News @ M-Media

Blog

  • ဗဟိုအာဖရိကတွင် ကုလတပ်များ လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုသတင်း ထွက်ပေါ်လာပြန်

    ဗဟိုအာဖရိကတွင် ကုလတပ်များ လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုသတင်း ထွက်ပေါ်လာပြန်

    ဇွန် ၂၅၊ ၂၀၁၅
    M-Media

    un

    – ဗဟိုအာဖရိကနိုင်ငံတွင် တာဝန်ထမ်းဆောင်နေသည့် ကုလသမဂ္ဂ၏ ငြိမ်းချမ်းရေးတပ်ဖွဲ့မှာ မြို့တော်ဘန်ဂွီရှိ လမ်းမပေါ်တွင် ကလေးငယ်တစ်ဦးအား လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခဲ့သည်ဟု စွပ်စွဲခံရကြောင်း ကုလအတွင်းရေးမှူးချုပ်၏ ပြောရေးဆိုခွင့်ရှိသူ စတီဖိန်း ဒူဂျာရစ်က ပြောကြားလိုက်သည်။

    ထိုကိစ္စမှာ ဗဟိုအာဖရိကနိုင်ငံအတွင်း မကြာသေးမီလများတွင်း ငြိမ်းချမ်းရေးစစ်သားများ ပါဝင်သော ကလေးများအား လိင်ပိုင်းဆိုင်ရာ စော်ကားမှုအတွက် တတိယမြောက် ပြဿနာဖြစ်သည်ဟုလည်း ၎င်းကဆိုသည်။

    “တကယ်လို့ ဒီစွပ်စွဲချက်ဟာ အထောက်အထားခိုင်လုံတယ်ဆိုရင် ဒါဟာ ကုလရဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့ ငြိမ်းချမ်းရေးတပ်သားတွေရဲ့ ကျင့်ဝတ်တွေကို သိသိသာသာ ချိုးဖောက်တာပဲ ဖြစ်ပါလိမ့်မယ်” ဟု ဒူဂျာရစ်က အင်္ဂါနေ့တွင် ပြောကြားခဲ့သည်။

    ယခုစွပ်စွဲချက်အသစ်များအတွက် ဘန်ဂွီရှိ ကုလရုံးချုပ်က နိုင်ငံအတွင်း တပ်ဖြန့်ချထားသော နိုင်ငံများအား အသိပေးထားပြီး စုံစမ်းစစ်ဆေးမှုကိုလည်း ပြုလုပ်နေသည်ဟု ဆိုသည်။ ကျူးလွန်သူမှာ မည်သည့်နိုင်ငံမှဖြစ်သည်ကို ဖော်ပြခဲ့ခြင်းမရှိသော်လည်း အာဖရိကတပ်ဖွဲ့မှ ဖြစ်သည်ဟု ဒူဂျာရစ်က ထည့်သွင်းပြောကြားခဲ့သည်။

    ထို့ပြင် ကျူးလွန်သူ၏ နိုင်ငံအနေဖြင့် လျင်မြန်ပြီး သင့်လျော်သည့် အပြစ်ပေးအရေးယူမှုများ ပြုလုပ်ရန် တောင်းဆိုသွားမည်ဟု ဆိုသည်။

    ပြီးခဲ့သည့်နှစ်က ကုလ၏ လူ့အခွင့်အရေး စုံစမ်းစစ်ဆေးသူများ ထုတ်ပြန်သော အစီရင်ခံစာတွင် ဗဟိုအာဖရိကနိုင်ငံရှိ ပြင်သစ်၊ ချဒ်နှင့် ဂီနီနိုင်ငံတို့မှ တပ်ဖွဲ့များမှာ ကလေးများအပေါ် လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုများရှိခဲ့သည်ဟု ဖော်ပြခဲ့သည်။

