News @ M-Media

Blog

  • လူသတ်ရန် ကြံစည်မှုဖြင့် မြန်မာ ၄ ဦး စင်ကာပူတွင် တရားစွဲခံရ

    လူသတ်ရန် ကြံစည်မှုဖြင့် မြန်မာ ၄ ဦး စင်ကာပူတွင် တရားစွဲခံရ

    ဇွန် ၂၄၊ ၂၀၁၅
    M-Media

    sg
    ဖမ်းဆီးခံရသူ မြန်မာနှစ်ဦး(ဝဲ၊ယာ) အား စင်ကာပူရဲ(အလယ်) နှင့် အတူ တွေ့ရစဉ်

    – လူသတ်မှု ကျူးလွန်ရန် ပူးပေါင်းကြံစည်မှုတွင် အားပေးကူညီမှုဖြင့် မြန်မာနိုင်ငံသားနှစ်ဦးနှင့် စင်ကာပူတွင် အမြဲတမ်းနေထိုင်ခွင့်ရ မြန်မာတစ်ဦးတို့ကို ယနေ့တွင် တရားစွဲဆိုလိုက်သည်ဟု Channelnewsasia သတင်းဌာနက ဖော်ပြခဲ့သည်။

    မြန်မာနိုင်ငံသားများမှာ အသက် ၃၂ နှစ်အရွယ် ရဲဝင့်အောင်နှင့် အသက် ၃၁ နှစ်အတွယ် ဖြိုးမင်းနိုင်တို့ ဖြစ်ကြပြီး အမြဲတမ်းနေထိုင်ခွင့်ရထားသူမှာ အသက် ၃၇ နှစ်အရွယ် ဇော်မင်းလှိုင် ဖြစ်သည်။

    ၎င်းတို့ ၃ ဦးမှာ ကျော်ကျော်အောင် (ခ) အောင်အောင်နှင့်အတူ စင်ကာပူတွင် အမြဲတမ်းနေထိုင်ခွင့်ရ အေးမောင်မောင်ကို ပြီးခဲ့သည့် စနေနေ့က သတ်ဖြတ်ရန် ကြံစည်ထားကြသည်ဟု ဆိုသည်။

    ထို့နောက် အောင်အောင်၊ ဇော်မင်းလှိုင်နှင့် ဖြိုးမင်းနိုင်တို့မှာ အေးမောင်မောင်ကို ပါစီရ် ရစ် ၇၁ လမ်း၊ ဘလောက် ၇၄၇ ရှိ အထပ်မြင့်အဆောက်အအုံ၏ ကားပါကင်တွင် တနင်္ဂနွေနေ့ ဒေသစံတော်ချိန် ည ၉ နာရီခွဲ က ပြန်ပေးဆွဲရန် ကြိုးစား ခဲ့ကြသည်။ ထိုသို့ပြန်ပေးဆွဲရေး လုပ်ငန်းစဉ်တွင် ဇော်မင်းလှိုင်နှင့် ဖြိုးမင်းနိုင်တို့မှာ အေးမောင်မောင်အား လက်ရောက်ကျူးလွန်ခဲ့ပြီး လျှပ်စစ်ရှော့တိုက်စက်ကိုလည်း အသုံးပြုခဲ့ကြသည်။

    သို့သော်လည်း အေးမောင်မောင်က အော်ဟစ် အကူအညီတောင်းသောကြောင့် လမ်းသွားလမ်းလာများက အာရုံစိုက်လာကြသည့် အခါ ကျူးလွန်သူများမှာ ထွက်ပြေးသွားခဲ့ကြသည်။

    ၎င်းတို့ ၃ ဦးကို စင်ကာပူရဲတပ်ဖွဲ့က တနင်္လာနေ့တွင် မီးဖိုချောင်သုံးနှင့် အိမ်သုံးပစ္စည်းများနှင့်အတူ ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး၊ ထပ်မံစုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရန်အတွက် ရမန်ပေးခဲ့သည်။ အဆိုပါ အမှုကို လာမည့် ဇူလိုင်လ ၁ ရက်နေ့တွင် ထပ်မံကြားနာမည်ဖြစ်သည်။

    လူသတ်မှုမှာ ကျူးလွန်ရခြင်း မရှိသေးသောကြောင့် စွပ်စွဲခံထားရသူများမှာ ပြစ်မှု ထင်ရှားပါက အများဆုံး ထောင်ဒဏ် ၇ နှစ် ရင်ဆိုင်ရမည်ဖြစ်ပြီး ဒဏ်ငွေလည်း ချမှတ် ခံရဖွယ်ရှိနေသည်။

