News @ M-Media

Blog

  • တီဗက်ဇ်ကို မယုံသောကြောင့် ပင်နယ်တီဦးစားပေး မရွေးချယ်ခဲ့ခြင်းဟု မာတီနိုဆို

    တီဗက်ဇ်ကို မယုံသောကြောင့် ပင်နယ်တီဦးစားပေး မရွေးချယ်ခဲ့ခြင်းဟု မာတီနိုဆို

    ဇွန် ၂၇၊ ၂၀၁၅
    M-Media

    tev

    – ၂၀၁၁ ခုနှစ်က ကိုပါအမေရိကဖလားတွင် ပင်နယ်တီလွဲချော်ခဲ့ခြင်းကြောင့် ယနေ့မနက် ကွာတားဖိုင်နယ်တွင် တီဗက်ဇ်အား ပထမ ၅ လုံးစာရင်းတွင် မထည့်ခဲ့ခြင်းဖြစ်သည်ဟု အာဂျင်တီးနားနည်းပြ မာတီနိုက ၀န်ခံပြောကြားခဲ့သည်။

    ကိုလံဘီယာနှင့် ကစားခဲ့သည့် အဆိုပါပွဲတွင် အာဂျင်တီးနားမှာ ခြေအသာဖြင့် မကစားနိုင်ခဲ့သော်လည်း ဂိုးသွင်းယူနိုင်ခြင်းမရှိဘဲ အချိန်ပိုအထိ ဂိုးမရှိသရေကျခဲ့သည်။ ထို့ကြောင့် ပင်နယ်တီကန်သွင်းခဲ့ရာ ၇ လုံးအထိ ရောက်ခဲ့ပြီး တီဗက်ဇ်၏ နောက်ဆုံး အဆုံးအဖြတ်ဖြင့် အနိုင်ရခဲ့ကာ ဆီမီးဖိုင်နယ်သို့ တက်နိုင်ခဲ့သည်။

    တီဗက်ဇ်က အာဂျင်တီးနားအသင်း ဆီးမီးဖိုင်နယ်သို့ တက်ရောက်ရေးအတွက် သူရဲကောင်းဖြစ်ခဲ့သော်လည်း မာတီနိုကမူ ၂၀၁၁ ခုနှစ် ဥရုဂွေးနှင့်ပွဲတွင် ပင်နယ်တီမ၀င်ခဲ့သော တီဗက်ဇ်အား မယုံသောကြောင့် ပထမ ၅ လုံးတွင် ကန်သွင်းရန် မရွေးခဲ့ခြင်းဖြစ်သည်ဟု ၀န်ခံခဲ့သည်။

    “ဘောလုံးလောကမှာ တစ်ခါတစ်ရံ ဒီလိုပါပဲ။ ပထမ ပင်နယ်တီ ၅ လုံးမှာ တီဗက်ဇ်ကိုမထည့်ခဲ့တာ ပြီးခဲ့တဲ့ ကိုပါအမေရိကမှာ ပင်နယ်တီလွဲခဲ့လို့ပါပဲ။ သူပေါက်ကွဲမှာကို တားဆီးဖို့အတွက် သူ့ကို တစ်လုံးကန်ဖို့ ရွေးချယ်ခဲ့ပါတယ်။ နောက်ဆုံးတော့ သူ့အလှည့် ရောက်လာတာပါပဲ။ ဒါဟာ ဘောလုံးပါပဲ” ဟု မာတီနိုက ပွဲအပြီး သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်များအား ပြောကြားခဲ့သည်။

    ပွဲအချိန်အတွင်း အနိုင်ရရှိအောင် မစွမ်းဆောင်နိုင်ခဲ့သော်လည်း မာတီနိုမှာ အသင်း၏ စွမ်းဆောင်ရည်ကို ချီးကျူးခဲ့သည်။

    “မိနစ် ၉၀ စလုံး ကျွန်တော်တို့က အရှင်သခင်ပါ။ ကျွန်တော်တို့ရဲ့ ဖိအားပေးပုံနဲ့ သူတို့ ဘာမှမလုပ်နိုင်ဘူးလို့ ကျွန်တော် ထင်ပါတယ်။ ကိုလံဘီယာက ထောင့်ကန်ဘောကနေ အခွင့်အရေးတစ်ခု ရခဲ့ပါတယ်။ ဒီလောက်ပါပဲ”

    Ref: Goal

  • ဗုဒ္ဓဘာသာဝင်များနှင့် မွတ်စလင်များအကြား အမုန်းတရား လှုံ့ဆော်သူကို ဘင်္ဂလားဒေ့ရှ်ဖမ်းဆီး

