News @ M-Media

Blog

  • အီရန်၏ နျူလုပ်ငန်းတစ်ခုလုံးကို အမေရိကန်က ဖျက်ဆီးချင်နေသည်ဟု ခါမေနီပြော

    အီရန်၏ နျူလုပ်ငန်းတစ်ခုလုံးကို အမေရိကန်က ဖျက်ဆီးချင်နေသည်ဟု ခါမေနီပြော

    ဇွန် ၂၄၊ ၂၀၁၅
    M-Media

    iran

    – အမေရိကန်မှာ မိမိတို့၏ နျူကလီးယားကဏ္ဍကို လုံးဝဖျက်ဆီးချင်နေသည်ဟု အီရန်နိုင်ငံ၏ အဓိပတိ အယာတိုလာ ခါမေနီက နိုင်ငံပိုင် ရုပ်သံမှတစ်ဆင့် ယမန်နေ့တွင် ပြောကြားခဲ့ပြီး အီရန်၏ စစ်ဘက်ဆိုင်ရာနေရာများကို နိုင်ငံတကာ စုံစမ်းရေးမှူးများက စစ်ဆေးခြင်း ဖြစ်လာမည်မဟုတ်ဟု ဆိုသည်။

    “အမေရိကန်က ငါတို့ရဲ့ နျူကလီးယားကဏ္ဍကြီးတစ်ခုလုံးကို ဖျက်ဆီးချင်နေတာပါ။ ငါတို့ရဲ့ ညှိနှိုင်းဆွေးနွေးသူတွေရဲ့ ရည်ရွယ်ချက်က အီရန်ရဲ့ ဂုဏ်သိက္ခာကို အန္တရာယ်ကင်းစေဖို့ပါ။ ပြီးတော့ ဆွေးနွေးနေစဉ်အတွင်းမှာ နျူးအရေး အောင်မြင်မှုရဖို့ပါ” ဟု ခါမေနီက ၎င်း၏ မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။

    အီရန်က ၎င်းတို့၏ နျူကလီးယားလုပ်ငန်းစဉ်မှာ အရပ်ဖက်တွင် အသုံးပြုရန်အတွက် ဖြစ်သည်ဟု အခိုင်အမာ ပြောကြားထားပြီး ခါမေနီကမူ အဆိုပါလုပ်ငန်းစဉ်များကို ၁၀ နှစ်၊ ၁၂ နှစ်ကဲ့သို့ ကာလရှည် ရပ်ဆိုင်းသွားမည်မဟုတ်ဟု အဆိုပါမိန့်ခွန်းတွင် ပြောကြားခဲ့သည်။ ခါမေနီမှာ အီရန်၏ စစ်ဘက်ဆိုင်ရာနေရာများအား နိုင်ငံခြား စုံစမ်းစစ်ဆေးရေးမှူးများက ၀င်ရောက် စစ်ဆေးခြင်းကို ယခင်ကလည်း ဆန့်ကျင်ခဲ့သည်။

    တနင်္လာနေ့က အီရန်ပါလီမန်မှာ နိုင်ငံ၏ စစ်ဘက်ဆိုင်ရာ နေရာများနှင့် သိပ္ပံပညာရှင်အား ကုလသမဂ္ဂမှ စုံစမ်းရေးမှူးများ ၀င်ရောက်စစ်ဆေးမှုကို ပိတ်ပင်သည့် ဥပဒေကို အတည်ပြုခဲ့ပြီးနောက် နိုင်ငံ၏ အဓိပတိဖြစ်သော ခါမေနီ၏ ထိုမှတ်ချက်များ
    ထွက်ပေါ်လာခြင်း ဖြစ်သည်။

    နျူအရေး သဘောတူညီချက်ရရှိရေး နောက်ဆုံးရက်အဖြစ် သတ်မှတ်ထားသည့် ဇွန်လ ၃၀ ရက်နေ့မှာ နီးကပ်လာပြီး အင်အားကြီး ၆ နိုင်ငံနှင့် နျူအရေး ဆွေးနွေးမှုများ ပြုလုပ်နေသည့် အီရန်နိုင်ငံခြားရေးဝန်ကြီး ဂျာဗဒ်ဇာရစ်ဖ်ကမူ “ဆွေးနွေးပွဲတွင် ပါဝင်သူအားလုံးမှာ လွန်ကဲသော တောင်းဆိုမှုများကို ရှောင်ရှားသင့်သည်” ဟု တနင်္လာနေ့တွင် ပြောကြားခဲ့သည်။

    “ဒီသဘောတူညီချက်ကို နောက်ဆုံးရက် ဒါမှမဟုတ် နောက်ထပ်ရက်အနည်းငယ်အကြာမှာ ကျွန်တော်တို့ အဆုံးသတ်ဖို့ ဖြစ်နိုင်ချေရှိပါတယ်”

    Ref: Aljazeera

  • လူသတ်ရန် ကြံစည်မှုဖြင့် မြန်မာ ၄ ဦး စင်ကာပူတွင် တရားစွဲခံရ

    လူသတ်ရန် ကြံစည်မှုဖြင့် မြန်မာ ၄ ဦး စင်ကာပူတွင် တရားစွဲခံရ

    ဇွန် ၂၄၊ ၂၀၁၅
    M-Media

    sg
    ဖမ်းဆီးခံရသူ မြန်မာနှစ်ဦး(ဝဲ၊ယာ) အား စင်ကာပူရဲ(အလယ်) နှင့် အတူ တွေ့ရစဉ်

    – လူသတ်မှု ကျူးလွန်ရန် ပူးပေါင်းကြံစည်မှုတွင် အားပေးကူညီမှုဖြင့် မြန်မာနိုင်ငံသားနှစ်ဦးနှင့် စင်ကာပူတွင် အမြဲတမ်းနေထိုင်ခွင့်ရ မြန်မာတစ်ဦးတို့ကို ယနေ့တွင် တရားစွဲဆိုလိုက်သည်ဟု Channelnewsasia သတင်းဌာနက ဖော်ပြခဲ့သည်။

    မြန်မာနိုင်ငံသားများမှာ အသက် ၃၂ နှစ်အရွယ် ရဲဝင့်အောင်နှင့် အသက် ၃၁ နှစ်အတွယ် ဖြိုးမင်းနိုင်တို့ ဖြစ်ကြပြီး အမြဲတမ်းနေထိုင်ခွင့်ရထားသူမှာ အသက် ၃၇ နှစ်အရွယ် ဇော်မင်းလှိုင် ဖြစ်သည်။

    ၎င်းတို့ ၃ ဦးမှာ ကျော်ကျော်အောင် (ခ) အောင်အောင်နှင့်အတူ စင်ကာပူတွင် အမြဲတမ်းနေထိုင်ခွင့်ရ အေးမောင်မောင်ကို ပြီးခဲ့သည့် စနေနေ့က သတ်ဖြတ်ရန် ကြံစည်ထားကြသည်ဟု ဆိုသည်။

