News @ M-Media

Blog

  • နိုင်ငံတကာသတင်းတို (ဇွန် ၂၇၊ ၂၀၁၅)

    ဇွန် ၂၇၊ ၂၀၁၅
    M-Media

    IS များကို ကိုဘိန်းမြို့မှ ကာ့ဒ်တပ်ဖွဲ့များ မောင်းထုတ်နိုင်
    …………………………….
    ကြာသာပတေးနေ့ကတည်းက ဆီးရီးယားရှိ ကိုဘိန်းမြို့ကို သိမ်းပိုက်ရန် ကြိုးစားခဲ့သည့် IS တပ်ဖွဲ့များကို ကာ့ဒ်တပ်ဖွဲ့များက ယနေ့တွင် အောင်မြင်စွာ မောင်းထုတ်နိုင်ခဲ့ကာ မြို့အား အပြည့်အ၀ ထိန်းချုပ်ထားနိုင်ပြီဟု ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့က
    ပြောကြားလိုက်သည်။ IS အဖွဲ့မှာ ယခုရက်ပိုင်း မြို့၏ အစိတ်အပိုင်းအနည်းငယ်ကို သိမ်းပိုက်နိုင်စဉ်အတွင်း လူပေါင်း ၂၀၀ ခန့်ကို သတ်ပစ်ခဲ့သည်။

    တရားလွန်မတောင်းဆိုပါက နျူအရေး သဘောတူညီချက်ရမည်ဟု အီရန်ဆို
    ……………………….
    အင်အားကြီးနိုင်ငံများအနေဖြင့် အပြုသဘောဆောင်သည့် ခြေလှမ်းများလှမ်းကာ တရားလွန် တောင်းဆိုမှုများ မပြုလုပ်ပါက လူတိုင်းအတွက် အကျိုးဖြစ်ထွန်းမည့် နျူအရေး သဘောတူညီချက်မှာ အမှန်တစ်ကယ် ရရှိလိမ့်မည်ဟု နောက်ဆုံးအဆင့် ဆွေးနွေးပွဲအတွက် ဗီယင်နာသို့ ရောက်ရှိလာသည့် အီရန်နိုင်ငံခြားရေးဝန်ကြီး ဂျာဗက်ဇာရစ်ဖ်က ပြောကြားခဲ့သည်။ ဇွန် ၃၀
    နောက်ဆုံးသတ်မှတ်ထားသည့် နျူအရေးဆွေးနွေးပွဲကို မကြာမီ ပြုလုပ်တော့မည်ဖြစ်သည်။

    သီရိလင်္ကာသမ္မတ ပါလီမန်ကို ဖျက်သိမ်း
    ………………………………….
    နိုင်ငံအတွင်း နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ရန်အတွက် သီရိလင်္ကာသမ္မတက ပါလီမန်ကို ယမန်နေ့တွင် ဖျက်သိမ်းခဲ့သည်။ ဇန်န၀ါရီ ၈ ရက်နေ့က ရွေးကောက်တင်မြှောက်ခံရသော သမ္မတ မိုင်သရီပါလာ ဆရီဆီနာမှာ သမ္မတ၏ လုပ်ပိုင်ခွင့်ကို လျှော့ချခြင်းအပါအ၀င် ၎င်းကတိပြုထားသည်များကို ဆောင်ရွက်ရန် ပါလီမန်၏ ထောက်ခံမှု လိုအပ်နေကာ သြဂုတ်လ ၁၇
    ရက်နေ့တွင် ပါလီမန်ရွေးကောက်ပွဲ ပြန်လုပ်မည်ဟု တာဝန်ရှိသူများက ဆိုသည်။

