News @ M-Media

Blog

  • ဘာကာအား ဘောလုံးလောက၏ အမှတ်သညာဖြစ်ချင်သည်ဟု ဥက္ကဌ ဘာတိုမြူပြော

    ဘာကာအား ဘောလုံးလောက၏ အမှတ်သညာဖြစ်ချင်သည်ဟု ဥက္ကဌ ဘာတိုမြူပြော

    ဇူလိုင် ၁၊ ၂၀၁၅
    M-Media

    baca

    – မိမိအနေဖြင့် ဘာစီလိုနာအသင်းအား ကမ္ဘာ့ဘောလုံးလောကတွင် အလွှမ်းမိုးနိုင်ဆုံး အသင်းအဖြစ် မြင်ချင်ပြီး အားကစားလောကတွင် အမှတ်သညာတစ်ခုအနေဖြင့်လည်း တွေ့ချင်သည်ဟု အသင်းဥက္ကဌ ဘာတိုမြူက ပြောကြားလိုက်သည်။

    ဘာစီလိုနာမှာ ဘောလုံးလောကတွင် ထိပ်တန်းအသင်းများထဲမှ တစ်သင်းဖြစ်ပြီး ၆ နှစ်အတွင်း ဒုတိယအကြိမ်မြောက်အဖြစ် ယမန်နှစ် ဖလား ၃ လုံးရရှိခဲ့မှုက ၎င်းတို့၏ အခြေအနေကို ထိပ်ဆုံးသို့ ထပ်မံ တွန်းပို့ပေးခဲ့သည်။

    ဥက္ကဌဟောင်း ဆန်ဒရိုရိုဆဲလ်၏နေရာကို ဆက်ခံခဲ့ပြီး ဇူလိုင်လ ၁၈ ရက်နေ့တွင် ပြုလုပ်မည့် ဥက္ကဌ ရွေးကောက်ပွဲတွင်လည်း ပါဝင်ယှဉ်ပြိုင်ရန် ရှိနေသည့် ဘာတိုမြူကမူ မိမိစိတ်ကူးမှာ ဘာစီလိုနာအသင်းအား Apple၊ NASA နှင့် Facebook တို့ကဲ့သို့ နယ်ပယ်တစ်ခု၏ အမှတ်သညာအဖြစ် မြင်ရရေးဖြစ်သည်ဟု ဆိုသည်။

    “၂၀၂၁ လောက်ကျရင် ကျွန်တော်တို့ဟာ ဘာစီလိုနာအသင်းကို ကွန်ပျူတာလောကမှာ Apple၊ အာကာသလောကမှာ NASA၊ ဆိုရှယ်မီဒီယာမှာ Facebook နာမည်ကြီးသလိုမျိုး ဖြစ်စေချင်ပါတယ်။ ၂၁ ရာစုရဲ့ ဘာစီလိုနာအသင်းဟာ လူမှုစံနမူနာ၊ ယှဉ်ပြိုင်မှု၊ အားကစားနဲ့ Espai Barca ပရောဂျက်မှာ ဆောက်လုပ်မယ့် အဆောက်အဦးအသစ်တွေအပေါ်မှာ အခြေခံပါလိမ့်မယ်” ဟု ဘာတိုမြူက ၎င်း၏ မဲဆွယ်မိန့်ခွန်းတွင် ပြောကြားခဲ့သည်။

    “ကမ္ဘာပေါ်မှာ ကျွန်တော်တို့ရဲ့ ခေါင်းဆောင်မှုကို ခိုင်မာစေဖို့၊ ၂၀၂၁ မှာ ဆက်လက်ဦးဆောင်နိုင်ဖို့၊ ပြီးတော့ ကမ္ဘာပေါ်မှာ ထူးခြားတဲ့ အမှတ်တံဆိပ်တစ်ခုအဖြစ် ရှိဖို့ စီမံခန့်ခွဲမှု ပုံစံ ကျွန်တော်တို့မှာရှိပါတယ်။ ရည်ရွယ်ချက်က ၂၀၂၁ မှာ ကမ္ဘာကြီးဟာ ဘာကာနဲ့အတူ ဘောလုံးလောကကို ပတ်သက်လာဖို့ပါပဲ”