    Ref: Aljazeera

  • အီဗရာဟီမိုဗစ်မှာ မောက်မာသူမဟုတ်ဟု ဆွီဒင်အသင်းဖော်ပြောကြား

    အီဗရာဟီမိုဗစ်မှာ မောက်မာသူမဟုတ်ဟု ဆွီဒင်အသင်းဖော်ပြောကြား

    ဇွန် ၂၅၊ ၂၀၁၅
    M-Media

    movic

    – ပီအက်စ်ဂျီအသင်း၏ တိုက်စစ်မှူး ဇလာတန် အီဗရာဟီမိုဗစ်မှာ ဘောလုံးကွင်းထဲနှင့် ကွင်းပြင်ပတို့တွင် ပြုမူနေထိုင်ပုံ မတူညီဟု ၎င်း၏ ဆွီဒင်အသင်းဖော် ဘရာနီမီရ် ဟာဂိုတာက ပြောကြားခဲ့သည်။

    အီဗရာဟီမိုဗစ်မှာ ၎င်း၏ ကစားသမားဘ၀ သက်တမ်းတစ်လျှောက်လုံးတွင် မောက်မာမှု၊ မာနထောင်လွှားမှုနှင့် လေးစားဖွယ်ကောင်းသည့် အပြုအမူအနေအထိုင် မရှိမှုတို့ဖြင့် ဝေဖန်ခံရသူဖြစ်သည်။

    သို့သော်လည်း ဟာဂိုတာကမူ အီဗရာဟီမိုဗစ်မှာ လူကောင်းသူကောင်း တစ်ယောက်ဖြစ်ပြီး ပြည်သူများ၏ ၎င်းအပေါ်အမြင်မှာ မှားယွင်းနေသည်ဟု ပြောကြားခဲ့သည်။

    “သူဟာ ကမ္ဘာ့ကြယ်ပွင့်ပါ။ သူ့အကြောင်းမသိဘဲနဲ့ သူ့ကို ဝေဖန်လို့မရပါဘူး။ ပုဂ္ဂိုလ်ရေးမှာ သူဟာ ကွင်းထဲကလို၊ ကင်မရာအရှေ့မှာလို မဟုတ်ပါဘူး။ ကျွန်တော့် မျက်လုံးထဲမှာတော့ သူဟာ လူကောင်းတစ်ယောက်ပါ။ ခင်ဗျားအပေါ် မောက်မာတယ်လို့ ခံစားရအောင် သူ မလုပ်ပါဘူး။ သူဟာ တော်တော်လေး ထူးခြားပါတယ်။ ကျွန်တော် သူ့ဆီက သင်ယူနိုင်ပြီး သူ့ကိုတော့ မနာလို မဖြစ်ပါဘူး” ဟု ဟာဂိုတာက ဆိုသည်။

    ထို့ပြင် အီဗရာဟီမိုဗစ်နှင့် တွဲကစားရသည်မှာ ပျော်ရွှင်စရာဖြစ်ပြီး ပြိုင်ဘက်အဖြစ် ၎င်းအားရင်ဆိုင်ရခြင်းမှာ ခက်ခဲသည်ဟု ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

    Ref: Goal

  • ပါလက်စတိုင်းဆွေးနွေးပွဲ ပြန်စရန် အစ္စရေးကို ကုလတိုက်တွန်း

    ပါလက်စတိုင်းဆွေးနွေးပွဲ ပြန်စရန် အစ္စရေးကို ကုလတိုက်တွန်း

    ဇွန် ၂၅၊ ၂၀၁၅
    M-Media

    – အစ္စရေးနှင့် ပါလက်စတိုင်းတို့ နှစ်နိုင်ငံအဖြေအတွက် ၎င်း၏ ကတိက၀တ်ကို အလုပ်နှင့် သက်သေပြရန် ကုလသမဂ္ဂက အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုကို တိုက်တွန်းလိုက်ပြီး ပါလက်စတိုင်း ပိုင်နက်များအတွက် ကျူးကျော်အိမ်ယာများ ဆောက်လုပ်မှုကို ရပ်တန့်ရန်လည်း ဆော်သြခဲ့သည်။