    တောင်တရုတ်ပင်လယ်ပိုင်ဆိုင်မှုအတွက် တရုတ်သတိပေး
    ……………………………
    တောင်တရုတ်ပင်လယ်ရှိ စပရက်တလေကျွန်းအား လွန်ခဲ့သည့် နှစ်တစ်ထောင်ကျော်က မိမိတို့၏ ဘိုးဘေးများက ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်ပြီး ထိုပိုင်ဆိုင်မှုအနေအထားကို ပြောင်းလဲပစ်ရန်မှာ ဘိုးဘေးများအား အရှက်ရအောင် ပြုလုပ်ခြင်းဖြစ်သည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီး ၀မ်ယီက ပြောကြားလိုက်သည်။ ထို့ပြင် မိမိတို့၏ အချုပ်အခြာအာဏာနှင့် အကျိုးစီးပွားကို တစ်ဖြည်းဖြည်းနှင့်
    တိုး၍ တိုး၍ ကျူးကျော်လာမှုများကိုလည်း ခွင့်ပြုသွားမည်မဟုတ်ဟု ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

    Ref: News Agencies

  • အရက်မူးနေသည့် အိန္ဒိယအမျိုးသမီးတစ်ဦး သမီး၏ ဦးခေါင်းအား လှီးဖြတ်စားသောက်

    အရက်မူးနေသည့် အိန္ဒိယအမျိုးသမီးတစ်ဦး သမီး၏ ဦးခေါင်းအား လှီးဖြတ်စားသောက်

    ဇွန် ၂၇၊ ၂၀၁၅
    M-Media

    ind
    ဦးခေါင်းလှီးဖြတ်ခြင်း ခံခဲ့ရသည့် သမီးငယ် ဘဟ်ရာတီ

    – အရက်မူးလွန်နေသည့် အိန္ဒိယမိခင်တစ်ဦးမှာ ၎င်း၏ ၂ နှစ်အရွယ် သမီးငယ်လေး၏ ဦးခေါင်းခွံကို လှီးဖြတ်စားသောက်မှုတစ်ခု အိန္ဒိယနိုင်ငံတွင် ဖြစ်ပွားခဲ့ပြီး ထိုအမျိုးသမီးအား လူအုပ်ကြီးက ၀ိုင်းဝန်း ရိုက်နှက်ခဲ့သည်ဟု သိရသည်။

    အနောက်ဘန်ဂေါပြည်နယ် ဂိုပါလ်ပူးရ်မြို့တွင် ဗုဒ္ဓဟူးနေ့က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အသက် ၂ နှစ်အရွယ် ဘဟ်ရာတီ မွန်ဒဲလ်၏ အော်သံကို ကြားသောကြောင့် ဦးလေးဖြစ်သူ ဒက်ဘလူက သွားရောက်ကြည့်ရှုခဲ့ရာ မွန်ဒဲလ်အား မိခင်ဖြစ်သူက ဦးခေါင်းခွံကို ဓားဖြင့်လှီး၍ စားသောက်နေသည်ကို တွေ့ရှိခဲ့ရခြင်းဖြစ်သည်။

    “နေ့လည်ပိုင်း ကျွန်တော် အိမ်မှာနားနေတုန်း ဘဟ်ရာတီရဲ့ အော်သံအကျယ်ကြီးကို ကျွန်တော် ကြားခဲ့ရပါတယ်။ ကျွန်တော် ကြည့်ဖို့ သွားခဲ့ပေမယ့် တုန်လှုပ်စရာကောင်းတာထက်ကိုပိုတဲ့ အဖြစ်အပျက်ကို ကျွန်တော် တွေ့ခဲ့ရပါတယ်။ ဘဟ်ရာတီရဲ့ ဦးခေါင်းက သွေးတွေ ဒလဟောထွက်နေပြီး ပရာမီလာ(မိခင်ဖြစ်သူ) က ခေါင်းက အသားတွေကို စားနေပါတယ်” ဟု အသက် ၄၁ နှစ်အရွယ် ဒက်ဘလူက ပြောကြားခဲ့သည်။