    ထိုအမှုတွင် ပူးပေါင်းကြံစည်ခဲ့သော အသက် ၂၉ နှစ်အရွယ် အောင်အောင်ကို ရဲတပ်ဖွဲ့က ရှာဖွေနေပြီး တနင်္လာနေ့မနက်က စင်ကာပူမှ ထွက်ခွာသွားပြီဟု ယုံကြည်ရသည်။

    Ref: Channelnewsasia

  • ရွေးကောက်ပွဲ အကြို မ.ဘ.သ ခြေလှမ်း နှင့် ဒေသတွင်း ကူးစက်နိုင်ဖွယ်ရှိတဲ့ အစွန်းရောက် အမျိုးသားရေးဝါဒ

    ရွေးကောက်ပွဲ အကြို မ.ဘ.သ ခြေလှမ်း နှင့် ဒေသတွင်း ကူးစက်နိုင်ဖွယ်ရှိတဲ့ အစွန်းရောက် အမျိုးသားရေးဝါဒ

    ဇွန် ၂၄၊ ၂၀၁၅
    M-Media
    ဒန်ငြာရှိန်း- ရေးသည်။

    118
    Image copy form Internet

    ၂၀၁၅ ရွေးကောက်ပွဲအကြိုမှာ ကျင်းပခဲ့တဲ့ မ.ဘ.သရဲ့ နိုင်ငံလုံးဆိုင်ရာ ညီလာခံကတော့ ထုံးစံအတိုင်း  မြန်မာမွတ်စလင် နိုင်ငံသားတွေနဲ့ NLD ပါတီတို့ကို အကျပ်အတည်းတွေ့စေမယ့် ဆုံးဖြတ်ချက်များနဲ့ အတူ ပြီးဆုံးသွားခဲ့ပြီဖြစ်ပါတယ်။

    “အစစ်အမေးတတ်၏ ဓမ္မသတ်ကို မကျွမ်း” ဆိုသလို နိုင်ငံတော် ဥပဒေပြဌာန်းရာ ကဏ္ဍတွေမှာသာမက ရဲစခန်းတွေ၊ တရားခွင်တွေမှာပါ အင်အားပြခြိမ်းခြောက်ပြီး မိမိတို့ အလိုရှိတဲ့ ဆုံးဖြတ်ချက်ကို ရအောင် လုပ်ယူတတ်ကြတဲ့ မ.ဘ.သ အဖွဲ့ဝင် ဗုဒ္ဓဘာသာ ရဟန်းများဟာ တကယ်ပဲ ဗုဒ္ဓဓမ္မ နားလည်တတ် ကျွမ်းကျင့်သုံးသူများဖြစ်ပါသလားဆိုတာ သံသယပွားစရာ များသထက် များလာနေပါပြီ။ သတ္တ၀ါအပေါင်းကို မေတ္တာတရားနဲ့ လွှမ်းခြုံမိုးခြင်းဖြင့် လောကတခွင် အောင်မြင်ခြင်း အသီးအပွင့်တွေ ဝေဆာဖို့ ရည်ရွယ်ရင်းဖြစ်တဲ့ ဗုဒ္ဓဒေသနာတော်တွေထဲမှာတော့ ချွင်းချက်အနေနဲ့ “ကုလားနဲ့ NLD ” မပါစေရအောင် မ.ဘ.သ က ပေါ်ပေါ်ထင်ထင်ကြိုးပမ်းနေခဲ့တာလဲ ကြာပါပြီ။

    ယခုလ ၂၀ ရက်နေ့နဲ့ ၂၁ ရက်တွေမှာ ကျင်းပခဲ့တဲ့ မ.ဘ.သ ညီလာခံမှာ ဆုံးဖြတ်ခဲ့တဲ့ ဆုံးဖြတ်ချက်တွေနဲ့ ညီလာခံမှာ ဖြန့်ဝေခဲ့တဲ့ လှုံ့ဆော်ရေးစာတွေမှာ  နိုင်ငံသား မြန်မာမွတ်စလင်တွေ အတွက် အကျပ်အတည်း ဆိုက်ရောက်စေမယ့် ဆုံးဖြတ်ချက်တွေ ပါဝင်နေတာ တွေ့ရပါတယ်။ အဲဒီထဲက အချို့ပြင်းထန်ပြီး အစွန်းရောက်တဲ့ ဆုံးဖြတ်ချက်တွေကတော့

