News @ M-Media

Blog

  • မန္တလေးတွင် လက်နက်မှုဖြင့် အဖမ်းခံရသူများ နိုင်ငံတော် ပုန်ကန်မှုဖြင့် တရားစွဲခံရမည်ဟု ဆို

    မန္တလေးတွင် လက်နက်မှုဖြင့် အဖမ်းခံရသူများ နိုင်ငံတော် ပုန်ကန်မှုဖြင့် တရားစွဲခံရမည်ဟု ဆို

    ဇူလိုင် ၁ ၊ ၂၀၁၅
    ဧရာဝတီမှ ကူးယူဖော်ပြသည်။
    .MDY2
    မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်တွင် သေနတ်များ၊ ဆက်သွယ်ရေးစက်များနှင့် မူးယစ်ဆေးဝါး တချို့ တရားမဝင် လက်ဝယ်ထားရှိမှုဖြင့် ဖမ်းဆီးထားသူများကို နိုင်ငံတော် ပုန်ကန်မှုဖြင့် တရားစွဲမည်ဖြစ်ကြောင်း မန္တလေးတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှ တာဝန်ရှိသူ အရာရှိတဦးက ပြောသည်။
    .
    “သေနတ်တွေနဲ့ ပတ်သက်တဲ့ ကိစ္စကို သက်သေအခိုင်အလုံ မပြနိုင်ရင်တော့ နိုင်ငံတော် ပုန်ကန်မှုနဲ့ တရားစွဲမှာပါ။ ဒီလက်နက်တွေဟာ ဘာသာရေးကိစ္စနဲ့ ဆက်နွယ်နေသလား၊ လက်နက်အရောင်းအဝယ် လုပ်သလား စသည်ဖြင့် သူတို့ရဲ့ ရည်ရွယ်ချက်ကို ဖော်ထုတ်ပြီး စစ်ဆေးနေတုန်းပဲ။ အမဲလိုက်တယ်ဆိုရင်လည်း သာမန်အားဖြင့်က ၂ လက်၊ ၃ လက်ကို လိုင်စင်နဲ့ပေါ့။ အခုက အရေအတွက်အားဖြင့် သံသယဖြစ်စရာ ရှိနေတယ်” ဟု မန္တလေးတိုင်း အဆိုပါ အရာရှိက ဧရာဝတီကို ပြောဆိုသည်။
    .
    ဖမ်းဆီး ထိန်းသိမ်းခံထားရသည့် အောင်ကျော်မိုးနှင့် အောင်ဇော်မိုးတို့ ညီအစ်ကို အပါအဝင် ဆက်စပ်သူများဖြစ်သည့် စိုးသူအောင်၊ သက်ဦးမောင်နှင့် မင်းမင်းတို့ ၅ ဦးကို စဥ့်ကူး – ရွှေဘို ကားလမ်းပေါ်တွင် အမဲပစ်သေနတ်၊ စကားပြောစက်၊ မူးယစ်ဆေးဝါး တချို့နှင့်အတူ ပြီးခဲ့သည့် ဇွန် ၂၆ ရက်က ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။
    .
    ဆက်စပ်စုံစမ်းမှုအရ ဇွန် ၂၇ ရက်တွင် ၎င်းတို့၏နေအိမ်၌ သေနတ်များ ထပ်မံ ဖမ်းဆီးရမိခဲ့ပြီး စုစုပေါင်း လက်နက် အလက် ၄၀ ကျော် ရှိသည့်အတွက် လက်နက် ကိုင်ဆောင်မှု၊ မူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိမှု၊ ဆက်သွယ်ရေး စက်ကိရိယာ တရားမဝင် ကိုင်ဆောင်မှုနှင့် သာမန်လက်နက်မှု စသည့် ပုဒ်မ ၁၉ (က)၊ ၂၂ (ခ)၊ ၁၉ (ခ)၊ ၁၉ (င) အပါအဝင် ပုဒ် ၅ ခုဖြင့် အမှုဖွင့်ကာ စုံစမ်း စစ်ဆေးနေခြင်းဖြစ်ကြောင်း သိရသည်။
    .
    ဖမ်းဆီးခံထားရသူများ ဖြစ်သည့် အောင်ကျော်မိုးနှင့် အောင်ဇော်မိုးတို့၏ ဖခင်ဖြစ်သူသည် ဒုရဲမှူး (အငြိမ်းစား) တဦးဖြစ်ပြီး ဖမ်းမိထားသည့် လက်နက်အများစုသည် ၎င်းတို့ဖခင် ရှိစဉ်ကာလက အမဲလိုက်ရာတွင် အသုံးပြုခဲ့သည့် လက်နက်များ ဖြစ်ကြောင်းနှင့် ၎င်းတို့ကိုယ်တိုင်လည်း စစ်ကိုင်းတိုင်း ဒေသကြီးအတွင်းရှိ မဟာမြိုင် တောဘက်သို့ အမဲပစ် ထွက်လေ့ရှိကြောင်း ထိုလက်နက်များ သိမ်းဆည်းထားခြင်းသည် တခြားရည်ရွယ်ချက် မရှိပါဟု ထွက်ဆိုချက် ပေးထားကြောင်း သိရသည်။
    .
    ထို့အပြင် ဇွန် ၃၀ ရက်တွင် အောင်ဇော်မိုး၏ ဇနီးဖြစ်သူက ၎င်း၏သဘောဆန္ဒအရ အမဲပစ်ရိုင်ဖယ်၊ ပစ္စတို၊ ခြောက်လုံးပြုးသေနတ် အပါအဝင် သေနတ် ၁၉ လက်ကို မန္တလေး စီအိုင်ဒီ (CID) တပ်ဖွဲ့သို့ လာရောက် အပ်နှံခဲ့သေးသည်ဟု မန္တလေးတိုင်း ဒေသကြီး ရဲတပ်ဖွဲ့က ပြောဆိုသည်။
    .
    မန္တလေးတိုင်း ဒေသကြီးအတွင်း ထိုသို့လက်နက်များ ဖမ်းဆီးရမိခဲ့သည့်အပေါ် လူမှုမီဒီယာများတွင် သတင်းအမျိုးမျိုး ထွက်ပေါ် ပျံ့နှံ့နေသည့် အတွက်ကြောင့် အမှုဖြစ်စဉ် အမှန်ကို မကြာခင် ထုတ်ပြန်သွားမည်ဖြစ်ပြီး လက်ရှိတွင် မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့၊ နယ်မြေခံ ရဲတပ်ဖွဲ့၊ သတင်းတပ်ဖွဲ့၊ စီအိုင်ဒီ (CID)၊ စရဖ (စစ်ဘက်ရေးရာ လုံခြုံရေး အဖွဲ့) တို့ ပူးပေါင်းပြီး စိစစ်လျက်ရှိကြောင်း အမည်မဖော်လိုသူ အရာရှိက ပြောသည်။
    .
    “နယ်စပ်ဘက်မှာ ကိုးကန့်တို့ ဘာတို့တွေက စစ်ရေးလှုပ်ရှားမှုတွေ ရှိနေတော့ မိုးကုတ်ဘက်ကနေ မန္တလေးဘက်ကို ဝင်လာမှာ စိုးရိမ်လို့ စဥ့်ကူးတို့၊ တန့်ဆည်တို့ စတဲ့ နေရာတွေမှာ တပ်မတော်နဲ့ ရဲနဲ့ ပူးပေါင်းပြီး ပိတ်ဆို့ရှာဖွေမှုတွေ လုပ်တယ်။ သတင်းအရရော ဒီအတိုင်း (ပုံမှန်စစ်ဆေးတာ) ရောပေါ့ ” ဟု ၎င်းက ဆိုသည်။
    .
    အလားတူး ဇွန် ၃၀ ရက်က စစ်ကိုင်းတိုင်း ဒေသကြီးအတွင်း တန့်ဆည်မြို့နယ် ကဒူးမရွာနေ ဒေသခံဖြစ်သူ ဦးကြည်ဆွေထံမှ ပွိုင့် ၂၂ နှစ်လက် သိမ်းဆည်းမိခဲ့ကြောင်း မန္တလေးတိုင်း ဒေသကြီး ရဲတပ်ဖွဲ့ထံမှ သိရသည်။
    .
    http://burma.irrawaddy.org/news/2015/07/01/77288.html