    ထို့နောက် အောင်အောင်၊ ဇော်မင်းလှိုင်နှင့် ဖြိုးမင်းနိုင်တို့မှာ အေးမောင်မောင်ကို ပါစီရ် ရစ် ၇၁ လမ်း၊ ဘလောက် ၇၄၇ ရှိ အထပ်မြင့်အဆောက်အအုံ၏ ကားပါကင်တွင် တနင်္ဂနွေနေ့ ဒေသစံတော်ချိန် ည ၉ နာရီခွဲ က ပြန်ပေးဆွဲရန် ကြိုးစား ခဲ့ကြသည်။ ထိုသို့ပြန်ပေးဆွဲရေး လုပ်ငန်းစဉ်တွင် ဇော်မင်းလှိုင်နှင့် ဖြိုးမင်းနိုင်တို့မှာ အေးမောင်မောင်အား လက်ရောက်ကျူးလွန်ခဲ့ပြီး လျှပ်စစ်ရှော့တိုက်စက်ကိုလည်း အသုံးပြုခဲ့ကြသည်။

    သို့သော်လည်း အေးမောင်မောင်က အော်ဟစ် အကူအညီတောင်းသောကြောင့် လမ်းသွားလမ်းလာများက အာရုံစိုက်လာကြသည့် အခါ ကျူးလွန်သူများမှာ ထွက်ပြေးသွားခဲ့ကြသည်။

    ၎င်းတို့ ၃ ဦးကို စင်ကာပူရဲတပ်ဖွဲ့က တနင်္လာနေ့တွင် မီးဖိုချောင်သုံးနှင့် အိမ်သုံးပစ္စည်းများနှင့်အတူ ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး၊ ထပ်မံစုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရန်အတွက် ရမန်ပေးခဲ့သည်။ အဆိုပါ အမှုကို လာမည့် ဇူလိုင်လ ၁ ရက်နေ့တွင် ထပ်မံကြားနာမည်ဖြစ်သည်။

    လူသတ်မှုမှာ ကျူးလွန်ရခြင်း မရှိသေးသောကြောင့် စွပ်စွဲခံထားရသူများမှာ ပြစ်မှု ထင်ရှားပါက အများဆုံး ထောင်ဒဏ် ၇ နှစ် ရင်ဆိုင်ရမည်ဖြစ်ပြီး ဒဏ်ငွေလည်း ချမှတ် ခံရဖွယ်ရှိနေသည်။

    ထိုအမှုတွင် ပူးပေါင်းကြံစည်ခဲ့သော အသက် ၂၉ နှစ်အရွယ် အောင်အောင်ကို ရဲတပ်ဖွဲ့က ရှာဖွေနေပြီး တနင်္လာနေ့မနက်က စင်ကာပူမှ ထွက်ခွာသွားပြီဟု ယုံကြည်ရသည်။

    Ref: Channelnewsasia

  • ရွေးကောက်ပွဲ အကြို မ.ဘ.သ ခြေလှမ်း နှင့် ဒေသတွင်း ကူးစက်နိုင်ဖွယ်ရှိတဲ့ အစွန်းရောက် အမျိုးသားရေးဝါဒ

    ရွေးကောက်ပွဲ အကြို မ.ဘ.သ ခြေလှမ်း နှင့် ဒေသတွင်း ကူးစက်နိုင်ဖွယ်ရှိတဲ့ အစွန်းရောက် အမျိုးသားရေးဝါဒ

    ဇွန် ၂၄၊ ၂၀၁၅
    M-Media
    ဒန်ငြာရှိန်း- ရေးသည်။

    118
    Image copy form Internet

    ၂၀၁၅ ရွေးကောက်ပွဲအကြိုမှာ ကျင်းပခဲ့တဲ့ မ.ဘ.သရဲ့ နိုင်ငံလုံးဆိုင်ရာ ညီလာခံကတော့ ထုံးစံအတိုင်း  မြန်မာမွတ်စလင် နိုင်ငံသားတွေနဲ့ NLD ပါတီတို့ကို အကျပ်အတည်းတွေ့စေမယ့် ဆုံးဖြတ်ချက်များနဲ့ အတူ ပြီးဆုံးသွားခဲ့ပြီဖြစ်ပါတယ်။

    “အစစ်အမေးတတ်၏ ဓမ္မသတ်ကို မကျွမ်း” ဆိုသလို နိုင်ငံတော် ဥပဒေပြဌာန်းရာ ကဏ္ဍတွေမှာသာမက ရဲစခန်းတွေ၊ တရားခွင်တွေမှာပါ အင်အားပြခြိမ်းခြောက်ပြီး မိမိတို့ အလိုရှိတဲ့ ဆုံးဖြတ်ချက်ကို ရအောင် လုပ်ယူတတ်ကြတဲ့ မ.ဘ.သ အဖွဲ့ဝင် ဗုဒ္ဓဘာသာ ရဟန်းများဟာ တကယ်ပဲ ဗုဒ္ဓဓမ္မ နားလည်တတ် ကျွမ်းကျင့်သုံးသူများဖြစ်ပါသလားဆိုတာ သံသယပွားစရာ များသထက် များလာနေပါပြီ။ သတ္တ၀ါအပေါင်းကို မေတ္တာတရားနဲ့ လွှမ်းခြုံမိုးခြင်းဖြင့် လောကတခွင် အောင်မြင်ခြင်း အသီးအပွင့်တွေ ဝေဆာဖို့ ရည်ရွယ်ရင်းဖြစ်တဲ့ ဗုဒ္ဓဒေသနာတော်တွေထဲမှာတော့ ချွင်းချက်အနေနဲ့ “ကုလားနဲ့ NLD ” မပါစေရအောင် မ.ဘ.သ က ပေါ်ပေါ်ထင်ထင်ကြိုးပမ်းနေခဲ့တာလဲ ကြာပါပြီ။

    ယခုလ ၂၀ ရက်နေ့နဲ့ ၂၁ ရက်တွေမှာ ကျင်းပခဲ့တဲ့ မ.ဘ.သ ညီလာခံမှာ ဆုံးဖြတ်ခဲ့တဲ့ ဆုံးဖြတ်ချက်တွေနဲ့ ညီလာခံမှာ ဖြန့်ဝေခဲ့တဲ့ လှုံ့ဆော်ရေးစာတွေမှာ  နိုင်ငံသား မြန်မာမွတ်စလင်တွေ အတွက် အကျပ်အတည်း ဆိုက်ရောက်စေမယ့် ဆုံးဖြတ်ချက်တွေ ပါဝင်နေတာ တွေ့ရပါတယ်။ အဲဒီထဲက အချို့ပြင်းထန်ပြီး အစွန်းရောက်တဲ့ ဆုံးဖြတ်ချက်တွေကတော့

