News @ M-Media

Blog

  • တစ်ကမ္ဘာလုံး အခမဲ့ Wifi  သုံးနိုင်မယ့် Google ရဲ့ စီမံကိန်း နယူးယောက်ကနေ စပြီ

    တစ်ကမ္ဘာလုံး အခမဲ့ Wifi သုံးနိုင်မယ့် Google ရဲ့ စီမံကိန်း နယူးယောက်ကနေ စပြီ

    ဇွန် ၂၆၊ ၂၀၁၅
    M-Media

    gg

    – အားလုံးစုပြုံ ၀ိုင်းသုံးနေကြပြီး ဖြူကာပြာကာကျနေတဲ့ အင်တာနက်လိုင်းတစ်ခုကို သုံးရဖို့အတွက် ဈေးတင်ထားတဲ့ ကော်ဖီတစ်ခွက် ကျွန်တော်တို့ ၀ယ်သောက်စရာမလိုတော့မယ့်အချိန် သိပ်မကြာခင် ရောက်လာပါတော့မယ်။

    ဘာ့ကြောင့်လည်းဆိုတော့ တစ်ကမ္ဘာလုံးကို ဖြန့်ကျက်သွားမယ့် ဂူးဂဲလ်ရဲ့ အခမဲ့ ၀ိုင်ဖိုင်လိုင်း အစမ်းထုတ်လွှင့်မှုကို နယူးယောက်မြို့မှာ မကြာခင် စတင်မှာကြောင့်ပဲ ဖြစ်ပါတယ်။

    Sidewalk Labs လို့ခေါ်တဲ့ ဒီအစီအစဉ်ကို အင်တာနက်ကုမ္ပဏီကြီးဖြစ်တဲ့ ဂူးဂဲလ်က နှစ်မြှုပ်လုပ်ကိုင်နေတာ တော်တော်ကြာပါပြီ။

    ဘယ်လိုလဲဆိုတော့ ဂူးဂဲလ်ဟာ ရှေးဟောင်း လမ်းဘေးဖုန်းရုံတွေကို “Wi-Fi pylons” ဆိုတဲ့ ကြော်ညာတွေကပ်ပြီး ဒီဝန်ဆောင်မှုတွေ ပေးသွားမှာဖြစ်ပါတယ်။

    ဒီပြောင်းလဲထားတဲ့ ဖုန်းရုံတွေမှာ ဖုန်းအားသွင်းတာ၊ ပြည်တွင်းဖုန်း အလကားခေါ်တာတွေလည်း ဆောင်ရွက်လို့ရပြီး မြို့အကြောင်းနဲ့ အများပြည်သူသုံး သယ်ယူပို့ဆောင်ရေး အချက်အလက်တွေကို ကြည့်ရှုနိုင်မယ့် touch screen တစ်ခုကိုလည်း ထည့်သွင်းထားမယ်လို့ ဆိုပါတယ်။

    Bloomberg သတင်းဌာနရဲ့ ဖော်ပြမှုအရတော့ အဲဒီ pylon တွေဟာ နယူးယောက်မြို့တစ်ဝှမ်း ဒီနှစ်ဆောင်းဦးမှာ ရောက်လာမယ်လို့ ဆိုပါတယ်။

    Ref: Metro

  • ကလပ်နှင့် နိုင်ငံအတွက် ဂိုးအများဆုံးသွင်းသူ ရူနီဖြစ်ချင်

    ကလပ်နှင့် နိုင်ငံအတွက် ဂိုးအများဆုံးသွင်းသူ ရူနီဖြစ်ချင်

    ဇွန် ၂၆၊ ၂၀၁၅
    M-Media

    rooney

    – ဘောလုံးလောကမှ အနားမယူခင်အချိန်အတွင်း မန်ယူနှင့် အင်္ဂလန်အသင်းတို့၏ ဂိုးအများဆုံးသွင်းသူ ဖြစ်ချင်သည်ဟု မန်ယူတိုက်စစ်မှူး ၀ိန်းရူနီက ပြောကြားလိုက်သည်။