    ဗုဒ္ဓဘာသာဝင်များနှင့် မွတ်စလင်များအကြား အမုန်းတရား လှုံ့ဆော်သူကို ဘင်္ဂလားဒေ့ရှ်ဖမ်းဆီး

    ဇွန် ၂၇၊ ၂၀၁၅
    M-Media

    bd

    – ဘာသာရးနှင့် လူမျိုးရေးဆိုင်ရာ အမုန်းပွားမှုများ ဖြစ်စေရန် ဆိုရှယ်မီဒီယာမှတစ်ဆင့် လှုံ့ဆော်ခဲ့သူ တစ်ဦးကို ဘင်္ဂလားဒေ့ရှ်ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်ဟု သိရသည်။

    SM Shakhawat Hossain ဟု အမည်ရသည့် အဆိုပါအမျိုးသားကို မြို့တော် ဒါကာရှိ ပူရာနာ ပါလ်တန်ဒေသမှ အင်္ဂါနေ့ညတွင် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု ဒါကာ ရဲတပ်ဖွဲ့ ကော်မရှင်နာမင်းကြီး မိုဟာမက် မွန်တာစီရုလ် အစ္စလာမ်က ပြောကြားခဲ့သည်။

    “သူဟာ Facebook ပို့စ်တွေကနေတစ်ဆင့် မွတ်စလင်တွေနဲ့ ဗုဒ္ဓဘာသာဝင်တွေအကြားမှာ ဘာသာရေးအမုန်းပွားမှု လှုံ့ဆော်ဖို့ ကြိုးစားနေတာပါ” ဟု အစ္စလာမ်က ပြောကြားခဲ့သည်။

    ဒါကာရဲတပ်ဖွဲ့ရုံးချုပ်၌ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် အစ္စလာမ်က အွန်လိုင်းသတင်းဌာန၏ အယ်ဒီတာဟုခေါ်သော Hossain အား သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာ အက်ဥပဒေဖြင့် ပါလ်တန် ရဲတပ်ဖွဲ့က အမှုဖွင့်ထားသည်ဟု ဆိုသည်။

    “သူရဲ့ စာမျက်နှာမှာ ကမ္ဘာတစ်ဝှမ်းက အဖြစ်အပျက်အမျိုးမျိုးရဲ့ ဓာတ်ပုံတွေကိုတင်ပြီး ဒါတွေဟာ မြန်မာနိုင်ငံက မွတ်စလင်တွေအပေါ် ကျူးလွန်တဲ့ အထောက်အထားတွေဖြစ်တယ်လို့ ပြောတာတွေက သူ့ကို စိတ်ကူးရစေတယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်။ ဒါပေမယ့် Hossain ကို ကနဦးစစ်ဆေးမေးမြန်းမှုမှာ မြန်မာနိုင်ငံက ဗုဒ္ဓဘာသာဝင်တွေ မွတ်စလင်တွေကို ငြှင်းပန်းနှိပ်စက်မှုကို သည်းမခံနိုင်ဘူလို့ ဆိုပါတယ်။ ဒါ့ကြောင့် မိမိ၏ စိတ်ဆန္ဒနဲ့ ဒီလှုပ်ရှားမှု လုပ်ခဲ့ပြီး ပုံအမျိုးမျိုးကို စုဆောင်းကာ လွှင့်တင်သွားမယ်လို့ ပြောခဲ့ပါတယ်” ဟု အစ္စလာမ်က ထပ်လောင်ပြောကြားခဲ့သည်။

    ထို့ပြင် အဆိုပါ အွန်လိုင်းလှုံ့ဆော်မှုအတွက် မည်သူက ရန်ပုံငွေထောက်ပံ့နေသည်ကိုလည်း စုံစမ်းစစ်ဆေးသွားမည်ဟု ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

    အခြားသူများကိုလည်း စုံစမ်းနေ

    ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း လူအဖွဲ့အစည်းအချင်းချင်းကြား အမုန်းတရားများ လှုံ့ဆော်ရန် ကြိုးပမ်းနေသည့် သတင်းစာမျက်နှာ ၁၀ ခုမှ ၁၂ ခုခန့် ရှိနေပြီး ၎င်းတို့၏ လှုပ်ရှားမှုများကို အနီးကပ်စောင့်ကြည့်မှုများ ပြုလုပ်နေသည်ဟု အစ္စလာမ်က ထည့်သွင်းပြောကြားခဲ့သည်။