    ၁) ဗုဒ္ဓဘာသာ မဟုတ်သူတွေကို လူမျိုးခြား ဘာသာခြား မိစ္ဆာဒိဌိတွေအဖြစ် ခေါ်ဝေါ်သမုတ်ထားတဲ့ အပြင် သူတို့တွေ လွှတ်တော် အမတ်ဖြစ် မလာစေဖို့ နည်းမျိုးစုံသုံး ဟန့်တားရမယ်
    ၂) မွတ်စလင်တွေ နှစ်စဉ် ကျင်းပတဲ့ အီးဒ်ပွဲတော်မှာ တိရစ္ဆာန် သတ်ဖြတ်ခြင်း မလုပ်ဖို့ ဥပဒေပြဌာန်းပေးရန် အစိုးရကို ဖိအားပေးရမယ်
    ၃) ကျောင်းတွေမှာ မွတ်စလင် ကျောင်းသူတွေ ဦးခေါင်းခြုံခြင်း မလုပ်ဖို့ ဥပဒေထုတ် တားမြစ်ပေးရန် အစိုးရကို ဖိအားပေးရမယ်

    စသဖြင့်ဖြစ်ပါတယ်။

     

    မ.ဘ.သရဲ့ လှုပ်ရှားမှုတွေကို သူတို့ဒီလိုမြင်တယ်

    —————————————————-
    မ.ဘ.သညီလာခံရဲ့ အစွန်းရောက် ဆုံးဖြတ်ချက်တွေကြောင့် မြန်မာပြည် လူ့အခွင့်အရေးစောင့်ကြည့်မှု အဖွဲ့ရဲ့ အကြီးတန်း သုတေသီ ဒေးဗစ်မက်သီးယီးဆန်ကတော့ မ.ဘ.သကို အစွန်းရောက်ဘာသာရေး၊ အစွန်းရောက်လူမှုရေးအမြင်တွေကို အခြေခံထားပြီး ဘာကိုမှ ဂရုမစိုက်ဘဲ ထင်ရာစိုင်းနေတဲ့ နိုင်ငံရေး အင်အားစုအဖြစ် ကင်ပွန်းတပ်ခဲ့ပါတယ်။ ဒါ့အပြင် သူက မ.ဘ.သ သည် မသမာတဲ့ နိုင်ငံရေးနဲ့ စီးပွားရေးကိစ္စတွေ အကျိုးဖြစ်ထွန်းစေဖို့ အထောက်အပံ့ပေးနေတဲ့ ပဉ္စမ မဏ္ဍိုင်လို့လည်း ဆိုခဲ့ပါသေးတယ်။ (http://tinyurl.com/q5ts2v5)

    အာရှ လူ့အခွင့်အရေးစောင့်ကြည့်မှုအဖွဲ့ (HRW) ရဲ့ လက်ထောက်ဒါရိုက်တာ ဖီးလ်ရောဘတ်ဆင်ကတော့ မ.ဘ.သရဲ့ လှုပ်ရှားမှုတွေကို “ရွံ့ရှာဖွယ်ရာ” တွေအဖြစ် သမုတ်ခဲ့ပါတယ်။ (http://tinyurl.com/ogl73z5)

    ဒေသတွင်း ကူးစက်ပြန့်ပွားနိုင်ဖွယ်ရှိတဲ့ အစွန်းရောက် အမျိုးသားရေးဝါဒ
    ———————————————————-
    ယခုနှစ် မ.ဘ.သ ညီလာခံမှာ ထူးခြားတာကတော့ ရဟန်းသံဃာတွေ ဦးဆောင်တဲ့ ထိုင်းနိုင်ငံကိုယ်စားပြု အဖွဲ့လည်း တက်ရောက်လာခြင်းဖြစ်ပါတယ်။

    “ထိုင်းနိုင်ငံသာ ဗုဒ္ဓဘာသာ အမြဲတမ်းဖြစ်ခွင့်ရမယ်ဆိုရင် ထိုင်းနိုင်ငံကို မြန်မာက လာသိမ်းသွားမယ်ဆိုရင်တောင် ကြည်ဖြူစွာနဲ့ လက်ခံနေပါမယ် လို့ ထိုင်းဆရာတော်နဲ့ တာဝန်ရှိသူတွေက နောင်တကြီးစွာနဲ့ပြောကြားခဲ့ပါတယ်။” ဆိုပြီး တက္ကသိုလ်ရဟန်းပျို ဓမ္မစာစောင် ဖေ့စ်ဘွတ်ခ်က ဖော်ပြထားပါတယ်။ (http://tinyurl.com/qch7dlu)

    ထိုင်းနိုင်ငံအခြေစိုက် ဗုဒ္ဓဘာသာဆိုင်ရာ အကြောင်းအရာတွေကို  အဓိကထားထုတ်လွှင့်နေတဲ့ TBC News Agency (National Thai Buddhism and Culture Mass Media Association) က မြန်မာပြည် အခြေဆိုက် မ.ဘ.သဗဟိုကို ရေဒီယို (ချန်နယ်) လွှင့်နိုင်အောင် ကူညီပေးသွားမယ်လို့ ယင်းအေဂျင်စီ ဒုဥက္ကဋ္ဌ Mr. Woottisarn Panaree ပြောကြားခဲ့ကြောင်း The Voice ရဲ့ ဖော်ပြချက်အရသိရပါတယ်။ (http://tinyurl.com/nszf226)

    ဗုဒ္ဓဘာသာနိုင်ငံတခုဖြစ်တဲ့ သီရိလင်္ကာက မွတ်စလင်မုန်းတီးရေး BBS အစွန်းရောက်အဖွဲ့နဲ့ မ.ဘ.သ(၉၆၉) အဖွဲ့တို့အကြား ကူးလူးဆက်နွယ်မှုတွေ ရှိခဲ့သလို ယခုလည်း ဗုဒ္ဓဘာသာ ၉၀% နီးပါးရှိတဲ့ အိမ်နီးချင်း ထိုင်းနိုင်ငံရဲ့ သံဃာအဖွဲ့အစည်းတွေကြား မ.ဘ.သ ဦးဆောင်တဲ့ အစွန်းရောက် အမျိုးသားရေး ဝါဒ ကူးစက်ပြန့်ပွား လာနိုင်ချေရှိနေပါတယ်။