    အသက် ၂၉ နှစ်အရွယ် ရှိပြီဖြစ်သည့် ရူနီမှာ ပြီးခဲ့သည့် ဇွန်လ ၁၄ ရက်နေ့ စလိုဗေးနီးယားနှင့်ပွဲတွင် တစ်ဂိုးသွင်းယူနိုင်ပြီး ထိုဂိုးမှာ အင်္ဂလန်အသင်းအတွက် ၎င်း၏ ၄၈ ဂိုးမြောက်ဖြစ်ကာ ဂိုးအများဆုံးသွင်းထားသည့် ဘော်ဘီချာလ်တန်ကို လိုက်မီရန် ၁ ဂိုးသာ လိုတော့သည်။

    မန်ယူတွင်လည်း ဘော်ဘီချာလ်တန်မှာ စုစုပေါင်းသွင်းဂိုး ၂၄၉ ဂိုးဖြင့် အသင်းသမိုင်းတစ်လျှောက် ဂိုးသွင်းအများဆုံးအဖြစ် စံချိန်တင်ထားနိုင်ပြီး ပြီးခဲ့သည့်ရာသီက ၁၄ ဂိုးသွင်းယူနိုင်ခဲ့သည့် ရူနီမှာ ဂိုးပေါင်း ၂၃၀ ရှိနေပြီဖြစ်သည်။

    ရူနီကမူ ကစားသမားဘ၀မှ အနားမယူခင်အချိန်အတွင်း အဆိုပါ စံချိန်များကို ချိုးဖျက်ရန် စိတ်အားထက်သန်နေသည်။

    “ကျွန်တော့်ရဲ့ တစ်ကိုယ်ရေသွင်းဂိုးတွေဟာ ကလပ်အသင်းနဲ့ နိုင်ငံအသင်းတွေအတွက် ကျွန်တော့်ရဲ့ အကာင်းဆုံး စွမ်းရည်ကို ပြဖို့ပါပဲ။ ပြီးတော့ ကျွန်တော်ဖြစ်နိုင်တဲ့ အကောင်းဆုံး အသင်းခေါင်းဆောင်အဖြစ် သေချာစေဖို့ပါပဲ။ ကျွန်တော့်ရဲ့ စံချိန်စံညွှန်းတွေကို တတ်နိုင်သလောက် ခပ်မြင့်မြင့်မှာပဲ ထားပါတယ်။ ဒါဟာ မပြောင်းလဲပါဘူး။ မန်ယူနဲ့ အင်္ဂလန် နှစ်သင်းစလုံးကို လာမယ့်နှစ်မှာ ဖလားတွေရအောင် ကျွန်တော် ကူညီချင်ပါတယ်။ ဒီလိုလုပ်ဖို့ အခွင့်အရေး ရပါလိမ့်မယ်” ဟု ၎င်း၏ တရားဝင် ၀ဘ်ဆိုက်တွင် ရူနီက ပြောကြားခဲ့သည်။

    ထို့ပြင် မိမိနေဖြင့် ကလပ်အသင်းနှင့် နိုင်ငံအသင်းတို့အတွက် သမိုင်းတစ်လျှောက် ဂိုးအများဆုံးသွင်းသူ ဖြစ်လာစေရန် ရည်မှန်းချက် စိတ်ထဲတွင် တစ်ချိန်လုံးရှိကြောင်း၊ သို့သော်လည်း မိမိ၏ အဓိကဦးစားပေးမှာ ကလပ်နှင့် နိုင်ငံအသင်းတို့အား ကူညီရန်ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

    Ref: Goal

  • အမေရိကန်၏ OPM ရုံး ဆိုက်ဘာတိုက်ခိုက်မှု တရုတ်ကလုပ်သည်ဟု ထောက်လှမ်းရေးအကြီးအကဲဆို