    “အကျိုးသက်ရောက်မှုကို မသိဘဲ ဒီ အမုန်းတရားဓာတ်ပုံတွေကို like လုပ်တာ၊ share တာတွေတောင်မှ ရာဇ၀တ်မှုအဖြစ် တည်ဆောက်လို့ရပါတယ်။ ဒါပေမယ့် တစ်ယောက်ယောက်ကို Tag မယ်ဆိုရင်တော့ Tag ခံရသူဟာ ရာဇ၀တ်မှု မမြောက်ပါဘူး”

    ထို့ပြင် ထိုကဲ့သို့သော အကြောင်းအရာကို အင်တာနက်အသုံးပြုသူများ ဂရုစိုက်ရန် ၎င်းက တိုက်တွန်းပြောကြားခဲ့သည်။

    ၂၀၁၂ ခုနှစ်မှစ၍ ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာမွတ်စလင်များနှင့် ပြည်မရှိ မွတ်စလင်လူ့အဖွဲ့အစည်းအပေါ် ပစ်မှတ်ထားသည့် အကြမ်းဖက်တိုက်ခိုက်မှုများ ဆက်တိုက် ဖြစ်ပေါ်လာခဲ့ပြီးနောက် အဆိုပါအကျိုးဆက်မှာ မလေးရှား၊ အင်ဒိုနီးရှား နိုင်ငံတို့ အထိ ပြန့်နှံ့သွားခဲ့သည်။

    မြန်မာအစိုးရမှာ အကြမ်းဖက်သူများကို ထိထိရောက်ရောက် အရေးယူခြင်းမရှိဘဲ၊ လူမှုရေးပြဿနာများကို အကြောင်းပြကာ ဘာသာရေး ပဋိ့ပက္ခဖြစ်ပွားစေရန်၊ ဗလီဝတ်ကျောင်းတော်များနှင့် မွတ်စလင်များကို ဖျက်ဆီး တိုက်ခိုက်ရန် ဆိုရှယ် မီဒီယာများတွင် ပေါ်ပေါ်ထင်ထင် လှုံ့ဆော်နေသူများကိုလည်း  ထိရောက်သည့် အရေးယူမှု အားနည်းလျက်ရှိသည်။

    Ref: bdnews24

  • မြန်မာပြည် ပြန်ပို့မှာ ကြောက်ရွံ့နေကြတဲ့ ထိုင်းနယ်စပ်က လူနည်းစု ဒုက္ခသည်များ

    မြန်မာပြည် ပြန်ပို့မှာ ကြောက်ရွံ့နေကြတဲ့ ထိုင်းနယ်စပ်က လူနည်းစု ဒုက္ခသည်များ

    ဇွန် ၂၇ ၊ ၂၀၁၅
    M-Media
    44562cac978642e89bc0f67ca4650d4f_18
    – ထိုင်းနိုင်ငံ နယ်စပ်ရှိ ဒုက္ခသည်စခန်းများတွင် လက်ရှိနေထိုင်နေသော ဒုက္ခသည် ၁၃၀၀၀ ကျော်ကို မူရင်းနိုင်ငံသို့ အလျင်စလိုပြန်ပို့ရေးနှင့် ပတ်သက်၍ မြန်မာနိုင်ငံမှ လူနည်းစု ကရင် လူမျိုးများကို ကိုယ်စားပြုနေသည့် ကရင်အမျိုးသမီးအဖွဲ့ KWO က သတိပေးပြောကြားလိုက်သည်။

    ကမ္ဘာ့ဒုက္ခသည်များနေ့နှင့် တိုက်ဆိုင်စွာ စနေနေ့ (ဇွန်လ ၁၉ ရက်နေ့က) ထုတ်ပြန်သည့် ၎င်းတို့၏ကြေညာချက်တွင် မြန်မာနိုင်ငံ၌ လက်ရှိ ဆက်လက်ဖြစ်ပွားနေသော ပဋိပက္ခနှင့် မြန်မာအစိုးအပေါ် ဒုက္ခသည်များ၏ မယုံကြည်မှုတို့က နေရပ်ပြန့်ပို့ရန် စီစဉ်မှုကို ဆန့်ကျင်သည့် အကြောင်းအရင်းများအဖြစ် ထောက်ပြခဲ့သည်။