    ထို့နောက် ဒက်ဘလူမှာ ဘဟ်ရာတီအား မိခင်ဖြစ်သူလက်မှ ဆွဲထုတ်၍ ဆေးရုံသို့ အပြေးအလွှား သွားရောက်ပိုဆောင်ခဲ့ပြီး အထူးကြပ်မတ်ကုသဆောင်တွင် ကုသခဲ့ရသည်။

    ind 2
    မိခင်ဖြစ်သူ ပရာမီလာ

    ထိုသတင်းမှာ အနီးအနားသို့ ပြန့်နှံ့သွားပြီးနောက် ဒေါသထွက်နေသည့် လူအုပ်ကြီးက ရောက်လာကာ ပရာမီလာ၏အား ကြိုးဖြင့်တုပ်၍ ရိုက်နှက်ခဲ့ကြသည်။ ပရာမီလာက မိမိမှာ အရက်မူးနေခြင်းကြောင့် ဖြစ်သည်ဟု ရှင်းပြခဲ့သော်လည်း အရာမရောက်ခဲ့ပေ။

    ထို့နောက် မရီးဖြစ်သူ မမ်တာ မန်ဒဲလ်က ပရာမီလာအား ကယ်တင်ခဲ့ပြီး လူအုပ်ကြီး လူစုကွဲစေရန် ရဲတပ်ဖွဲ့သို့ အကြောင်းကြားခဲ့သည်။

    ဘဟ်ရာတီအား ဒေသတွင်း ဆေးရုံမှ ပစ္စည်းကိရိယာများ ပိုမိုပြည့်စုံသည့် ကိုလ်ကာတား ဆေးရုံသို့ ပို့ဆောင်ခဲ့ရသည်။ ရဲတပ်ဖွဲ့ကမူ မိခင်ဖြစ်သူ ပရာမီလာအား မကြာခင် တရားစွဲဆိုသွားမည်ဟု ပြောကြားခဲ့သည်။

    Ref: Dialymail

  • လူမျိုးရေးခွဲခြားမှုနှင့်ဆိုင်သော မှတ်ချက်အတွက် ဘရာဇီးလ်နည်းပြ ပြန်တောင်းပန်

    လူမျိုးရေးခွဲခြားမှုနှင့်ဆိုင်သော မှတ်ချက်အတွက် ဘရာဇီးလ်နည်းပြ ပြန်တောင်းပန်

    ဇွန် ၂၇၊ ၂၀၁၅
    M-Media

    r

    – ဘရာဇီးလ်နိုင်ငံမှာ လူမျိုးရေးခွဲခြားသည့် နိုင်ငံဖြစ်သည်ဟူသော သဘောမျိုးဖြစ်ခဲ့သည့် မှတ်ချက်အတွက် ဘရာဇီးလ်နည်းပြ ဒွန်ဂါက ပြန်လည်တောင်းပန်လိုက်သည်ဟု သိရသည်။

    ကမ္ဘာ့ဖလားပွဲအပြီး နည်းပြစကိုလာရီအား ထုတ်ပယ်ခဲ့ပြီး ဘရာဇီးလ်တွင် တစ်ကျော့ပြန်နည်းပြဖြစ်လာသည့် ဒွန်ဂါမှာ ကိုပါအမေရိကပြိုင်ပွဲတွင် အသင်းအား စွမ်းဆောင်ရည်ကောင်းမွန်အောင် မဆောင်ရွက်နိုင်သောကြောင့် ဝေဖန်မှုများကို ခံနေရသည်။

    ထို့ပြင် ယမန်နေ့က ပြုလုပ်ခဲ့သည့် ကွာတားဖိုင်နယ်ပွဲအကြို သတင်းစာရှင်းလင်းပွဲ၌ ဒွန်ဂါက လူတိုင်းက မိမိအား ရိုက်နှက်ချင်နေကြသောကြောင့် မိမိမှာ အာဖရိကနွယ်ဖွားအဖြစ် ခံစားရကြောင်း ပြောကြားခဲ့ကာ ထိုမှတ်ချက်က ဘရာဇီးလ်နိုင်ငံတွင် အာဖရိကနွယ်ဖွားများမှာ လူမျှိုးရေးခွဲခြားခံနေရသည့် သဘောမျိုး ဖြစ်ခဲ့သည်။

    ထို့ကြောင့် ဒွန်ဂါမှာ ဝေဖန်မှုများနှင့် ပို၍ ရင်ဆိုင်ခဲ့ရပြီး နောက်ပိုင်းတွင် ၎င်းက ကြေညာချက်ထုတ်ကာ ပြန်လည်တောင်းပန်ခဲ့သည်။