    ၁) ဗုဒ္ဓဘာသာ မဟုတ်သူတွေကို လူမျိုးခြား ဘာသာခြား မိစ္ဆာဒိဌိတွေအဖြစ် ခေါ်ဝေါ်သမုတ်ထားတဲ့ အပြင် သူတို့တွေ လွှတ်တော် အမတ်ဖြစ် မလာစေဖို့ နည်းမျိုးစုံသုံး ဟန့်တားရမယ်
    ၂) မွတ်စလင်တွေ နှစ်စဉ် ကျင်းပတဲ့ အီးဒ်ပွဲတော်မှာ တိရစ္ဆာန် သတ်ဖြတ်ခြင်း မလုပ်ဖို့ ဥပဒေပြဌာန်းပေးရန် အစိုးရကို ဖိအားပေးရမယ်
    ၃) ကျောင်းတွေမှာ မွတ်စလင် ကျောင်းသူတွေ ဦးခေါင်းခြုံခြင်း မလုပ်ဖို့ ဥပဒေထုတ် တားမြစ်ပေးရန် အစိုးရကို ဖိအားပေးရမယ်

    စသဖြင့်ဖြစ်ပါတယ်။

     

    မ.ဘ.သရဲ့ လှုပ်ရှားမှုတွေကို သူတို့ဒီလိုမြင်တယ်

    —————————————————-
    မ.ဘ.သညီလာခံရဲ့ အစွန်းရောက် ဆုံးဖြတ်ချက်တွေကြောင့် မြန်မာပြည် လူ့အခွင့်အရေးစောင့်ကြည့်မှု အဖွဲ့ရဲ့ အကြီးတန်း သုတေသီ ဒေးဗစ်မက်သီးယီးဆန်ကတော့ မ.ဘ.သကို အစွန်းရောက်ဘာသာရေး၊ အစွန်းရောက်လူမှုရေးအမြင်တွေကို အခြေခံထားပြီး ဘာကိုမှ ဂရုမစိုက်ဘဲ ထင်ရာစိုင်းနေတဲ့ နိုင်ငံရေး အင်အားစုအဖြစ် ကင်ပွန်းတပ်ခဲ့ပါတယ်။ ဒါ့အပြင် သူက မ.ဘ.သ သည် မသမာတဲ့ နိုင်ငံရေးနဲ့ စီးပွားရေးကိစ္စတွေ အကျိုးဖြစ်ထွန်းစေဖို့ အထောက်အပံ့ပေးနေတဲ့ ပဉ္စမ မဏ္ဍိုင်လို့လည်း ဆိုခဲ့ပါသေးတယ်။ (http://tinyurl.com/q5ts2v5)

    အာရှ လူ့အခွင့်အရေးစောင့်ကြည့်မှုအဖွဲ့ (HRW) ရဲ့ လက်ထောက်ဒါရိုက်တာ ဖီးလ်ရောဘတ်ဆင်ကတော့ မ.ဘ.သရဲ့ လှုပ်ရှားမှုတွေကို “ရွံ့ရှာဖွယ်ရာ” တွေအဖြစ် သမုတ်ခဲ့ပါတယ်။ (http://tinyurl.com/ogl73z5)

    ဒေသတွင်း ကူးစက်ပြန့်ပွားနိုင်ဖွယ်ရှိတဲ့ အစွန်းရောက် အမျိုးသားရေးဝါဒ
    ———————————————————-
    ယခုနှစ် မ.ဘ.သ ညီလာခံမှာ ထူးခြားတာကတော့ ရဟန်းသံဃာတွေ ဦးဆောင်တဲ့ ထိုင်းနိုင်ငံကိုယ်စားပြု အဖွဲ့လည်း တက်ရောက်လာခြင်းဖြစ်ပါတယ်။

    “ထိုင်းနိုင်ငံသာ ဗုဒ္ဓဘာသာ အမြဲတမ်းဖြစ်ခွင့်ရမယ်ဆိုရင် ထိုင်းနိုင်ငံကို မြန်မာက လာသိမ်းသွားမယ်ဆိုရင်တောင် ကြည်ဖြူစွာနဲ့ လက်ခံနေပါမယ် လို့ ထိုင်းဆရာတော်နဲ့ တာဝန်ရှိသူတွေက နောင်တကြီးစွာနဲ့ပြောကြားခဲ့ပါတယ်။” ဆိုပြီး တက္ကသိုလ်ရဟန်းပျို ဓမ္မစာစောင် ဖေ့စ်ဘွတ်ခ်က ဖော်ပြထားပါတယ်။ (http://tinyurl.com/qch7dlu)

