News @ M-Media
Blog
  • လာဘ်စားမှုဖြင့် ၃၆နှစ်ကြာ တိမ်းရှောင်နေသည့် စင်ကာပူ ပါလီမန် အမတ်ဟောင်း အဖမ်းခံ
    လာဘ်စားမှုဖြင့် ၃၆နှစ်ကြာ တိမ်းရှောင်နေသည့် စင်ကာပူ ပါလီမန် အမတ်ဟောင်း အဖမ်းခံ
    ဇွန် ၂၅၊ ၂၀၁၅
    M-Media
    sig
    – ချစားမှုဖြင့် တရားစွဲဆိုခံရပြီး ၃၆ နှစ်ကြာ ထွက်ပြေးနေခဲ့သည့် စင်ကာပူပါလီမန်အမတ်ဟောင်း ဖေရွယ်ကော့မှာ ထိုင်းနိုင်ငံရှိ စင်ကာပူသံရုံးတွင် အဖမ်းခံခဲ့ပြီး ယမန်နေ့က တရားရုံးတွင် ကြားနာစစ်ဆေးခြင်း ခံခဲ့ရသသည်။
    အမျိုးသားကုန်သွယ်ရေးယူနီယံကွန်ဂရက်၏ ဥက္ကဌဟောင်းဖြစ်သူ ဖေရွယ်ကော့မှာ ၁၉၇၉ ခုနှစ် ဒီဇင်ဘာ ၁၀ ရက်နေ့က စုစုပေါင်း ငွေကြေး စင်ကာပူဒေါ်လာ ၈၂၅၂၀ အလွဲသုံးစားလုပ်မှု စွဲချက် ၄ ခုနှင့် ကုန်သွယ်ရေးယူနီယံ အက်ဥပဒေအောက် အခြားသော ပြစ်မှုများဖြင့် တရားစွဲဆို ခံခဲ့ရသူဖြစ်သည်။
    ထို့နောက် ဒေါ်လာတစ်သိန်းဖြင့် အာမခံရရှိခဲ့ပြီး နိုင်ငံကူးလက်မှတ်မှာ အသိမ်းခံခဲ့ရသည်။ ၁၉၈၀ ခုနှစ် ဇန်န၀ါရီ ၇ ရက်နေ့တွင် ၎င်းအား ရုံးချိန်း ပြန်ချိန်းခဲ့သော်လည်း တက်ရောက်လာခြင်း မရှိသောကြောင့် ထိုနေ့မှာပင် ရဲတပ်ဖွဲ့က ဖမ်းဝရမ်းထုတ်ခဲ့သည်။ ၎င်းအား အာမခံပေးသူ ၂ ဦးမှာလည်း အာမခံငွေ ၉၅၀၀၀ ဆုံရှုံးခဲ့ရသည်။
    စုံစမ်းစစ်ဆေးမှုများအရ ဖေရွယ်ကော့မှာ ၁၉၇၉ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်နေ့တွင် စင်ကာပူမှ မလေးရှားနိုင်ငံ ကွာလာလမ်ပူသို့ ရထားဖြင့်သွားခဲ့ကာ ထို့နောက် ဘန်ကောက်သို့ တစ်ဆင့်သွားရောက်၍ ပျောက်သွားခဲ့သည်ကို တွေ့ခဲ့ရသည်။
    သို့သော်လည်း ၎င်းမှာ ဘန်ကောက်မြို့ရှိ စင်ကာပူသံရုံးတွင် တနင်္လာနေ့က သွားရောက်အဖမ်းခံခဲ့ပြီး ထိုနေ့မှာပင် ချစားမှု စုံစမ်းစစ်ဆေးရေးဗျူရို တာဝန်ရှိသူများ ခြံရံကာ စင်ကာပူနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်ခဲ့သည်။
    တရားရုံးကမူ တရားစွဲဆိုမှုမှာ ဆက်လက်တည်ရှိနေပြီး စုံစမ်းစစ်ဆေးမှုများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကာ ထပ်ဆောင်းစွဲချက်များကိုလည်း တင်သွားနိုင်ချေရှိသည်ဟု ပြောကြားခဲ့သည်။
    တရားရုံးမတက်ခင် စွဲချက်များအား ဖေရွယ်ကော့ကို ဖတ်ပြခဲ့ရကာ ၎င်းက မိမိ အမှတ်မမှားပါက အဆိုပါ ငွေကြေးများကို မိမိ၏ အကောင့်ထဲသို့ လွှဲပြောင်းပေးခဲ့သည်ဟု မထင်ကြောင်း ပြောကြားခဲ့ပြီး အကြားအာရုံးနှင့်ပတ်သက်၍ အခက်အခဲရှိသောကြောင့် စွဲချက်များကို ဖြည်းဖြည်းခြင်းဖတ်ပြရန်လည်း ၎င်းက တောင်းဆိုခဲ့သည်။