  • နိုင်ငံတကာသတင်းတို (ဇူလိုင် ၁၊ ၂၀၁၅)

    ဇူလိုင် ၁၊ ၂၀၁၅
    M-Media

    ဆိုဗီယက်နိုင်ငံဟောင်းများ၏ ခွဲထွက်မှုကို ရုရှား ပြန်သုံးသပ်မည်
    ………………………………………
    ၁၉၉၀နှင့် ၁၉၉၁ ခုနှစ်တွင် လတ်ဗီးယားနှင့် အက်စတိုးနီးယားတို့ ဆိုဗီယက်ပြည်ထောင်စုမှ ခွဲထွက်၍ လွတ်လပ်သောနိုင်ငံအဖြစ် ကြေညာမှုကို ထိုစဉ်က အမြင့်ဆုံး အာဏာပိုင်အဖွဲ့အစည်းဖြစ်သော ဆိုဗီယက်ယူနီယံ၏ နိုင်ငံတော်ကောင်စီက အသိအမှတ်ပြုမှုနှင့် ပတ်သက်၍ မိမိအနေဖြင့် ပြန်လည်သုံးသပ်သွားမည်ဟု ရုရှားတရားသူကြီးချုပ်ရုံးက ယမန်နေ့တွင် ကြေညာခဲ့သည်။ ထိုသို့ကြေညာမှုက ဘော်လ်တစ်နိုင်ငံများကို သတိပေးလိုက်ခြင်းဖြစ်ပြီး လစ်သူယေးနီးယား သမ္မတကမူ မိမိတို့၏ လွတ်လပ်ရေးမှာ ပြည်သူများ၏ သွေးများနှင့် စွန့်လွှတ်စတေးမှုများဖြင့် ရရှိခဲ့ခြင်းဖြစ်ကာ မည်သူမှ ခြိမ်းခြောက်ခွင့်မရှိဟု တုံ့ပြန်ပြောကြားခဲ့သည်။