    ထိုင်းနိုင်ငံအခြေစိုက် ဗုဒ္ဓဘာသာဆိုင်ရာ အကြောင်းအရာတွေကို  အဓိကထားထုတ်လွှင့်နေတဲ့ TBC News Agency (National Thai Buddhism and Culture Mass Media Association) က မြန်မာပြည် အခြေဆိုက် မ.ဘ.သဗဟိုကို ရေဒီယို (ချန်နယ်) လွှင့်နိုင်အောင် ကူညီပေးသွားမယ်လို့ ယင်းအေဂျင်စီ ဒုဥက္ကဋ္ဌ Mr. Woottisarn Panaree ပြောကြားခဲ့ကြောင်း The Voice ရဲ့ ဖော်ပြချက်အရသိရပါတယ်။ (http://tinyurl.com/nszf226)

    ဗုဒ္ဓဘာသာနိုင်ငံတခုဖြစ်တဲ့ သီရိလင်္ကာက မွတ်စလင်မုန်းတီးရေး BBS အစွန်းရောက်အဖွဲ့နဲ့ မ.ဘ.သ(၉၆၉) အဖွဲ့တို့အကြား ကူးလူးဆက်နွယ်မှုတွေ ရှိခဲ့သလို ယခုလည်း ဗုဒ္ဓဘာသာ ၉၀% နီးပါးရှိတဲ့ အိမ်နီးချင်း ထိုင်းနိုင်ငံရဲ့ သံဃာအဖွဲ့အစည်းတွေကြား မ.ဘ.သ ဦးဆောင်တဲ့ အစွန်းရောက် အမျိုးသားရေး ဝါဒ ကူးစက်ပြန့်ပွား လာနိုင်ချေရှိနေပါတယ်။

    ကိုင်းလဲမထမ်းချင် ၊ အီးလဲမနမ်းချင်
    ————————————
    “အရိပ်အယောင်ရှိ၏ မစူးစမ်း” ဆိုတဲ့ မြန်မာစကားပုံတစ်ခုလိုပါပဲ။ မြန်မာနိုင်ငံသားများဟာ မ.ဘ.သရဲ့ ချော့လုံး၊ ချောက်လုံး၊ ငေါက်လုံးနဲ့ ဒရန်မာဇတ်လမ်းတွေမှာ မျောပါနေလျက် ဘင်္ဂလီလှေစီးပြေးကိုသာ နိုင်ငံတော် အတွက် အရှက်ရစရာရယ်လို့မှတ်ယူပြီး ဖုံးဟယ်၊ ဖိဟယ်၊ ဆန့်ကျင်ရယ်နဲ့ အချိန်တွေ ကုန်လာလိုက်တာ ၂၀၁၅ ရွေးကောက်ပွဲတောင်ရောက်ခါနီးပါပြီ။ ၀ိဘဇ္ဇလို့ခေါ်တဲ့ ခွဲခြမ်းစိတ်ဖြာတတ်တဲ့ အစွမ်းကို အသုံးချသူ အလွန် နည်းပါးလာတာတွေ့ရပါတယ်။ နိုင်ငံတကာမှာ မြန်မာပြည် တံတွေးခွက်ထဲမျောနေ ရတာဟာ လှေစီးပြေးကြောင့် မဟုတ်ပါ၊ မြန်မာနိုင်ငံသား အစ္စလာမ်ဘာသာဝင်တွေကို ဖိနှိပ်ခွဲခြားဆက်ဆံမယ်၊ တခါတရံမှာ အကြမ်းဖက် သတ်ဖြတ်ဖို့ရာ အတင်းအဓမ္မ တိုက်တွန်းနှိုးဆော်နေတဲ့ ဦးဝီရသူနဲ့ မ.ဘ.သ တို့ကြောင့်သာ ဖြစ်တယ်ဆိုတာကို ယထာဘူတကျစွာ သုံးသပ်ကြရမှာဖြစ်ပါတယ်။