    အမေရိကန်၏ OPM ရုံး ဆိုက်ဘာတိုက်ခိုက်မှု တရုတ်ကလုပ်သည်ဟု ထောက်လှမ်းရေးအကြီးအကဲဆို

    ဇွန် ၂၆၊ ၂၀၁၅
    M-Media

    – အမေရိကန်သန်းပေါင်းများစွာ၏ ကိုယ်ရေးအချက်အလက်များကို ထိခိုက်စေခဲ့သော အစိုးရ အေဂျင်စီတစ်ခုအား ဆိုက်ဘာတိုက်ခိုက်မှုအတွက် ထိပ်တန်းသံသယရှိသူမှာ တရုတ်နိုင်ငံပင်ဖြစ်သည်ဟု အမေရိကန် ထောက်လှမ်းရေးအကြီးအကဲက ပြောကြားလိုက်သည်ဟု Wall Street ဂျာနယ်က ယမန်နေ့တွင် ဖော်ပြခဲ့သည်။

    အမေရိကန်၏ ၀န်ထမ်းစီမံခန့်ခွဲရေးရုံး OPM ကို တိုက်ခိုက်ခံရခြင်းဖြစ်ပြီး ထိုတိုက်ခိုက်မှုနောက်ကွယ်တွင် တရုတ်နိုင်ငံရှိနေသည်ဟု အစိုးရတာဝန်ရှိသူများက ၎င်းတို့၏ ကိုယ်ပိုင်သဘောထားအဖြစ် ထုတ်ဖော်ပြောဆိုသော်လည်း အိုဘားမားအစိုးရကမူ တရုတ်နိုင်ငံအား
    လူသိရှင်ကြား စွပ်စွဲခဲ့ခြင်းမရှိချေ။

    “သူတို့လုပ်ခဲ့တဲ့အရာအတွက် တရုတ်နိုင်ငံကို တမျိုးမျိုးနဲ့ အလေးပြုရပါမယ်” ဟု ထိုးဖောက်ဝင်ရောက်ရန် ခက်ခဲမှုကို ရည်ညွှန်း၍ ၀ါရှင်တန်ရှိ ထောက်လှမ်းရေးညီလာခံတွင် အမျိုးသားထောက်လှမ်းရေး ဒါရိုက်တာရုံး DNI ၏ အကြီးအကဲ ဂျိမ်းစ်ကလပ်ပါက ပြောကြားခဲ့သည်။

    ကလပ်ပါ၏ရုံးမှ ထုတ်ပြန်သော ကြေညာချက်တွင် “အမေရိကန်အစိုးရက စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေပေမယ့်လည်း တရုတ်နိုင်ငံဟာ အဓိက သံသယရှိသူအဖြစ် ဆက်ရှိနေတယ်ဆိုတာ DNI က ရှင်းရှင်းလင်းလင်းသိပါတယ်” ဟု ဖော်ပြထားသည်။

    အမေရိကန်၏ ၀န်ထမ်းစီမံခန့်ခွဲရေးရုံး OPM က ၎င်းတို့၏ ကွန်ပျူတာစနစ် တိုက်ခိုက်ခံရမှုတွင် လက်ရှိနှင့် ယခင် ဖဒရယ်ဝန်ထမ်းဟောင်း ၄.၂ သန်း၏ ကိုယ်ရေးအချက်အလက်များ ထိခိုက်ခဲ့သည်ဟု ယခုလတွင် ဖွင့်ဟပြောဆိုခဲ့ပြီး အချို့မီဒီယာများက အမေရိကန် ၁၈ သန်း၏
    ကိုယ်ရေးအချက်အလက်များ ထိခိုက်ခဲ့သည်ဟု ဖော်ပြခဲ့သည်။