    ယခုနှစ်အစောပိုင်း ရွေးကောက်ပွဲမဲဆွယ်စဉ်ကာလက နေတန်ယာဟုမှာ ပါလက်စတိုင်းတို့၏ နိုင်ငံတည်ထောင်ခွင့်ကို ငြင်းပယ်ခဲ့သော်လည်း၊ နောက်ပိုင်း နှစ်နိုင်ငံအဖြေအတွက် ကတိပြုခဲ့သည်။ ပါလက်စတိုင်းမှာ ဂါဇာကမ်းမြှောင်၊ အနောက်ဘက်ကမ်းနှင့် ၁၉၆၇ ခုနှစ်က အစ္စရေးတို့ ကျူးကျော်သိမ်းပိုက်ခဲ့သည့် ဒေသများကို စုပေါင်း၍ နိုင်ငံတည်ထောင်ရန် ကြိုးစားနေသည်။

    “ ‘ရေရှည်တည်တံ့မယ့် နှစ်နိုင်ငံအဖြေ အယူအဆ’ အတွက် ၀န်ကြီးချုပ် နေတန်ယာဟုရဲ့ ကတိက၀တ်ကို မကြာသေးခင်က ပြန်လည်အတည်ပြုပြောကြားခဲ့မှုအရ ဒါကို အပြောမဟုတ်ဘဲ အလုပ်အဖြစ်ပြောင်းဖို့ အတွင်းရေးမှူးချုပ် (ဘန်ကီမွန်) က တိုက်တွန်းပါတယ်” ဟု ကုလ၏ နိုင်ငံရေးဆိုင်ရာ အကြီးအကဲ ဂျက်ဖရီ ဖလ်တ်မန်က ကုလသမဂ္ဂ လုံခြုံရေးကောင်စီသို့ ယမန်နေ့တွင်
    ပြောကြားခဲ့သည်။

    ထို့ပြင် အစ္စရေးအနေဖြင့် တရားမ၀င်အိမ်ယာ ဆောက်လုပ်မှုများကဲ့သို့ ‘အထိအခိုက်မခံသည့် တစ်ဖက်သတ်’ ဆောင်ရွက်နေမှုများကိုလည်း ရပ်တန့်ရန် လိုအပ်ပြီး ၁၉၆၇ ခုနှစ်က ကျူးကျော်သိမ်းပိုက်ခဲ့သည့် ပါလက်စတိုင်းပိုင်နက်များတွင် အိမ်ယာများ ဆောက်လုပ်ခြင်းမှာ တရားမ၀င်ဟု နိုင်ငံအများစုက ယူဆကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

    အမေရိကန်က စီစဉ်ပေးသည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ အစ္စရေး၏ တရားမ၀င်အိမ်ရာများ ဆောက်လုပ်ခြင်း၊ ပါလက်စတိုင်းရှိ ဖာတာနှင့် ဟားမက်စ်အဖွဲ့တို့ ပူးပေါင်းကာ ညီညွတ်သောအစိုးရ ဖွဲ့စည်းခြင်းတို့ကြောင့် ၂၀၁၄ ခုနှစ် ဧပြီလတွင် ပျက်ပြယ်ခဲ့သည်။

    ပြင်သစ်နိုင်ငံကမူ အစ္စရေး-ပါလက်စတိုင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အာရပ်နိုင်ငံများ၊ ဥရောပသမဂ္ဂနှင့် ကုလလုံခြုံရေးကောင်စီအဖွဲ့ဝင်များ ပါဝင်သည့် နိုင်ငံတာအထောက်အပံ့ဖြင့် ပြန်လည်စတင်ရန် တိုက်တွန်းနေသည်။