    “ကနီဦးအနေနဲ့ ဒုက္ခသည်တွေ နေရပ်စွန့်ခွာရတဲ့ အခြေအနေတွေကို မဖြေရှင်းရသေးပါဘူး။ အပစ်ရပ်ထားတဲ့ ဒေသတွေမှာလည်း  (မြန်မာ)စစ်တပ်က စစ်သားတွေ၊ စစ်လက်နက်တွေ တိုးမြှင့်ချထားလာတာဟာ ပဋိပက္ခကိုကြောက်ရွံ့မှု အောက်မှာ နေထိုင်နေ ရသူတွေရဲ့ ဘ၀တွေကို ခြိမ်းခြောက်နေပါတယ်” ဟု KWO ၏ အဆိုပါကြေညာချက်တွင် ထည့်သွင်းပြောထားသည်။

    မြန်မာနိုင်ငံမှာ ၂၀၁၁ ခုနှစ်က အမည်ခံ အရပ်သားအစိုးရအဖြစ် အသွင်ကူးပြောင်းပြီးနောက်ပိုင်း တိုင်းရင်းသားလက်နက်ကိုင်အများစုမှာ အပစ်ရပ်ရေး လတ်မှတ်ရေးထိုးခဲ့ကြသည်။

    သို့သော်လည်း အဆိုပါလက်နက်ကိုင်အုပ်စုများနှင့် မြန်မာစစ်တပ်တို့အကြား ဆိုးရွားသည့် ထိပ်တိုက်တွေ့ဆုံမှုများမှာ ဆက်လက်ဖြစ်ပွားနေပြီး ထိုင်းနယ်စပ်ရှိ ဒုက္ခသည်စခန်း ၉ ခုသို့ ဒုက္ခသည်များ ၀င်ရောက်လာမှုမှာလည်း ရပ်တန့်သွားခြင်း မရှိခဲ့ပေ။

    “ဒီ လက်ရှိအခြေအနေတွေအောက်မှာ အလောတကြီး နေရပ်ပြန်ပို့တာဟာ မြန်မာ(Burma)စစ်တပ်ရဲ့ ညှင်းပန်းနှိပ်စက်မှု၊ လူ့အခွင့်အရေး ချိုးဖောက်မှုကို ခံစားခဲ့ကြရတဲ့ ဒုက္ခသည်တွေအတွက် ထိခိုက်ခံစားရမှုဆီကို ဦးတည်သွားပါလိမ့်မယ်” ဟု ယခင်က အသုံးပြုခဲ့သည့် မြန်မာနိုင်ငံ၏ အမည်ကို ရည်ညွှန်း၍ KWO ၏ ကြေညာချက်တွင် ဖော်ပြထားသည်။

    နေရပ်ပြန်ပို့ရေး ကြောက်ရွံ့မှု

    ယခုနှစ်အစောပိုင်းက ထိုင်းနယ်စပ်ရှိ ဒုက္ခသည်စခန်းတွင် UNHCR မှ ဒုက္ခသည် စီစစ်အတည်ပြုရေး လုပ်ငန်စဉ်တစ်ခုကို လုပ်ကိုင်ခဲ့သည်။ စခန်းများတွင် ရှိနေကြသူများ၏ အရေအတွက်ကို သိရှိစေရန် နေထိုင်သူအားလုံး၏ လက်ဗွေရာများ၊ ဓာတ်ပုံများကို စစ်တမ်းကောက်ယူခဲ့ပြီး နေထိုင်သူများက နေရပ်ပြန်ပို့ရေး ဖြစ်လာတော့မည်လားဆိုသည့် စိုးရိမ်စိတ်များလည်း မြင့်တက်လာခဲ့သည်။

    ပြီးခဲ့သည့်နှစ်မေလ ထိုင်းစစ်တပ်မှ အာဏာသိမ်းပြီးကတည်းက ထိုင်းစစ်အစိုးရမှာ ဒုက္ခသည်စခန်းများအပေါ် ထိန်းချုပ်မှုများ တင်းကျပ်လာခဲ့ပြီး ဒုက္ခသည်များ၏ လှုပ်ရှားသွားလာမှုကို ကန့်သတ်မှုများ ရှိလာခဲ့သည်။

    ထိုင်းစစ်တပ် တာဝန်ရှိသူများကမူ ဒုက္ခသည်စခန်း ၉ ခုစလုံးအား ပိတ်ပစ်မည်ဟု ထပ်ခါတလဲလဲ ပြောကြားလာကြသည်။ ထိုစခန်းများထဲမှ အချို့မှာ နှစ်ပေါင်း ၃၀ ခန့် ကြာမြင့်နေပြီဖြစ်သည်။