    အိမ်ဖြူတော်ပြောရေးဆိုခွင့်ရှိသူ ဂျို့ရှ် အားန်နက်စ်ကမူ အဆိုပါ ဆိုက်ဘာတိုက်ခိုက်မှုအတွက် ဖြစ်နိုင်ဖွယ်ရှိသည့် သံသယရှိသူနှင့်ပတ်သက်၍ ယမန်နေ့တွင် မည်သည့်မှတ်ချက်မှ မပေးခဲ့ပေ။

    ကလပ်ပါက ပေါ်လစီချမှတ်သူများမှာ ကာကွယ်မှုအားနည်းခြင်းအား မဖြေရှင်းနိုင်မချင်း အမေရိကန်အစိုးရနှင့် အမေရိကန်ကုမ္ပဏီများမှာ ဆိုက်ဘာတိုက်ခိုက်မှုကို ဆက်လက်ခံစားရမည်ဟု ထည့်သွင်းပြောကြားခဲ့ကြောင်း အဆိုပါဂျာနယ်တွင် ဖြော်ပခဲ့သည်။

    အမေရိကန်အစိုးရကမူ ထိုတိုက်ခိုက်မှုကို တရုတ်နိုင်ငံမှ ပြုလုပ်ပြီး ကျူးလွန်သူများကို ထုတ်ပေးရန် လူသိရှင်ကြား တောင်းဆိုထားခြင်းမရှိချေ။ တရုတ်နိုင်ငံကလည်း ထိုတိုက်ခိုက်မှုများတွင် ပါဝင်ခြင်းမရှိဟု ငြင်းဆိုထားသည်။

    Ref: Reuters

  • ပက်ကွီအိုထက် မေ၀ယ်သာနှင့်သာ ထိုးရန် အမီးရ်ခန်း စိတ်ဝင်စားနေ

    ပက်ကွီအိုထက် မေ၀ယ်သာနှင့်သာ ထိုးရန် အမီးရ်ခန်း စိတ်ဝင်စားနေ

    ဇွန် ၂၆၊ ၂၀၁၅
    M-Media

    khan

    – ဖိလစ်ပိုင်လက်ဝှေ့ကျော် ပက်ကွီအိုနှင့် ဒူဘိုင်း၌ ထိုးသတ်မည်ဆိုသည့်သတင်းမှာ မဟုတ်မမှန်ဘဲ မိမိနေဖြင့် မေ၀ယ်သာနှင့် ထိုးသတ်ရန်သာ ပို၍ စိတ်ဝင်စားသည်ဟု ဗြိတိန်လက်ဝှေ့ကျော် အမီးရ်ခန်းက ပြောကြားလိုက်သည်။

    မေလက အလ်ဂီရီကို အမှတ်ဖြင့် အနိုင်ရခဲ့သည့် ခန်းမှာ နောက်ဆုံး ၅ ပွဲဆက်တိုက် အနိုင်ရရှိထားပြီး ယခုနှစ်ကုန်ပိုင်းတွင် နောက်ဆုံးပွဲ ထိုးသတ်မည်ဟု ကြေညာထားသည့် မေ၀ယ်သာနှင့် ထိုးသတ်ရန် ဆန္ဒရှိနေသည်။

    သို့သော်လည်း ပက်ကွီအိုနှင့် ထိုးသတ်ရန် စီစဉ်နေသည်ဟု သတင်းများလည်း ထွက်ပေါ်နေပြီး ခန်းက ငြင်းဆိုခဲ့ကာ ပုခုံးဒဏ်ရာရထားသည့် ပက်ကွီအိုနှင့် ထိုးသတ်နိုင်ရေးမှာ ကြာအုံးမည်ဟုဆိုသည်။

