဉ်များဖြင့် ခွဲဝေသတ်မှတ်သွားမည်ဖြစ်ပြီး မည်သည့်အချိန်တွင် လှူဒါန်းမှုပြုလုပ်ရမည်ဟု အချိန်သတ်မှတ်ချက်မပါဝင်ဟု ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

    “ဒါဟာ နယ်နမိတ်ကန့်သတ်မှုမရှိတဲ့ ကတိက၀တ်ပါ။ ပြီးတော့ လူသားအားလုံးအတွက်လည်း ဖြစ်ပါတယ်” ဟု အလ်ဝလိဒ်က ဆိုသည်။

    ငွေကြေးများကို ပညာရေးနှင့် ကမ္ဘာ့ကျန်းမာရေးကိစ္စများတွင် အဓိကထား လှူဒါန်းသုံးစွဲနေသော Bill and Melinda Gates ဖောင်ဒေးရှင်းက ၎င်းအား လေးစားအားကျစေခဲ့သည်ဟု အလ်ဝလိဒ်က ထည့်သွင်းပြောကြားခဲ့သည်။

    ကွယ်လွန်သွားသည့် ဘုရင်အဘ်ဒူလာ၏ တူတော်သည့် အလ်ဝလိဒ်မှာ ၎င်း၏ ပိုင်ဆိုင်မှုများအား လှူဒါန်းမည့် ဘုတ်အဖွဲ့ကို ကိုယ်တိုင်ဦးဆောင်သွားမည်ဖြစ်သည်။ ၎င်းကွယ်လွန်ပြီးသည့်အခါ သားဖြစ်သူမှာ ထိုဘုတ်အဖွဲ့၏ ဥက္ကဌနှင့် သမီးဖြစ်သူက ဒုဥက္ကဌ ဖြစ်လာမည်ဖြစ်သည်။

    အလ်ဝလိဒ်မှာ ကြေညာချက်ကို ၎င်း၏သားဖြစ်သူ မင်းသား ခါလစ်နှင့် မင်းသမီး ရီအင်မ်တို့နှင့်အတူ ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး သားသမီးနှစ်ဦးစလုံးကလည်း ၎င်း၏ ဆုံးဖြတ်ချက်ကို ထောက်ခံသည်ဟု ပြောကြားခဲ့သည်။

    ၎င်း၏ Kingdom Holding မှ ပိုင်ဆိုင်မှုများတွင် ဥရောပရှိ ဒစ္စနေလန်း အပန်းဖြေပြတိုက် လုပ်ငန်းများ၊ Apple ၏ရှယ်ယာများ စသည်တို့မှ ကြယ်ငါးပွင့်ဟိုတယ်များကို စီမံခန့်ခွဲသည့် Four Seasons လုပ်ငန်း၊ ဘဏ်နှင့် ငွေကြေးလုပ်ငန်း Citigroup တို့အထိ ပါဝင်သည်။

    Ref: IBtimes

  • ၂၂ နှစ်တာ ကျွန်ပြုခံဘ၀မှ လွတ်မြောက်လာသည့် မြန်မာငါးဖမ်းသမား တစ်ဦးရဲ့ အိမ်အပြန်

    ၂၂ နှစ်တာ ကျွန်ပြုခံဘ၀မှ လွတ်မြောက်လာသည့် မြန်မာငါးဖမ်းသမား တစ်ဦးရဲ့ အိမ်အပြန်

    ဇူလိုင် ၂ ၊ ၂၀၁၅
    M-Media

    ADVANCE FOR RELEASE WEDNESDAY, JULY 1, 2015, AND THEREAFTER - In this May 16, 2015 photo, former slave fisherman Myint Naing and his mother, Khin Than, cry as they are reunited after 22 years at their village in Mon State, Myanmar. Myint, 40, is among hundreds of former slave fishermen who returned to Myanmar following an Associated Press investigation into the use of forced labor in Southeast Asia’s seafood industry. (AP Photo/Gemunu Amarasinghe)
    – သူလုပ်ခဲ့သည့် အရာအားလုံးက အိမ်ပြန်ရန် တောင်းဆိုခြင်းဖြစ်သည်။ ထိုတောင်းဆိုမှုကို နောက်ဆုံးအကြိမ် ပြောခဲ့စဉ်က ကျွန်ပြုခံ မြန်မာနိုင်ငံသား မြင့်နိုင်တစ်ယောက် သေလုမျောပါး အရိုက်ခံလိုက်ရသည်။ သို့သော်လည်း အင်ဒိုနီးရှား၏ ဝေးလံခေါင်ဖျားသောဒေသရှိ စက်လှေပေါ်တွင် အတင်း အဓမ္မမ ခိုင်းစေခံရမှု ၈ နှစ်တာလွန်မြောက်ခဲ့ပြီးနောက် မြင့်နိုင်မှာ မိခင်ဖြစ်သူကို တွေ့ရရေး အန္တရာယ် အားလုံးကို ရင်ဆိုင်ရန် စိတ်ဆန္ဒဖြစ်လာခဲ့သည်။