    ယခုတစ်ကြိမ်တွင် အာမခံပေးမည်မဟုတ်ဘဲ ထပ်မံစုံစမ်းစစ်ဆေးမှုများအတွက် ၎င်းအား ရမန်ပေးထားကာ ဇူလိုင် ၂၃ ရက်နေ့တွင် တရားရုံး၌ ထပ်မံကြားနာသွားမည်ဖြစ်သည်။
    ပြည်သူပိုင်ငွေကြေး အလွဲသုံစားလုပ်မှု စွဲချက်များအတွက် ဖေရွယ်ကော့မှာ ထောင်ဒဏ် ၇ နှစ်အထိ ကျခံရဖွယ်ရှိနေပြီး ဒဏ်ငွေလည်း ပေးဆောင်ရနိုင်သည်။ ကုန်သွယ်ရေး ယူနီယံ အက်ဥပဒေ စွဲချက်များအတွက်မူ ဒဏ်ငွေ စင်ကာပူဒေါ်လာ ၁၀၀၀ အထိ ပေးဆောင်ရနိုင်သည်။
    စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်းကမူ မိမိတို့မှာ ချစားမှုအတွက် လုံးဝ သည်းမခံခဲ့သောကြောင့် သန့်ရှင်းပြီး ချစားမှုကင်းသည့် စနစ်ကို နှစ်ပေါင်း ၅၀ ကြာ ထိန်းသိမ်းနိုင်ခဲ့သည်ဟု ၎င်း၏ Facebook စာမျက်နှာတွင် ရေးသားခဲ့သည်။
    “အစိုးအရအတွက် ကသိကအောက်ဖြစ်တာ ဒါမှမဟုတ် အရှက်ရစေတာမျိုး ဖြစ်တာတောင်မှ ဘယ်လိုဖုံးတာဖိတာမျိုးကို ကျွန်တော်တို့ ခွင့်ပြုသွားမှာ မဟုတ်ပါဘူး” ဟု လီရှန်လွန်းက ပြောကြားခဲ့သည်။
    Ref : Channelnewsasia
  • ပျော်ဘွယ်မှ ဗလီခိုးဆောက်မှု သတင်းမှာ အစွန်းရောက်များ၏ လိမ်ညာ ဝါဒဖြန့်သည့် သတင်းအမှားသာဖြစ်
    ပျော်ဘွယ်မှ ဗလီခိုးဆောက်မှု သတင်းမှာ အစွန်းရောက်များ၏ လိမ်ညာ ဝါဒဖြန့်သည့် သတင်းအမှားသာဖြစ်
    ဇွန် ၂၅ ၊ ၂၀၁၅
    M-Media
    သတင်း-ဖြိုးသူရ
    Pyaw Bwel Case
    သတင်းအမှားများကို ပုံစံ အမျိုးမျိုး ဖြင့် လှုံ့ဆော်ရေးသားခဲ့မှုများ
    လွန်ခဲ့တဲ့ ရက်သတ္တပတ်များ အတွင်း မန္တလေးတိုင်း၊ပျော်ဘွယ်မြို့ ပြည်သာယာ ကွက်သစ်တွင် ဗလီခိုးဆောက်နေသည့်ဟူ၍ လည်းကောင်း၊ အာရဗီ တက္ကသိုလ်ကို ခွင့်ပြုမိန့် မရှိဘဲ တိုးချဲ့နေကြောင်း၊ ၄င်းအဆောက်အအုံများမှာ ခွင့်ပြုချက် မရှိဘဲ ဖွင့်လှစ်ထားတာဖြစ်ကြောင်း၊ မက္ကာပြန် ၊ OIC စသည့် အသုံးအနှုန်းများဖြင့် တန်ဆာဆင် ရေးသားထားသည့် ပိုစ်များ ဆိုရှယ်မီဒီယာမှာ ပြန့်နှံ့လာတာကို တွေ့ရပါတယ်။ အဆိုပါ ပိုစ်များ ဖြန့်ဝေသည့် FB အကောင့်များမှာ မ.ဘ.သ အမည်နှင့် အကောင့်များ၊ အမျိုးသားရေးသမား လှုပ်ရှားသူများဟု ဆိုကာ အစ္စလာမ်ဆန့်ကျင်ရေး လုပ်ဆောင်နေသည့် FB အကောင့်များဖြစ်သည်ကို တွေ့ရှိရပါတယ်။
    ညွှန်း- [https://goo.gl/yjiPev] [https://goo.gl/ebvVCa]
    .
