News @ M-Media

Blog

  • အာဆီယံတွင် မြန်မာစစ်ခေါင်းဆောင် ပြန်ပါနိုင်ရေး ကမ္ဘောဒီးယားဝန်ကြီးချုပ် ဆောင်ရွက်မည်

    အာဆီယံတွင် မြန်မာစစ်ခေါင်းဆောင် ပြန်ပါနိုင်ရေး ကမ္ဘောဒီးယားဝန်ကြီးချုပ် ဆောင်ရွက်မည်

    ဒီဇင်ဘာ ၉၊ ၂၀၂၁
    M-Media

    စစ်ကောင်စီဝန်ကြီး ဦး၀ဏ္ဏမောင်လွင်နှင့် ဟွန်ဆန်

    -လာမယ့်နှစ်ဇန်နဝါရီလမှာ မြန်မာနိုင်ငံကို သွားရောက်ဖို့ရှိပြီး စစ်ကောင်စီကို အာဆီယံအဖွဲ့မှာ ပါဝင်နိုင်ရေး ဆောင်ရွက်သွားမယ်လို့ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်က ပြောကြားလိုက်ပါတယ်။

    ကမ္ဘောဒီးယားဟာ လာမယ့်နှစ်မှာ အာဆီယံဥက္ကဌအဖြစ် တာဝန်ယူဆောင်ရွက်မှာပါ။ မြန်မာနိုင်ငံက အာဏာသိမ်းစစ်ကောင်စီနဲ့ တွေ့ဆုံညှိနှိုင်းဖို့ ဆန္ဒရှိကြောင်း ပြီးခဲ့တဲ့လကစလို့ ဟွန်ဆန်က လူသိရှင်ကြား ထုတ်ပြောလာတာ ဖြစ်ပါတယ်။

    စစ်ကောင်စီခန့်နိုင်ငံခြားရေးဝန်ကြီးကို ဟွန်ဆန်က အခုတစ်ပတ်မှာ ဖိတ်ကြားတွေ့ဆုံခဲ့သလို၊ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ကမ္ဘောဒီးယားလာဖို့ ဖိတ်ကြားမယ်လို့လည်း ဆိုပါတယ်။

    ဒီကနေ့ နိုင်ငံအရှေ့တောင်ပိုင်းက လေဆိပ်ဖွင့်ပွဲအခမ်းအနားမှာ ဟွန်ဆန်က သူ့အနေနဲ့ လာမယ့်နှစ် ဇန်နဝါရီလမှာ မြန်မာနိုင်ငံကို သွားရောက်မှာဖြစ်ပြီး စက်မှုဝန်ကြီးကိုလည်း ခေါ်ဆောင်သွားမယ်လို့ ဆိုပါတယ်။

    “ကျွန်တော်ပြောပြီးသားပဲ။ ကြိုက်တဲ့လူတွေ ကြိုက်သလို ပြောကြပါစေ။ မြန်မာနဲ့ ပူးပေါင်းဆောင်ရွက်မှုမလုပ်ရင် ဘယ်သူနဲ့ ကျွန်တော်တို့က သွားလုပ်ရမှာလဲ”

    အာဆီယံဟာ အရင်လို ၁၀ နိုင်ငံအပြည့်ဖြစ်တာကို လိုလားပြီး ဒီအတွက် တိုင်းပြည်ကို စီမံနေတဲ့အဖွဲ့နဲ့သာ ပူးပေါင်းဆောင်ရွက်ရမှာဖြစ်ကြောင်း၊ အဖြေချက်ခြင်းထွက်မှာမဟုတ်ဘဲ နှစ်နဲ့ချီ ဆွေးနွေးရမှာဖြစ်ကြောင်း ဟွန်ဆန်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    “တစ်ခေါက်တည်းသွားတာနဲ့ ပြဿနာက ချက်ခြင်း ပြေလည်မသွားပါဘူး။ အနည်းဆုံး ဘုံပြဿနာတွေက ဘာလဲဆိုတာ ကျွန်တော်တို့ သိရမယ်။ ဒါဟာ ပြဿနာကိုဖြေရှင်းဖို့ လမ်းစပါပဲ”

    ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေးကျွမ်းကျင်သူ ပေါလ်ချိန်ဘာက စစ်ကောင်စီနဲ့ ဆွေးနွေးညှိနှိုင်းမယ့် ဟွန်ဆန်ရဲ့ အစီအစဉ်ကို အင်ဒိုနီးရှားနဲ့ ဖိလစ်ပိုင်လို ဒီမိုကရေစီနိုင်ငံတွေက လက်ခံမှာမဟုတ်ဘူးလို့ သုံးသပ်ပါတယ်။

    ဩစတေးလျအမျိုးသားတက္ကသိုလ်က နိုင်ငံရေးသုတေသီ ဟန်တာမာစတန်က ဟွန်ဆန်ရဲ့ ဒီနည်းလမ်းဟာ ဒီမိုကရေစီ ဖော်ဆောင်နိုင်ဖို့မရှိဘဲ၊ ဖြုတ်ချခံလိုက်ရတဲ့ အရပ်သားအစိုးရနဲ့ ပူးပေါင်းဆောင်ရွက်တဲ့ နည်းလမ်းကသာ ယုံကြည်စိတ်ချရလိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။

    ဧပြီလ အာဆီယံထိပ်သီးအစည်းအဝေးမှာ သဘောတူညီခဲ့တဲ့ အချက်တွေကို လိုက်နာဆောင်ရွက်ခြင်းမရှိတဲ့အတွက် အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ယခုနှစ်အတွင်း ကျင်းပခဲ့တဲ့ ထိပ်သီးအစည်းအဝေး အနည်းဆုံး ၃ ခုမှာ အာဆီယံက ဖိတ်ကြားခဲ့ခြင်း မရှိပါဘူး။

    Ref: vodenglish

  • Pfizer ၃ ကြိမ်ထိုးပါက ကိုဗစ်မျိုးကွဲသစ် အိုမီခရွန်ကို ကာကွယ်နိုင်ဖွယ်ရှိ

    Pfizer ၃ ကြိမ်ထိုးပါက ကိုဗစ်မျိုးကွဲသစ် အိုမီခရွန်ကို ကာကွယ်နိုင်ဖွယ်ရှိ

    ဒီဇင်ဘာ ၈၊ ၂၀၂၁
    M-Media

    -မိမိတို့ထုတ်ထားတဲ့ ကာကွယ်ဆေး ၃ ကြိမ်ထိုးရင် မျိုးကွဲသစ် အိုမီခရွန် (Omicron) ကို တိုက်ဖျက်နိုင်တဲ့ ကိုယ်ခံစွမ်းအား ရရှိတာကို တွေ့ရကြောင်း ထိပ်တန်း ကိုဗစ်ကာကွယ်ဆေးကုမ္ပဏီ BioNTech and Pfizer က ဒီကနေ့မှာ ကြေငြာချက် ထုတ်ပြန်ပါတယ်။

    ကာကွယ်ဆေးထိုးထားတဲ့သူရဲ့သွေးကို ယူပြီး ဓာတ်ခွဲခန်းစမ်းသပ်မှုမှာ ဒီရလဒ်ထွက်ပေါ်လာတာပါ။ လိုအပ်ရင် အိုမီခရွန်အတွက်ကာကွယ်ဆေးကို ၂၀၂၂ ခုနှစ် မတ်လလောက်မှာ ထုတ်လုပ်ဖြန့်ဖြူးနိုင်လိမ့်မယ်လို့လည်း ဆိုပါတယ်။

    Pfizer ကုမ္ပဏီအကြီးအကဲ အဲလ်ဘတ်ဘူလာက လူတွေကို ကာကွယ်ဆေး ၂ ကြိမ် ထိုးပေးနိုင်အောင် ဆောင်ရွက်ရမှာဖြစ်ပြီး၊ အဲဒီနောက် တတိယတစ်ကြိမ် Booster ထိုးခြင်းက ကိုဗစ်ကပ်ရောဂါကို ကာကွယ်ဖို့ အကောင်းဆုံးနည်းလမ်းဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    ကိုဗစ်မျိုးကွဲသစ် အိုမီခရွန် ကူးစက်နေကြောင်း တောင်အာဖရိကနိုင်ငံက နိုဝင်ဘာ ၂၅ ရက်နေ့မှာ ထုတ်ပြန်ခဲ့တာပါ။ အဲဒီနောက် ကမ္ဘာ့နိုင်ငံတစ်ချို့မှာ ဒီမျိုးကွဲသစ် ကူးစက်မှုတွေ တွေ့ရလာပေမယ့် အခုအချိန်အထိ အိုမီခရွန်ကြောင့် သေဆုံးမှု မရှိသေးပါဘူး။