    ကိုင်းလဲမထမ်းချင် ၊ အီးလဲမနမ်းချင်
    ————————————
    “အရိပ်အယောင်ရှိ၏ မစူးစမ်း” ဆိုတဲ့ မြန်မာစကားပုံတစ်ခုလိုပါပဲ။ မြန်မာနိုင်ငံသားများဟာ မ.ဘ.သရဲ့ ချော့လုံး၊ ချောက်လုံး၊ ငေါက်လုံးနဲ့ ဒရန်မာဇတ်လမ်းတွေမှာ မျောပါနေလျက် ဘင်္ဂလီလှေစီးပြေးကိုသာ နိုင်ငံတော် အတွက် အရှက်ရစရာရယ်လို့မှတ်ယူပြီး ဖုံးဟယ်၊ ဖိဟယ်၊ ဆန့်ကျင်ရယ်နဲ့ အချိန်တွေ ကုန်လာလိုက်တာ ၂၀၁၅ ရွေးကောက်ပွဲတောင်ရောက်ခါနီးပါပြီ။ ၀ိဘဇ္ဇလို့ခေါ်တဲ့ ခွဲခြမ်းစိတ်ဖြာတတ်တဲ့ အစွမ်းကို အသုံးချသူ အလွန် နည်းပါးလာတာတွေ့ရပါတယ်။ နိုင်ငံတကာမှာ မြန်မာပြည် တံတွေးခွက်ထဲမျောနေ ရတာဟာ လှေစီးပြေးကြောင့် မဟုတ်ပါ၊ မြန်မာနိုင်ငံသား အစ္စလာမ်ဘာသာဝင်တွေကို ဖိနှိပ်ခွဲခြားဆက်ဆံမယ်၊ တခါတရံမှာ အကြမ်းဖက် သတ်ဖြတ်ဖို့ရာ အတင်းအဓမ္မ တိုက်တွန်းနှိုးဆော်နေတဲ့ ဦးဝီရသူနဲ့ မ.ဘ.သ တို့ကြောင့်သာ ဖြစ်တယ်ဆိုတာကို ယထာဘူတကျစွာ သုံးသပ်ကြရမှာဖြစ်ပါတယ်။

    မကြာသေးမီက အဲန်အဲလ်ဒီပါတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံခြားသတင်းဌာန တစ်ခု အင်တာဗျူးခဲ့ပါတယ်။ အဲဒီလို အင်တာဗျူးတဲ့ အခါ မြန်မာနိုင်ငံတွင်း ဖြစ်ပျက်နေတဲ့ မွတ်စလင်ဆန့်ကျင်ရေး ကိစ္စတွေကို ဘာလို့မရှုတ်ချသလဲဆိုတဲ့ အမေးကို ဒေါ်အောင်ဆန်းစုကြည်က သူကိုယ်တိုင်လည်း အစွန်းရောက် အမျိုးသားရေးဝါဒရဲ့ ပစ်မှတ်ဖြစ်နေ ပါတယ်လို့ ဖြေကြားသွား ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ရဲ့အဖြေကို သဘော အကျကြီး ကျနေကြတဲ့ အဲန်အဲလ်ဒီလော်ဘီတွေက ဟုတ်လှချည့်ရဲ့ ၊ တော်လှချည့်ရဲ့လို့ ထောမနာပြုနေပေမယ့် သူတို့တတွေ ကိုယ်တိုင် အစွန်းရောက် အမျိုးသားရေးကို ပြတ်သားစွာ မဆန့်ကျင်ခဲ့ရင် ၂၀၁၅အလွန်မှာ အဲန်အဲလ်ဒီ ခမြာ အရုပ်ရေးပြရတဲ့အဆင့်ထိ ရောက်သွားနိုင်တာ သတိပြုကြရမှာ ဖြစ်ပါတယ်။

    မိမိကိုယ်တိုင်က ဓါးစာခံဖြစ်နေတဲ့ အတွက်ကြောင့် ဘာသာရေးအခြေခံ အစွန်းရောက် အမျိုးသားရေးဝါဒကို သာပြီး ရှုတ်ချရမယ်၊ အများပြည်သူနားလည်အောင် အကျိုးအကြောင်းချပြဆွေးနွေး ပညာပေးရပါမယ်။ ဒါမှမဟုတ်ဘဲ ရေငုံနုတ်ပိတ် နေခြင်းက မ.ဘ.သ လက်တံ မည်၍မည်မျှ ရှည်သလဲဆိုတာကို ကိုယ်တိုင်ကိုယ်ကျ လှစ်ဟပြသနေသလိုပါပဲ။

    ဆန့်ကျင်သင့်တာကို ဆန့်ကျင်ကန့်ကွက်ဖို့မလုပ်ဘဲ “မုဒိန်းနဲ့ လှေစီးပြေး” စတဲ့ ဇာတ်ထုပ်တွေထဲမျောနေမယ်ဆိုရင်တော့ ၂၀၁၅ အလွန်မှာ “ကိုင်းမထမ်းချင်ခဲ့တာကြောင့် အီးနမ်း” ရမယ့်အဖြစ်နဲ့ ရင်နင့်ဖွယ်ရင်ဆိုင်သွားရပါလိမ့်မယ်။

    သဘောထားကြီးတဲ့ မ.ဘ.သ
    ——————————-
    မ.ဘ.သ ကြောင့် မြန်မာမွတ်စလင်တွေ အားလုံးဟာ “ခိုးဝင်လူတန်းစား” ဖြစ်သွားကြရပြီးပါပြီ။ ခိုးဝင်ဘင်္ဂလီကို တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ စိစစ်ဖို့ရာ မ.ဘ.သနှစ်ပတ်လည်ညီလာခံက တိုက်တွန်းခဲ့ပါတယ်။ “ခိုးဝင်ဘင်္ဂလီ” နဲ့ “မြန်မာပြည်သား တိုင်းရင်းသား မွတ်စလင်များ” ဆိုတာကို အသေအချာခွဲခြားပြီး တိုက်တွန်းထားတာမျိုး မဟုတ်ပါဘူး။ အဲဒီလိုမျိုး တိုက်တွန်းချက်တွေကြောင့်ပဲ မသမာတဲ့ အကျိုးစီးပွားကို အကာအကွယ်ပေးဖို့ အတွက် မ.ဘ.သဆိုတာရှိနေရတာပါလို့  HRWရဲ့ အကြီးတန်း သုတေသီ ဒေးဗစ်မက်သီးယီးဆန် ဆိုခဲ့ခြင်းဖြစ်ပါလိမ့်မယ်။