    ဘာတိုမြူ၏ ပြိုင်ဘက်မှာ ဘဏ္ဍာရေးကိုင်တွယ်မှု ကျွမ်းကျင်သည့် ဥက္ကဌဟောင်း လာပေါ်တာဖြစ်ပြီး ၎င်း၏လက်ထက်တွင်လည်း ဘာစီလိုနာမှာ ဖလား ၃ လုံးကို ပထမဆုံး ရရှိခဲ့သည်။

    ဘာတိုမြူက မိမိတို့မှာ ကစားသမားများ၊ နည်းပြများအား အားပေးထောက်ပံ့ရန် အခြေခံတစ်ခုကို ဖန်တီးချင်ပြီး အမျိုးသမီးအားကစားတွင်လည်း တိုးမြှင့်မှုများ ပြုလုပ်မည်ဖြစ်ကာကာ ထိုနယ်ပယ်တွင်လည်း ခေါင်းဆောင်သူ ဖြစ်ချင်သည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

    Ref: Goal

  • ယီမင်အကျဉ်းထောင်တစ်ခုမှ အကျဉ်းသား ၁၂၀၀ ခန့် လွတ်မြောက်

    ယီမင်အကျဉ်းထောင်တစ်ခုမှ အကျဉ်းသား ၁၂၀၀ ခန့် လွတ်မြောက်

    ဇူလိုင် ၁၊ ၂၀၁၅
    M-Media

    yemen

    – ယီမင်နိုင်ငံအလယ်ပိုင်းရှိ အကျဉ်းထောင်တစ်ခုတွင် ယမန်နေ့က ရုန်းရင်းဆန်ခတ်မှုများ ဖြစ်ပွားခဲ့ပြီး အလ်ကိုင်းဒါနှင့် ဆက်နွယ်သည်ဟု သံသယရှိသူများအပါအ၀င် အကျဉ်းသား ၁၂၀၀ ၀န်းကျင်ခန့် လွတ်မြောက်သွားသည်ဟု အာဏာပိုင်များက ပြောကြားလိုက်သည်။

    ထိုအဖြစ်အပျက်မှာ မကြာမီနှစ်များအတွင်းက ဖြစ်ပွားခဲ့သည့် ထောင်ဖောက်ပြေးမှုများတွင် အကြီးမားဆုံးဖြစ်ရပ်ဖြစ်ပြီး ပြည်တွင်းစစ်ဖြစ်ပွားနေသာ ယီမင်တွင် အခြေအနေ ပိုမိုဆိုးရွားစေမည့် လက္ခဏာလည်းဖြစ်သည်။

    “အလ်ကိုင်းဒါးထောက်ခံသူ အုပ်စုတွေက ဒီနေ့မှာ တာအစ်ဇ်မြို့မှာရှိတဲ့ ဗဟိုအကျဉ်းထောင်ကို တိုက်ခိုက်ခဲ့ပြီး အန္တရာယ်ရှိတဲ့အကျဉ်းသား ၁၂၀၀ လောက် လွတ်မြောက်သွားပါတယ်” ဟု လုံခြုံရေးတာဝန်ရှိသူများ၏ ပြောကြားမှုကို ကိုးကား၍ နိုင်ငံပိုင် Saba သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။

    ဒေသတွင်း အခြားတာဝန်ရှိသူတစ်ဦးကမူ လွတ်မြောက်သွားသူများမှာ အလ်ကိုင်းဒါးနှင့် ဆက်နွယ်သည်ဟု သံယရှိသူများ ဖြစ်သော်လည်း မြို့တွင်း ပြည်သူ့စစ်အုပ်စုများအကြား တိုက်ခိုက်မှုများတွင် ထွက်ပြေးလွတ်မြောက်သွားခြင်းဖြစ်သည်ဟု ဆိုသည်။