    “အာဖရိကနွယ်ဖွား ဘရာဇီးလ်နိုင်ငံသားတွေနဲ့ပတ်သက်ပြီး ကျွန်တော်ရဲ့ ပြောကြားမှုကြောင့် စိတ်ကသိကအောက်ဖြစ်ကြတဲ့ လူတိုင်းကို ကျွန်တော် တောင်းပန်ချင်ပါတယ်။ ကျွန်တော် အဲဒီလိုပြောတာက ကျွန်တော့်ရဲ့ ခံစားမှုနဲ့ သဘောထားတွေကို ထင်ဟပ်ခြင်းမရှိပါဘူး” ဟု အဆိုပါကြေညာချက်တွင် ဖော်ပြထားသည်။

    ဘရာဇီးလ်မှာ ယနေ့ညတွင် ပါရာဂွေးအသင်းနှင့် ကိုပါအမေရိက ကွာတားဖိုင်နယ်အဖြစ်ကစားရမည်ဖြစ်သည်။

    Ref: Goal

  • တီဗက်ဇ်ကို မယုံသောကြောင့် ပင်နယ်တီဦးစားပေး မရွေးချယ်ခဲ့ခြင်းဟု မာတီနိုဆို

    တီဗက်ဇ်ကို မယုံသောကြောင့် ပင်နယ်တီဦးစားပေး မရွေးချယ်ခဲ့ခြင်းဟု မာတီနိုဆို

    ဇွန် ၂၇၊ ၂၀၁၅
    M-Media

    tev

    – ၂၀၁၁ ခုနှစ်က ကိုပါအမေရိကဖလားတွင် ပင်နယ်တီလွဲချော်ခဲ့ခြင်းကြောင့် ယနေ့မနက် ကွာတားဖိုင်နယ်တွင် တီဗက်ဇ်အား ပထမ ၅ လုံးစာရင်းတွင် မထည့်ခဲ့ခြင်းဖြစ်သည်ဟု အာဂျင်တီးနားနည်းပြ မာတီနိုက ၀န်ခံပြောကြားခဲ့သည်။

    ကိုလံဘီယာနှင့် ကစားခဲ့သည့် အဆိုပါပွဲတွင် အာဂျင်တီးနားမှာ ခြေအသာဖြင့် မကစားနိုင်ခဲ့သော်လည်း ဂိုးသွင်းယူနိုင်ခြင်းမရှိဘဲ အချိန်ပိုအထိ ဂိုးမရှိသရေကျခဲ့သည်။ ထို့ကြောင့် ပင်နယ်တီကန်သွင်းခဲ့ရာ ၇ လုံးအထိ ရောက်ခဲ့ပြီး တီဗက်ဇ်၏ နောက်ဆုံး အဆုံးအဖြတ်ဖြင့် အနိုင်ရခဲ့ကာ ဆီမီးဖိုင်နယ်သို့ တက်နိုင်ခဲ့သည်။

    တီဗက်ဇ်က အာဂျင်တီးနားအသင်း ဆီးမီးဖိုင်နယ်သို့ တက်ရောက်ရေးအတွက် သူရဲကောင်းဖြစ်ခဲ့သော်လည်း မာတီနိုကမူ ၂၀၁၁ ခုနှစ် ဥရုဂွေးနှင့်ပွဲတွင် ပင်နယ်တီမ၀င်ခဲ့သော တီဗက်ဇ်အား မယုံသောကြောင့် ပထမ ၅ လုံးတွင် ကန်သွင်းရန် မရွေးခဲ့ခြင်းဖြစ်သည်ဟု ၀န်ခံခဲ့သည်။

    “ဘောလုံးလောကမှာ တစ်ခါတစ်ရံ ဒီလိုပါပဲ။ ပထမ ပင်နယ်တီ ၅ လုံးမှာ တီဗက်ဇ်ကိုမထည့်ခဲ့တာ ပြီးခဲ့တဲ့ ကိုပါအမေရိကမှာ ပင်နယ်တီလွဲခဲ့လို့ပါပဲ။ သူပေါက်ကွဲမှာကို တားဆီးဖို့အတွက် သူ့ကို တစ်လုံးကန်ဖို့ ရွေးချယ်ခဲ့ပါတယ်။ နောက်ဆုံးတော့ သူ့အလှည့် ရောက်လာတာပါပဲ။ ဒါဟာ ဘောလုံးပါပဲ” ဟု မာတီနိုက ပွဲအပြီး သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်များအား ပြောကြားခဲ့သည်။