    ထိုင်းစစ်တပ်မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး Weerachon Sukondhadpatipak က ၎င်းအနေဖြင့် ဒုက္ခသည်များ နေပြန်ရေးအတွက် အချိန်သတ်မှတ်ရန် ဂရုမထားသော်လည်း အစိုးရအနေဖြင့် ဒုက္ခသည်စခန်းများအား ပိတ်ပစ်ရန် စိတ်အားထက်သန်နေသည်ဟု ဆိုသည်။

    “တကယ်လို့ စီစစ်ရေးလုပ်ငန်းစဉ်နဲ့ နေရပ်ပြန်ပို့ရေးကို တတ်နိုင်သလောက် မြန်မြန်လုပ်နိုင်လေ ထိုင်းနိုင်ငံအတွက် ပိုကောင်းလေပါပဲ။ တစ်ချိန်တည်းမှာပဲ အကန့်အသတ်ရှိတာတွေကို ကျွန်တော်တို့ နားလည်ပါတယ်။ ပြီးတော့ မြန်မာအာဏာပိုင်တွေကိုလည်း ကျွန်တော့် အလေးထားပါတယ်။ (ဒုက္ခသည်တွေရဲ့) လူ့အခွင့်အရေးကို ကျွန်တော်တို့ ဂရုစိုက်ပါတယ်။ ပြီးတော့ အဲဒီအပေါ်မှာ ကောင်းမွန် မျှတအောင် ဆောင်ရွက်သွားမှာပါ” ဟု Weerachon က ပြောကြားခဲ့သည်။

    မြန်မာအစိုးရနှင့် တိုင်းရင်းသားအုပ်စုများအကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ဆောင်ရွက်နေသည့်အချိန်တွင် မြန်မာစစ်တပ်က ကျူးလွန်သော လူ့အခွင့်အရေးချိုးဖောက်မှု လုပ်ရပ်အသစ်များကို ပြီးခဲ့သည့်နှစ်များတွင် မြင်လာရသည်။

    KWO ၏ အဆိုအရ ဒေသတွင်း အရပ်ဖက်အဖွဲ့အစည်းများမှာ အုပ်စုဖွဲ့ မုဒိမ်းကျင့်မှုအပါအ၀င် မြန်မာစစ်တပ်က ကျူးလွန်သော  လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု အကြိမ် ၁၀၀ ကျော်ကို မှတ်တမ်းတင်ခဲ့သည်ဟု သိရသည်။ ထိုကျူးလွန်သူများထဲတွင် မည်သူမှ တရားဥပဒေရှေ့မှောက်သို့ ရောက်မလာခဲ့။

    ထိုကိစ္စနှင့်ပတ်သက်၍ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်အား ဆက်သွယ်ရာ ဆက်သွယ်၍ မရခဲ့ချေ။

    သွားစရာမြေမရှိ

    လူပေါင်း ၄ သောင်းကျော် နေထိုင်နေသည့် ထိုင်းနိုင်ငံရှိ အကြီးဆုံး ဒုက္ခသည်စခန်း မဲလာတွင် ကျောင်းသား ၂၀၀၀ခန့်မှာ ကမ္ဘာ့ဒုက္ခသည်များနေ့ကို ဆင်နွှဲရန် ပြီးခဲ့သည့် သောကြာနေ့က စုရုံးခဲ့ကြသည်။ အနီးအနားတွင် တိုင်းရင်းသားအဖွဲ့များက စခန်းအတွင်း နေထိုင်ကြသည့် တိုင်းရင်းသားလူမျိုး ၁၃ မျိုး၏ အစားအသောက်များကို ကျွေးမွေးဧည့်ခံနေကြသည်။

    ထိုအခမ်းအနားများတွင် ၁၀ စုနှစ်တစ်ခုကျော်ကြာ စခန်းတွင် နေထိုင်ခဲ့သည့် အသက် ၇၁ နှစ်အရွယ် ဘရိုင်ယန် တာဝမ်လည်း ပါဝည်သည်။ တာဝမ်က သူနှင့် သူ၏ မိသားစုမှာ ကချင်ပြည်နယ်တွင် မြန်မာစစ်တပ်နှင့် အခြားတိုင်းရင်းသားလက်နက်ကိုင် ၄ ခု တို့အကြား ဖြစ်ပွားသော တိုက်ခိုက်မှုကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးလာခြင်းဖြစ်ပြီး မြန်မာနိုင်ငံသို့မပြန်ချင်ဟု ပြောကြားခဲ့သည်။