    အဆိုပါ သတင်းနှင့် ပတ်သက်ပြီး သတင်းဖြစ်စဉ် အမှန်ကို သိရှိရဖို့ အတွက် M-Media မှ စုံစမ်းခဲ့ပါတယ်။ စုံစမ်း သိရှိခဲ့သမျှမှာ
    .
    ပျော်ဘွယ်မြို့နယ်တွင် ဆံပင်ရောင်းဝယ်ရေး လုပ်ငန်းလုပ်ကိုင်သော (တရုတ်နွယ် မွတ်စလင်မ် ) ပန်းသေး မိသားစုသည် ပျော်ဘွယ်မြို့မှ မန္တလေးဘက် အထွက် ရွာတစ်ရွာတွင် ခြံတစ်ခြံ ဝယ်ယူခဲ့ပါတယ်။ ရောင်းသူ ဝယ်သူနှစ်ဦး သဘောတူ ရောင်းဝယ်ပြီးကာမှ ခြံရောင်းသူ (ဗုဒ္ဓဘာသာဝင်) ကိုယ်တိုင်ကပင် ရွာဘုန်းတော်ကြီးကို ထိုခြံတွင် မွတ်စလင်မ်များ လာရောက်နေထိုင် လုပ်ကိုင်ကြမှာဖြစ်ကြောင်း ပြဿနာ ရှာတိုင်ကြားသည့် ပုံစံမျိုးဖြင့် သွားရောက် လျှောက်ထားခဲ့ကြောင်း သိရပါတယ်။
    .
    .
    ထို့ကြောင့် အာရဗီကျောင်း ဗလီဝတ်ကျောင်းဆောက်လုပ်ခြင်း မဟုတ်ကြောင်း ဖြေရှင်းခဲ့သည့်အခါ ထိုယိုးစွပ်မှုဖြင့် ပြဿနာရှာ၍ မရနိုင်တော့ကြောင်း၊ ပန်းသေးမိသားစုသည် အဆိုပါခြံနှင့် အိမ်အဆောက်အဦး ဆောက်လုပ်ရာတွင် သက်ဆိုင်ရာတို့နှင့် နားလည်မှုယူကာ စည်ပင်အား အဆောက်အဦး ပုံစံတင်ထားသည်ထက် ပေပို ဆောက်လုပ်မှုများ လုပ်ခြင်း ရှိခဲ့ကြောင်း သိရပါတယ်။ မကျေနပ်သေးသော ၉၆၉ အမာခံနှင့် သံပန်းလုပ်ငန်းရှင်တို့သည် ပထမ ယိုးစွပ်ပြဿနာရှာမှု မအောင်မြင်သဖြင့် ပေကျော်ဆောက်လုပ်မှုကို အစဆွဲ ဖော်ထုတ် တိုင်ကြားခဲ့ကြပါတယ်။
    .
    .