    ပွဲအချိန်အတွင်း အနိုင်ရရှိအောင် မစွမ်းဆောင်နိုင်ခဲ့သော်လည်း မာတီနိုမှာ အသင်း၏ စွမ်းဆောင်ရည်ကို ချီးကျူးခဲ့သည်။

    “မိနစ် ၉၀ စလုံး ကျွန်တော်တို့က အရှင်သခင်ပါ။ ကျွန်တော်တို့ရဲ့ ဖိအားပေးပုံနဲ့ သူတို့ ဘာမှမလုပ်နိုင်ဘူးလို့ ကျွန်တော် ထင်ပါတယ်။ ကိုလံဘီယာက ထောင့်ကန်ဘောကနေ အခွင့်အရေးတစ်ခု ရခဲ့ပါတယ်။ ဒီလောက်ပါပဲ”

    Ref: Goal

  • ဗုဒ္ဓဘာသာဝင်များနှင့် မွတ်စလင်များအကြား အမုန်းတရား လှုံ့ဆော်သူကို ဘင်္ဂလားဒေ့ရှ်ဖမ်းဆီး

    ဗုဒ္ဓဘာသာဝင်များနှင့် မွတ်စလင်များအကြား အမုန်းတရား လှုံ့ဆော်သူကို ဘင်္ဂလားဒေ့ရှ်ဖမ်းဆီး

    ဇွန် ၂၇၊ ၂၀၁၅
    M-Media

    bd

    – ဘာသာရးနှင့် လူမျိုးရေးဆိုင်ရာ အမုန်းပွားမှုများ ဖြစ်စေရန် ဆိုရှယ်မီဒီယာမှတစ်ဆင့် လှုံ့ဆော်ခဲ့သူ တစ်ဦးကို ဘင်္ဂလားဒေ့ရှ်ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်ဟု သိရသည်။

    SM Shakhawat Hossain ဟု အမည်ရသည့် အဆိုပါအမျိုးသားကို မြို့တော် ဒါကာရှိ ပူရာနာ ပါလ်တန်ဒေသမှ အင်္ဂါနေ့ညတွင် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု ဒါကာ ရဲတပ်ဖွဲ့ ကော်မရှင်နာမင်းကြီး မိုဟာမက် မွန်တာစီရုလ် အစ္စလာမ်က ပြောကြားခဲ့သည်။

    “သူဟာ Facebook ပို့စ်တွေကနေတစ်ဆင့် မွတ်စလင်တွေနဲ့ ဗုဒ္ဓဘာသာဝင်တွေအကြားမှာ ဘာသာရေးအမုန်းပွားမှု လှုံ့ဆော်ဖို့ ကြိုးစားနေတာပါ” ဟု အစ္စလာမ်က ပြောကြားခဲ့သည်။

    ဒါကာရဲတပ်ဖွဲ့ရုံးချုပ်၌ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် အစ္စလာမ်က အွန်လိုင်းသတင်းဌာန၏ အယ်ဒီတာဟုခေါ်သော Hossain အား သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာ အက်ဥပဒေဖြင့် ပါလ်တန် ရဲတပ်ဖွဲ့က အမှုဖွင့်ထားသည်ဟု ဆိုသည်။