    မ.ဘ.သအဖွဲ့ဝင် ရဟန်းဖြစ်တဲ့ ဦးပါမောက္ခက “မွတ်စလင်တွေ မြန်မာပြည်ထဲမှာနေတယ်၊ သူတို့က နိုင်ငံတော်ကပြဌာန်းထားတဲ့ ဥပဒေကို လေးစားလိုက်နာဖို့လိုတယ်၊  သူတို့သာသနာကို ငါတို့ တိုက်ခိုက်နေတာမဟုတ်ဘူး” လို့ ဆိုပါတယ်။ ဦးပါမောက္ခရဲ့ အဆိုဟာ ၀ိရောဓိဖြစ်နေပါတယ်။ အစ္စလာမ်ဘာသာဝင် နိုင်ငံသားတိုင်းကို မိစ္ဆာဒိဌိများလို့ ကင်ပွန်းတပ်ခြင်းဟာ မြန်မာမွတ်စလင်တွေကို သံသယမျက်လုံးနဲ့ အကြည့်ခံရမယ့်အဖြစ်သို့ တွန်းပို့လိုက်ခြင်းဖြစ်ပါတယ်။  မွတ်စလင်တွေက မိမိတို့ရဲ့ “သာသနာရေးထုံးတမ်း” အရ ဦးခေါင်းပ၀ါခြုံတယ်၊ အီးဒ်ပွဲတော်မှာ တိရစ္ဆာန် သတ်ဖြတ်ကြတယ်၊ ဒါတွေကို အတင်းကာရော အဓမ္မနည်းပေါင်းစုံနဲ့ ဥပဒေထုတ် ပိတ်ပင်ဖို့ ကြိုးစားတာဟာ အစ္စလာမ်သာသနာကို မ.ဘ.သက တိုက်ခိုက်နေတာ မဟုတ်လို့ တခြားဘာများဖြစ်ပါသေးသတုန်း။

    “ပဋိပက္ခဖြစ်တဲ့အခါ အကြမ်းမဖက်ဘဲ ဘာသာရေးခေါင်းဆောင်များနဲ့ ညှိနှိုင်းရမယ်” ဆိုတဲ့ ဆုံးဖြတ်ချက်ကို မ.ဘ.သညီလာခံမှာ ချမှတ်ခဲ့ပါတယ်။ ဒီဆုံးဖြတ်ချက်ဟာ “တစ်ခုခုဖြစ်ရင် ငါတို့ဆီလာတိုင်လှည့်” ဆိုတဲ့ အဆိုမျိုးပါပဲ။ ဒီအဆိုအကြောင့် ရန်စမှု၊ မီးရှို့လူသတ်မှုနဲ့ အကြမ်းဖက်လုယက်မှုတွေ ဖြစ်ခဲ့ပြီးပါပြီ။ ဥပဒေအထက်မှာ ငါတို့ရှိတယ်၊ အာဏာပိုင်ဆီမသွားခင်ငါတို့ဆီလာခဲ့ဆိုတဲ့ အဲဒီအဆိုကို ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ တရားဥပဒေစိုးမိုးရေးကော်မတီက ဘယ်လိုသဘောထားသလဲဆိုတာ စိတ်ဝင်စားဖွယ်ပါပဲ။

    “ငါတို့က သူတို့သာသနာကို တိုက်ခိုက်နေတာမဟုတ်ဘူး” ဆိုတဲ့ မ.ဘ.သရဲ့ သဘောထားကြီးမှုကို မြန်မာ မွတ်စလင်များက ကြောက်ရွံ့ထိတ်လန့်နေကြပါပြီ။

    အကြမ်းဖက်ဝါဒကို မွတ်စလင်တွေ ရှုတ်ချတဲ့အခါ အာရုံစွင့်ထားတော်မူကြပါ
    ————————————————————————

    IS တွေကို မရှုတ်ချဘူး၊ တာလီဘန်ကို မရှုတ်ချဘူး၊ RSO ကို မရှုတ်ချဘူး စသဖြင့် မ.ဘ.သတွေအပါအ၀င် လူများစုတွေက မြန်မာ မွတ်စလင်တွေ အပေါ် အပြစ်တင်စောကြောကြပါတယ်။

    မြန်မာနိုင်ငံက အစ္စလာမ်အဖွဲ့အစည်းတွေကနေပြီး စဉ်ဆက်မပြတ် ကြေညာ စာတမ်းတွေထုတ်ကာ IS စတဲ့အကြမ်းဖက်အဖွဲ့တွေကို ဆန့်ကျင်ကြောင်း ရှုတ်ချကြောင်းတွေကို အလေးအနက် ဖော်ပြခဲ့ကြပါတယ်။ ယခုလ ၆ ရက်နေ့ကလည်း ဆရာကြီးဦးရာဇတ်ရဲ့ သားကြီး ဦးတင်မြင့်၊ ဟာဂျီဦးအေးလွင်တို့ခေါင်းဆောင်ပြီး မ.ဘ.သ ဗဟိုကို သွားရောက်တွေ့ဆုံတဲ့ အခါမှာလည်း မြန်မာမွတ်စလင်တွေရဲ့ အကြမ်းဖက်ဝါဒအပေါ် မြင်တဲ့အမြင်သဘောထားတွေ ရှင်းလင်းသွားရအောင် စာအုပ်စာတမ်းများ လက်ဆောင်အဖြစ် ပေးခဲ့တယ်လို့ သိရပါတယ်။ အဲဒီစာအုပ်စာတမ်းတွေထဲမှာတင် မြန်မာမွတ်စလင်တွေက အကြမ်းဖက်ဝါဒကို ဘယ်လောက်ထိ ရွံ့ရှာထိတ်လန့် စက်ဆုပ်သလဲဆိုတာ ဖော်ပြပါရှိပြီးဖြစ်ပါလျက်ကယ်နဲ့ မြန်မာမွတ်စလင်တွေသည် အကြမ်းဖက်ဝါဒနဲ့ ပတ်သတ် လာရင် ရေငုံနုတ်ပိတ် နေကြတယ်လို့ စွပ်စွဲနေခြင်းဟာ ကျိုးကြောင်းဆီလျော်လှတဲ့ အချက်တစ်ခုမဟုတ်ပါ။

    မြန်မာမွတ်စလင်အသိုင်းအ၀ိုင်းရဲ့ IS နဲ့ အလ်ကိုင်ဒါတို့အပေါ်ထားရှိတဲ့ အမြင်တွေကို လွန်ခဲ့တဲ့နှစ်တွေအလျင်ကပဲ ထုတ်ဖော် ခဲ့ကြပြီးပြီဖြစ်ပါတယ်။ (http://www.m-mediagroup.com/news/31482) မ.ဘ.သ ရဟန်းများဟာ မွတ်စလင်အသိုင်းအ၀ိုင်းရဲ့ အမြင်ရှုထောင့်ကို မမြင်နိုင် မကြားနိုင်ဖြစ်နေတာဟာ အချိန်ကာလအားဖြင့် နှစ်ပေါက်နေပြီဖြစ်တာကြောင့် မ.ဘ.သကိုယ်တော်များ ကုလားအရေးနဲ့ ပတ်သက်ကာမှပဲ “ရူပါရုံနဲ့ သဒ္ဓါရုံ” ပျောက်ရန်ရှာကော၊ တခြားအရေးမှာတော့ အတော်နိုးကြားတတ်ကြပါလားရယ်လို့ အပြောမခံရအောင် ပြုပြင်သင့်ပါပြီ။