    “အခုအချိန်မှာ အခြားနိုင်ငံကလူတွေ ကျွန်တော်တို့အကြောင်းပြောကြတဲ့အခါ၊ နေရပ်ပြန်ပို့မယ်ဆိုတာနဲ့ ပတ်သက်ပြီး တစ်ခုခုကြားရတဲ့အခါ ပြည်သူအားလုံးက ဒါဟာ ကြောက်ရွံ့မှုလို့ ခံစားရပါတယ်” ဟု တာဝမ်က ဆိုသည်။ အမေရိကန်ပြည်ထောင်စု ဆော့တ်လိတ်မြို့တွင် နေရာချထားပေးခြင်း ခံရသည့် မြေးဖြစ်သူများနှင့် နောက်ဆုံးတွင် သွားရောက်နေထိုင်နိုင်ရန် သူက မျှော်လင့်နေသည်။

    အသက် ၅၈ နှစ်အရွယ် ပီယောကမူ စိုးရိမ်မှု ကြီးကြီးမားမားရှိနေပြီး မြန်မာစစ်တပ်ကိုလည်း ကြောက်ရွံ့နေသည်။ လွန်ခဲ့သည့် ၅ နှစ်ခန့်က သူမ ညဘက်ဖားရိုက်သွားနေစဉ် ခင်ပွန်းဖြစ်သူမှာ မြန်မာစစ်တပ်၏ ပစ်သတ်ခြင်းကို ခံခဲ့ရပြီးနောက် ကလေးများနှင့်အတူ ကရင်ပြည်နယ်မှ ထွက်ပြေးလာခြင်းဖြစ်သည်။

    “ကျွန်မ ဘယ်တော့မှ ပြန်မသွားတော့ပါဘူး။ သေတဲ့အထိ ဒုက္ခသည်စခန်းမှာပဲ ကျွန်မ နေသွားမှာပါ။ တကယ်လို့ ကျွန်မပြန်ရင် ကျွန်မမှာ အိမ်မရှိဘူး။ မိသားစုမရှိဘူး။ ပြီးတော့ ကျွန်မ ဘာမှ မတတ်နိုင်ပါဘူး” ဟု ပီယောက ပြောကြားခဲ့သည်။

    သို့သော်လည်း အသက် ၃၄ နှစ်အရွယ်ရှိ ဟေဆိုသာကို က တည်ငြိမ်အေးချမ်းမှုနှင့် လုံခြုံရေးအတွက် စိုးရိမ်မှုများ ရှိသော်လည်း မြန်မာနိုင်ငံသို့ ပြန်ချင်နေသည်။

    “နောက်မျိုးဆက်ဟာ ဒုက္ခသည်စခန်းမှာ ကြီးပြင်းတာ မကောင်းပါဘူး။ ကျွန်တော် အိမ်ပြန်ချင်ပါတယ်။ ကျွန်တော့်ကလေးတွေ ဒီမှာကြီးပြင်းတာကို ကျွန်တော် မမြင်ချင်ပါဘူး” ဟု ထိုင်း-မြန်မာ နယ်စပ်တစ်လျှောက်ရှိ ဒုက္ခသည်စခန်းတွင် မွေးဖွားခဲ့သော သာကိုက ပြောကြားခဲ့သည်။

    ref: Aljazeera
    မိုးဝေ ဘာသာပြန်သည်။

  • အမေရိကန်တစ်နိုင်ငံလုံးတွင် လိင်တူလက်ထပ်ခွင့်ရပြီ

    အမေရိကန်တစ်နိုင်ငံလုံးတွင် လိင်တူလက်ထပ်ခွင့်ရပြီ

    ဇွန် ၂၇၊ ၂၀၁၅
    M-Media

    us

    – လိင်တူချစ်သူ စုံတွဲများမှာ တိုင်းပြည်၏ မည်သည့်နေရာတွင်မဆို လက်ထပ်ခွင့်ရှိသည်ဟု အမေရိကန်တရားရုံးချုပ်က ယမန်နေ့တွင် ကြေညာခဲ့ပြီး လိင်တူလက်ထပ်မှု၊ လိင်တူချစ်သူများ၏ အခွင့်အရေးများနှင့် ပတ်သက်၍ ဆယ်စုနှစ် ၂ ခုအကြာ ရှိခဲ့သော တရားရေးဆိုင်ရာ ကိစ္စတွင် အထွတ်အထိပ်သို့ ရောက်ရှိခဲ့ခြင်းလည်း ဖြစ်သည်။

    “ဘယ်လိုပေါင်းစည်းမှုမျိုးမှ လက်ထပ်ခြင်းထက် နက်နဲသိမ်မွေ့မှု မရှိပါဘူး” ဟု တရားရုံးချုပ်၏ မဲခွဲဆုံးဖြတ်မှုကို တက်ရောက်ခဲ့သည့် တရားရေးဌာနမှ အန်သိုနီ ကနေဒီက ပြောကြားခဲ့သည်။