    သို့သော်လည်း အဆိုပါ တိုက်တွန်းမှုကို နေတန်ယာဟုက တနင်္ဂနွေနေ့တွင် ဝေဖန်ခဲ့ပြီး နိုင်ငံခြား အင်အားကြီးနိုင်ငံများမှာ ပါလက်စတိုင်းနှင့် သဘောတူညီချက်အတွက် အစ္စရေးအား ညွှန်ကြားရန် ကြိုးစားနေသည်ဟု စွပ်စွဲခဲ့သည်။

    Ref: Reuters

  • အသင်း၌ အခြေအနေကို မကြိုက်သော်လည်း ထွက်ခွာမည်မဟုတ်ဟု ဒီမာရီယာပြော

    အသင်း၌ အခြေအနေကို မကြိုက်သော်လည်း ထွက်ခွာမည်မဟုတ်ဟု ဒီမာရီယာပြော

    ဇွန် ၂၅၊ ၂၀၁၅
    M-Media

    manu

    – အရန်ခုံတွင် ထိုင်နေရသည်မှာ မိမိအတွက် သက်တောင့်သက်သာမဖြစ်သော်လည်း အသင်းမှ ထွက်ခွာမည်မဟုတ်ဟု မန်ယူအသင်း၏ ကွင်းလယ်လူ ဒီမာရီယာက ပြောကြားလိုက်သည်။

    ပြီးခဲ့သည့်နှစ်က ဗြိတိန်စံချိန်တင်ပြောင်းရွှေ့ကြေးဖြင့် ရီးယဲလ်မှ မန်ယူသို့ ရောက်ရှိလာသည့် ဒီမာရီယာမှာ ရာသီအစတွင် ခြေစွမ်းပြနိုင်ခဲ့ပြီး အသင်းအတွက် ၃ ဂိုး သွင်းယူကာ ၁၁ ဂိုး ဖန်တီးပေးနိုင်ခဲ့သည်။

    သို့သော်လည်း မတ်လ ၄ ရက်နေ့တွင် အသင်း၏ ပွဲထွက်လူစာရင်း၌ ပါဝင်ခွင့်ရပြီးနောက်ပိုင်း မာတာနှင့် အရှက်လေယန်းတို့ကို ဗန်ဂါးလ်က ထည့်သွင်းအသုံးပြုသောကြောင့် ဒီမာရီယာမှာ အသင်း၌ ပါဝင်ခွင့်မရတော့ပေ။

    ဒီမာရီယာကမူ မိမိနေဖြင့် အသင်း၌ မည်သည့်အတွက်ကြောင့် ပါဝင်ခွင့်မရသည်ဆိုသည်ကို ရှင်းပြရန် ခက်ခဲသည်ဟု ဆိုသည်။

    အသင်းတွင် သက်တောင့်သက်သာမဖြစ်ဘူးလားဟု မေးမြန်းရာ ၎င်းက “ဟုတ်ပါတယ်။ ကျွန်တော့်အတွက်ရော ကျွန်တော့်မိသားစုအတွက်ရော သက်တောင့်သက်သာ မဖြစ်ပါဘူး။ ဘာ့ကြောင့်လည်းဆိုတော့ အရာရာတိုင်းဟာ ကျွန်တော်လိုချင်သလို ဖြစ်မလာတာကြောင့်ပါ။ ပြီးတော့ မကစားရတာကြောင့်လဲ ပါတာပေါ့။ ကျွန်တော်ဟာ ဒီကို ရည်ရွယ်ချက်တစ်ခုနဲ့ ရောက်လာပြီး
    အရန်ခုံမှာ အဆုံးသတ်ခဲ့ပါတယ်” ဟု ဒီမာရီယာက ပြောကြားခဲ့သည်။

    ရာသီနောက်ပိုင်းတွင် အသင်း၌ ပါဝင်ခွင့်မရသောကြောင့် ဒီမာရီယာမှာ အသင်းမှ ထွက်ခွာတော့မည်ဟု သတင်းများထွက်ပေါ်နေပြီး ၎င်းက ငြင်းဆိုခဲ့ကာ လာမည့်နှစ်တွင် မိမိအား ဝေဖန်နေသူများအတွက် အဖြေပြန်ပေးသွားမည်ဟု ဆိုသည်။