    အိုမီခရွန်အတွက် သီးသန့်ကာကွယ်ဆေးထုတ်ဖို့ လိုအပ်လားဆိုတာ အတိအကျ မသိသေးပေမယ့် BioNTech and Pfizer က ထုတ်လုပ်ဖြန့်ဖြူးသွားမယ်လို့ ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    တောင်အာဖရိက သိပ္ပံပညာရှင်တွေက အိုမီခရွန်ဟာ Pfizer နှစ်ကြိမ်ထိုးမှုကနေ ထွက်လာတဲ့ ကိုယ်ခံစွမ်းအားကို ကျော်လွှားနိုင်မယ့်အနေအထား ရှိပေမယ့် ၃ ကြိမ်ထိုးထားရင် ကာကွယ်နိုင်ဖွယ်ရှိတယ်လို့ ကနဦးလေ့လာဆန်းစစ်မှု​တွေကို ကိုးကားပြီး မနေ့က ထုတ်ပြန်ခဲ့ပါတယ်။

    Ref: CNA

  • ဆော်ဒီကိုလက်နက်​ရောင်းချရေး ကန်လွှတ်တော် မီးစိမ်းပြ

    ဆော်ဒီကိုလက်နက်​ရောင်းချရေး ကန်လွှတ်တော် မီးစိမ်းပြ

    ဒီဇင်ဘာ ၈၊ ၂၀၂၁
    M-Media

    -ဒေါ်လာ သန်းပေါင်း ၆၅၀ တန်ဖိုးရှိမယ့် ဒုံးကျည်တွေ၊ လေကြောင်းရန် ကာကွယ်ရေးစနစ်တွေ ဆော်ဒီကို မရောင်းဖို့ ပိတ်ပင်တဲ့ ဆုံးဖြတ်ချက် မူကြမ်းတစ်ခုကို ​အမေရိကန် အထက်လွှတ်တော်က ဒီကနေ့မှာ မဲခွဲ ပယ်ချလိုက်ပါတယ်။

    သမ္မတ ဂျိုးဘိုင်ဒန်က ဒီအစီအစဉ်ကို နိုဝင်ဘာလမှာ အတည်ပြုခဲ့တာပါ။ ဒါပေမယ့် ဒီလိုရောင်းချလိုက်ရင် ယီမင်စစ်ပွဲမှာ ဆော်ဒီအာရေဗျရဲ့ ပါဝင်မှုကို ပိုမိုအားကောင်းစေလိမ့်မယ်လို့ ထောက်ပြကာ ရီပက်ဘလစ်ကန်ပါတီ လွှတ်တော်အမတ်အချို့က ကန့်ကွက်တဲ့မူကြမ်းကို တင်ခဲ့တာ ဖြစ်ပါတယ်။

    ဒီကနေ့ မဲခွဲရာမှာ ထောက်ခံမဲ ၃၀၊ ကန့်ကွက်မဲ ၆၇ မဲနဲ့ ပယ်ချခံလိုက်ရပါတယ်။ ဆုံးဖြတ်ချက်မူကြမ်းရေးသားရာမှာ ပါဝင်ခဲ့တဲ့ တစ်သီးပုဂ္ဂလိ လွှတ်တော်အမတ် ဘာနီ ဆန်းဒါးစ်က ဆော်ဒီကို ဒုံးကျည်တွေရောင်းတာဟာ မီးပုံထဲ ဓာတ်ဆီလောင်းထည့်တာသာ ဖြစ်လိမ့်မယ်လို့ မဲခွဲမှုအပြီးမှာ ပြောကြားခဲ့ပါတယ်။