    ဟူသီသူပုန်များမှာ တာအစ်ဇ်မြို့ထဲသို့ မတ်လအတွင်းက ၀င်ရောက်ထိန်းချုပ်ခဲ့သည်။ ယခုအချိန်တွင် ဟူသီသူပုန်များနှင့်အတူ ၎င်းတို့၏ မဟာမိတ်ဖြစ်သော ဖြုတ်ချခံသမ္မတဟောင်း ဆာလေဟ်ကို သစ္စာခံသည့် စစ်တပ်များ မြို့တွင်း၌ ရှိနေသည်။

    ထို့အဖွဲ့များနှင့် ပေါ်ပြူလာကော်မတီဟုခေါ်သည့် ပြည်သူ့စစ်များမှာ တာအစ်ဇ်မြို့တွင် တိုက်ခိုက်မှုများ ဖြစ်နေပြီး ပြည်သူ့စစ်များက အရေးသာနေစဉ် ဆာလေဟ်၏ တပ်များက ထောင်တံခါးကို ဖွင့်ပေးလိုက်ခြင်းဖြစ်သည်ဟု လုံခြုံရေတာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

    “ဗဟိုအကျဉ်းထောင်နားမှာ တိုက်ပွဲကြီးကြီးမားမားဖြစ်ခဲ့ပြီး ပေါ်ပြူလာကော်မတီက အဲဒီဧရိယာကို ကပ်လာပြီး သိမ်းလိုက်ပါတယ်။ ဒါပေမယ့် ဆာလေဟ်ရဲ့ တပ်တွေက ထောင်တံခါးကို ဖွင့်ပေးခဲ့ပါတယ်”

    ပြီးခဲ့သည့် ဧပြီလကလည်း နိုင်ငံအရှေ့ပိုင်း မူကာလာမြို့တွင် စစ်တပ်များ ရုတ်တရက် ဆုတ်ခွာပြီးနောက်ပိုင်း အလ်ကိုင်းဒါးစစ်သွေးကြွအဖွဲ့တစ်ခုမှာ ထောင်တွင်းမှ လွတ်မြောက်သွားခဲ့သည်။

    Ref: Reuters

  • ရီးယဲလ်တွင် ရာမို့စ် ဆက်ရှိမည်

    ရီးယဲလ်တွင် ရာမို့စ် ဆက်ရှိမည်

    ဇူလိုင် ၁၊ ၂၀၁၅
    M-Media

    ramos

    – ရီးယဲလ်နောက်ခံလူရာမို့စ် အသင်းမှ ထွက်ခွာတော့မည်ဆိုသော သတင်းများကို ၎င်း၏ မိခင်ဖြစ်သူက ငြင်းဆိုလိုက်ပြီး ရာမို့စ်မှာ ရီးယဲလ်တွင်သာ ဆက်ရှိမည်ဟု ပြောကြားလိုက်သည်။

    လစာကိစ္စကြောင့် စာချုပ်သစ်ချုပ်ဆိုရေး အစဉ်မပြေဖြစ်နေသည့် ရာမို့စ်မှာ အသင်းပြောင်းရွှေ့တော့မည်ဟု သတင်းများ ထွက်ပေါ်နေပြီး မန်ယူကလည်း ၎င်းတို့မှာ ရာမို့စ်အား ကမ်းလှမ်းထားသည်ဟု ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ထုတ်ဖော်ပြောကြားခဲ့သည်။

    သို့သော်လည်း ၎င်း၏ မိခင်ဖြစ်သူကမူ အသင်းပြောင်းမည်ဆိုသည့်သတင်းကို ငြင်းဆိုခဲ့သည်။

    “တကယ်ပါ။ သူ့ရဲ့ ပထမဆုံးရွေးချယ်မှုက ရီးယဲလ်မှာ ဆက်ရှိနေဖို့ပါပဲ။ မန်ယူသွားဖို့လား။ ကျွန်မ အဲဒီလိုမထင်ပါဘူး။ သူ စပိန်မှာပဲ နေချင်တာပါ” ဟု Antena 3 သို့ ပြောကြားခဲ့သည်။

