ဇူလိုင် ၁၊ ၂၀၁၅
M-Media
ဆိုဗီယက်နိုင်ငံဟောင်းများ၏ ခွဲထွက်မှုကို ရုရှား ပြန်သုံးသပ်မည်
………………………………………
၁၉၉၀နှင့် ၁၉၉၁ ခုနှစ်တွင် လတ်ဗီးယားနှင့် အက်စတိုးနီးယားတို့ ဆိုဗီယက်ပြည်ထောင်စုမှ ခွဲထွက်၍ လွတ်လပ်သောနိုင်ငံအဖြစ် ကြေညာမှုကို ထိုစဉ်က အမြင့်ဆုံး အာဏာပိုင်အဖွဲ့အစည်းဖြစ်သော ဆိုဗီယက်ယူနီယံ၏ နိုင်ငံတော်ကောင်စီက အသိအမှတ်ပြုမှုနှင့် ပတ်သက်၍ မိမိအနေဖြင့် ပြန်လည်သုံးသပ်သွားမည်ဟု ရုရှားတရားသူကြီးချုပ်ရုံးက ယမန်နေ့တွင် ကြေညာခဲ့သည်။ ထိုသို့ကြေညာမှုက ဘော်လ်တစ်နိုင်ငံများကို သတိပေးလိုက်ခြင်းဖြစ်ပြီး လစ်သူယေးနီးယား သမ္မတကမူ မိမိတို့၏ လွတ်လပ်ရေးမှာ ပြည်သူများ၏ သွေးများနှင့် စွန့်လွှတ်စတေးမှုများဖြင့် ရရှိခဲ့ခြင်းဖြစ်ကာ မည်သူမှ ခြိမ်းခြောက်ခွင့်မရှိဟု တုံ့ပြန်ပြောကြားခဲ့သည်။
သီရိလင်္ကာသမ္မတဟောင်း ၀န်ကြီးချုပ်အဖြစ် ၀င်ပြိုင်မည်
……………………………………….
ပြီးခဲ့သည့်ဇန်န၀ါရီလက လက်ရှိသမ္မတ မိုင်သရီပါလာ ဆရီဆီနာ၏ ဖြုတ်ချခြင်းကို ခံခဲ့ရသည့် သမ္မတဟောင်း ရာဂျာပက်စ်ကာက မိမိအနေဖြင့် လာမည့်လတွင်ပြုလုပ်မည့် ပါလီမန်ရွေးကောက်ပွဲတွင် ၀န်ကြီးချုပ်အဖြစ် ပြန်လည်ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဟု ယနေ့တွင် ပြုလုပ်ခဲ့သည့် ဗုဒ္ဓဘာသာ ဘာသာရေးအခမ်းအနားတစ်ခု၌ တက်ရောက်လာသူများကို ပြောကြားခဲ့သည်။ ရာဂျာပက်စ်ကာမှာ နိုင်ငံတကာက အစွန်းရောက်အဖွဲ့ဟု သတ်မှတ်ခြင်းခံထားရသော BBS အဖွဲ့အား မျက်နှာသာပေးမှုဖြင့် အာဏာရှိစဉ်က ဝေဖန်ခံနေရသူဖြစ်ပြီး ရွေးကောက်ပွဲ နောက်ဆုံးအချိန်တွင် ရာထူး၌ဆက်ရှိရေးအတွက် စစ်တပ်ကို အာဏာသိမ်းခိုင်းသည့် သတင်းများလည်း ထွက်ပေါ်ခဲ့သည်။
ကန်-ကျူးဘား သံအဆက်အသွယ် ပြန်စမည်
……………………….
ကျူးဘားနှင့် အမေရိကန်တို့မှာ သံရုံးများပြန်ဖွင့်ရန် သဘောတူညီခဲ့ကြပြီး သမ္မတ ဘာရက်အိုဘားမားကလည်း ယနေ့နှောင်းပိုင်းတွင် တရားဝင်ကြေညာသွားမည်ဟု AP သတင်းဌာနက ဖော်ပြခဲ့သည်။ ရာစုနှစ်ထက်ဝက်ကျော် နှစ်နိုင်ငံ ရန်စောင်မှုများ ရှိခဲ့ပြီးနောက် ယခုသဘောတူညီမှုမှာ သမိုင်းဝင် သဘောတူညီချက်လည်း ဖြစ်သည်။ ဟာဗားနားရှိ အမေရိကန်သံရုံးမှာ ယခုလနှောင်းပိုင်းတွင် ပြန်ဖွင့်မည်ဟုဆိုသည်။ ဒီဇင်ဘာလက နှစ်နိုင်ငံသမ္မတများ လျှို့ဝှက်တွေ့ဆုံပြီးနောက် သံတမန်ဆက်သွယ်ရေးပြန်စတော့မည်ဟု အံ့အားသင့်ဖွယ် ကြေညာခဲ့သည်။
ဆောက်သက်တမ်နောက်ခံလူကို လီဗာပူးလ်ခေါ်ယူ
…………………………………..
လီဗာပူးလ်အသင်းမှာ ဆောက်သက်တမ်နောက်ခံလူ နသန်နီယဲလ် ကလိုင်းအား ပြောင်းရွှေ့ကြေး ပေါင် ၁၂.၅ သန်းဖြင့် ငါးနှစ်စာချုပ်ချုပ်ဆိုကာ ယနေ့တွင် အပြီးသတ် လက်မှတ်ရေးထိုးလိုက်သည်။ ကလိုင်းကမူ ယခုကဲ့သို့ အသင်းကြီးတစ်သင်းတွင် ကစားခွင့်ရခြင်းမှာ အိပ်မက် အမှန်တကယ် ဖြစ်လာခြင်းဖြစ်ပြီး လီဗာပူးလ်နှင့်အတူ ဆုဖလားများ ရရှိလိမ့်မည်ဟု အသင်း၏ ၀ဘ်ဆိုက်တွင် ပြောကြားခဲ့သည်။
Ref: News Agencies
Leave a Reply
You must be logged in to post a comment.