    သီရိလင်္ကာသမ္မတဟောင်း ၀န်ကြီးချုပ်အဖြစ် ၀င်ပြိုင်မည်
    ……………………………………….
    ပြီးခဲ့သည့်ဇန်န၀ါရီလက လက်ရှိသမ္မတ မိုင်သရီပါလာ ဆရီဆီနာ၏ ဖြုတ်ချခြင်းကို ခံခဲ့ရသည့် သမ္မတဟောင်း ရာဂျာပက်စ်ကာက မိမိအနေဖြင့် လာမည့်လတွင်ပြုလုပ်မည့် ပါလီမန်ရွေးကောက်ပွဲတွင် ၀န်ကြီးချုပ်အဖြစ် ပြန်လည်ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဟု ယနေ့တွင် ပြုလုပ်ခဲ့သည့် ဗုဒ္ဓဘာသာ ဘာသာရေးအခမ်းအနားတစ်ခု၌ တက်ရောက်လာသူများကို ပြောကြားခဲ့သည်။ ရာဂျာပက်စ်ကာမှာ နိုင်ငံတကာက အစွန်းရောက်အဖွဲ့ဟု သတ်မှတ်ခြင်းခံထားရသော BBS အဖွဲ့အား မျက်နှာသာပေးမှုဖြင့် အာဏာရှိစဉ်က ဝေဖန်ခံနေရသူဖြစ်ပြီး ရွေးကောက်ပွဲ နောက်ဆုံးအချိန်တွင် ရာထူး၌ဆက်ရှိရေးအတွက် စစ်တပ်ကို အာဏာသိမ်းခိုင်းသည့် သတင်းများလည်း ထွက်ပေါ်ခဲ့သည်။

    ကန်-ကျူးဘား သံအဆက်အသွယ် ပြန်စမည်
    ……………………….
    ကျူးဘားနှင့် အမေရိကန်တို့မှာ သံရုံးများပြန်ဖွင့်ရန် သဘောတူညီခဲ့ကြပြီး သမ္မတ ဘာရက်အိုဘားမားကလည်း ယနေ့နှောင်းပိုင်းတွင် တရားဝင်ကြေညာသွားမည်ဟု AP သတင်းဌာနက ဖော်ပြခဲ့သည်။ ရာစုနှစ်ထက်ဝက်ကျော် နှစ်နိုင်ငံ ရန်စောင်မှုများ ရှိခဲ့ပြီးနောက် ယခုသဘောတူညီမှုမှာ သမိုင်းဝင် သဘောတူညီချက်လည်း ဖြစ်သည်။ ဟာဗားနားရှိ အမေရိကန်သံရုံးမှာ ယခုလနှောင်းပိုင်းတွင် ပြန်ဖွင့်မည်ဟုဆိုသည်။ ဒီဇင်ဘာလက နှစ်နိုင်ငံသမ္မတများ လျှို့ဝှက်တွေ့ဆုံပြီးနောက် သံတမန်ဆက်သွယ်ရေးပြန်စတော့မည်ဟု အံ့အားသင့်ဖွယ် ကြေညာခဲ့သည်။

    ဆောက်သက်တမ်နောက်ခံလူကို လီဗာပူးလ်ခေါ်ယူ
    …………………………………..
    လီဗာပူးလ်အသင်းမှာ ဆောက်သက်တမ်နောက်ခံလူ နသန်နီယဲလ် ကလိုင်းအား ပြောင်းရွှေ့ကြေး ပေါင် ၁၂.၅ သန်းဖြင့် ငါးနှစ်စာချုပ်ချုပ်ဆိုကာ ယနေ့တွင် အပြီးသတ် လက်မှတ်ရေးထိုးလိုက်သည်။ ကလိုင်းကမူ ယခုကဲ့သို့ အသင်းကြီးတစ်သင်းတွင် ကစားခွင့်ရခြင်းမှာ အိပ်မက် အမှန်တကယ် ဖြစ်လာခြင်းဖြစ်ပြီး လီဗာပူးလ်နှင့်အတူ ဆုဖလားများ ရရှိလိမ့်မည်ဟု အသင်း၏ ၀ဘ်ဆိုက်တွင် ပြောကြားခဲ့သည်။