    “သူရဲ့ စာမျက်နှာမှာ ကမ္ဘာတစ်ဝှမ်းက အဖြစ်အပျက်အမျိုးမျိုးရဲ့ ဓာတ်ပုံတွေကိုတင်ပြီး ဒါတွေဟာ မြန်မာနိုင်ငံက မွတ်စလင်တွေအပေါ် ကျူးလွန်တဲ့ အထောက်အထားတွေဖြစ်တယ်လို့ ပြောတာတွေက သူ့ကို စိတ်ကူးရစေတယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်။ ဒါပေမယ့် Hossain ကို ကနဦးစစ်ဆေးမေးမြန်းမှုမှာ မြန်မာနိုင်ငံက ဗုဒ္ဓဘာသာဝင်တွေ မွတ်စလင်တွေကို ငြှင်းပန်းနှိပ်စက်မှုကို သည်းမခံနိုင်ဘူလို့ ဆိုပါတယ်။ ဒါ့ကြောင့် မိမိ၏ စိတ်ဆန္ဒနဲ့ ဒီလှုပ်ရှားမှု လုပ်ခဲ့ပြီး ပုံအမျိုးမျိုးကို စုဆောင်းကာ လွှင့်တင်သွားမယ်လို့ ပြောခဲ့ပါတယ်” ဟု အစ္စလာမ်က ထပ်လောင်ပြောကြားခဲ့သည်။

    ထို့ပြင် အဆိုပါ အွန်လိုင်းလှုံ့ဆော်မှုအတွက် မည်သူက ရန်ပုံငွေထောက်ပံ့နေသည်ကိုလည်း စုံစမ်းစစ်ဆေးသွားမည်ဟု ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

    အခြားသူများကိုလည်း စုံစမ်းနေ

    ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း လူအဖွဲ့အစည်းအချင်းချင်းကြား အမုန်းတရားများ လှုံ့ဆော်ရန် ကြိုးပမ်းနေသည့် သတင်းစာမျက်နှာ ၁၀ ခုမှ ၁၂ ခုခန့် ရှိနေပြီး ၎င်းတို့၏ လှုပ်ရှားမှုများကို အနီးကပ်စောင့်ကြည့်မှုများ ပြုလုပ်နေသည်ဟု အစ္စလာမ်က ထည့်သွင်းပြောကြားခဲ့သည်။

    “အကျိုးသက်ရောက်မှုကို မသိဘဲ ဒီ အမုန်းတရားဓာတ်ပုံတွေကို like လုပ်တာ၊ share တာတွေတောင်မှ ရာဇ၀တ်မှုအဖြစ် တည်ဆောက်လို့ရပါတယ်။ ဒါပေမယ့် တစ်ယောက်ယောက်ကို Tag မယ်ဆိုရင်တော့ Tag ခံရသူဟာ ရာဇ၀တ်မှု မမြောက်ပါဘူး”

    ထို့ပြင် ထိုကဲ့သို့သော အကြောင်းအရာကို အင်တာနက်အသုံးပြုသူများ ဂရုစိုက်ရန် ၎င်းက တိုက်တွန်းပြောကြားခဲ့သည်။

    ၂၀၁၂ ခုနှစ်မှစ၍ ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာမွတ်စလင်များနှင့် ပြည်မရှိ မွတ်စလင်လူ့အဖွဲ့အစည်းအပေါ် ပစ်မှတ်ထားသည့် အကြမ်းဖက်တိုက်ခိုက်မှုများ ဆက်တိုက် ဖြစ်ပေါ်လာခဲ့ပြီးနောက် အဆိုပါအကျိုးဆက်မှာ မလေးရှား၊ အင်ဒိုနီးရှား နိုင်ငံတို့ အထိ ပြန့်နှံ့သွားခဲ့သည်။

    မြန်မာအစိုးရမှာ အကြမ်းဖက်သူများကို ထိထိရောက်ရောက် အရေးယူခြင်းမရှိဘဲ၊ လူမှုရေးပြဿနာများကို အကြောင်းပြကာ ဘာသာရေး ပဋိ့ပက္ခဖြစ်ပွားစေရန်၊ ဗလီဝတ်ကျောင်းတော်များနှင့် မွတ်စလင်များကို ဖျက်ဆီး တိုက်ခိုက်ရန် ဆိုရှယ် မီဒီယာများတွင် ပေါ်ပေါ်ထင်ထင် လှုံ့ဆော်နေသူများကိုလည်း  ထိရောက်သည့် အရေးယူမှု အားနည်းလျက်ရှိသည်။

    Ref: bdnews24