News @ M-Media

ကနေဒါရှိ ခရစ်ယာန်ဘုရားကျောင်း ပြုပြင်ရန် မွတ်စလင်လူ့အဖွဲ့အစည်း ငွေကြေးလှူဒါန်း

ဇွန် ၂၉၊ ၂၀၁၅
M-Media

canada

– လူရမ်းကားတစ်ဦး၏ ဖျက်ဆီးခြင်းကို ခံခဲ့ရသော ကနေဒါရှိ ကက်သလစ်ဘုရားကျောင်း တစ်ကျောင်း ပြန်လည်ပြင်ဆင်ရန်အတွက် မွတ်စလင်လူ့အဖွဲ့အစည်းက အလှူငွေများ ပေးအပ်ခဲ့ပြီး ဘာသာပေါင်းစုံ စည်းလုံးညီညွတ်ရေး ဥပမာတစ်ခုကို ပြသခဲ့သည်ဟု သိရသည်။

“တော်တော်ဆိုးရွားတဲ့ အဖြစ်အပျက်ပါပဲ။ ကောင်လေးတစ်ယောက်က သမ္မာကျမ်းစာကို ဆွဲဖြဲခဲ့တယ်။ မုန့်တွေ၊ ၀ိုင်တွေ ဆက်ကပ်တဲ့စင်ကိုလည်း ဖျက်ဆီးခဲ့တယ်။ လက်ဝါးကပ်တိုင်ကိုလည်း သူက လွှတ်ပစ်ခဲ့ပါတယ်။ ဒါကို ကျွန်တော်တွေ့တဲ့အခါ ဒါဟာ တော်တော်လေး မကောင်းပါလားလို့ တွေးခဲ့ပါတယ်။ လုံးဝ မှားယွင်းတဲ့ ကိစ္စပါပဲ” ဟု ဘုရားကျောင်း တိုက်ခိုက်ခံရသည့် မစ္စစ်ဆောင်ဂါမြို့ရှိ ဆိုင်ယေဒါခတီဂျာစင်တာမှ ရှေ့ဆောင်အီမာမ်ဖြစ်သူ ဟာမစ် စလီမီက ပြောကြားခဲ့သည်။

St. Catherine of Siena ဟု အမည်ရသည့် အဆိုပါဘုရားကျောင်းမှာ ပြီးခဲ့သည့်လက လူရမ်းကားတစ်ဦး၏ ၀င်ရောက်ဖျက်ဆီးခြင်းကို ခံခဲ့ရသည်။

အဆိုပါသတင်းကို ကြားခဲ့ပြီးနောက် အီမာမ် စလီမီမှာ ထိုဘုရားကျောင်းသို့ သွားရောက်ကြည့်ရှုခဲ့သည်။ ထိုသို့သွားရောက်ကြည့်ရှုစဉ် ဘုရားကျောင်းမှ ဘုန်းတော်ကြီး ကာမီလို လန်ဒိုက လုံခြုံရေးကင်မရာမှတစ်ဆင့် မှတ်တမ်းတင်ထားသည့် ဖျက်ဆီးမှုပုံရိပ်အား ပြသခဲ့သည့်အခါ စလီမီမှာ တုန်လှုပ်ခဲ့ရသည်။

ထို့နောက် စလီမီက သောကြာနေ့ တရားဒေသနာတွင် တုန်လှုပ်စရာကောင်းသည့် ထိုအဖြစ်အပျက်အကြောင်း ဟောကြားခဲ့ပြီး ဘရားကျောင်းပြန်လည် ပြုပြင်ရေးအတွက် လှူဒါန်းကြရန် ၀တ်ပြုရန်လာရောက်သူ မွတ်စလင်များကို တိုက်တွန်းခဲ့သည်။ ထို့နောက် ထိုနေ့တစ်နေ့တည်းတွင် ရန်ပုံငွေ ကန်ဒေါ်လာ ၅၀၀၀ နီးပါး ရရှိခဲ့သည်။