    မကြာသေးမီက အဲန်အဲလ်ဒီပါတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံခြားသတင်းဌာန တစ်ခု အင်တာဗျူးခဲ့ပါတယ်။ အဲဒီလို အင်တာဗျူးတဲ့ အခါ မြန်မာနိုင်ငံတွင်း ဖြစ်ပျက်နေတဲ့ မွတ်စလင်ဆန့်ကျင်ရေး ကိစ္စတွေကို ဘာလို့မရှုတ်ချသလဲဆိုတဲ့ အမေးကို ဒေါ်အောင်ဆန်းစုကြည်က သူကိုယ်တိုင်လည်း အစွန်းရောက် အမျိုးသားရေးဝါဒရဲ့ ပစ်မှတ်ဖြစ်နေ ပါတယ်လို့ ဖြေကြားသွား ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ရဲ့အဖြေကို သဘော အကျကြီး ကျနေကြတဲ့ အဲန်အဲလ်ဒီလော်ဘီတွေက ဟုတ်လှချည့်ရဲ့ ၊ တော်လှချည့်ရဲ့လို့ ထောမနာပြုနေပေမယ့် သူတို့တတွေ ကိုယ်တိုင် အစွန်းရောက် အမျိုးသားရေးကို ပြတ်သားစွာ မဆန့်ကျင်ခဲ့ရင် ၂၀၁၅အလွန်မှာ အဲန်အဲလ်ဒီ ခမြာ အရုပ်ရေးပြရတဲ့အဆင့်ထိ ရောက်သွားနိုင်တာ သတိပြုကြရမှာ ဖြစ်ပါတယ်။

    မိမိကိုယ်တိုင်က ဓါးစာခံဖြစ်နေတဲ့ အတွက်ကြောင့် ဘာသာရေးအခြေခံ အစွန်းရောက် အမျိုးသားရေးဝါဒကို သာပြီး ရှုတ်ချရမယ်၊ အများပြည်သူနားလည်အောင် အကျိုးအကြောင်းချပြဆွေးနွေး ပညာပေးရပါမယ်။ ဒါမှမဟုတ်ဘဲ ရေငုံနုတ်ပိတ် နေခြင်းက မ.ဘ.သ လက်တံ မည်၍မည်မျှ ရှည်သလဲဆိုတာကို ကိုယ်တိုင်ကိုယ်ကျ လှစ်ဟပြသနေသလိုပါပဲ။

    ဆန့်ကျင်သင့်တာကို ဆန့်ကျင်ကန့်ကွက်ဖို့မလုပ်ဘဲ “မုဒိန်းနဲ့ လှေစီးပြေး” စတဲ့ ဇာတ်ထုပ်တွေထဲမျောနေမယ်ဆိုရင်တော့ ၂၀၁၅ အလွန်မှာ “ကိုင်းမထမ်းချင်ခဲ့တာကြောင့် အီးနမ်း” ရမယ့်အဖြစ်နဲ့ ရင်နင့်ဖွယ်ရင်ဆိုင်သွားရပါလိမ့်မယ်။

    သဘောထားကြီးတဲ့ မ.ဘ.သ
    ——————————-
    မ.ဘ.သ ကြောင့် မြန်မာမွတ်စလင်တွေ အားလုံးဟာ “ခိုးဝင်လူတန်းစား” ဖြစ်သွားကြရပြီးပါပြီ။ ခိုးဝင်ဘင်္ဂလီကို တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ စိစစ်ဖို့ရာ မ.ဘ.သနှစ်ပတ်လည်ညီလာခံက တိုက်တွန်းခဲ့ပါတယ်။ “ခိုးဝင်ဘင်္ဂလီ” နဲ့ “မြန်မာပြည်သား တိုင်းရင်းသား မွတ်စလင်များ” ဆိုတာကို အသေအချာခွဲခြားပြီး တိုက်တွန်းထားတာမျိုး မဟုတ်ပါဘူး။ အဲဒီလိုမျိုး တိုက်တွန်းချက်တွေကြောင့်ပဲ မသမာတဲ့ အကျိုးစီးပွားကို အကာအကွယ်ပေးဖို့ အတွက် မ.ဘ.သဆိုတာရှိနေရတာပါလို့  HRWရဲ့ အကြီးတန်း သုတေသီ ဒေးဗစ်မက်သီးယီးဆန် ဆိုခဲ့ခြင်းဖြစ်ပါလိမ့်မယ်။