    “တကယ်လို့ မန်နီက နေပြန်ကောင်းပြီး ပြန်ထိုးချင်တယ်ဆိုရင် ဒီပွဲဟာ ဖြစ်လာမှာပါ။ ဒါပေမယ့် အခုလောလောဆယ် ကျွန်တော် စိတ်ဝင်စားတဲ့ တစ်ခုတည်းသောပွဲက မဝေယ်သာနဲ့ပါပဲ။ (ပက်ကွီအိုနဲ့ ထိုးတော့မယ်ဆိုတာ) အားလုံးဟာ ကောလဟာလတွေပါ။ ဒူဘိုင်းမှာထိုးဖို့ မန်နီနဲ့ စကားပြောတာမျိုး မရှိပါဘူး။ ဒါ့ကြောင့် ဒါဟာ မမှန်ပါဘူး။ ဒီမှာကြည့်။ တကယ်လို့ မန်နီက ထိုးချင်ရင် ကျွန်တော်တို့ ထိုးနိုင်ပါတယ်။ သူနဲ့ သူ့အဖွဲ့တွေကို ကျွန်တော် အရင်က ကမ်းလှမ်းဖူးပါတယ်။။ ဒါပေမယ့် သူတို့က လက်မခံပါဘူး” ဟု The National သို့ ခန်းက ပြောကြားခဲ့သည်။

    မေ၀ယ်သာကမူ ၎င်း၏ နောက်ထပ်ပြိုင်ဘက်မှာ အမီးရ်ခန်းမဟုတ်ဘဲ အန်ဒရီဘာတိုနှင့် ကရင်မ်မေဖီးလ်ဒ်တို့ထဲမှ တစ်ဦးဖြစ်မည်ဟု ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ပြောကြားခဲ့သည်။

    ခန်းကမူ မေ၀ယ်သာမှာ ၎င်းအား ရှောင်နေသည်ဟု ဆိုသည်။

    “ကျွန်တော်ထိုးချင်တဲ့ပွဲအတွက် ဖလွိုက်က ကျွန်တော့်ကို ရှောင်နေတယ်ဆိုတာ ထင်ရှားပါတယ်။ ၀ယ်သာဝိတ်တန်းမှာ ကျွန်တော့်ကိုယ်ကျွန်တော် သက်သေပြခဲ့ပြီးပါပြီ။ ဒါ့ကြောင့် ဘာထပ်လုပ်ရမလဲဆိုတာ ကျွန်တော် မသိတော့ပါဘူး”

    Ref: Dailymail

  • တရားမဝင် ဖွင့်ထားတယ်လို့ ဝါဒဖြန့်ခံရတဲ့ နှစ်(၆၀) သက်တမ်းရှိ ပျော်ဘွယ် အာရဗီ တက္ကသိုလ် အကြောင်း

    တရားမဝင် ဖွင့်ထားတယ်လို့ ဝါဒဖြန့်ခံရတဲ့ နှစ်(၆၀) သက်တမ်းရှိ ပျော်ဘွယ် အာရဗီ တက္ကသိုလ် အကြောင်း