    ၂၀၁၅ မ.ဘ.သ ညီလာခံကြီးက မြန်မာမွတ်စလင်တွေသည် နိုင်ငံသားဖြစ်ကြောင်းကို ဖော်ပြချင်ရင်တော့ IS စတဲ့ အကြမ်းဖက်တွေကို ရှုတ်ချရမယ်၊ မြန်မာ မွတ်စလင်အသိုင်းအ၀ိုင်းက နိုင်ငံတော်အတွက် ဘာတွေများ တာဝန်ကျေခဲ့သလဲ စသဖြင့် မေးခွန်း ထုတ်ထားပါတယ်။ အကြမ်းဖက် လူသတ်ဝါဒကို မရှုတ်ချရင် နိုင်ငံသားပြုပိုင်ခွင့်မရှိဆိုမှတော့ တောင်ကုတ်၊ မိတ္ထီလာနဲ့ လာရှိုးစတဲ့မြို့တွေမှာ ဖြစ်ပွားခဲ့တဲ့ ဥပဒေမဲ့ လူသတ်ရမ်းကားမှုတွေကို မရှုတ်ချခဲ့တဲ့ မြန်မာ့အသိုင်းအ၀ိုင်းကြီးတစ်ခုလုံး မြန်မာနိုင်ငံသား အစစ် ဟုတ်/မဟုတ်ဆိုတာ ပြန်စမ်းစစ်ရမယ့် သဘောပါပဲ။

    ကျွန်တော်များ မြန်မာမွတ်စလင်တွေဟာ ပုဂံခေတ်ကတည်းက မြန်မာနိုင်ငံထဲ အခြေချနေထိုင်လာတာဖြစ်တယ်ဆိုတဲ့အကြောင်းကို မ.ဘ.သ ဥက္ကဌဆရာတော်ကိုယ်တိုင် မြွက်ကြားဖူး (http://tinyurl.com/oho2lbr) တာကြောင့် မြန်မာမွတ်စလင်တွေ တိုင်းပြည်အပေါ် ဘယ်လောက်တာဝန်ကျေခဲ့ပြီးပြီလဲဆိုတာ သမိုင်းကြောင်းက လှလှပပကြီး သက်သေခံနေဆဲဖြစ်ပါတယ်။ လူနည်းစု ကိုးကွယ်ရာ ဘာသာတွေဖြစ်တဲ့ ခရစ်ယာန်၊ ဟိန္ဒူစတဲ့ ဘာသာဝင်တွေထက် အဆပေါင်းများစွာပိုတဲ့ အနစ်နာခံမှုတွေကို မြန်မာ မွတ်စလင်တွေ ဆောင်ကြဉ်းပေးခဲ့တယ်ဆိုတာကိုလည်း မလွဲမရှောင်သာ ဖော်ပြရပါလိမ့်မယ်။

    ကိုယ်တိုင်မီဒီယာလုပ်မယ့် မ.ဘ.သ
    ————————————
    မ.ဘ.သကိုယ်တိုင် မီဒီယာလုပ်တဲ့အခါ နိုင်ငံရေးကို ရည်ရွယ်ပြီး မွတ်စလင်ဆန့်ကျင်ရေး၊ အဲန်အဲလ်ဒီဆန့်ကျင်ရေးကို ၀ါဒဖြန့်မယ်ဆိုတာ အသိသာကြီး ပေါ်လွင်လာပါပြီ။ မ.ဘ.သ ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ ဇူလိုင်လ ၂၁ ရက်နေ့စွဲနဲ့ တင်ပြထားတဲ့ လက်ကမ်း စာစောင်မှာတော့ ဘင်္ဂါလီလှေစီးပြေးကို ရံပြီး အဲန်အဲလ်ဒီဆန့်ကျင်ရေးကို ပေါ်ပေါ်တင်တင်လှုံဆော်ထားတာ တွေ့ရှိရမှာပါ။  (http://tinyurl.com/nj8cjdw)

    ဒါဟာ မ.ဘ.သကိုယ်တိုင်ရဲ့ ၂၀၁၅ ညီလာခံကြေညာချက်ကို ဖောက်ဖျက်ရာလည်းမည်ပါတယ်။ မ.ဘ.သ ၂ နှစ်ပြည့်နှစ်ပတ်လည် ညီလာခံ သဘောထားကြေညာချက်ရဲ့ အမှတ်စဉ် ၁၀ မှာ မ.ဘ.သအနေနဲ့ မည်သည့်ပါတီကို မဲမပေးပါနဲ့ဟု လည်းကောင်း ဝေဖန် အကြံပြုမည် မဟုတ်လို့ ထည့်သွင်းရေးထားပါလျက်ကယ်နဲ့ “ထိုပါတီကြီး၏ ခေါင်းဆောင်က ဗိုလ်ချုပ်သမီးဖြစ်သည်ဟူသော အချက်တစ်ခုတည်းဖြင့် မျက်စိမှိတ်ပြီး ထောက်ခံရွေးချယ် လိုက်မည်ဆိုပါက တိုင်းပြည်နှင့် ဘာသာသာသနာတော်တွင် မမျှော်လင့်နိုင်သော ဘေးရန်အန္တရာယ်များ ကျရောက်လာနိုင်ပါသည်” လို့ ဖော်ပြထားတဲ့ လက်ကမ်းစာစောင်တွေ ဖြန့်ချိတာကတော့ဖြင့် မ.ဘ.သရဲ့ မူ ဘယ်ဆီ ဘယ်ဝယ်လဲဆိုတာ မေးခွန်းထုတ်စရာဖြစ်လို့နေပါတယ်။

    အမျိုးဘာသာသာသနာကို ကာကွယ်လျှင် ဒေါ်စုကို မဲပေးမည်
    ————————————————————–
    မ.ဘ.သ ရဟန်း ဦးပါမောက္ခ က “ကိုယ်ပိုင်အမြင်ရ ပြောရရင် ဒေါ်အောင်ဆန်းစုကြည်မှာ အမျိုးသားရေးစိတ်ဓါတ်ရှိမယ်ဆိုရင် ငါသူ့ကို ထောက်ခံသွားမယ်။ နိုင်ငံခေါင်းဆောင်တစ်ယောက်ဟာ အမျိုးသားရေးစိတ်ဓါတ်ရှိရမယ်၊ နိုင်ငံရေးအသိဥာဏ်လည်း ရှိရမယ့်အပြင် တရားဥပဒေစိုးမိုးဖို့ ဆောင်ရွက်နိုင်ရမယ်” လို့ ဆိုပါတယ်။ (http://tinyurl.com/p7pjh8p)