    မ.ဘ.သအဖွဲ့ဝင် ရဟန်းဖြစ်တဲ့ ဦးပါမောက္ခက “မွတ်စလင်တွေ မြန်မာပြည်ထဲမှာနေတယ်၊ သူတို့က နိုင်ငံတော်ကပြဌာန်းထားတဲ့ ဥပဒေကို လေးစားလိုက်နာဖို့လိုတယ်၊  သူတို့သာသနာကို ငါတို့ တိုက်ခိုက်နေတာမဟုတ်ဘူး” လို့ ဆိုပါတယ်။ ဦးပါမောက္ခရဲ့ အဆိုဟာ ၀ိရောဓိဖြစ်နေပါတယ်။ အစ္စလာမ်ဘာသာဝင် နိုင်ငံသားတိုင်းကို မိစ္ဆာဒိဌိများလို့ ကင်ပွန်းတပ်ခြင်းဟာ မြန်မာမွတ်စလင်တွေကို သံသယမျက်လုံးနဲ့ အကြည့်ခံရမယ့်အဖြစ်သို့ တွန်းပို့လိုက်ခြင်းဖြစ်ပါတယ်။  မွတ်စလင်တွေက မိမိတို့ရဲ့ “သာသနာရေးထုံးတမ်း” အရ ဦးခေါင်းပ၀ါခြုံတယ်၊ အီးဒ်ပွဲတော်မှာ တိရစ္ဆာန် သတ်ဖြတ်ကြတယ်၊ ဒါတွေကို အတင်းကာရော အဓမ္မနည်းပေါင်းစုံနဲ့ ဥပဒေထုတ် ပိတ်ပင်ဖို့ ကြိုးစားတာဟာ အစ္စလာမ်သာသနာကို မ.ဘ.သက တိုက်ခိုက်နေတာ မဟုတ်လို့ တခြားဘာများဖြစ်ပါသေးသတုန်း။

    “ပဋိပက္ခဖြစ်တဲ့အခါ အကြမ်းမဖက်ဘဲ ဘာသာရေးခေါင်းဆောင်များနဲ့ ညှိနှိုင်းရမယ်” ဆိုတဲ့ ဆုံးဖြတ်ချက်ကို မ.ဘ.သညီလာခံမှာ ချမှတ်ခဲ့ပါတယ်။ ဒီဆုံးဖြတ်ချက်ဟာ “တစ်ခုခုဖြစ်ရင် ငါတို့ဆီလာတိုင်လှည့်” ဆိုတဲ့ အဆိုမျိုးပါပဲ။ ဒီအဆိုအကြောင့် ရန်စမှု၊ မီးရှို့လူသတ်မှုနဲ့ အကြမ်းဖက်လုယက်မှုတွေ ဖြစ်ခဲ့ပြီးပါပြီ။ ဥပဒေအထက်မှာ ငါတို့ရှိတယ်၊ အာဏာပိုင်ဆီမသွားခင်ငါတို့ဆီလာခဲ့ဆိုတဲ့ အဲဒီအဆိုကို ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ တရားဥပဒေစိုးမိုးရေးကော်မတီက ဘယ်လိုသဘောထားသလဲဆိုတာ စိတ်ဝင်စားဖွယ်ပါပဲ။

    “ငါတို့က သူတို့သာသနာကို တိုက်ခိုက်နေတာမဟုတ်ဘူး” ဆိုတဲ့ မ.ဘ.သရဲ့ သဘောထားကြီးမှုကို မြန်မာ မွတ်စလင်များက ကြောက်ရွံ့ထိတ်လန့်နေကြပါပြီ။

    အကြမ်းဖက်ဝါဒကို မွတ်စလင်တွေ ရှုတ်ချတဲ့အခါ အာရုံစွင့်ထားတော်မူကြပါ
    ————————————————————————

    IS တွေကို မရှုတ်ချဘူး၊ တာလီဘန်ကို မရှုတ်ချဘူး၊ RSO ကို မရှုတ်ချဘူး စသဖြင့် မ.ဘ.သတွေအပါအ၀င် လူများစုတွေက မြန်မာ မွတ်စလင်တွေ အပေါ် အပြစ်တင်စောကြောကြပါတယ်။