    Ref: News Agencies

  • တောင်ဖီလာ သင်္ချိုင်းအား သိမ်းယူခြင်းကို မကျေနပ်၍ ချင်းခရစ်ယာန် ဂိုဏ်းပေါင်းစုံမှ ဆန္ဒထုတ်ဖော်

    တောင်ဖီလာ သင်္ချိုင်းအား သိမ်းယူခြင်းကို မကျေနပ်၍ ချင်းခရစ်ယာန် ဂိုဏ်းပေါင်းစုံမှ ဆန္ဒထုတ်ဖော်

    ဇူလိုင် ၁ ၊ ၂၀၁၅
    မြစ်မခမှ ကူးယူဖော်ပြသည်။
    .11703044_886562858095998_5348240789724400330_n-660x330
    ကလေးမြို့ တောင်ဖီလာရပ်ကွက် နယ်မြေ(၈)ရှိ ဘာသာရေးပိုင် သင်္ချိုင်းမြေနေရာအား တိုင်းရင်းဆေးရုံ ဖွင့်လှစ် ရန်အတွက် စည်ပင် နယ်မြေအဖြစ်သိမ်းယူခြင်းကို မကျေနပ်သဖြင့် ကလေးမြို့ရှိ ချင်းခရစ်ယာန် ဂိုဏ်းပေါင်းစုံ က ဇွန်လ(၂၉)ရက်နေ့က ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သိရှိရသည်။
    .
    အဆိုပါ သင်္ချိုင်းသည် ၁၉၁၄ ခုနှစ်ကတည်းကရှိခဲ့သော နှစ်တစ်ရာပြည့် သင်္ချိုင်းမြေဖြစ်ကြောင်း၊ အုပ်ချုပ်ရေး နှင့် စည်ပင်ဌာနသည် ၎င်းသင်္ချိုင်းမြေပေါ်မှ အုတ်ဂူများကို ဇွန်(၃)ရက်နေ့ နံနက်(၃း၀၀)နာရီတွင် စက်ယန္တရားဖြင့် ဖြိုဖျက်ခဲ့ကြောင်း သိရသည်။
    .
    “ဘိုးဘွားများပိုင်ခဲ့တဲ့ LAND RECORDS 105-A ပိုင်တဲ့ ဂရမ်ရှိတဲ့ သင်္ချိုင်းမြေဖြစ်ပါတယ်။ လွှတ်တော်မှာ ကျွန်မတို့ တင်ထားတဲ့စာရှိတယ်။ လွှတ်တော်က အဆုံးအဖြတ်မပေးခင်၊ တိုင်းဒေသကြီးကလည်း အမိန့်စာ မရှိခင်မှာ ဇွန်(၃)ရက်နေ့၊နံနက်(၃)နာရီမှာ ရဲအင်အားသုံးပြီး သင်္ချိုင်းကို ဖျက်ဆီးပျက်ခဲ့တဲ့ အတွက် ဆန္ဒ ဖော်ထုတ်ရခြင်းဖြစ်ပါတယ်။ ဘိုးဘွားပိုင်မြေဖြစ်တဲ့ အတွက် ပြန်ပြီးလိုချင်တယ်။”ဟု ဆန္ဒဖော်ထုတ်ရာတွင် ပါဝင်သည့် ဒေါ်သန်းသန်းဌေးကပြောသည်။
    .
    အဆိုပါ သင်္ချိုင်းမြေနေရာတွင် (၂၅)ကုတင်ဆံ့ တိုင်းရင်းဆေးရုံ တည်ဆောက်ရန် စည်ပင်ပိုင်မြေအဖြစ် သိမ်းယူခဲ့ခြင်းဖြစ်သည်။
    .
    “တိုင်းဒေသကြီးအစိုးရအစည်းအဝေးဆုံးဖြတ်ချက်နဲ့ ဒီသင်္ချိုင်းမြေနေရာကို ၂၀၁၃ ခုနှစ်၊ နိုဝင်ဘာလကတည်းက ဖျက်သိမ်းထားပြီးသားဖြစ်တယ်။ ဒါကြောင့် ခရိုင်စီမံခန့်ခွဲမှု ကော်မတီ၊မြို့ အထောက်အကူပြု ကော်မတီနှင့် စည်ပင်သာယာရေး ကော်မတီတို့ စည်းဝေးတိုင်ပင်ပြီး ဒီသုဿာန်မြေနေရာမှာ (၂၅) ကုတင်ဆံ့တိုင်းရင်းဆေးရုံ ဆောက်ဖို့ ရွေးချယ်ခဲ့ကြတာပါ။ အုတ်ဂူတွေကိုလည်း ရှင်းလင်းပြီးသွားပါပြီ။ ဆန္ဒဖော်ထုတ်တာနဲ့ ပတ်သက် ပြီးတော့ သူတို့က တရားဝင်ခွင့်ပြုချက်ယူပြီး လုပ်ကြတာဖြစ်တဲ့အတွက် ကျွန်တော့်အနေနဲ့  ဘာမှ မပြောလို ပါဘူး။”ဟု ကလေးမြို့နယ် စည်ပင်သာယာရေး ကော်မတီ ဥက္ကဌ ဦးခိုင်က ပြောသည်။
    .
    ၎င်းသင်္ချိုင်းမြေနေရာကို ပိုင်ဆိုင်သည့် ခရစ်ယာန်ဘာသာပေါင်းစုံ အသင်းတော်များမှာ မူလအသင်းတော် ဖြစ်သည့် နှစ်ခြင်း အသင်းတော်၊ အေဂျီအသင်းတော်၊ ပြည့်စုံသော သတင်းကောင်း အသင်းတော်နှင့် အာရ်စီအသင်းတော်တို့ဖြစ်ကြောင်း သိရသည်။
    .
    ဆန္ဒဖော်ထုတ်ခြင်းကို ကလေးမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ခွင့်ပြုချက် ရယူဆောင်ရွက် ခဲ့ကြောင်း၊ တောင်ဖီလာရာပြည့် ခန်းမမှ စတင်စုဝေး ထွက်ခွာကာ ဂေါက်ကွင်းလမ်း-ဗိုလ်ချုပ်လမ်း-ရာဇဂြိုဟ်လမ်း-ကျန်းစစ်သားလမ်းအတိုင်း စီတန်း လှည့်လည်ကာ သုဿာန်မြေနေရာအထိ လမ်းလျှောက် ဆန္ဒဖော်ထုတ်ခဲ့ခြင်းဖြစ်ပြီး ချင်းခရစ်ယာန်ဂိုဏ်း ပေါင်းစုံမှ ချင်းတိုင်းရင်းသား အင်အား(၂၀၀)ခန့် ပါဝင်ခဲ့ကြောင်း သိရသည်။
    .
    “ပထမခြေလှမ်းအနေနဲ့ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်တယ်။ ဒီသင်္ချိုင်းမြေကို ပြန်ရဖို့ အစွမ်းကုန် ကြိုးစားနေတယ်။ ဒီမြေနေရာကို အသင်းတော်ပေါင်းစုံကပူးပေါင်းပြီး ရပ်ရွာဖွံ့ဖြိုးရေးအတွက် တတ်အားသရွေ့ ဆောင်ရွက်ဖို့ ရှိပါတယ်။ သူတို့ဘက်က လိုက်ရောမှုမရှိဘူးဆိုရင်တော့ ကျွန်တော်တို့ပြန်စည်းဝေးပြီး ဘာဆက်လုပ်မယ် ဆိုတာကို ပြောနိုင်မှာပါ။”ဟု ခရစ်ယာန် ဂိုဏ်းပေါင်းစုံကော်မတီဝင် တစ်ဦးကပြောသည်။
    .
    ဘာသာပေါင်းစုံ သုသာန်မြေကော်မတီနှင့် ခရိုင်စီမံခန့်ခွဲမှုကော်မတီတို့ ညှိနှိုင်းဆွေးနွေးနိုင်စေရန် ဆောင်ရွက် ခဲ့သော်လည်း တစ်ဖက်နှင့်တစ်ဖက် တင်းမာမှုများ ရှိခဲ့သဖြင့် သုသာန်မြေကိစ္စသည် ဆန္ဒဖော်ထုတ်ရသည် အထိ ဖြစ်လာကြောင်း ကလေးမြို့နယ်၊ မဲဆန္ဒနယ်(၁)မှ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်သန်းက ပြောသည်။
    .
    ကျော်သူစိုး (မြစ်မခ)
    http://myitmakhamediagroup.com/news/public-news/4375/