    ထို့ကြောင့် သူ့အား လွတ်မြောက်ခွင့်ပေးရန် အတွက် မြေကြီးပေါ်တွင် ၀ပ်တွားတောင်;ပန်ခဲ့သည်။ သို့သော် စက်လှေမှထွက်သွားရန် ကြိုစားမှုအတွက် စက်လှေပိုင်ရှင်က သူ့အား သတ်ရန်အထိပင် စိတ်ပိုင်းဖြတ်ခဲ့ပြီး ၃ ရက်တိုင်တိုင် အစာရေစာမကျွေးဘဲ သံကြိုးနှင့် ချည်ထားခဲ့လေသည်။

    မြင့်နိုင်တစ်ယောက် လောကကြီးမှ ပျောက်ကွယ်သွားမှာ ကြောက်ခဲ့သည်။ သို့ဆိုလျှင် မိခင်ဖြစ်သူက သူ့အား မည်သည့်နေရာတွင် ရှာဖွေရမှန်း သိမည်မဟုတ်။

    မြင့်နိုင်မှာ အရှေ့တောင်အာရှ ငါးဖမ်းလုပ်ငန်းတွင် ကျယ်ကျယ်ပြန့်ပြန့်ရှိနေသည့် လုပ်အား ခေါင်းပုံဖြတ်အမြတ်ထုတ်မှုကို AP သတင်းဌာနက တစ်နှစ်ကြာ စုံစမ်းစစ်ဆေးဖော်ထုတ်ပြီး ကယ်တင်ခြင်းခံရသော၊ နေရပ်ပြန်ပို့ခြင်းခံရသော ယခင်နှင့် ယခုလက်ရှိ ကျွန်ပြုခံ အလုပ်သမား ၈၀၀ ကျော်မှ တစ်ဦးဖြစ်လေသည်။

    ထိုင်းနိုင်ငံ၏ တရိပ်ရိပ်တက်နေသော ပယ်လယ်စာ လုပ်ငန်း တစ်ခုတည်းတွင်ပင် ရွှေ့ပြောင်းလုပ်သား ခန့်မှန်းချေ ၂ သိန်းခန့် အလုပ်လုပ်နေကြသည်။ ၎င်းတို့ထဲမှာ အများစုမှာ လိမ်လည်လှည့်ဖြားခြင်း၊ ပြန်ပေးဆွဲခြင်း သို့မဟုတ် ရောင်းစားခြင်းတို့ ခံရပြီးနောက် ငါးဖမ်းစက်လှေများပေါ်တွင် အလုပ်လုပ်နေကြရသည်။ ထိုကြမ်းကြုတ်သည့် လူကုန်ကူးမှု ဖြစ်ပွားနေသည်မှာ ဆယ်စုနှစ်နှင့်ချီ၍ ကြာပြီဖြစ်သည်။ အမေရိကန်ပြည်ထောင်စု၊ ဥရောပနှင့် ဂျပန်နိုင်ငံများရှိ ညစာ စားပွဲဝိုင်းများ၊ ကြောင်စာခွက်များတွင် လိုအပ်နေသည့် ငါးဟင်းလျာကို ဖြည့်ဆည်းပေးရန်  ကုမ္ပဏီများက ကျွန်ပြုခံလုပ်သားများအပေါ် မှီခိုနေကြသည်။

    ADVANCE FOR RELEASE WEDNESDAY, JULY 1, 2015, AND THEREAFTER - In this May 16, 2015 photo, former slave fisherman Myint Naing, foreground left, comforts his mother, Khin Than, after she fainted in Mon State, Myanmar, following their reunion after Myint returned after having been gone for 22 years. Myint, 40, is among hundreds of former slave fishermen who returned to Myanmar following an Associated Press investigation into the use of forced labor in Southeast Asia’s seafood industry. (AP Photo/Gemunu Amarasinghe)

    မြင့်နိုင်၊ ၎င်း၏ သူငယ်ချင်းများနှင့် မိသားစုများက အိမ်ပြန်ခရီးစဉ်တွင် လိုက်ပါခဲ့သည့် AP သို့ ဇာတ်ကြောင်းကုန်စင် ပြောပြခဲ့သည်။ ထိုအကြောင်းအရာများက AP မှ အင်တာဗျူးခဲ့သော၊ သို့မဟုတ် စာဖြင့် ပြောပြခဲ့သော မြန်မာ၊ ကမ္ဘောဒီးယား၊ လာအိုနှင့် ထိုင်းနိုင်ငံတို့မှ ယခင်နှင့် လက်ရှိ ကျွန်ပြုခံလုပ်သား ၃၃၀ ကျော်ထဲမှ အများစု၏ ပြောပြချက်များနှင့် အတော်လေးသွားတူနေသည်။

    ၁၉၉၃ ခုနှစ်က ပွဲစားတစ်ယောက်မှာ မြန်မာနိုင်ငံတောင်ပိုင်းရှိ မြင့်နိုင်နေထိုင်ရာ ရွာသို့ လာရောက်ခဲ့ပြီး လူငယ်များအတွက် ထိုင်းနိုင်ငံတွင် အလုပ်ရမည်ဟု ကတိပေးခဲ့သည်။ ထိုစဉ်က မြင့်နိုင်မှာ အသက် ၁၈ နှစ်သာရှိသေးပြီး ခရီးဝေးသွားဖူးသည့် အတွေ့အကြုံလည်းမရှိ။ သို့သော် မိသားစုက ငွေရေးကြေးရေး အဆင်မပြေ။ ထို့ကြောင့် နောက်ဆုံးတွင် မိခင်ဖြစ်သူက လိုက်လျောခဲ့သည်။ ပွဲစား နောက်တစ်ခေါက်ပြန်လာသည့်အခါ သူစုထားသည့် လုပ်သားသစ်များကို အိတ်များယူပြီး အမြန်လိုက်ခဲ့ရန် အပူတပြင်းပြောလေသည်။

    ထိုအချိန်တွင် မိခင်ဖြစ်သူက အိမ်တွင်မရှိ။ မြင့်နိုင်တစ်ယောက် မိခင်ကို နှုတ်ဆက်စကားပင် မပြောလိုက်ရ။

    တစ်လကြာသည့်အခါတွင်တော့ မြင့်နိုင်မှာ ပင်လယ်ထဲသို့ ရောက်နေပြီဖြစ်သည်။ နောက် ၁၅ ရက်ကြာသည့်အခါ သူစီးလာသည့် သင်္ဘောက အင်ဒိုနီးရှားရှိ ဝေးလံခေါင်ဖျားသော တွာလ်ကျွန်းတွင် နောက်ဆုံး ဆိုက်ကပ်သည်။ တွာလ်ကျွန်း၏ ပတ်ပတ်လည်ရေပြင်မှာ ကမ္ဘာပေါ်တွင် ငါးအကြွယ်ဝဆုံး နေရာများထဲမှ တစ်ခုဖြစ်သည်။ ထိုင်းလူမျိုး စက်လှေကပ္ပတိန်က သင်္ဘောပေါ်ရှိ လူတိုင်းကို ၎င်းက ပိုင်ဆိုင်သွားပြီဟု ဟစ်အော်ကြေညာခဲ့သည်။

    “မင်းတို့မြန်မာတွေ ဘယ်တော့မှ အိမ်မပြန်ရတော့ဘူး။ မင်းတို့ကို ရောင်းလိုက်ပြီ။ ဘယ်သူမှ မင်းတို့ကို လာကယ်မှာမဟုတ်ဘူး”

    ADVANCE FOR RELEASE WEDNESDAY, JULY 1, 2015, AND THEREAFTER - In this May 16, 2015, photo, former slave fisherman Myint Naing, center, his mother Khin Than, right and sister Mawli Than, left, walk toward their home while crying after they were reunited after 22 years in their village in Mon State, Myanmar. Myint, 40, is among hundreds of former slave fishermen who returned to Myanmar following an Associated Press investigation into the use of forced labor in Southeast Asia’s seafood industry. (AP Photo/Gemunu Amarasinghe)