    “ပန်းသေးတွေက မန္တလေးအထွက်နားက ရွာမှ အရင် ခြံဝယ်တယ်။ ရောင်းတဲ့သူက ဗုဒ္ဓဘာသာဝင်။ အဲ့ဒီသူ ကိုယ်တိုင်ကပဲ ငွေချေပြီး ငွေယူပြီးကာမှ ရွာဘုန်းကြီးကို သွားလျှောက်တယ်။ မွတ်စလင်မ်တွေ လာနေတော့မယ် ဘာနဲ့ပေါ့။ ကြည်ဖြူရောင်းဝယ်ကြပြီးမှ ငွေယူပြီးမှ သက်သက်ညစ်တာပေါ့။ အဲ့ဒါနဲ့ သူတို့လည်း ရှုပ်တယ် ပြဿနာဖြစ်တယ်ဆိုပြီး ပြည်သာယာထဲ မှာ ပြောင်းဝယ်တယ်။ အိမ်က ဆောက်တာ တော်တော်ကြီးတယ်။ သံပန်းလုပ်ဖို့ နှစ်ယောက်ကို ဈေးဆိုင်တယ်။ တစ်ယောက်ကို ရွေးလိုက်တယ်။ နှစ်ယောက်လုံးက ဗုဒ္ဓဘာသာပဲ။ လုပ်ငန်းမရတဲ့ တစ်ယောက်က မကျေနပ်ဘဲ ၉၆၉တွေနဲ့ပေါင်းပြီး ပြဿနာရှာတယ်။ အဆောက်အဦးက ထုထည်ကြီးတော့ အရဗီကျောင်းခိုးဆောက်တယ်၊ ဗလီခိုးဆောက်တယ် ဆိုပြီး ပြဿနာလုပ်တယ်။ ဟုတ်မှ မဟုတ်တာ၊ အိမ်ဆောက်တာကိုး။ အဲ့တော့ မဟုတ်ကြောင်းရှင်းတော့ မကျေနပ်ကြဘူး။ အဲ့ဒီစွဲချက်နဲ့လည်း ပြဿနာဆက်ရှာလို့ မရတော့ဘူး။  မရရအောင် ပြဿနာလုပ်မယ်ဆိုပြီး ပေပိုဆောက်တာကို အစစွဲပြီး ပြဿနာလုပ်ကြတာ။ အဲ့ဒီမိသားစုကလည်း နားလည်မှုယူထားပြီး ပေပိုဆောက်ထားတယ်။ အဲ့တော့ သက်ဆိုင်ရာက ပေပိုဆောက်နေတာတွေ အားလုံးပြန်ဖျက်ပေးဖို့ အမိန့်ချတယ်။ ဒါပါပဲ။”
    .
    ၂၀၁၂ နှစ်လယ်ပိုင်းလောက်မှ စတင်ကာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အစ္စလာမ်ဘာသာနှင့် နိုင်ငံသား မြန်မာမွတ်စလင်မ်တို့ အပေါ် တစ်ဖက်သတ် မုန်းတီးရေးဖြန့်ချီခြင်းများ အရှိန်အဟုန်နဲ့ လုပ်ဆောင်ခဲ့မှုများကို အာဏာပိုင် အစိုးရက ထိရောက်စွာ အရေးယူ ဆောင်ရွက်ခြင်း မရှိပေ။ ပျော်ဘွယ်မြို့တွင်လည်း ၉၆၉ လှုပ်ရှားမှုများရှိနေပြီး မြို့ခံမွတ်စလင်မ်များကို ပြဿနာရှာလိုမှု အချို့ရှိနေသော်လည်း ငြိမ်းချမ်းမှု လိုလားသူ ဘာသာပေါင်းစုံ မြို့ခံ အများစုကြီးမှာ အေးချမ်းသင့်မြတ်စွာဖြင့် သွားလာလုပ်ကိုင်နေကြကြောင်း စုံစမ်းသိရှိရပါတယ်။
    .
    ပျော်ဘွယ်မြို့ပေါ်တွင် ဗလီဝတ်ကျောင်းတော် ၈ ခုရှိပြီး တစ်မြို့လုံးတွင် မွတ်စလင်မ်ဦးရေ သောင်းကျော်ရှိကြောင်း သိရှိရပါတယ်။
  • နိုင်ငံတကာသတင်းတို (ဇွန် ၂၄၊ ၂၀၁၅)
    ဇွန် ၂၄၊ ၂၀၁၅
    M-Media
    ပါကစ္စတန်အပူလှိုင်းကြောင့် လူ ၇၀၀ ကျော်သေဆုံး
    ……………………………………….
    ပါကစ္စတန်နိုင်ငံတွင် အပူလှိုင်းကြောင့် စနေနေ့မှစ၍ သေဆုံးသူဦးရေမှာ အံ့မခန်းမြင့်တက်လာခဲ့ပြီး ယခုအချိန်အထိ ၇၄၉ ဦးရှိလာခဲ့ပြီဟု အာဏာပိုင်များက ပြောကြားလိုက်သည်။ သို့သော်လည်း ရာသီဥတုမှာ ပြန်လည်ကောင်းမွန်လာပြီး ပြီးခဲ့သည့်ရက်များက အပူချိန် ၃၅ ဒီဂရီရှိခဲ့သည့် ကရာချီမြို့တွင် ၃၄ အထိ ကျသွားခဲ့သည်။ ယခုကဲ့သို့ အပူလှိုင်းဖြတ်မှုမှာ ဆယ်စုနှစ်တစ်ခုအတွင်း
    အဆိုးဝါးဆုံးဖြစ်ပြီး နာရီများစွာကြာ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုနှင့် ရေအနည်းငယ်သာ ရရှိမှုက အခြေအနေကို ပို၍ ဆိုးဝါးစေခဲ့သည်။
    သြစတေးလျ အစိုးရ၀န်ထမ်းများ အစိုးရကို ဆန္ဒပြ
    ………………………….