  • မွတ်စလင် ခရီးသွားများ အဆင်ပြေစေဖို့ ဖုန်း App တစ်ခုကို ထိုင်းအစိုးရ ဖြန့်ချီ

    မွတ်စလင် ခရီးသွားများ အဆင်ပြေစေဖို့ ဖုန်း App တစ်ခုကို ထိုင်းအစိုးရ ဖြန့်ချီ

    ဇူလိုင် ၁၊ ၂၀၁၅
    M-Media

    thai-muslim-app

    – မွတ်စလင်ခရီးသွားများ နိုင်ငံအတွင်းရှိ ဗလီဝတ်ကျောင်းတော်များ၊ ဟာလာလ် စားသောက်ဆိုင်များအား ရှာဖွေရာတွင် အကူအညီဖြစ်စေရန်အတွက် စမတ်ဖုန်း အက်ပလီကေးရှင်း တစ်ခုကို ထိုင်းအစိုးရက တနင်္လာနေ့တွင် ထုတ်လုပ်ဖြန့်ချီ လိုက်သည်ဟု သိရသည်။

    “ဒါဟာ ကျွန်တော်တို့ အတွက် ထူးခြားပြီး သမိုင်းဝင်အချိန်ပါပဲ။ ဘာ့ကြောင့်လည်းဆိုတော့ ထိုင်းနိုင်ငံကို မွတ်စလင်တွေ  ကျွမ်းဝင်တဲ့ နိုင်ငံ အဖြစ် ပိုပြီးခိုင်မာတဲ့ အခြေအနေ ရောက်စေမယ့် ဗျူဟာအသစ်ကို ဖော်ထုတ် လိုက်တာကြောင့်လည်း ဖြစ်ပါတယ်” ဟု ထိုင်း ခရီးသွားလာရေး အာဏာပိုင်အဖွဲ့ TAT မှ ယာယီ အုပ်ချုပ်ရေးမှူး ဂျူသာပေါင် ရာန်ဂရိုနာဆာက ဇွန်လ ၂၉ ရက်နေ့တွင်
    ပြောကြားခဲ့သည်။

    အဆိုပါအက်ပလီကေးရှင်း အသစ်မှာ ဗလီဝတ်ကျောင်းတော်များ၊ ၀တ်ပြုဆောင်ပါသည့် ဟိုတယ်များ၊ ရှော့ပင်းစင်တာများနှင့် ဟာလာလ် စားသောက်ဆိုင်များကို ရှာဖွေရာတွင် မွတ်စလင်များအတွက် အကူအညီဖြစ်စေမည် ဖြစ်သည်။

    အက်ပလီကေးရှင်းကို အန်ဒရိုက်နှင့် ISO နှစ်မျိုးစလုံးတွင် ရရှိသုံးစွဲနိုင်မည်ဖြစ်ပြီး သက်ဆိုင်ရာ Store များတွင် အခမဲ့ ဒေါင်းလုပ် ဆွဲသွားနိုင်မည်ဟု ရာန်ဂရိုနာဆာက အက်ပလီကေးရှင်း မိတ်ဆက် အခမ်းအနားတွင် ထည့်သွင်းပြောကြားခဲ့သည်။

    ထိုသို့ဆောင်ရွက်မှုမှာ အာရှ၏ ခရီးသွားလာရေး ဗဟိုချက်တစ်ခုဖြစ်သော ထိုင်းနိုင်ငံသို့ မွတ်စလင် ခရီးသွားများအား ပိုမိုဆွဲဆောင်ရန် ဆောင်ရွက်သည့် အစိတ်အပိုင်းတစ်ခုလည်းဖြစ်ပြီး နိုင်ငံစီးပွားရေး၏ ၁၀ ရာခိုင်နှုန်းခန့်ရှိသော ခရီးသွားလာရေးလုပ်ငန်းကို ပိုမိုမြှင့်တင်နိုင်မည်ဟု TAT က မျှော်လင့်ထားသည်။

    ထိုင်းနိုင်ငံ၏ ခရီးသွားလာရေး ကဏ္ဍမှာ စစ်တပ်အာဏာသိမ်းသည့် ၂၀၁၄ ခုနှစ်မှစ၍ ဆိုးဆိုးဝါးဝါးဖြစ်ခဲ့ပြီး လနှင်ချီကြာမြင့်ခဲ့သည့် ပြည်သူများ၏ ဆန္ဒပြမှုများကလည်း ခရီးသွားလာရေး လုပ်ငန်းကို ထိခိုက်စေခဲ့သည်။

    “ဟာလာလ်ခရီးသွားလာရေးနဲ့ သက်ဆိုင်တဲ့ ဟိုတယ်တွေ ဖွံ့ဖြိုးအောင်ဆောင်ရွက်တဲ့နေရာမှာ ရင်းနှီးမြှုပ်နှံသူတွေရဲ့ စိတ်ဝင်စားမှုကို တိုးမြှင့်ဖို့ ကျွန်တော်တို့ ပစ်မှတ်ထားနေပါတယ်။ ဒါတွေအားလုံးဟာ ကျွန်တော်တို့အတွက် အကောင်းဖြစ်စေမှာပါ။ ဘာ့ကြောင့်လည်းဆိုတော့ တက်လာမယ့် လူငယ်မျိုးဆက်သစ်တွေအတွက် ဒါက အလုပ်အကိုင်တွေ ဖန်တီးပေးနိုင်မှာဖြစ်ပြီး အမျိုးသား ပေါင်းစည်းရေးနဲ့ ပူးပေါင်းပါဝင်ရေးကိုလည်း မြှင့်တင်နိုင်မှာ ဖြစ်တာကြောင့်ပါပဲ” ဟု ရာန်ဂရိုနာဆာက ထည့်သွင်းပြောကြားခဲ့သည်။