    ယီမင်ပြည်တွင်းစစ်မှာ ဆော်ဒီဦးဆောင်တဲ့ ပင်လယ်ကွေ့မဟာမိတ်အဖွဲ့ဟာ ၂၀၁၅ ခုနှစ်က စတင်ပါဝင်ခဲ့ပြီး ယီမင်အစိုးရဖက်ကနေ အီရန်ကျောထောက်နောက်ခံပြုထားတဲ့ ဟူသီသူပုန်တွေကို တိုက်ခိုက်ပေးနေတာ ဖြစ်ပါတယ်။

    ဆော်ဒီကို လက်နက်မရောင်းဖို့ တားမြစ်တဲ့ ဆုံးဖြတ်ချက်မူကြမ်းကို မထောက်ခံကြောင်း သမ္မတဘိုင်ဒန်က မနေ့မှာ ပြောကြားခဲ့ပြီး ဆော်ဒီအာရေဗျက အရပ်သားတွေ ဒုံးကျည်၊ ဒရုန်းနဲ့ တိုက်ခိုက်ခံရမှု ပိုမိုမြ​င့်တက်လာတဲ့အချိန် မဟာမိတ်တွေကို ကူညီရေး မိမိတို့ကတိကဝတ်ကို ထိခိုက်စေလိမ့်မယ်လို့ တုန့်ပြန်ခဲ့ပါတယ်။

    ဆော်ဒီကဝယ်ယူမယ့် လက်နက်တွေထဲမှာ Raytheon ဒုံးကျည်တွေ၊ ပက်ထရီယော့ ဒုံးခွင်းစနစ်တွေ ပါဝင်မှာ ဖြစ်ပါတယ်။

    Ref: Aljazeera

  • စစ်တပ်အကြီးအကဲ လေယာဉ်ပျက်ကျသေဆုံးသွားကြောင်း အိန္ဒိယအတည်ပြု

    စစ်တပ်အကြီးအကဲ လေယာဉ်ပျက်ကျသေဆုံးသွားကြောင်း အိန္ဒိယအတည်ပြု

    ဒီဇင်ဘာ ၈၊ ၂၀၂၁
    M-Media

    -စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဘီပင် ရာ၀ပ်ဟာ နိုင်ငံတောင်ပိုင်း တမီလ်နာဒူးပြည်နယ်မှာ လေယာဉ်ပျက်ကျ သေဆုံးသွားတယ်လို့ အိန္ဒိယလေတပ်က အတည်ပြုထုတ်ပြန်လိုက်ပါတယ်။

    ဗိုလ်ချုပ်ကြီးရာဝပ် လိုက်ပါသွားတဲ့ Mi-17V5 ရဟတ်ယာဉ် ပျက်ကျသွားတယ်ဆိုတဲ့သတင်းတွေ ဒေသစံတော်ချိန် ဒီကနေ့ နေ့လယ်ပိုင်းလောက်ကတည်းက ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်နေတာဖြစ်ပါတယ်။

    လေတပ်ရဲ့ ထုတ်ပြန်ချက်မှာ ရဟတ်ယာဉ်ဟာ လေတပ်စခန်းကနေ ကာကွယ်ရေးကောလိပ်ကိုအသွားမှာ ပျက်ခဲ့တာဖြစ်ပြီး ဒီအတွက် စုံစမ်းစစ်ဆေးမှုတွေလုပ်နေကာ ကာကွယ်ရေးဝန်ကြီးကလည်း ညနေပိုင်းမှာ လွှတ်တော်ကို တင်ပြဖို့ရှိတယ်လို့ ဖော်ပြထားပါတယ်။

    လေယာဥ်ပျက်မှုအတွင်း ဗိုလ်ချုပ်ကြီးရာဝပ်ရဲ့ဇနီးနဲ့ လေယာဉ်ပေါ်လိုက်ပါသွားသူ အခြား ၁၁ ဦးလည်း သေဆုံးခဲ့ပါတယ်။