“အခုလက်ရှိ ကျွန်တော်တို့လုပ်နိုင်တာ ဘာမှမရှိသေးဘဲ ဘုရားကျောင်းကတော့ ရန်ပုံငွေလိုနေတယ်လို့ ကျွန်တော်ရဲ့ လူ့အဖွဲ့အစည်းကို ပြောခဲ့ပါတယ်။ အလှူဒါနပြုရာမှာ ခွဲခြားဆက်ဆံမှု မရှိဘူးလို့ ကျွန်တော်တို့ ယုံကြည်ပါတယ်။ ဒါဟာ အကျိုးကုသိုလ်ရတဲ့ လုပ်ရပ်ပါ။ ဘယ်သူဘယ်ဝါလဲဆိုတာ အရေးမကြီးပါဘူး” ဟု စလီမီက ပြောကြားခဲ့သည်။

ရရှိသည့်ရန်ပုံငွေများကို ပြီးခဲ့သည့်ဗုဒ္ဓဟူးနေ့က ဘုန်းတော်ကြီးလန်ဒိုနှင့် ဘုရားကျောင်း ဂေါပကအဖွဲ့အား စလီမီက သွားရောက်ပေးအပ်ခဲ့ပြီး ထိုအဖြစ်အပျက်အတွက် မွတ်စလင်လူ့အဖွဲ့အစည်းမှ ၀မ်းနည်းကြောင်း ပြောကြားခဲ့သည်။

“ဒါဟာ ဘယ်မွတ်စလင်မဆို လုပ်ပေးရမယ့် ကိစ္စပါပဲလို့ ကျွန်တော် သူတို့ကို ပြောခဲ့ပါတယ်”

ဘုန်းတော်ကြီးလန်ဒိုကလည်း ထိုကဲ့သို့ လှူဒါန်းမှုအကြောင်းကို ယခုတစ်ပတ် ၀တ်ပြုကိုးကွယ်မှု အစီအစဉ်တွင် ပရိတ်သတ်များအား ပြောကြားသွားမည်ဟု ဆိုသည်။

“ဒါဟာ တကယ့်ကို လှပပြီး ရက်ရောက်တဲ့ လက္ခဏာဖြစ်တယ်ဆိုတာကို ကျွန်တော့်ရဲ့ ပရိတ်သတ်ကို ပြောပြသွားမှာပါ။ ပြီးတော့ ဒါဟာ ယုံကြည်မှုနဲ့ နားလည်မှုတို့ရဲ့ လုပ်ဆောင်ချက်ပါပဲ။ ကျွန်တော်တို့ဟာ အခြားလူတွေရဲ့ အယူဝါဒတွေကို ဂုဏ်ပေး လေးစားရပါလိမ့်မယ်” ဟု လန်ဒိုက ထည့်သွင်းပြောကြားခဲ့သည်။

ပြီးခဲ့သည့်နှစ် အောက်တိုဘာလကလည်း ကနေဒါနိုင်ငံ ကိုးလိက်ခ်မြို့ရှိ ဗလီဝတ်ကျောင်းတော်တစ်လုံးမှာ လူတစ်စု၏ ဖျက်ဆီးခြင်းကို ခံခဲ့ရပြီး၊ နံရံတွင်လည်း အမုန်းစကားများကို ရေးသားခဲ့ကြသည်။

သို့သော်လည်း ကိုးလိက်ခ်ရှိ ဒေသခံများမှာ အဆိုပါဗလီဝတ်ကျောင်းတော်အား လာရောက် ပြင်ဆင်ပေးခဲ့ပြီး အမုန်းစကားများကိုလည်း ဖယ်ရှားပေးခဲ့ကာ “အိမ်နီးချင်းကိုချစ်ပါ” “ဒါဟာ ခင်ဗျားတို့အိမ်ပါပဲ” ဟူသည့် စာများကိုလည်း ရေးသားခဲ့သည်။

Ref: Onislam

Comments

Leave a Reply