    ဂိုးသမား ဒေးဗစ်ဒီဂီယာအား ရီးယဲလ်သို့ ရောင်းချရဖွယ်ရှိနေသည့် မန်ယူမှာ ရီးယဲလ်ထံမှ ကစားသမားတစ်ဦးကို ပြန်၍ အလိုရှိနေပြီး ရာမို့စ်မှာ အဖြစ်နိုင်ဆုံး ကစားသမား ဖြစ်နေသည်။ ရာမို့စ်ကလည်း ၎င်းအနေဖြင့် မန်ယူသို့ ပြောင်းရွှေ့ရန် ရီးယဲလ်အား အကြောင်းကြားထားသည်ဟု တနင်္လာနေ့က သတင်းများ ထွက်ပေါ်ခဲ့သည်။

    ဘာစီလိုနာအသင်း၏ ဥက္ကရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်မည့် ဂျော်ဒီ မာဂျိုက ၎င်းမှာ ရာမို့စ်အား အေးဂျင့်မှတစ်ဆင့် ကမ်းလှမ်းထားသည်ဟု ပြီးခဲ့သည့်လ အစောပိုင်းတွင် ပြောကြားခဲ့ပြီး နောက်ပိုင်းတွင် ၎င်း၏ ကိုယ်စားလှယ်က ငြင်းဆိုခဲ့သည်။

    Ref: Goal

  • အာဖဂန်တရားရုံးချုပ် တရားသူကြီးများစာရင်းတွင် အမျိုးသမီးတစ်ဦး ပထမဆုံး ပါဝင်လာ

    အာဖဂန်တရားရုံးချုပ် တရားသူကြီးများစာရင်းတွင် အမျိုးသမီးတစ်ဦး ပထမဆုံး ပါဝင်လာ

    ဇူလိုင် ၁၊ ၂၀၁၅
    M-Media

    afag

    – နိုင်ငံ၏ တရားရုံးချုပ်တွင် တာဝန်ထမ်းဆောင်ရမည့်သူများအဖြစ် အာဖဂန်သမ္မ အက်ရှ်ရက်ဖ် ဂါနီမှ ယမန်နေ့က တင်သွင်းခဲ့သော အမည်စာရင်းတွင် အမျိုးသမီးတရားသူကြီးတစ်ဦး ပါဝင်လာပြီး တိုင်းပြည်အတွင်း မကြံစဖူး ထူးခြားသည့် ဆောင်ရွက်မှုလည်း ဖြစ်သည်။

    အမည်စာရင်းတင်သွင်းခံရသူမှာ အာဖဂန်အမျိုးသမီး တရားသူကြီးများအသင်းမှ အကြီးအကဲဖြစ်သူ အန်နီဆာ ရာစူလီဖြစ်ပြီး ယခင်က လူငယ်တရားရုံးတွင် တရားသူကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။ ၎င်းမှာ တရားသူကြီး ၉ ဦးပါဝင်သည့် ခုံရုံးအဖွဲ့အတွက် ဂါနီ၏ အမည်စာရင်းတင်သွင်းမှုတွင် ပါဝင်သည့် တစ်ဦးတည်းသော အမျိုးသမီးဖြစ်သည်။

    “တရားရုံးချုပ်အတွက် အမျိုးသမီးတစ်ဦးကို ပထမဆုံးအဖြစ် ကျွန်တော် အမည်စာရင်းတင်သွင်းတယ်လို့ ဂုဏ်ယူစွာနဲ့ ကြေညာလိုပါတယ်။ တရားရုံးချုပ်မှာ အမျိုးသမီးတစ်ဦးကို ခန့်အပ်တာဟာ တရားရေးစနစ်ကို ပြောင်းလဲလိုက်တာ မဟုတ်ပါဘူး။ ဒီအတွက် အိုလမာ (အစ္စလာမ်ဓမ္မပညာရှင်) တွေရဲ့ အပြည့်အ၀ထောက်ခံမှု ကျွန်တော်တို့မှာရှိပါတယ်” ဟု သံတမန်များနှင့် အမျိုးသမီးအခွင့်အရေး တက်ကြွလှုပ်ရှားသူများ တက်ရောက်သော အခမ်းအနားတွင် သမ္မတဂါနီက ပြောကြားခဲ့သည်။