    ဇွန် ၂၆ ၊ ၂၀၁၅
    M-Media
    သတင်း- ဖြိုးသူရ
    11657484_1867707416786769_1547594089_n
    ယခုတလောတွင် အင်တာနက် လူမှုကွန်ရက်ဆိုဒ်များတွင် ပျော်ဘွယ်မြို့ရှိ အာရဗီ တက္ကသိုလ်မှာ ယခုနှစ်များ အတွင်းကမှ တရားမဝင် ဆောက်လုပ် ဖွင့်လှစ်ထားကြောင်း ဝါဒဖြန့် လှုံဆော်သည့် သတင်းများ ပြန့်နှံ့နေလျက်ရှိရာ M-Media မှ အဆိုပါကိစ္စနှင့် ပတ်သက်ပြီး အဖြစ်မှန်သိရှိစေဖို့ ပျော်ဘွယ် အာရဗီ တက္ကသိုလ်၏ ကျောင်းအုပ် ဆရာကြီးကို တိုက်ရိုက်ဆက်သွယ်မေးမြန်းခဲ့ပါသည်။
    .
    မေး – ဆရာကြီးရဲ့ နာမည်၊ ဘွဲ့နဲ့ ပျော်ဘွယ်အာရဗီတက္ကသိုလ်မှာ ဘာတာဝန်ယူထားတယ်ဆိုတာ သိပါရစေ။
    ကျောင်းအုပ်ဆရာကြီး- ဆရာ့နာမည်က ဦးဟာမြင်ပါ။ အပြည့်အစုံဆိုရင်တော့ အလ်ဟဂ်ျ မော်လနာ ဦးဟာမြင်ပါ။ ပျော်ဘွယ်အာရဗီ တက္ကသိုလ်မှာ ကျောင်းအုပ်ကြီးတာဝန်ယူထားတာ ၁၂နှစ်ရှိပါပြီ။
    .
    မေး-  ဒီတက္ကသိုလ်ကြီးကို မနေ့တစ်နေ့ကမှ တရားမဝင် ဆောက်တဲ့ ပုံစံမျိုးတွေနဲ့ အင်တာနက်မှာ ကောလဟာလဖြန့်ဝေမှုတွေ ရှိနေတော့ ဒီကျောင်းကြီးရဲ့ ဖြစ်တည်လာပုံနဲ့ တည်ထောင်တဲ့ ခုနှစ် သိပါရစေ။
    ကျောင်းအုပ်ကြီး- ဒီတက္ကသိုလ်ကြီးကို ၁၉၅၅ ခုနှစ်ကတည်းက မဇွာဟေရိုလ်အိုလူမ် အာရဗီကျောင်းဆိုပြီး စတင်တည်ထောင်ခဲ့တာပါ။ ၁၉၆၄ ခုနှစ်မှာ ပညာရေးအဆင်မြှင့်လိုက်ပြီး အာရဗီ အထက်တန်းကျောင်း ဆိုပြီး ပြောင်းလဲ ခေါ်ဝေါ်ခဲ့ပါတယ်။ ၁၉၆၇ ခုနှစ်မှာ ဘွဲ့ပေးနိုင်တော့မှ ဂျာမေအာအဖြစ် အာရဗီတက္ကသိုလ်အဖြစ် အမည်ပြောင်းခဲ့တာပါ။ ဆရာက ၁၉၆၄ ခု အထက်တန်းကျောင်းအဖြစ် ပြောင်းတဲ့နှစ်မှာ ဒီကိုစရောက်ခဲ့တာပါ။
    .
    မေး- တက္ကသိုလ်အဆောက်အဦးထိပ်မှာ ရေးထိုးထားတဲ့ ခုနှစ်က…။
    ကျောင်းအုပ်ကြီး- အဲ့ဒီ့ခုနှစ် ၁၉၇၃က လက်ရှိ တက္ကသိုလ်အဆောက်အဦး ဆောက်လုပ်ပြီးစီးတဲ့ နှစ်ပါ။