    နိုင်ငံအတွင်း အလုပ်အကိုင်၊ အခွင့်အရေးနှင့် အခြေအနေများ လျှော့ချမှုကို ဆန့်ကျင်သောအားဖြင့် သြစတေးလျနိုင်ငံ ဘရစ္စဘိန်းပြည်နယ်ရှိ အစိုးရ၀န်ထမ်းများမှာ ယနေ့တွင် အလုပ်မှ ရပ်နားကာ ဆန္ဒပြခဲ့ကြသည်။ သြစတေးလျတွင် ၀န်ကြီးချုပ် တိုနီအက်ဘော့တက်လာပြီးနောက်ပိုင်း အစိုးရ၀န်ထမ်း ၁၇၃၀၀ ခန့် လျှော့ချခံခဲ့ရပြီး ၁၂ လကျော်ကြာ ညှိနှိုင်းဆွေးနွေးမှုများ
    ပြုလုပ်ခဲ့သော်လည်း လုပ်ခတိုးမြှင့်ရေးမှာ အဆင်ပြေခဲ့ခြင်း မရှိချေ။
    ကာ့ဒ်တပ်ဖွဲ့များ ဆီးရီးယားတွင် အောင်ပွဲခံနေ
    ……………………………..
    ဆီးရီးယားရှိ IS တို့ ခြေကုပ်ယူထားရာ ရက်ကာမြို့သို့ ကာ့ဒ်တပ်ဖွဲ့က ယခုတစ်ပတ်အတွင်း ထိုးစစ်ဆင်မှုများ ဆက်တိုက်ပြုလုပ်နေပြီး IS တပ်ဖွဲ့များမှာ ၎င်းတို့၏ ခံစစ်ကို ကျားကန်နေရသည်ဟု ကာ့ဒ်တပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူက ယနေ့တွင် ပြောကြားလိုက်သည်။ အမေရိကန်က လေကြောင်းမှ ပစ်ကူပေးခြင်းနှင့်အတူ ကာ့ဒ်တပ်ဖွဲ့မှာ IS လက်ထဲမှ မြို့ငယ်အချို့နှင့် စစ်ခြေစိုက်စခန်းများကို
    ပြီးခဲ့သည့်ရက်ပိုင်းအတွင်း အောင်မြင်စွာသိမ်းပိုက်နိုင်ခဲ့ကာ ရက်ကာမြို့နှင့် တစ်ဖြည်းဖြည်း နီးကပ်လာပြီဖြစ်သည်။
    Ref: News agencies
  • အင်္ဂါဂြိုဟ်ပေါ်တွင် ပိရမစ်တစ်ခုတွေ့ရှိခဲ့ပြီး ရှေးဟောင်းသက်ရှိအဖွဲ့အစည်း ထွန်းကားခဲ့သည်ဟု စူးစမ်းသူများက ယူဆနေ
    အင်္ဂါဂြိုဟ်ပေါ်တွင် ပိရမစ်တစ်ခုတွေ့ရှိခဲ့ပြီး ရှေးဟောင်းသက်ရှိအဖွဲ့အစည်း ထွန်းကားခဲ့သည်ဟု စူးစမ်းသူများက ယူဆနေ
    ဇွန် ၂၄၊ ၂၀၁၅
    M-Media
    mars
    – အင်္ဂါဂြိုဟ်အား စူးစမ်းလေ့လာရန် ရောက်ရှိနေသည့် Curiosity Rover ယာဉ်မှ ပေးပို့သည့် ဓာတ်ပုံတွင် ဂြိုဟ်ပေါ်တွင် အီဂျစ်နိုင်ငံမှ ပီရမစ်ကြီးများနှင့် ဆင်တူသည့် အရာဝတ္ထုတစ်ခုကို တွေ့မြင်ခဲ့ရပြီး သိပ္ပံပညာရှင်များကမူ ရှေးဟောင်း သက်ရှိအဖွဲ့အစည်း တည်ရှိခဲ့သည့် သက်သေလက္ခဏာပင် ဖြစ်သည်ဟု မှတ်ယူနေကြသည်။