    ကြည်း၊ ရေ၊ လေ စစ်ဦးစီးအရာရှိချုပ်တွေကို ကွပ်ကဲမယ့် စစ်ဦးစီးချုပ်ရာထူးကို အိန္ဒိယအစိုးရက ၂၀၁၉ ခုနှစ်မှာ ဖန်တီးကာ အငြိမ်းစားယူသွားပြီဖြစ်တဲ့ ဗိုလ်ချုပ်ကြီး ဘီပင်ရာဝပ်ကို ခေါ်ယူခန့်အပ်ခဲ့တာ ဖြစ်ပါတယ်။

    ဗိုလ်ချုပ်ကြီးဟာ ဝန်ကြီးချုပ်မိုဒီနဲ့ နီးစပ်သူဖြစ်ပြီး၊ ကာကွယ်ရေးဝန်ကြီးဌာန အကြံပေးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးပါတယ်။ မိဘမျိုးရိုးက စစ်သားမျိုးဖြစ်ပြီး ဗိုလ်ချုပ်ကြီးကိုယ်တိုင်လည်း အိန္ဒိယစစ်တပ်မှာ နှစ်ပေါင်း ၄၀ လောက် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

    ပါကစ္စတန်၊ တရုတ်တို့နဲ့ ပိုင်နက်အငြင်းပွားမှုရှိနေတဲ့ ကက်ရှ်မီးယားဒေသက တပ်တွေကို ကွပ်ကဲရသူ ဖြစ်ပါတယ်။ နိုင်ငံအနောက်မြောက်ပိုင်းမှာ လက်နက်ကိုင်ပဋိပက္ခလျော့ကျအောင် ဆောင်ရွက်နိုင်ခဲ့လို့ ကျော်ကြားသလို မြန်မာနိုင်ငံထဲအထိ ဝင်ရောက်ဆင်နွှဲတဲ့ သူပုန်တိုက်ဖျက်မှု စစ်ဆင်ရေးကိုလည်း ဗိုလ်ချုပ်ကြီးရာဝပ်က ကွပ်ကဲခဲ့ဖူးပါတယ်။

    Ref: Reuters

  • စစ်တပ်ပိုင် စီးပွားရေးပေ့ချ်များ၊ အကောင့်များကို Facebook က စတင်ဖယ်ရှား

    စစ်တပ်ပိုင် စီးပွားရေးပေ့ချ်များ၊ အကောင့်များကို Facebook က စတင်ဖယ်ရှား

    ဒီဇင်ဘာ ၈၊ ၂၀၂၁
    M-Media

    -မြန်မာစစ်ခေါင်းဆောင်တွေရဲ့ စီးပွားရေးလုပ်ငန်းတွေနဲ့ သက်ဆိုင်တဲ့ ပေ့ချ်တွေ၊ အကောင့်တွေ အားလုံးကို ဖယ်ရှားသွားမယ်လို့ Facebook က ဒီကနေ့မှာ ကြေငြာပါတယ်။

    အခုလိုကြေငြာပြီးပြီးချင်းမှာပဲ စစ်တပ်နဲ့ ဗီယက်နမ်တို့ ပူးတွဲပိုင်ဆိုင်တဲ့ ဆက်သွယ်ရေးလုပ်ငန်း MyTel ရဲ့ စာမျက်နှာကို ဖယ်ရှားလိုက်ပါတယ်။

    Facebook မိခင်ကုမ္ပဏီ Meta ရဲ့ အာရှ-ပစိဖိတ်ဆိုင်ရာအကြီးအကဲ ရာဖေးလ် ဖရန်ကဲလ်က သူတို့ ပလက်ဖောင်းမှာ မြန်မာစစ်တပ် မတည်ရှိရေး ပိုမိုလုပ်ဆောင်သွားမှာဖြစ်ပြီး၊ စစ်တပ်ကပိုင်တဲ့ စီးပွားရေးလုပ်ငန်းတွေကိုလည်း ဖယ်ရှားသွားမယ်လို့ ပြောပါတယ်။