    ဒါကြောင့် မ.ဘ.သ အလိုကို အရိုးအရှင်းဆုံး ဖြန့်ကျက်ကြည့်ရင်တော့ – ” အဲန်အဲလ်ဒီပါတီဟာ မ.ဘ.သနဲ့ပူးပေါင်းပြီး အမျိုးသားရေး စိတ်ဓါတ်ရှိတဲ့ ပါတီဖြစ်တဲ့အကြောင်း ပြသဖို့လိုပါတယ်၊ ဒါမှသာ ၂၀၁၅ရွေးကောက်ပွဲမှာ အဲန်အဲလ်ဒီ အသက်ရှုချောင်လိမ့်မယ်လို့ ဆိုရမယ့် ကိန်းဆိုက်နေပါတယ်။ မ.ဘ.သ အနက်ဖွင့်တဲ့ အမျိုးသားရေး စိတ်ဓါတ်ဆိုတာကတော့ “မွတ်စလင်ကုလား မုန်းတီးရေး” ဖြစ်တာကြောင့် မွတ်စလင် ကုလားတွေ အတိဒုက္ခရောက်လေလေ၊ အမျိုးဘာသာကို ကာကွယ်ပြီးဖြစ်လေလေဆိုတဲ့ ပုံသေနည်းကို အဲန်အဲလ်ဒီက ကိုင်ဆွဲမှသာ မ.ဘ.သနဲ့ အဲန်အဲလ်ဒီ ပလဲနံပသင့်ပါလိမ့်မယ်။ ”

    ဒါကြောင့် ဒေါ်စုနဲ့ အဲန်အဲလ်ဒီတို့ဟာ တစ်ရွာလုံးနဲ့ တစ်ယောက်ဆိုသလို တကမ္ဘာလုံးကို နှာခေါင်းရှုံ့နေတဲ့ မ.ဘ.သ အနက်ဖွင့်တဲ့ အမျိုးသားရေးဆိုတာကို နောက်လိုက်ထောက်ခံသွားမှာလား၊ ဒါမှမဟုတ် ဗိုလ်ချုပ်အောင်ဆန်းအစိုးရကိုယ်တိုင် ပညာရေး ၀န်ကြီးနေရာပေးခံ ခဲ့ရသလို လူငယ်တွေကို အမျိုးသားရေး စိတ်ဓါတ်တွေ သွတ်သွင်းပေးခဲ့တဲ့ ကုလားဦးရာဇတ်တို့လို စိတ်ဓါတ်မျိုးရှိကြတဲ့ မြန်မာမွတ်စလင်တွေ အတွက် တစ်စုံတစ်ခု အာမခံချက်ပေးသွားမှာလားဆိုတာ မကြာမီ ၂၀၁၅ ရွေးကောက်ပွဲ အတွက် မဲဆွယ်တဲ့ အခမ်းအနားတွေမှာ တွေ့ရှိကြရတော့မှာ ဖြစ်ပါတယ်။

  • နေးမာမရှိမှ ဘရာဇီးလ်ပိုကောင်းလာဟု ဖာမီနိုပြော

    နေးမာမရှိမှ ဘရာဇီးလ်ပိုကောင်းလာဟု ဖာမီနိုပြော

    ဇွန် ၂၄၊ ၂၀၁၅
    M-Media

    brazil

    – အားထားရသည့်တိုက်စစ်မှူး နေးမာ မပါဝင်သော်လည်း မိမိတို့အသင်းမှာ ပိုကောင်းလာသည်ဟု ဘရာဇီးလ်တိုက်စစ်မှူး ဖာမီနိုက ပြောကြားလိုက်သည်။

    နေးမာမှာ အုပ်စုဒုတိယပွဲ ကိုလံဘီယာအား ရှုံးနိမ့်ခဲသည့်ပွဲတွင် ပွဲအပြီးအပြုအမူကြောင့် ၄ ပွဲပယ်ပြစ်ဒဏ် ချမှတ်ခံခဲ့ရသည်။ သို့သော်လည်း ဘရာဇီးလ်အသင်းမှာ အုပ်စုနောက်ဆုံးပွဲတွင် ဗင်နီဇွဲလားအား အနိုင်ရရှိခဲ့ပြီး အုပ်စုဗိုလ်ဖြင့် ကွာတားဖိုင်နယ်သို့ တက်ရောက်သွားခဲ့ကာ ပါရာဂွေးနှင့် တွေ့ဆုံရမည်ဖြစ်သည်။

    ဖာမီနိုကမူ မိမိတို့အသင်းမှာ နေးမာမပါဝင်သော်လည်း ပိုပြီး တိုးတက်လာသည်ဟု ဆိုသည်။

    “သူပွဲပယ်ခံရပြီး၊ ပါဝင်ခွင့်မရတော့တဲ့အတွက်ကြောင့် ကျွန်တော်တို့ တကယ် စိတ်မကောင်းဖြစ်ရပါတယ်။ ဒါပေမယ့် ဘရာဇီးလ်အသင်းဟာ ပိုပိုကောင်းလာပြီး ကိုပါအမေရိကမှာ အောင်မြင်မှုတွေ ရရှိနိုင်မှာပါ။ ရှုံးထွက်ပွဲတွေကတော့ အဓိကပွဲတွေ ဖြစ်ပါလိမ့်မယ်။ လွယ်တော့လွယ်မှာမဟုတ်ပါဘူး။ တောင်အမေရိက အသင်းအားလုံးဟာ ပြင်းပြင်းထန်ထန်
    ကြိုးစားနေကြပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ရဲ့လူစာရင်းကတော့ တောင့်တင်းပြီးရင်း တောင့်တင်းနေတာပါပဲ” ဟု ဖာမီနိုက သတင်းထောက်များအား ပြောကြားခဲ့သည်။

    ဗင်နီဇွဲလားနှင့်ပွဲ၌ နေးမာ၏နေရာတွင် ရော်ဘင်ဟိုက ၀င်ရောက်ကစားခဲ့ပြီး ဖာမီနိုကမူ ရော်ဘင်ဟို ရှိနေခြင်းက ကြီးမားသည့် တွန်းအားဖြစ်သည်ဟုဆိုသည်။

    “ရော်ဘင်ဟိုက ကျွန်တော်တို့အားလုံးအတွက် စံနမူနာပါပဲ။ ပြီးတော့ ကျွန်တော်တို့ကိုလည်း တော်တော်လေး အကူအညီ ဖြစ်စေပါတယ်။ သူကစားပုံကောင်းခဲ့ပြီး ပါရာဂွေးနဲ့ပွဲမှာလည်း သိပ်ကွာမှာတော့မဟုတ်ပါဘူး။ ဒါပေမယ့် ဒါဟာ ရှုံးထွက်ပွဲဆိုတာ ကျွန်တော်တို့သိပြီး ကျွန်တော်တို့ နိုင်ရပါမယ်”