    မြန်မာနိုင်ငံက အစ္စလာမ်အဖွဲ့အစည်းတွေကနေပြီး စဉ်ဆက်မပြတ် ကြေညာ စာတမ်းတွေထုတ်ကာ IS စတဲ့အကြမ်းဖက်အဖွဲ့တွေကို ဆန့်ကျင်ကြောင်း ရှုတ်ချကြောင်းတွေကို အလေးအနက် ဖော်ပြခဲ့ကြပါတယ်။ ယခုလ ၆ ရက်နေ့ကလည်း ဆရာကြီးဦးရာဇတ်ရဲ့ သားကြီး ဦးတင်မြင့်၊ ဟာဂျီဦးအေးလွင်တို့ခေါင်းဆောင်ပြီး မ.ဘ.သ ဗဟိုကို သွားရောက်တွေ့ဆုံတဲ့ အခါမှာလည်း မြန်မာမွတ်စလင်တွေရဲ့ အကြမ်းဖက်ဝါဒအပေါ် မြင်တဲ့အမြင်သဘောထားတွေ ရှင်းလင်းသွားရအောင် စာအုပ်စာတမ်းများ လက်ဆောင်အဖြစ် ပေးခဲ့တယ်လို့ သိရပါတယ်။ အဲဒီစာအုပ်စာတမ်းတွေထဲမှာတင် မြန်မာမွတ်စလင်တွေက အကြမ်းဖက်ဝါဒကို ဘယ်လောက်ထိ ရွံ့ရှာထိတ်လန့် စက်ဆုပ်သလဲဆိုတာ ဖော်ပြပါရှိပြီးဖြစ်ပါလျက်ကယ်နဲ့ မြန်မာမွတ်စလင်တွေသည် အကြမ်းဖက်ဝါဒနဲ့ ပတ်သတ် လာရင် ရေငုံနုတ်ပိတ် နေကြတယ်လို့ စွပ်စွဲနေခြင်းဟာ ကျိုးကြောင်းဆီလျော်လှတဲ့ အချက်တစ်ခုမဟုတ်ပါ။

    မြန်မာမွတ်စလင်အသိုင်းအ၀ိုင်းရဲ့ IS နဲ့ အလ်ကိုင်ဒါတို့အပေါ်ထားရှိတဲ့ အမြင်တွေကို လွန်ခဲ့တဲ့နှစ်တွေအလျင်ကပဲ ထုတ်ဖော် ခဲ့ကြပြီးပြီဖြစ်ပါတယ်။ (http://www.m-mediagroup.com/news/31482) မ.ဘ.သ ရဟန်းများဟာ မွတ်စလင်အသိုင်းအ၀ိုင်းရဲ့ အမြင်ရှုထောင့်ကို မမြင်နိုင် မကြားနိုင်ဖြစ်နေတာဟာ အချိန်ကာလအားဖြင့် နှစ်ပေါက်နေပြီဖြစ်တာကြောင့် မ.ဘ.သကိုယ်တော်များ ကုလားအရေးနဲ့ ပတ်သက်ကာမှပဲ “ရူပါရုံနဲ့ သဒ္ဓါရုံ” ပျောက်ရန်ရှာကော၊ တခြားအရေးမှာတော့ အတော်နိုးကြားတတ်ကြပါလားရယ်လို့ အပြောမခံရအောင် ပြုပြင်သင့်ပါပြီ။

    ၂၀၁၅ မ.ဘ.သ ညီလာခံကြီးက မြန်မာမွတ်စလင်တွေသည် နိုင်ငံသားဖြစ်ကြောင်းကို ဖော်ပြချင်ရင်တော့ IS စတဲ့ အကြမ်းဖက်တွေကို ရှုတ်ချရမယ်၊ မြန်မာ မွတ်စလင်အသိုင်းအ၀ိုင်းက နိုင်ငံတော်အတွက် ဘာတွေများ တာဝန်ကျေခဲ့သလဲ စသဖြင့် မေးခွန်း ထုတ်ထားပါတယ်။ အကြမ်းဖက် လူသတ်ဝါဒကို မရှုတ်ချရင် နိုင်ငံသားပြုပိုင်ခွင့်မရှိဆိုမှတော့ တောင်ကုတ်၊ မိတ္ထီလာနဲ့ လာရှိုးစတဲ့မြို့တွေမှာ ဖြစ်ပွားခဲ့တဲ့ ဥပဒေမဲ့ လူသတ်ရမ်းကားမှုတွေကို မရှုတ်ချခဲ့တဲ့ မြန်မာ့အသိုင်းအ၀ိုင်းကြီးတစ်ခုလုံး မြန်မာနိုင်ငံသား အစစ် ဟုတ်/မဟုတ်ဆိုတာ ပြန်စမ်းစစ်ရမယ့် သဘောပါပဲ။