    “(အသင်းကထွက်မှာ) မဟုတ်ပါဘူး။ ဘာ့ကြောင့်လဲဆိုတော့ ကျွန်တော် ဒီလို မတွေးတဲ့အတွက်ကြောင့်ပါပဲ။ မက်ဒရစ်မှာဆိုရင် ကွင်းဘေးမှာ နေခဲ့ရတဲ့အချိန်တွေ ရှိခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော် ရင်ဆိုင်ပြီး အဲဒါကို ပြန်ပြောင်းပစ်ပါတယ်။ ဒီလိုမျိုး ရင်ဆိုင်ရတာ ကျွန်တော် သဘောကျပါတယ်”

    Ref: Goal

  • လာဘ်စားမှုဖြင့် ၃၆နှစ်ကြာ တိမ်းရှောင်နေသည့် စင်ကာပူ ပါလီမန် အမတ်ဟောင်း အဖမ်းခံ

    လာဘ်စားမှုဖြင့် ၃၆နှစ်ကြာ တိမ်းရှောင်နေသည့် စင်ကာပူ ပါလီမန် အမတ်ဟောင်း အဖမ်းခံ

    ဇွန် ၂၅၊ ၂၀၁၅
    M-Media

    sig

    – ချစားမှုဖြင့် တရားစွဲဆိုခံရပြီး ၃၆ နှစ်ကြာ ထွက်ပြေးနေခဲ့သည့် စင်ကာပူပါလီမန်အမတ်ဟောင်း ဖေရွယ်ကော့မှာ ထိုင်းနိုင်ငံရှိ စင်ကာပူသံရုံးတွင် အဖမ်းခံခဲ့ပြီး ယမန်နေ့က တရားရုံးတွင် ကြားနာစစ်ဆေးခြင်း ခံခဲ့ရသသည်။

    အမျိုးသားကုန်သွယ်ရေးယူနီယံကွန်ဂရက်၏ ဥက္ကဌဟောင်းဖြစ်သူ ဖေရွယ်ကော့မှာ ၁၉၇၉ ခုနှစ် ဒီဇင်ဘာ ၁၀ ရက်နေ့က စုစုပေါင်း ငွေကြေး စင်ကာပူဒေါ်လာ ၈၂၅၂၀ အလွဲသုံးစားလုပ်မှု စွဲချက် ၄ ခုနှင့် ကုန်သွယ်ရေးယူနီယံ အက်ဥပဒေအောက် အခြားသော ပြစ်မှုများဖြင့် တရားစွဲဆို ခံခဲ့ရသူဖြစ်သည်။

    ထို့နောက် ဒေါ်လာတစ်သိန်းဖြင့် အာမခံရရှိခဲ့ပြီး နိုင်ငံကူးလက်မှတ်မှာ အသိမ်းခံခဲ့ရသည်။ ၁၉၈၀ ခုနှစ် ဇန်န၀ါရီ ၇ ရက်နေ့တွင် ၎င်းအား ရုံးချိန်း ပြန်ချိန်းခဲ့သော်လည်း တက်ရောက်လာခြင်း မရှိသောကြောင့် ထိုနေ့မှာပင် ရဲတပ်ဖွဲ့က ဖမ်းဝရမ်းထုတ်ခဲ့သည်။ ၎င်းအား အာမခံပေးသူ ၂ ဦးမှာလည်း အာမခံငွေ ၉၅၀၀၀ ဆုံရှုံးခဲ့ရသည်။

