ဇွန် ၁၈၊ ၂၀၁၅
M-Media
– ရီးယဲလ်မှထွက်ခွာတော့မည်ဆိုသော သတင်းများမှာ မှားယွင်းသော သတင်းများဖြစ်ပြီး မိမိမှာ ရီးယဲလ်တွင် ပျော်ရွှင်နေကာ လာမည့်နှစ်တွင် ဖလားများ ရရှိနိုင်မည်ဟု တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်ဒိုက ပြောကြားလိုက်သည်။
အသက် ၃၀ အရွယ်ရှိပြီဖြစ်သည့် ရော်နယ်ဒိုမှာ ပြီးခဲ့သည့်နှစ် နွေရာသီက အသင်းဟောင်း မန်ယူသို့ ပြန်ရန် ချိတ်ဆက်မှုများ ရှိခဲ့ပြီး အန်ဆယ်လော့တီ အထုတ်မခံရခင် ၎င်းအား သစ္စာရှိကြောင်း ဆိုရှယ်စာမျက်၌ ရေးသားခဲ့သည့် ရော်နယ်ဒိုမှာ နည်းပြသစ်ဘင်နီတက်ဇ် ရောက်လာပြီးနောက် ယခုနှစ်တွင်လည်း အသင်းမှ ထွက်ခွာတော့မည်ဟု သတင်းများ ထွက်ပေါ်နေသည်။
သို့သော်လည်း ရော်နယ်ဒိုမှာ မက်ဒရစ်တွင် စိတ်ပျက်နေသည်ဟူသော သတင်းများကို ငြင်းဆိုခဲ့သည်။
“ဒီနေ့ကလွဲလို့ ပြီးခဲ့တဲ့ သီတင်းပတ်တွေမှာ ကျွန်တော်ဟာ ဘယ် စာနယ်ဇင်းနဲ့မှ စကားမပြောခဲ့ပါဘူး။ ပြီးတော့ အခုပြောတာကလည်း ကျွန်တော်နဲ့ ရီးယဲလ်မက်ဒရစ်ကြား ပဋိပက္ခတွေဖန်တီးဖို့ ရေးသားနေကြတဲ့ ဒီသတင်းတွေကို ငြင်းဆိုဖို့ပါပဲ။ အသင်းမှာ ကျွန်တော် တော်တော်လေးပျော်ပါတယ်။ ပြီးတော့ အာရုံစူးစိုက်မှု၊ ရာသီသစ်မှာ အလုံးစုံ အောင်မြင်ရမယ်ဆိုတဲ့ ယုံကြည်မှုလည်း ရှိပါတယ်။ ထပ်ပြောချင်တာက ကျွန်တော်ဟာ ကမ္ဘာ့အကောင်းဆုံး ကလပ်အသင်းမှာပါ။ ပြီးတော့ ဖလားတွေလည်း ထပ်ပြီး ရချင်ပါတယ်” ဟု A Bola သို့ ရော်နယ်ဒိုက ပြောကြားခဲ့သည်။
ထို့ပြင် အဆိုပါသတင်းမှားများ ဖော်ပြခြင်းကို ရပ်တန့်စေချင်ပြီး မိမိအား အနည်းငယ် အနားပေးစေချင်ကြာင်း၊ မိမိနှင့် အသင်းတို့မှာ တစ်ဖက်နှင့်တစ်ဖက် အဆင်ပြေကြောင်း ရော်နယ်ဒိုက ထပ်လောင်းပြောကြားခဲ့သည်။
Ref: Goal