    လိင်တူချစ်သူ စုံတွဲများမှာ ယခင်က အမေရိကန်၏ ပြည်နယ် ၃၆ ခုနှင့် ကိုလံဘီယာ ခရိုင်တို့တွင် လက်ထပ်နိုင်ပြီး တရားရုံးချုပ်၏ ယခုအမိန့်ကြောင့် ကျန် ၁၄ ပြည်နယ်တွင်လည်း လိင်တူလက်ထပ်မှုအပေါ် ပိတ်ပင်ထားမှုအား ရပ်တန့်ရတော့မည်ဖြစ်သည်။

    သမ္မတအိုဘားမားကလည်း အဆိုပါဆုံးဖြတ်ချက်ကို ကြိုဆိုခဲ့ပြီး “တန်းတူညီမျှမှုကို မိမိတို့ချီတက်ရာတွင် ကြီးမားသည့် ခြေလှမ်း” ဖြစ်သည်ဟု Twitter စာမျက်နှာမှတစ်ဆင့် ရေးသားခဲ့သည်။

    အဆိုပါဆုံးဖြတ်ချက်အတွက် တက်ကြွလှုပ်ရှားသူများမှာ တရားရုံးချုပ်ရှေ့တွင် ယမန်နေ့က စုရုံးအောင်ပွဲခံခဲ့ပြီး “ချစ်ခြင်းမေတ္တာ အနိုင်ရရှိသွားပြီ” ဟု ကျွေးကြော်ခဲ့ကာ အမေရိကန် နိုင်ငံတော်သီချင်းကိုလည်း သီဆိုခဲ့ကြသည်။

    မဲခွဲဆုံးဖြတ်ရာတွင် ရှုံးနိမ့်သူများဘက်မှ အဆိုပါဆုံးဖြတ်ချက်ကို ပြန်လည်စဉ်းစားရေး တောင်းဆိုရန်အတွက် တရားရုံးက ၃ ပတ် အချိန်ပေးခဲ့သောကြောင့် ယခုဆုံးဖြတ်ချက်မှာ ချက်ခြင်း အသက်ဝင်မည်မဟုတ်ချေ။

    အမေရိကန်တွင် လိင်တူလက်ထပ်ထားသည့် စုံတွဲများမှာ ၃၉၀၀၀၀ ခန့်ရှိမည်ဟု လော့စ်အိန်ဂျလိစ်ရှိ ကယ်လိုဖိုးနီးယားတက္ကသိုလ်မှ ၀ီလီယံအင်စတီကျု၏ မှတ်တမ်းများအရ သိရသည်။ ထို့ပြင် လက်ထပ်ပြီးသူနှင့် လက်မထပ်ရသေးသူ လိင်တူချစ်သူအရေအတွက်မှာ အမေရိကန်တွင် တစ်သန်းခန့်ရှိမည်ဟု ဆိုသည်။

    Ref: Aljazeera

  • တူနီးရှားနှင့် ကူဝိတ်တို့တွင် အကြမ်းဖက် တိုက်ခိုက်မှုများ ဖြစ်ပွား

    တူနီးရှားနှင့် ကူဝိတ်တို့တွင် အကြမ်းဖက် တိုက်ခိုက်မှုများ ဖြစ်ပွား

    ဇွန် ၂၇၊ ၂၀၁၅
    M-Media

    kuwiat

    – ယမန်နေ့က တူနီးရှားနှင့် ကူဝိတ်တို့တွင် အကြမ်းဖက်တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ပြီး လူအများအပြား သေဆုံးခဲ့ကာ အစွန်းရောက်အဖွဲ့များ၏ လက်ချက်ဖြစ်သည်ဟု အာဏာပိုင်များက ပြောကြားခဲ့သည်။

    တူနီးရှား ကမ်းရိုးတမ်းမြို့ ဆော့စီမှ အပမ်းဖြေကမ်းခြေရှိ ဟိုတည် ၂ ခုတွင် အမည်မသိ သေနတ်သမားတစ်ဦးက ၀င်ရောက်ပစ်ခတ်မှုကြောင့် နိုင်ငံခြားသားများအပါအ၀င် လူပေါင်း ၃၇ ဦး သေဆုံးခဲ့သည်။ သေဆုံးသူများတွင် ဗြိတိန်နိုင်ငံသား ၅ ဦး အိုင်ယာလန်နိုင်ငံသားတစ်ဦးတို့ ပါဝင်ပြီး ယူကေ နိုင်ငံခြားရေးဝန်ကြီးကလည်း အတည်ပြုခဲ့သည်။