    Minya_Khin
    .
    မေး – ဒီကျောင်းကြီးရဲ့ ပိုင်ဆိုင်မှု အထောက်အထား၊ အုပ်ချုပ်ပုံနဲ့ သက်ဆိုင်ရာအာဏာပိုင်တွေနဲ့ ဆက်ဆံရေးလေး သိပါရစေ။
    ကျောင်းအုပ်ကြီး- ဒီကျောင်းကြီးက ဂျမအသ်ဝကားဖ် (စေတနာရှင် မွတ်စလင်မ်အများက စုပေါင်းလှူဒါန်းထားတာ) ပါ။ စေတနာရှင်တာဝန်ခံ ဟာဂျီတစ်ဦးရဲ့ အမည်နဲ့ ဂရမ်လည်း လုပ်ထားပါတယ်။ ကျောင်းကြီးကို အဖွဲ့ဝင် ရှစ်ဦးပါတဲ့ အုပ်ချုပ်ရေးကော်မတီနဲ့ ကျောင်းရှူရာ(ညှိုနှိုင်းတိုင်ပင်ရေး)အဖွဲ့တို့ တာဝန်ယူအုပ်ချုပ်ပါတယ်။ ကျောင်းရှူရာအဖွဲ့က အထွေထွေစီမံခန့်ခွဲမှုအားလုံးကို တာဝန်ယူထားပြီး အုပ်ချုပ်ရေးကော်မတီကတော့ ဘဏ္ဍာရေးပိုင်းကိုအဓိက တာဝန်ယူထားပါတယ်။
    အစိုးရဖက်က တိုက်ရိုက်ကူညီပံ့ပိုးတာမျိုးတော့ မရှိပါပေမယ့် အစိုးရအဆက်ဆက် သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းတွေနဲ့ ဆက်ဆံရေးကောင်းမွန်ပါတယ်။ ဥပမာ-၈၈ အရေးအခင်းကာလတုန်းကဆို စစ်တပ်က အရာရှိတွေက ဆရာနဲ့ အခြားရပ်မိရပ်ဖ သုံးဦးကို ခေါ်တွေ့ပြီး အမိန့်အရ တပ်ပြန်သိမ်းရမှာဖြစ်လို့ ဆရာကြီးတို့ ရပ်မိရပ်ဖတွေကို မြို့ကို စောင့်ရှောက်ဖို့ အပ်ခဲ့ပါတယ်ဆိုပြီး ခေါ်တွေ့တာမျိုးတွေရှိပါတယ်။ နောက်ပိုင်းနဲ့ အခုလည်း သက်ဆိုင်ရာတာဝန်ရှိသူတွေက လိုအပ်ရင် မွတ်စလင်မ်တွေအရေးနဲ့ပတ်သက်ပြီး ခေါ်ယူ ညှိနှိုင်းတိုင်ပင်တာမျိုးတွေ ရှိပါတယ်။
    .
    မေးဒီကျောင်းကြီးမှာ ပညာသင်ကြားနေတဲ့ ကျောင်းသားအရေအတွက်နဲ့ သင်ကြားပေးနေတဲ့ ဆရာအရေအတွက်လေး သိပါရစေ။
    ကျောင်းအုပ်ကြီး- အခုပညာသင်နှစ်မှာ ကျောင်းမကြီးမှာ ကျောင်းသား ၂၅၀၊ အမျိုးသမီးဆောင်မှာ ကျောင်းသူ ၅၈ယောက်ပါ။ ဆရာကတော့ ဆရာ ၂၀ နဲ့ ဆရာမ ၆ ဦးပါ။
    .
    မေးဘယ်လိုအရည်အချင်းနဲ့ ကျောင်းအပ်လက်ခံတယ်၊ ဘာတွေ သင်ပေးတယ်ဆိုတာ သိပါရစေ။