    စုံစမ်းစစ်ဆေးမှုများအရ ဖေရွယ်ကော့မှာ ၁၉၇၉ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်နေ့တွင် စင်ကာပူမှ မလေးရှားနိုင်ငံ ကွာလာလမ်ပူသို့ ရထားဖြင့်သွားခဲ့ကာ ထို့နောက် ဘန်ကောက်သို့ တစ်ဆင့်သွားရောက်၍ ပျောက်သွားခဲ့သည်ကို တွေ့ခဲ့ရသည်။

    သို့သော်လည်း ၎င်းမှာ ဘန်ကောက်မြို့ရှိ စင်ကာပူသံရုံးတွင် တနင်္လာနေ့က သွားရောက်အဖမ်းခံခဲ့ပြီး ထိုနေ့မှာပင် ချစားမှု စုံစမ်းစစ်ဆေးရေးဗျူရို တာဝန်ရှိသူများ ခြံရံကာ စင်ကာပူနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်ခဲ့သည်။

    တရားရုံးကမူ တရားစွဲဆိုမှုမှာ ဆက်လက်တည်ရှိနေပြီး စုံစမ်းစစ်ဆေးမှုများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကာ ထပ်ဆောင်းစွဲချက်များကိုလည်း တင်သွားနိုင်ချေရှိသည်ဟု ပြောကြားခဲ့သည်။

    တရားရုံးမတက်ခင် စွဲချက်များအား ဖေရွယ်ကော့ကို ဖတ်ပြခဲ့ရကာ ၎င်းက မိမိ အမှတ်မမှားပါက အဆိုပါ ငွေကြေးများကို မိမိ၏ အကောင့်ထဲသို့ လွှဲပြောင်းပေးခဲ့သည်ဟု မထင်ကြောင်း ပြောကြားခဲ့ပြီး အကြားအာရုံးနှင့်ပတ်သက်၍ အခက်အခဲရှိသောကြောင့် စွဲချက်များကို ဖြည်းဖြည်းခြင်းဖတ်ပြရန်လည်း ၎င်းက တောင်းဆိုခဲ့သည်။

    ယခုတစ်ကြိမ်တွင် အာမခံပေးမည်မဟုတ်ဘဲ ထပ်မံစုံစမ်းစစ်ဆေးမှုများအတွက် ၎င်းအား ရမန်ပေးထားကာ ဇူလိုင် ၂၃ ရက်နေ့တွင် တရားရုံး၌ ထပ်မံကြားနာသွားမည်ဖြစ်သည်။

    ပြည်သူပိုင်ငွေကြေး အလွဲသုံစားလုပ်မှု စွဲချက်များအတွက် ဖေရွယ်ကော့မှာ ထောင်ဒဏ် ၇ နှစ်အထိ ကျခံရဖွယ်ရှိနေပြီး ဒဏ်ငွေလည်း ပေးဆောင်ရနိုင်သည်။ ကုန်သွယ်ရေး ယူနီယံ အက်ဥပဒေ စွဲချက်များအတွက်မူ ဒဏ်ငွေ စင်ကာပူဒေါ်လာ ၁၀၀၀ အထိ ပေးဆောင်ရနိုင်သည်။

    စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်းကမူ မိမိတို့မှာ ချစားမှုအတွက် လုံးဝ သည်းမခံခဲ့သောကြောင့် သန့်ရှင်းပြီး ချစားမှုကင်းသည့် စနစ်ကို နှစ်ပေါင်း ၅၀ ကြာ ထိန်းသိမ်းနိုင်ခဲ့သည်ဟု ၎င်း၏ Facebook စာမျက်နှာတွင် ရေးသားခဲ့သည်။

    “အစိုးအရအတွက် ကသိကအောက်ဖြစ်တာ ဒါမှမဟုတ် အရှက်ရစေတာမျိုး ဖြစ်တာတောင်မှ ဘယ်လိုဖုံးတာဖိတာမျိုးကို ကျွန်တော်တို့ ခွင့်ပြုသွားမှာ မဟုတ်ပါဘူး” ဟု လီရှန်လွန်းက ပြောကြားခဲ့သည်။

    Ref : Channelnewsasia