    အဆိုပါပိရမစ်မှာ ကားတစ်စီး၏ အရွယ်အစားခန့် ရှိသည်ဟု ယုံကြည်ရပြီး မြေအောက်တွင်မြုပ်နေသည့် ပိရမစ်ကြီး၏ ထိပ်ပိုင်းပင်ဖြစ်မည်ဟု စူးစမ်းလေ့လာသူများက ဆိုသည်။ အများစုကမူ ပိရမစ်နှင့် မတော်တဆသွားတူနေသည့် ကျောက်တုံးတစ်ခုသာ ဖြစ်မည်ဟု မှတ်ယူနေကြသည်။
    သို့သော်လည်း YouTube ချန်နယ်တစ်ခုဖြစ်သော ParanormalCrucible ကမူ အဆိုပါ ပိရမစ်မှာ ဒီဇိုင်းနှင့် ပုံသဏ္ဍာန် အတိအကျနီးပါး ရှိပြီး အသေအချာထုလုပ်ထားသည့် ဒီဇိုင်းဖြစ်ကာ အလင်းနှင့် အရိပ်တို့ကြောင့် ထင်ယောင်ထင်မှားဖြစ်ခြင်း မဟုတ်ဟု ဖော်ပြခဲ့သည်။
    နာဆာကမူ ထိုကိစ္စအတွက် ထောက်ခံအတည်ပြုချက် မပေးခဲ့ပေ။ သို့သော်လည်း ထိုဓာတ်ပုံမှာ နာဆာ၏ လျှို့ဝှက်အာကာသလုပ်ငန်းအတွက် အထောက်အထားဖြစ်သည်ဟု စူးစမ်းလေ့လာသူများက ပြောကြားခဲ့သည်။
    ပြီးခဲ့သည့်နှစ်က ရူပဗေဒပညာရှင်တစ်ဦးဖြစ်သော ဒေါက်တာ ဂျွန်ဘရန်ဒန်ဘာ့ဂ်က အင်္ဂါဟ်ဂြိုဟ်ပေါ်ရှိ ရှေးဟောင်း ဂြိုဟ်သားအဖွဲ့အစည်းမှာ အခြားသော အခြား ဂြိုဟ်မျိုးစုတစ်ခု၏ နျူကလီးယားဖြင့် တိုက်ခိုက်မှုကြောင့် ကွယ်ပျောက်သွားခဲ့ရသည်ဟု
    ယုံကြည်ကြောင်း ပြောကြားခဲ့သည်။
    ထို့ပြင် အင်္ဂါဂြိုဟ်ရှိ အနီရောင်မှာ သဘာအတိုင်း ဖြစ်ပွားနေသော သာမိုနျူကလီးယား ပေါက်ကွဲမှုကြောင့် ဖြစ်ပွားခြင်း ဖြစ်နိုင်သည်ဟု အထောက်အထားမပေးဘဲ ၂၀၁၁ ခုနှစ်တွင် ၎င်းက ပြောကြားခဲ့သည်။ သို့သော်လည်း နောက်ပိုင်းတွင် ထိုသို့ ပေါက်ကွဲခြင်းမှာ သဘာဝအတိုင်းမဟုတ်ဘဲ အသိဥာဏ်ရှိသော ဂြိုဟ်သားမျိုးနွယ်စုက စီစဉ်ထားခြင်း ဖြစ်နိုင်သည်ဟု ၎င်း၏ သီအိုရီကို
    ပြောင်းလဲခဲ့သည်။
    Ref: Dailymail
  • အောင်မြင်မှု၏တွန်းအားက မေတ္တာတရားဖြစ်သည်ဟု ဂွါဒီယိုလာဆို
    အောင်မြင်မှု၏တွန်းအားက မေတ္တာတရားဖြစ်သည်ဟု ဂွါဒီယိုလာဆို
    ဇွန် ၂၄၊ ၂၀၁၅
    M-Media
    byern
    – မိမိအား အောင်မြင်မှုဆီသို့ မောင်းနှင်သည့်အရာမှာ ဆုဖလားများ ဆွတ်ခူးခွင့် မဟုတ်ဘဲ ကစားသမားများနှင့် ပရိတ်သတ်များအား ချစ်မြတ်နိုးခြင်းပင်ဖြစ်သည်ဟု ဘိုင်ယန်မြူးနစ်နည်းပြ ဂွာဒီယိုလာက ပြောကြားခဲ့သည်။