    ဟော့ဖန်ဟိန်းအသင်းတွင် ကစားနေသည့် ဖာမီနိုမှာ ပရီးမီးယားလိဂ်ကလပ် လီဗာပူးလ်အသင်း၏ စိတ်ဝင်စားခြင်းကို ခံနေရပြီး ၎င်းကမူ လက်ရှိအချိန်တွင် ကိုပါအမေရိကကိုသာ အာရုံစိုက်ထားသည်ဟုဆိုသည်။

    Ref: Goal

  • ဆီးရီးယားရှိ အစ္စလာမ့် သမိုင်းဝင်အမွေအနှစ်နှစ်ခုကို IS ဖောက်ခွဲဖျက်ဆီးပြန်

    ဆီးရီးယားရှိ အစ္စလာမ့် သမိုင်းဝင်အမွေအနှစ်နှစ်ခုကို IS ဖောက်ခွဲဖျက်ဆီးပြန်

    ဇွန် ၂၄၊ ၂၀၁၅
    M-Media

    is

    – ဆီးရီးယားနိုင်ငံ ပါလ်မိုင်ရာမြို့အနီးရှိ အစ္စလာမ့် ရှေးဟောင်းသမိုင်းဝင် ဗိမာန်နှစ်ခုကို ဖျက်ဆီးပစ်လိုက်ပြီဟု IS အဖွဲ့က ပြောကြားလိုက်သည်။

    ပါလ်မိုင်ရာမြို့ကို လွန်ခဲ့သည့် တစ်လခန့်က IS မှ သိမ်းပိုက်ခဲ့ခြင်းဖြစ်ပြီး အဆိုပါမြို့မှ ၄ ကီလိုမီတာကွာဝေးသော နေရာရှိ ဗိမာန်နှစ်ခုအား စနေနေ့တွင် ဖောက်ခွဲဖျက်ဆီးပြီး အုတ်ပုံဖြစ်သွားသည့် ဓာတ်ပုံများကို အွန်လိုင်းစာမျက်နှာတွင် လွှင့်တင်ခဲ့သည်။

    ထိုကဲ့သို့ဖျက်ဆီးမှုမှာ ပါလ်မိုင်ရာမြို့အား သိမ်းပိုက်ပြီးနောက် ယူနက်စကို၏ သမိုင်းဝင်အမွေအနှစ်အဖြစ် စာရင်းသွင်းခြင်းခံထားရသော ကျော်ကြားသည့် ရှေဟောင်းနေရာများ၌ ပထမဆုံး ဖျက်ဆီးခံရခြင်းလည်း ဖြစ်သည်။

    ဓာတ်ပုံများတွင် တမန်တော်မိုဟာမက်၏ ၀မ်းကွဲညီအကို အီမာမ်အလီ၏ ရောင်းရင်းဖြစ်သော မိုဟာမက်ဘင်အလီ၏ တောင်ပေါ်ဗိမာန်ကို ဖောက်ခွဲမှုကြောင့် ထွက်ပေါ်လာသည့် မီးခိုးလုံးများကို တွေ့ရှိခဲ့ရသည်။

    ဒုတိယတစ်ခုမှာ ဆူဖီပညာရှင်တစ်ပါးဖြစ်သော နီဇာရ် အဘူ အာဟာ အက်ဒင်းအတွက် လွန်ခဲ့သည့် နှစ် ၅၀၀ ကျော်က ဆောက်လုပ်ခဲ့သည့် ဗိမာန်ဖြစ်သည်။

    IS က ထုတ်ပြန်သောကြေညာချက်တွင် မိမိတို့အနေဖြင့် ရုပ်ထုကိုးကွယ်မှုနှင့် ဆက်နွယ်သည့် ရုပ်တုများနှင့် ဗိမာန်များကို ဖျက်ဆီးပစ်မည်ဟု ဖော်ပြခဲ့သည်။

    အီရတ်နိုင်ငံရှိ သမိုင်းဝင်နေရာများကို ဖျက်ဆီးခဲ့သည့် IS ၏ လုပ်ရပ်ကြောင့် ပါလ်မိုင်ရာမြို့အား IS က သိမ်းပိုက်ပြီးနောက်ပိုင်း မြို့တွင်းရှိ သမိုင်းအမွေအနှစ်များ၏ ကံကြမ္မာနှင့်ပတ်သက်၍ နိုင်ငံတကာက စိုးရိမ်းမှုများ မြင့်တက်လာခဲ့သည်။

    ပြီးခဲ့သည့်မတ်လအတွင်းက အီရတ်နိုင်ငံ မူဆိုးလ်မြို့အနီး နှစ်ပေါင်း ၃၀၀၀ သက်တမ်းရှိသော ရှေးဟောင်းသမိုင်းဝင် အက်ဆီရီယန်မြို့ရှိ ပြတိုက်မှ အနုပညာလက်ရာများကို IS က ဖျက်ဆီးခဲ့ပြီး မြို့ကိုလည်း ဘူဒိုဇာဖြင့် ဖျက်ဆီးခဲ့သည်။

    အီရတ်နှင့် ဆီးရီးယားရှိ ဗိမာန်များကိုလည်း IS အဖွဲ့က ဖောက်ခွဲဖျက်ဆီးခဲ့ပြီး အများစုမှာ ဆူဖီစင်ဂိုဏ်းနှင့် သက်ဆိုင်သည့် နေရာများဖြစ်သည်။

    IS အဖွဲ့ ပေါ်ထွက်လာပြီးနောက် ၎င်းတို့၏ လူမဆန်သောလုပ်ရပ်များအတွက် အစ္စလာမ်သန္ဓေတည်ရာ ဆော်ဒီ၊ အစ္စလာမ့် ဓမ္မရေးရာတွင် နာမည်ကြီးသည့် အီဂျစ်တို့အပါအ၀င် ကမ္ဘာတစ်ဝှမ်းရှိ အစ္စလာမ်ဘာသာရေးခေါင်းဆောင်များ၊ ရှေ့ဆောင်အီမာမ်များနှင့် မွတ်စလင်အသင်းအဖွဲ့များက ရှုတ်ချခဲ့ကြသည်။

    ထို့ပြင် ဆော်ဒီရှိ မွဖ်သီချုပ်ကြီးကမူ IS မှာ အစ္စလာမ်၏ နံပါတ် ၁ ရန်သူဖြစ်ပြီး မွတ်စလင်များအနေဖြင့် တွန်းလှန်ကြရန် တိုက်တွန်းခဲ့သည်။

    Ref: Aljazeera