    ပါလီမန်၏ အတည်ပြုမှုလိုအပ်သည့် အဆိုပါ အမည်စာရင်းတင်သွင်းမှုမှာ ဂါနီနှင့် ၎င်း၏ အစိုးရအမှုဆောင်အကြီးအကဲ အဘ်ဒူလာ အဘ်ဒူလာတို့ ပြီးခဲ့သည့် စက်တင်ဘာလက ရုံးထိုင်ပြီးနောက်ပိုင်း အမျိုးသမီးများအား အဆင့်မြင့်ရာထူးများတွင် ပိုမိုတိုးမြှင့်ခန့်ထားရေး
    ညီညွသောအစိုးရမှ အားထုတ်မှုများ၏ အစိတ်အပိုင်းလည်းဖြစ်သည်။

    အာဖဂန်အခြေခံဥပဒေအရ တရားရုံးချုပ်မှ တရားသူကြီးများမှာ ၁၀ နှစ် တာဝန်ထမ်းဆောင်ရမည်ဖြစ်သည်။ ပြီးခဲ့သည့် ဧပြီလက ပါလီမန်မှာ အမျိုးသမီး ၄ ဦးပါဝင်သည့် ဂါနီ၏ ကတ်ဘိနတ်အဖွဲ့ အမည်စာရင်းတင်သွင်းမှုများကို အတည်ပြုခဲ့သည်။

    ကမ္ဘာ့ဘဏ် စီးပွားရေးပညာရှင်ဟောင်းတစ်ဦးဖြစ်သူ ဂါနီမှာ နိုင်ငံတွင်းရှိ ဂေါရ်နှင့် ဒိုင်ကွန်ဒီပြည်နယ်များအတွက် အမျိုးသမီး အုပ်ချုပ်ရေးမှူး ၂ ဦးကို ခန့်ထားခဲ့ပြီး ထိုဆောင်ရွက်မှုကို လူ့အခွင့်အရေး လှုပ်ရှားသူများက ချီးကျူးခဲ့ကြသည်။

    ထို့ပြင် မိမိအနေဖြင့် ၀န်ကြီးဌာနအားလုံး၏ ဒုတိယ၀န်ကြီးနေရာများတွင် အမျိုးသမီးများကို ခန့်သွားရန် ဆန္ဒရှိသည်ဟု ဂါနီက အင်္ဂါနေ့တွင် ထည့်သွင်းပြောကြားခဲ့သည်။

    တာလီဘန်အစိုးရ ပြုတ်ကျသွားပြီးနောက်ပိုင်းတွင် အာဖဂန်တွင် အမျိုသမီးများမှာ နေရာရလာခဲ့ပြီး ယခုအချိန်တွင် အမျိုးသမီး လွှတ်တော်အမတ်များ လုံခြုံရေးတပ်ဖွဲ့ဝင်များလည်း ရှိနေပြီဖြစ်သည်။

    Ref: Aquila-Style

  • အစ္စလာမ်ဘာသာရေးဆိုင်ရာ မေးမြန်းနိုင်မည့် အခမဲ့ဖုန်းလိုင်းတစ်ခုကို စင်ကာပူစီစဉ်ပေး

    အစ္စလာမ်ဘာသာရေးဆိုင်ရာ မေးမြန်းနိုင်မည့် အခမဲ့ဖုန်းလိုင်းတစ်ခုကို စင်ကာပူစီစဉ်ပေး

    ဇူလိုင် ၁၊ ၂၀၁၅
    M-Media

    singapore

    – အစ္စလာမ်ဘာသာဝင်များ ဘာသာရေးဆိုင်ရာ အကြောင်းအရာများကို မေးမြန်းနိုင်မည့် အခမဲ့ဖုန်းလိုင်းတစ်ခုကို စင်ကာပူအစိုးရက စီစဉ်ပေးခဲ့ပြီး များသောအားဖြင့် အစွန်းရောက်များက အလွဲသုံးစားလုပ်နေသော ဘာသာရေးဆိုင်ရာ အကြောင်းချင်းရာများကို ရှင်းရှင်းလင်းလင်း သိရှိစေရေး ဆောင်ရွက်မှုအဖြစ် ချီးကျူးခြင်း ခံခဲ့ရသည်။