    ‘အရင်ကတည်းက အခုအချိန်အထိ အကြမ်းဖက်မှုတွေ၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကျူးလွန်နေတဲ့ မြန်မာစစ်တပ်ရဲ့ ဝင်ငွေရလမ်းမှာ စစ်ခေါင်းဆောင်တွေပိုင်တဲ့ စီးပွားရေးလုပ်ငန်းတွေက အဓိကကျနေတာကို နိုင်ငံတကာအသိုင်းအ၀ိုင်းနဲ့ အစိုးရမဟုတ်တဲ့အဖွဲ့အစည်းတွေက သက်သေသာဓက အထောက်အထား ပြည့်ပြည့်စုံစုံနဲ့ ဖော်ပြလာတဲ့အတွက်’’ ဒီလို အရေးယူဆောင်ရွက်ရခြင်းဖြစ်တယ်လို့လည်း ဖရန်ကဲလ်က ဆိုပါတယ်။

    ရခိုင်ပြည်နယ်က လူနည်းစု ရိုဟင်ဂျာမွတ်စလင်တွေအပေါ် အမုန်းစကားပြောဆိုမှုကို အချိန်မီဖယ်ရှားဖို့ ပျက်ကွက်ခဲ့တယ်ဆိုပြီး ရိုဟင်ဂျာအဖွဲ့အစည်းတွေက နစ်နာကြေး ဒေါ်လာ ဘီလီယံ ၁၅၀ ရလိုမှုနဲ့ တရားစွဲပြီး ၂ ရက်အကြာမှာပဲ Facebook ရဲ့ ဒီကြေ​ငြာချက် ထွက်ပေါ်လာတာပါ။

    ဖရန်ကဲလ်ကတော့ စစ်တပ်ပိုင်စီးပွားရေးလုပ်ငန်းတွေကိုဖယ်ရှားဖို့ သူတို့ရဲ့ဆုံးဖြတ်ချက်ကို လွန်ခဲ့တဲ့ သီတင်းပတ်အနည်းငယ်ကတည်းက ချထားတာဖြစ်ပြီး၊ အခုတစ်ပတ် ရိုဟင်ဂျာတွေရဲ့ တရားစွဲဆိုမှုနဲ့ မပတ်သက်ဘူးလို့ ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    ရိုဟင်ဂျာတွေအပေါ် စစ်တပ်က ကျူးလွန်မှုတွေဟာ အလွန်စက်ဆုပ်စရာကောင်းတယ်လို့ ဖရန်ကဲလ်က မှတ်ချက်ပေးခဲ့ပြီး အမုန်းစကားတွေဖယ်ရှားရေး အားထုတ်လုပ်ဆောင်နေတယ်လို့လည်း ဆိုပါတယ်။

    ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းကာ ပြည်သူလူထုအပေါ် အကြမ်းဖက် တိုက်ခိုက်သတ်ဖြတ်မှုတွေ၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေ လုပ်ဆောင်တဲ့အတွက် အမေရိကန်အပါအဝင် ကမ္ဘာ့နိုင်ငံတွေက စစ်ခေါင်းဆောင်တွေနဲ့ သူတို့ပိုင်ဆိုင်တဲ့ စီးပွားရေးလုပ်ငန်းတွေကို ပိတ်ဆို့အရေးယူတာတွေ တိုးမြှင့်လုပ်ဆောင်လာပါတယ်။

    စစ်ခေါင်းဆောင်တွေဟာ ကျောက်စိမ်း၊ ရေနံနဲ့သဘာ၀ဓာတ်ငွေ့၊ သစ်လုပ်ငန်း စတဲ့ ဒေါ်လာ ဘီလီယံပေါင်းများစွာ ရရှိတဲ့ လုပ်ငန်းတွေကို ဦးစီးလုပ်ကိုင်နေတာ ဖြစ်ပါတယ်။

    ဖရန်ကယ်က စစ်ခေါင်းဆောင်တွေ အပြည့်အ၀မပိုင်ဆိုင်တဲ့ လုပ်ငန်းတွေကိုလည်း Facebook စာမျက်နှာကနေ ဖယ်ရှားသွားမှာဖြစ်ပြီး အဲဒီအထဲမှာ ဘီယာလုပ်ငန်း Kirin’s Myanmar Brewery လည်း ပါဝင်တယ်လို့ ဆိုပါတယ်။

    Ref: Financial Times