    ယခုထုတ်လုပ်ဖြန့်ချီလိုက်သည့် အက်ပလီကေးရှင်းမှာ လောလောဆယ်တွင် ထိုင်းနှင့် အင်္ဂလိပ် ဘာသာစကား ၂ မျိုးဖြင့် အသုံးပြုသွားနိုင်မည်ဖြစ်ပြီး နောက်ပိုင်းတွင် အာရဗီနှင့် အင်ဒိုနီးရှား ဘာသာစကားများအထိ ချဲ့ထွင်သွားရန် အစီအစဉ်ရှိနေသည်။

    OIC အဖွဲ့ဝင် မဟုတ်သည့် နိုင်ငံများတွင် ထိုင်းနိုင်ငံမှာ စင်ကာပူပြီးနောက် မွတ်စလင် ခရီးသွားများအတွက် ဒုတိယ လူကြိုက်များဆုံး ခရီးသွားဌာနဖြစ်သည်ဟု ၂၀၁၅ ခုနှစ် Global Muslim Travel Index တွင် ဖော်ပြထားသည်။

    “ဒါဟာ ကျွန်တော်တို့မှာ မွတ်စလင် ခရီးသွားတွေအတွက် ထုတ်ကုန်တွေနဲ့ ၀န်ဆောင်မှုတွေ တော်တော်များများ ရှိတာကြောင့်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်” ဟု ရာန်ဂရိုနာဆာက ဆိုသည်။

    ယခုနှစ်အတွင်း ခရီးသွားလုပ်ငန်းမှာ ၂၀၁၄ ခုနှစ်ကထက် ၁၄ ရာခိုင်နှုန်းတိုးကာ စံချိန်တင်ဝင်ငွေ ကန်ဒေါ်လာ ၂၉.၅ သန်း ရရှိမည် မျှော်မှန်းထားကြောင်း ခရီးသွားလာရေးကောင်စီက ပြီးခဲ့သည့်တစ်ပတ်တွင် ပြောကြားခဲ့သည်။

    ဗုဒ္ဓဘာသာဝင် အများစုရှိရာ ထိုင်းနိုင်ငံတွင် အစ္စလာမ်ကို သက်ဝင်ယုံကြည်ကြသူများမှာ ၅ ရာခိုင်နှုန်းရှိသည်။

    Android App Link =>https://play.google.com/store/apps/details?id=com.wisdomlanna.thailandhalalexperience

    ios App Link =>https://itunes.apple.com/my/app/thailand-muslim-friendly-destination/id1002310096?mt=8

    Ref: Businessinsider, onislam

  • ပါလက်စတိုင်း ပိုင်နက်ရှိ အစ္စရေး လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမှု မပြုရန် ခရစ်ယာန် အသင်းတော်တစ်ခု ဆုံးဖြတ်

    ပါလက်စတိုင်း ပိုင်နက်ရှိ အစ္စရေး လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမှု မပြုရန် ခရစ်ယာန် အသင်းတော်တစ်ခု ဆုံးဖြတ်

    ဇူလိုင် ၁၊ ၂၀၁၅
    M-Media၏

    pla

    – အစ္စရေးက ကျူးကျော်သိမ်းပိုက်ထားသည့် ပါလက်စတိုင်းပိုင် နယ်မြေများတွင် အကျိုးအမြတ်ရနေသော ကုမ္ပဏီများ၌ ရင်းနှီးမြှုပ်နှံမှုများ မပြုရန်နှင့် ထိုပိုင်နက်များတွင် ဆောက်လုပ်ထားသော တရားမ၀င် ဂျူးအိမ်ယာများမှ ထုတ်လုပ်သည့် ကုန်ပစ္စည်းများကို သပိတ်မှောက်ရန်အတွက် အမေရိကန်ရှိ ခရစ်ယာန်ပရိုတက်စတင့်ဂိုဏ်းတွင် ကြီးမားသည့် အသင်းတော်ဖြစ်သော Church of Christ က မဲခွဲဆုံးဖြတ်ခဲ့သည်ဟု သိရသည်။

    ထိုကဲ့သို့ ရင်းနှီးမြှုပ်နှံမှုများ ရုပ်သိမ်းရေး ဆုံးဖြတ်ချက်ကို ယမန်နေ့က အိုဟိုင်းယိုးပြည်နယ် ကလီဗ်လန်းတွင် ပြုလုပ်ခဲ့သည့် အသင်းတော်၏ အကြိမ် ၃၀ မြောက် အထွေထွေညီလာခံတွင် တင်သွင်းခဲ့ခြင်းဖြစ်ပြီး အတည်ပြုရန် လိုအပ်သော မဲအရေအတွက် ၆၇ ရာခိုင်နှုန်းထက် ကျော်ကာ ၈၀ ရာခိုင်နှုန်းအထိ ရရှိခဲ့သည်။