    တစ်ကြိမ်ထွက်လျှင် မြင့်နိုင်တစ်ယောက် ပင်လယ်ထဲ၌ သီတင်းပတ်ပေါင်းများစွာ ကုန်ဆုံးရပြီး ထမင်းသာစား၍ အသက်ရှင်ရသည်။ ဖမ်းဆီးရမိသည့် ငါးများကို မည်သူ့မှစား၍မရ။ ထိုင်းနိုင်ငံ၏ ပင်လယ်စာတင်ပို့မှုမှာ ကျယ်ပြန့်လာသောကြောင့် ငါးဖမ်းစက်လှေများမှာ နိုင်ငံခြား ရေပိုင်နက်အထိ ၀င်ရောက်ရာ ငါးအလွန်အကျွံဖမ်းခြင်းကို ပြုလုပ်လာကြသည်။ ထို့ကြောင့် ရွှေ့ပြောင်း လုပ်သားများမှာ ရေပေါ် အကျဉ်းထောင်တွင် လနှင့်ချီ၍ နှစ်နှင့်ချီ၍ ပိတ်မိနေကြတော့သည်။

    အလုပ်များသည့် အချိန်များတွင် ၎င်းတို့မှာ တစ်ရက်လျှင် ၂၄ နာရီလုံးလုံး အလုပ်လုပ်ရသည်။ ဆေးဝါးမရှိ။ ကြိုချက်ထားသော ပင်လယ်ရေသာ သောက်ရသည်။ ခဏနားသည့် သို့မဟုတ် နေမကောင်းသည့် မည်သူ့ကိုမဆို ကပ္ပတိန်က ရိုက်နှက်သည်။ အချို့ငါးဖမ်းစက်လှေများတွင် အလုပ်အကိုင်နှေးသူများကို သတ်ပစ်ကြပြီး အချို့စက်လှေများတွင်မူ ရေထဲသို့ တွန်းချကြသည်ဟု ငါးဖမ်းသမားများက ဆိုသည်။

    မြင့်နိုင်မှာ တစ်လ လျင် ၁၀ ဒေါ်လာသာရပြီး တစ်ခါတစ်ရံတွင် လုံးဝ မရ။ ၃ နှစ်တာလုပ်ကိုင်ခဲ့ပြီးနောက် ၁၉၉၆ ခုနှစ်တွင် ၎င်းက တော်လောက်ပြီဟု ဆုံးဖြတ်ပြီး အိမ်ပြန်ရန်အတွက် ပထမဆုံးအကြိမ် တောင်းဆိုခဲ့လေသည်။

    တောင်းဆိုမှု၏ အဖြေက ဆိုင်ကယ်ဦးထုပ်နှင့် ခေါင်းကွဲအောင် အရိုက်ခံရခြင်းသာ ဖြစ်သည်။

    ထို့နောက် မြင့်နိုင်မှာ ထွက်ပြေးခဲ့သည်။ အင်ဒို မိသားစုတစ်စုက သနားသဖြင့် သူ့အား ကယ်ထားပြီး ဒဏ်ရာများပျောက်ကင်းအောင် ကုသပေးသည်။ ထို့နောက် အစားသောက်နှင့် နေရာထိုင်ခင်းပေးပြီး ၎င်းတို့၏ လုပ်ငန်းတွင် အလုပ်ပေးသည်။ ထိုရိုးရှင်းသော ဘ၀ကို မြင့်နိုင်တစ်ယောက် ငါးနှစ်ကြာ ဖြတ်သန်းခဲ့သည်။ သို့သော်လည်း မြန်မာနိုင်ငံမှ ဆွေမျိုးများ၊ ငါးဖမ်းစက်လှေပေါ်တွင် ကျန်ခဲ့သည့် သူငယ်ချင်းများကို သူက မေ့လို့မရ။

    ၂၀၀၁ ခုနှစ်တွင် ကပ္ပတိန် တစ်ယောက်က အလုပ်လုပ်ရန် သဘောတူလျှင် အိမ်ပြန်ပို့ပေးနေသည်ဟူသော သတင်းကို သူကြားခဲ့သည်။ ထို့ကြောင့် အင်ဒိုနီးရှားတွင် ၈ နှစ်ကြာ နေခဲ့ပြီးနောက် ပင်လယ်ထဲသို့ တစ်ဖန်ပြန်ထွက်ခဲ့လေသည်။

    သို့သော်လည်း အခြေအနေက ပထမအကြိမ်တုန်းကကဲ့သို့ပင် ဆိုးရွားပြင်းထန်ပြီး ငွေကြေးလည်း တစ်ပြားတစ်ချပ်မှမရ။ ထို့ပြင် ကျွန်ပြုရန် လူကုန်ကူးမှုက ပိုပိုဆိုးလာသည်။ မြင့်တက်လာသော ၀ယ်လိုအားကို ပြည့်မီစေရန်အတွက် ပွဲစားများမှာ ဆေးစွဲနေသော၊ ပြန်ပေးဆွဲလာသော ရွှေ့ပြောင်းလုပ်သားများကို သင်္ဘောပေါ်သို့ ပို့ဆောင်လာကြသည်။