    အသက် ၄၄ နှစ်အရွယ်ရှိ ဘာစီလိုနာနည်းပြဟောင်း ဂွါဒီယိုလာမှာ ချန်ပီယံလိဂ်ဖလားကို ၂ ကြိမ်တိုင်တိုင် ရရှိထားပြီး ၎င်း၏ ပထဆုံးနည်းပြဘ၀ ၆ နှစ်အတွင်းမှာပင် အမှတ်ပေးဖလား ၅ ကြိမ် ဆွတ်ခူးထားနိုင်သည်။
    သို့သော်လည်း ၎င်း၏ ခေါင်းဆောင်မှုကို ဖော်ထုတ်ရာတွင် ဂွါဒီယိုလာက မိမိနှင့် အလုပ်တွဲလုပ်သူများ၏ ချစ်ခြင်မေတ္တာကို ရရှိအောင်သာ ဆောင်ရွက်ပြီး ဆုဖလားများအနောက်ကို မလိုက်ဟု ပြောကြားခဲ့သည်။
    “ကျွန်တော့်ဘ၀မှာ ပြီးတော့ ကျွန်တော့်အလုပ်ကနေ ကျွန်တော်ဘာလိုချင်လဲဆိုတာ ခင်ဗျားသိချင်တယ်ဆိုရင် ချစ်ခြင်းမေတ္တာကိုပဲ ကျွန်တော်လိုချင်တာပါ။ ဘာမှ ထပ်ပြီး မရှာပါဘူး။ ဒါပဲ ကျွန်တော်လိုချင်တာပါ။ ဒါဟာ ခံစားမှုပါ။ တကယ်ပါ။ ကျွန်တော်ဟာ ဆုဖလားတွေကို မရှာဖွေပါဘူး” ဟု ဂွါဒီယိုလာက ပြောကြားခဲ့သည်။
    ထို့ပြင် တစ်ခါတစ်ရံတွင် ကစားသမားတစ်ဦးအတွက် ခံစားချက်ကို ဖော်ပြရသည်မှာ ခက်ခဲ့ပြီး အထူးသဖြင့် အသင်းမှထွက်ခွာသွားသည့်အချိန်တွင် ဖြစ်သည်ဟု ဆိုသည်။
    “ကစားသမားကို အသင်းကနေ လက်လွှတ်ပြီဆိုရင် သူတို့က ကျွန်တော်ဟာ သူတို့ကို မကြိုက်လို့ဆိုပြီး စိတ်ခုကြပါတယ်။ ဒါဟာ သူတို့ကို မနှစ်သက်လို့ မဟုတ်ဘဲ နည်းစနစ်ပိုင်းဆိုင်ရာ အကြောင်းအရင်းတွေအတွက် ချရတဲ့ဆုံးဖြတ်ချက်ဆိုပြီး သူတို့ မတွေးကြပါဘူး”
    ကစားသမားတစ်ဦးအား ဂရုတစ်စိုက်ရှိခြင်းအားဖြင့် ၎င်း၏ စွမ်းဆောင်ရည်ကို တိုးတက်စေနိုင်ကြောင်းကို ၎င်းကြုံတွေ့ခဲ့ရသည့် ထိပ်တန်းကစားသမားတစ်ဦးအကြောင်း ဥပမာပေးကာ ဂွာဒီယိုလာက ပြောပြခဲ့သည်။
    “သူနဲ့အတူ ကျွန်တော် ကော်ဖီဆိုင်ကိုသွားပြီး ကျွန်တော်တို့ ဘ၀အကြောင်း ပြောကြပါတယ်။ ဘောလုံးအကြောင်းမဟုတ်ပါဘူး။ နောက်ပွဲမှာ သူဟာ အသင်းရတဲ့ ဂိုး ၄ ဂိုးထဲက ၂ ဂိုးကို သွင်းယူနိုင်ခဲ့ပါတယ်။ တစ်ခုခုထူးခြားမှုကို သူ ခံစားခဲ့ရတယ်။ ဘာ့ကြောင့်လည်းဆိုတော့ သူဟာ မေတ္တာတရားကို ခံစားခဲ့ရလို့ပဲပေါ့”
    Ref: Goal