    Veolia၊ Caterpillar၊ Motorola နှင့် HP စသည့်ကုမ္ပဏီများကို ပစ်မှတ်ထားသည့် အဆိုပါ ဆုံးဖြတ်ချက်မှာ အစ္စရေး၏ ပါလက်စတိုင်းများအပေါ်ထားသည့် ပေါ်လစီများကို ဆန့်ကျင်ရေး လှုပ်ရှားမှုများ အရှိန်အဟုန်မြင့်လာခြင်းလည်း ဖြစ်သည်။

    ထို့ပြင် ပါလက်စတိုင်းပိုင်နက်အတွင်းရှိ တရားမ၀င် ဂျူးအိမ်ယာများမှ ထုတ်လုပ်သော ထွက်ကုန်များကို သပိတ်မှောက်ရန်လည်း မဲခွဲဆုံးဖြတ်ခဲ့ကြသည်။ သို့သော်လည်း ပါလက်စတိုင်းများအပေါ် အစ္စရေး၏ လုပ်ရပ်များမှာ လူမျိုးရေးခွဲခြားသော လုပ်ရပ်များအဖြစ် သတ်မှတ်ရန် လုံလောက်သည့် မဲအရေအတွက် မရခဲ့ပေ။

    ကမ္ဘာတစ်ဝှမ်း အသင်းဝင် ၁ သန်းခန့်ရှိသည့် အဆိုပါအသင်းတော်၏ ညီလာခံကို ၂ နှစ်ကြိမ် ကျင်းပပြုလုပ်ခြင်းဖြစ်ပြီး တစ်ကမ္ဘာလုံးမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြကာ အယူဝါဒ၊ တရားမျှတမှုနှင့် ဆက်စပ်သည့် ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။

    အစ္စရေးက ကျူးကျော်သိမ်းပိုက်ထားသည့် ပါလက်စတိုင်းပိုင်နက်များရှိ စီးပွားရေးလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမှုများ ရုပ်သိမ်းရန် ထိုအသင်းတော်မှာ ၂၀၀၅ ခုနှစ်ကတည်းက စဉ်းစားခဲ့ခြင်းဖြစ်ပြီး ထိုစဉ်က ပါလက်စတိုင်းများအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုများအား အဆုံးသတ်ရေးအတွက် စီးပွားရေးအားကို အသုံးပြုရန် ဆုံးဖြတ်ချက်တစ်ခုကို အတည်ပြုခဲ့သည်။

    အဆိုပါညီလာခံကို တက်ရောက်ခဲ့သည့် ဂျော်ဒန် ဧ၀ံဂေလိလူသာရင်အသင်းတော်မှ သင်းအုပ်ဆရာ မစ်ထရီ ရီဟက်ဘ်ကမူ ထိုကဲ့သို့မဲခွဲမှုက တာသွားသည်ဟု ဆိုသည်။

    “ကျူးကျော်သိမ်းပိုက်မှုအောက်မှာ နေထိုင်နေရတဲ့ ပါလက်စတိုင်းတွေ၊ အစ္စရေးနိုင်ငံသားတွေအဖြစ် စနစ်တကျ ခွဲခြားဆက်ဆံမှုတွေကို ရင်ဆိုင်နေရတဲ့ သူတွေအတွက် သူတို့ဟာ စွန့်ပစ်ထားခြင်းမခံရဘူးဆိုတဲ့ ခိုင်မာတဲ့ အချက်ပြမှုကို ဒီအရေးယူမှုက ပေးလိုက်တာပါပဲ။အာဏာရှိတဲ့သူတွေကို အမှန်တရားပြောရဲတဲ့၊ ဖိနှိပ်ချုပ်ချယ်မှုကို ရင်ဆိုင်ရဲတဲ့ အသင်းတော်တွေ ရှိနေပါတယ်” ဟု ရီဟက်ဘ်က ပြောကြားခဲ့သည်။

    Church of Christ အသင်းတော်မှာ ပင်စင်ဘုတ်အဖွဲ့နှင့် ၄ ဘီလီယံသော အသင်းတော်ငွေကြေးကို ကိုင်တွယ်စီမံနေသည့် ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေအဖွဲ့၊ ဒေသတွင်းရှိ အသင်းတော်ခွဲများ အနေဖြင့် အစ္စရေးက ကျူးကျော်သိမ်းပိုက်ထားသော ပါလက်စတိုင်း ပိုင်နက်များရှိ မည်သည့်ကုမ္ပဏီများ၏ စတော့ရှယ်ယာ ရောင်းခြင်း ၀ယ်ခြင်းများကို မပြုလုပ်ရန်လည်း အကြံပြုခဲ့သည်။

    Ref: Aljazeera