    နောက်တစ်ကျော့ ပင်လယ်ပြင်တွင် ၉ လာတာကြာမြင့်ပြီးနောက် မြင့်နိုင်၏ စက်လှေကပ္ပတိန်က သင်္ဘောသားအားလုံးကို စွန့်ပစ်ကာ ထိုင်းနိုင်ငံသို့ တစ်ယောက်တည်းပြန်တော့မည်ဟု ပြောလာသည်။ ခံပြင်းမှု မျှော်လင့်ချက်မဲ့မှုနဲ့အတူ ကျွန်ပြုခံ မြန်မာလုပ်သား မြင့်နိုင် တစ်ယောက် အိမ်ပြန်ရန်အတွက် တစ်ကြိမ် ထပ်တောင်းပန်ရလေသည်။ ထမင်းမစားရဘဲ သံချိုးဖြင့်ချည်ကာ ၃ ရက်ခန့် ပိတ်လှောင်ထားခံရသည်မှာ ထိုအချိန်တွင်ဖြစ်သည်။

    မျှော်လင့်ချက်ကင်းမဲ့စွာဖြင့် နီးစပ်ရာမျက်စိကစားသည့် မြင့်နိုင်မှာ သော့ဖွင့်ရန်အတွက် သံပြားငယ်တစ်ခုကို သွားတွေ့သည်။ နာရီများစွာ ကြိုးစားပြီးနောက် သော့ပွင့်သွားသည့်အသံကို သူကြားရသည်။ လက်ထိပ်မှာ ပြုတ်သွားသည်။ သန်းခေါင်ကျော်အချိန်ခန့်တွင် မြင့်နိုင်မှာ မည်းမှောင်နေသော ရေပြင်ထဲသို့ ဒိုင်ဗင်ထိုးချခဲ့ပြီး ကမ်ခြေသို့ ကူးသွားခဲ့လေသည်။

    ထို့နောက် တွာလ်ကျွန်းရှိ တောထဲတွင် မြင့်နိုင်မှာ ပုန်းနေရသည်။ စက်လှေပိုင်ရှင်များထံသို့ ပြန်ပို့မည်ကို စိုးရိမ်သောကြောင့် ရဲစခန်းလည်း မသွားရဲ။ အိမ်ကို ဖုန်းဆက်ရန်မှာလည်း သူ့တွင် ဖုန်းနံပါတ်မရှိ။ တရားမ၀င် ရွှေ့ပြောင်းနေထိုင်သူအဖြစ် သတ်မှတ်မည်စိုးသောကြောင့် မြန်မာသံရုံးသို့ အကြောင်းကြားရမည်ကိုလည်း သူက ကြောက်နေသည်။

    ဆယ်စုနှစ်တစ်ခုနီးပါးကြာ ကျွန်ပြုခံရမှုတွင် သူ လမ်းပျောက်နေသည်။ ထို့ပြင် လေဖြတ်ချင်သလိုဖြစ်လာပြီး ညာဖက်လက်တစ်ဖက်မှာ လှုပ်ရှားမရ ဖြစ်လာသည်။ စက်လှေပိုင်ရှင်က ပြောသည့်စကားမှာ မှန်သည်ဟု မြင့်နိုင် ယုံကြည်စ ပြုလာလေသည်။ လွတ်မြောက်ရာ လမ်း တစ်ကယ်ပင်မရှိ။

    အခုအချိန်တွင် မိခင်ဖြစ်သူ၏ ပုံပန်း သွင်ပြင်ကိုလည်း သူ မမှတ်မိတော့။ ညီမငယ်တစ်ယောက် လူလားမြောက်လာမည်ဆိုသည်ကိုတော့ သူသိသည်။

    ၂၀၁၁ ခုနှစ်တွင် အထီးကျန်မှုကို မခံစားနိုင်သည့်အတွက်ကြောင့် မြင့်နိုင်မှာဒိုဘိုကျွန်းကို ပြောင်းခဲ့သည်။ ထိုကျွန်းတွင် ကျွန်ပြုခံ မြန်မာနိုင်ငံသား တစ်စု ရှိသည်ဟု ကြားသောကြောင့်ဖြစ်သည်။ မြင့်နိုင်မှာ လျှို့ဝှက်စွာပင်နေထိုင်ပြီး ကိုယ်တိုက် စိုက်ပျိုးရရှိသည်များကို စားသောက်၍ အသက်ဆက်နေလေသည်။