    “လူတွေကို အစွန်းရောက်ခြင်းကနေ ကျွန်တော်တို့ ကယ်တင်ချင်ပါတယ်။ မကြာခင်က ဖမ်းဆီးထားတဲ့ အသက် ၁၇ နှစ်အရွယ်လိုမျိုး လူငယ်လေးတွေဟာ အွန်လိုင်းမှာ အစွန်းရောက်ဆိုင်ရာ လွှမ်းမိုးဖို့အတွက် အားနည်းသူတွေ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်” ဟု
    ခဒီဂျဟ် ဗလီဝတ်ကျောင်းတော်၌ ယမန်နေ့က ၀ါဖြေချိန်မတိုင်မီ ပြုလုပ်သော အခမ်းအနားတွင် ဒုတိယ၀န်ကြီးချုပ် တီယို ချီ ဟီယန်းက ပြောကြားခဲ့သည်။

    အဆိုပါဖုန်းလိုင်းကို ဘာသာရေးပြန်လည်ထူထောင်ရေးအဖွဲ့ PRG က ဆောင်ရွက်ပေးခြင်းဖြစ်ပြီး အစွန်းရောက်ဝါဒနှင့်ပတ်သက်သည့် သတင်းအချက်အလက်များကို ရှာဖွေသိရှိလိုသူများကို ပစ်မှတ်ထား ဆောင်ရွက်ခြင်းဖြစ်သည်။

    အဆိုပါဖုန်းလိုင်းမှာ အစွန်းရောက်အုပ်စုများ အလွဲသုံးစားလုပ်သည့် ဘာသာရေးဆိုင်ရာ အကြောင်းအရာများကို ရှင်းလင်းဖြေရှင်းပေးခြင်းအပြင် အစွန်းရောက်များ၏ သိမ်းသွင်းခြင်း ခံလိုက်ရပြီဟု သံသယရှိသော မိသာစုဝင်များ၊ သူငယ်ချင်းများနှင့် စပ်လျဉ်း၍ မည်ကဲ့သို့ ဆောင်ရွက်ရမည်ဆိုသည်ကို ပြည်သူများအား အကြံဥာဏ်ပေးသွားမည်ဖြစ်သည်။

    PRG အဖွဲ့မှ ဒုတိယဥက္ကဌဖြစ်သူ မိုဟာမက်အလီက ထိုဖုန်းလိုင်းမှာ လူငယ်များ မှားယွင်းသောရင်းမြစ်များမှ ဘာသာရေးဆိုင်ရာ သတင်းအချက်အလက်များကို ရယူခြင်းအား တားဆီးပေးနိုင်မည်ဖြစ်ပြီး သံသယများကို ချေဖျက်ပေးနိုင်မည်ဟု ဆိုသည်။

    ဇူလိုင် ၁ ရက် (ယနေ့တွင်) စတင်အသုံးပြုနိုင်မည့် အဆိုပါ ဖုန်းလိုင်းနံပါတ်မှာ 1800-774-7747 ဖြစ်ပြီး တနင်္လာနေ့မှ သောကြာနေ့အတွင်း နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ ခေါ်ဆိုမေးမြန်းနိုင်မည်ဖြစ်ကာ ထိုအချိန်မတိုင်မီ မေးမြန်းသူများအနေဖြင့် မက်ဆေ့ခ်ျ ချန်ထားနိုင်မည်ဖြစ်သည်။ ထို့ပြင် ထိုဖုန်းလိုင်းအတွက် Facebook စာမျက်နှာကိုလည်း ထားရှိပေးသွားမည်ဖြစ်သည်။

    စင်ကာပူနိုင်ငံ၏ လူဦးရေတွင် အစ္စလာမ်ဘာသာကို သက်ဝင်ယုံကြည်သူများမှာ ၁၄ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်းဝန်ကျင် ရှိနေသည်။

    Ref: Onislam