    ကျောင်းအုပ်ကြီး- အနည်းဆုံး အခြေခံပညာ ရှစ်တန်းအောင်ပြီးသားမှ လက်ခံပါတယ်။ ချွင်းချက်အနေနဲ့ လက်ခံပေးတဲ့ ဟာဖိဇ် (ကုရ်အာန်ကျမ်းတော် အာဂုံဆောင်)ဖတ်ပြီး လာကြတဲ့ ကျောင်းသားတွေကျတော့ အတန်းပညာ အားနည်းတော့ မြန်မာစာ၊ အင်္ဂလိပ်စာနဲ့ သင်္ချာတွေပါ သင်ပေးပါတယ်။ ဘာသာစကားအနေနဲ့ အာရဗီကို အဓိကထားသင်ပြီး အူရ်ဒူကိုတော့ အခြေခံအဆင့်သင်ပေးပါတယ်။ ဘာသာရေး ပညာရပ်တွေ အနေနဲ့ကတော့ ကုရ်အာန်၊ ဟဒီးစ် (တမန်တော်မြတ် မုဟမ္မဒ်၏ ဆုံးမသြဝါဒများ)နဲ့ ဖိကာဟ် (အစ္စလာမ့်ဓမ္မသတ်) က အစရှိလို့သင်ပေးပါတယ်။ အမျိုးသားတွေအတွက်သင်ရိုးက ၉နှစ်ဖြစ်ပြီး အမျိုးသမီးတွေ အတွက်ကတော့ ၆နှစ်ပါ။ အမျိုးသမီးတွေကျတော့ ရှစ်တန်းအောင်ထားမှသာ လက်ခံထားတာမို့ အတန်းပညာ အတွက် အချိန်ယူစရာ မလိုတော့လို့ပါ။ အောင်မြင်လို့ ကျောင်းပြီးရင် မော်လဝီဘွဲ့ပေးပါတယ်။ ကျောင်းသားတွေ အတွက် တစ်ပတ်ကို တစ်ရက် ဆရာတွေကြီးကြပ်မှုနဲ့ တရားဟောပြောလေ့ကျင့်မှု အစီအစဉ်လုပ်ပေးတာမျိုးရှိပါတယ်။
    .
    မေးအခြားရော ဘာသင်တန်းတွေ ရှိပါသေးသလဲ သိပါရစေ။
    ကျောင်းအုပ်ကြီး- ဒီကျောင်းထွက် ဘွဲ့ရကျောင်းသားဟောင်းတွေ အတွက် ၂နှစ်သင်ရိုးနဲ့ မွမ်းမံ သင်တန်း ဖွင့်ပေးနေပါပြီ။ သူတို့ကို ခေတ်စနစ်နဲ့ ညီအောင်၊ အဆင့်မြင့် အကီဒဟ် (အစ္စလာမ့် ယုံကြည်ချက်)၊ မြန်မာမွတ်စလင်မ်တွေရဲ့ သမိုင်းကြောင်း၊ အီမာန်(ခေါင်းဆောင်)ဖြစ်သင်တန်းနဲ့ ဖဿဝါ (ဓမ္မသတ်ဆုံးဖြတ်ချက်)တွေကို ကိုယ်တိုင် လေ့လာဖတ်ခိုင်းပြီး ဆရာတွေက လမ်းညွှန်ပေးတာမျိုးတွေ သင်ပေးနေပါတယ်။ ဒီမွမ်းမံသင်တန်းမှာ ကွန်ပျူတာသင်ပေးနိုင်ဖို့၊ ကိုယ့်နိုင်ငံအတွက် အသုံးကျမယ့် မြန်မာစာ၊ အင်္ဂလိပ်စာနဲ့ သင်္ချာတွေပါ ထပ်သင်ပေးနိုင်ဖို့ စီစဉ်နေပါတယ်။
    .
    မေး- ဆရာကြီးတို့ အာရဗီတက္ကသိုလ်အနေနဲ့ အခြားဘာသာတရားတွေက ငြိမ်းချမ်းရေးကို လိုလားတဲ့ ဘာသာရေးခေါင်းဆောင်တွေနဲ့ လက်တွဲဆောင်ရွက်နေတာမျိုးတွေ ရှိပါသလား သိပါရစေ။
    ကျောင်းအုပ်ကြီး- ရှိပါတယ်။ ခရိုင်နဲ့ မြို့နယ်အဆင့် ဘာသာပေါင်းစုံချစ်ကြည်ရေး လှုပ်ရှားမှုတွေမှာ ပါဝင်ဆောင်ရွက်နေပါတယ်။ ဆရာကိုယ်တိုင် မြို့နယ်ဘာသာပေါင်းစုံ ချစ်ကြည်ရေးအဖွဲ့မှာ နာယကပါ။ မြို့နယ်သံဃနာယက အဖွဲ့၊ ပြီးတော့ ခရစ်ယာန်၊ ဟိန္ဒူနဲ့ ဆစ်(ခ်)ဘာသာ ခေါင်းဆောင်တွေနဲ့ ချစ်ကြည်ရေး ငြိမ်းချမ်းရေးတွေ ပူးပေါင်းဆောင်ရွက်နေပါတယ်။