    ထို့နောက် ကျွန်ပြုခံနေရသူများအကြောင်း AP ၏ ဖော်ပြမှုကြောင့် အင်ဒိုနီးရှားအစိုးရက ယခင်နှင့် ယခုလက်ရှိ ကျွန်ပြုခံရသူများကို စတင် ကယ်တင်နေသည်ဟု ဧပြီလ ၁ ရက်နေ့တွင် သူငယ်ချင်းတစ်ယောက်က သူ့ကို ပြောခဲ့သည်။ တာဝန်ရှိသူများက ဒိုဘိုသို့လာကာ မြင့်နိုင်ကို ခေါ်ပြီး ယခင် ၎င်းကျွန်ပြုခိုင်းစေခံခဲ့ရသော တွာလ်ကျွန်းတို့ ပြန်လည်ခေါ်ဆောင်သွားကာ အခြားလွတ်မြောက်သူ ရာပေါင်းများစွာနှင့် အတူထားပေးခဲ့သည်။

    အင်ဒိုနီးရှားနိုင်ငံတွင် ၂၂ နှစ်တာ ကုန်လွန်ခဲ့ရသည့် မြင့်နိုင်မှာ နောက်ဆုံးတွင် အိမ်ပြန်ရတော့မည်။ သို့သော်လည်း သူဘာတွေ့ရမလဲဟု စဉ်းစားနေသည်။

    မြန်မာနိုင်ငံ၏ အကြီးဆုံးမြို့ဖြစ်သော ရန်ကုန်မြို့သို့ လေကြောင်းခရီးစဉ်အတွက် ပထမတော့ သူက ကြောက်နေသေးသည်။ ယခုအချိန်တွင် အသက် ၄၀ အရွယ်ရှိပြီဖြစ်သည့် မြင့်နိုင်တစ်ယောက် သူ၏ ဇာတိမြေနှင့် လုံးဝ သူစိမ်းယောက်လို ဖြစ်နေခဲ့ပြီ။

    သူ၏ ရွာလေးသို့လာသည့်လမ်းတွင် ကျော့ရှင်းသော အမျိုးသမီးတစ်ယောက်ကို တွေ့လိုက်ရသည်။

    နှစ်ယောက်စလုံးမှာ အားရ၀မ်းသာစွာဖြင့် ဖက်လိုက်ကြပြီး ပျော်ရွှင်မှု၊ အချိန်များစွာကြာ ခွဲခွာနေရခြင်းကြောင့် ၀မ်းနည်းမှုတို့ဖြင့် မျက်ရည်များက စီးတွေကျလာခဲ့သည်။

    “အစ်ကိုကြီးရယ်။ ပြန်လာတာအရမ်းကောင်းပါတယ်” ဟု မြင့်နိုင်၏ ညီမငယ်က ကြေကွဲဆို့နင့်စွာ ပြောလေသည်။

    “ညီမလေးတို့ ပိုက်ဆံမလိုပါဘူး။ မိသားစုပဲလိုတာပါ”

    မိနစ်အနည်းငယ်အကြာတွင် သူ့ဆီကိုပြေးလာနေသည့် မိခင်ဖြစ်သူကို တွေ့လိုက်ရသည်။

    မြင့်နိုင်တစ်ယောက် ချုံပွဲချငိုကြွေးကာ မြေကြီးပေါ်သို့ လဲကျသွားသည်။ မိခင်က လက်မောင်းကိုကိုင်၍ ဆွဲထူပြီး သားဖြစ်သူ၏ ခေါင်းကို ဖွဖွလေး ပွတ်သပ်ပေးသည်။ ထို့နောက် အသာအယာပွေ့ဖက်ကာ မြင့်နိုင်အား အားရအောင် ငိုကြွေးစေခဲ့သည်။

    နောက်ဆုံးတော့ မြင့်နိုင်မှာ သူ၏ အိပ်မက်ထဲမှ မျက်နှာများကို အနှောင်အဖွဲ့ကင်းစွာ တွေ့မြင်ရပြီဖြစ်သည်။ သူ့အနေဖြင့် နောက်ထပ် ဘယ်တော့မှ မေ့မည်မဟုတ်တော့။

    Source:AP
    မိုးဝေဘာသာပြန်သည်။