    ထိုတိုက်ခိုက်မှုအတွင်း ၃၆ ဦး ဒဏ်ရာရရှိခဲ့ပြီး သေနတ်သမားအား ရဲတပ်ဖွဲ့က သုတ်သင်နိုင်ခဲ့ကာ အခြားတစ်ဦးလည်း တိုက်ခိုက်မှုတွင် ပါဝင်သည်ဟု သတင်းများက ဖော်ပြကြသည်။ သေနတ်သမားမှာ ရဲတပ်ဖွဲ့ ယူနီဖောင်း ၀တ်ဆင်ကာ ၀င်ရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး နိုင်ငံခြားသားများကို အဓိက ပစ်မှတ်ထားခဲ့သည်ဟု တူနီးရှား မီဒီယာများက ဖော်ပြခဲ့သည်။

    တူနီးရှားနိုင်ငံ မြို့တော်တူနစ်ရှိ ဘာဒို ပြတိုက်အတွင်း ပြီးခဲ့သည့် မတ်လက သေနတ်သမားတစ်ဦး ၀င်ရောက်ပစ်ခတ်မှုကြောင့် ကမ္ဘာ့လှည့်ခရီးသွားများ သေဆုံးခဲ့ရပြီးနောက် ယခုတိုက်ခိုက်မှုက ကမ္ဘာ့လှည့်ခရီးသွားစီးပွားရေးတွင် မှီခိုနေရသည့် တူနီးရှား၏ စီးပွားရေးကဏ္ဍကို ထိခိုက်စေမည်ဖြစ်သည်။

    ကူဝိတ်နိုင်ငံ ကူဝိတ်စီးတီးမြို့ရှိ အီမာမ်ဆာဒစ် ရှီယိုက် ဗလီဝတ်ကျောင်းတော်တွင် ယမန်နေ့ သောကြာနေ့ဝတ်ပြုချိန် ဗုံးခွဲတိုက်ခိုက်မှုတစ်ခု ဖြစ်ပွားခဲ့ပြီး လူ ၂၅ ဦး သေဆုံးခဲ့ကာ အများအပြား ဒဏ်ရာရရှိခဲ့သည်။

    IS အဖွဲ့ကမူ ၎င်းတို့လုပ်သည်ဟု ကြေညာခဲ့ပြီး အသေခံဗုံးခွဲသမားက ဗုံးဖောက်ခွဲခဲ့ခြင်းဟု ပြောကြားခဲ့သည်။

    ထိုတိုက်ခိုက်မှုအတွက် ကူဝိတ်ပါလီမန်က အရေးပေါ်အစည်းအဝေး ခေါ်ခဲ့ပြီး တရားရေးဝန်ကြီး အောင်ကက်ဖ်နှင့် အစ္စလာမ့်ရေးရာဝန်ကြီး ယာကွဘ် အလ်-ဆာနီအာတို့မှာ ထို အကြမ်းဖက်တိုက်ခိုက်မှုအား ရှုတ်ချခဲ့ကာ တိုင်းပြည်၏ လုံခြုံရေးနှင့် စည်းလုံးညီညွတ်မှုကို ပျက်ပြားအောင် လုပ်ဆောင်ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

    ယခုတိုက်ခိုက်မှုကြောင့် ၀တ်ပြုမှုများနှင့် ဗလီဝတ်ကျောင်းတော်များအား ကာကွယ်ရန်အတွက် စီမံမှု အများပြားကို ဆောင်ရွက်နေသည်ဟုလည်း အလ်-ဆာနီအာက ထည့်သွင်းပြောကြားခဲ့သည်။

    IS အဖွဲ့ ပေါ်လာခဲ့ပြီးနောက် အရှေ့အလယ်ပိုင်းရှိ မွတ်စလင်လူ့အဖွဲ့အစည်း၏ လုံခြုံရေးမှာ ခြိမ်းခြောက်ခံနေရပြီး အစ္စလာမ့် သာသနိကအဆောက်အအုံးများအား ပစ်မှတ်ထားသည့် တိုက်ခိုက်မှုများလည်း တိုးလာခဲ့သည်။ ထို့ပြင် IS မှာ ၎င်းတို့ထိန်းချုပ်သည့် ဒေသများအတွင်း အစ္စလာမ့်သမိုင်းဝင်နေရာများကိုလည်း ဖျက်ဆီးဖျောက်ဖျက်လျက် ရှိနေကြသည်။

    Ref: Aljazeera