    ကျွန်တော်များ မြန်မာမွတ်စလင်တွေဟာ ပုဂံခေတ်ကတည်းက မြန်မာနိုင်ငံထဲ အခြေချနေထိုင်လာတာဖြစ်တယ်ဆိုတဲ့အကြောင်းကို မ.ဘ.သ ဥက္ကဌဆရာတော်ကိုယ်တိုင် မြွက်ကြားဖူး (http://tinyurl.com/oho2lbr) တာကြောင့် မြန်မာမွတ်စလင်တွေ တိုင်းပြည်အပေါ် ဘယ်လောက်တာဝန်ကျေခဲ့ပြီးပြီလဲဆိုတာ သမိုင်းကြောင်းက လှလှပပကြီး သက်သေခံနေဆဲဖြစ်ပါတယ်။ လူနည်းစု ကိုးကွယ်ရာ ဘာသာတွေဖြစ်တဲ့ ခရစ်ယာန်၊ ဟိန္ဒူစတဲ့ ဘာသာဝင်တွေထက် အဆပေါင်းများစွာပိုတဲ့ အနစ်နာခံမှုတွေကို မြန်မာ မွတ်စလင်တွေ ဆောင်ကြဉ်းပေးခဲ့တယ်ဆိုတာကိုလည်း မလွဲမရှောင်သာ ဖော်ပြရပါလိမ့်မယ်။

    ကိုယ်တိုင်မီဒီယာလုပ်မယ့် မ.ဘ.သ
    ————————————
    မ.ဘ.သကိုယ်တိုင် မီဒီယာလုပ်တဲ့အခါ နိုင်ငံရေးကို ရည်ရွယ်ပြီး မွတ်စလင်ဆန့်ကျင်ရေး၊ အဲန်အဲလ်ဒီဆန့်ကျင်ရေးကို ၀ါဒဖြန့်မယ်ဆိုတာ အသိသာကြီး ပေါ်လွင်လာပါပြီ။ မ.ဘ.သ ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ ဇူလိုင်လ ၂၁ ရက်နေ့စွဲနဲ့ တင်ပြထားတဲ့ လက်ကမ်း စာစောင်မှာတော့ ဘင်္ဂါလီလှေစီးပြေးကို ရံပြီး အဲန်အဲလ်ဒီဆန့်ကျင်ရေးကို ပေါ်ပေါ်တင်တင်လှုံဆော်ထားတာ တွေ့ရှိရမှာပါ။  (http://tinyurl.com/nj8cjdw)

    ဒါဟာ မ.ဘ.သကိုယ်တိုင်ရဲ့ ၂၀၁၅ ညီလာခံကြေညာချက်ကို ဖောက်ဖျက်ရာလည်းမည်ပါတယ်။ မ.ဘ.သ ၂ နှစ်ပြည့်နှစ်ပတ်လည် ညီလာခံ သဘောထားကြေညာချက်ရဲ့ အမှတ်စဉ် ၁၀ မှာ မ.ဘ.သအနေနဲ့ မည်သည့်ပါတီကို မဲမပေးပါနဲ့ဟု လည်းကောင်း ဝေဖန် အကြံပြုမည် မဟုတ်လို့ ထည့်သွင်းရေးထားပါလျက်ကယ်နဲ့ “ထိုပါတီကြီး၏ ခေါင်းဆောင်က ဗိုလ်ချုပ်သမီးဖြစ်သည်ဟူသော အချက်တစ်ခုတည်းဖြင့် မျက်စိမှိတ်ပြီး ထောက်ခံရွေးချယ် လိုက်မည်ဆိုပါက တိုင်းပြည်နှင့် ဘာသာသာသနာတော်တွင် မမျှော်လင့်နိုင်သော ဘေးရန်အန္တရာယ်များ ကျရောက်လာနိုင်ပါသည်” လို့ ဖော်ပြထားတဲ့ လက်ကမ်းစာစောင်တွေ ဖြန့်ချိတာကတော့ဖြင့် မ.ဘ.သရဲ့ မူ ဘယ်ဆီ ဘယ်ဝယ်လဲဆိုတာ မေးခွန်းထုတ်စရာဖြစ်လို့နေပါတယ်။

    အမျိုးဘာသာသာသနာကို ကာကွယ်လျှင် ဒေါ်စုကို မဲပေးမည်
    ————————————————————–
    မ.ဘ.သ ရဟန်း ဦးပါမောက္ခ က “ကိုယ်ပိုင်အမြင်ရ ပြောရရင် ဒေါ်အောင်ဆန်းစုကြည်မှာ အမျိုးသားရေးစိတ်ဓါတ်ရှိမယ်ဆိုရင် ငါသူ့ကို ထောက်ခံသွားမယ်။ နိုင်ငံခေါင်းဆောင်တစ်ယောက်ဟာ အမျိုးသားရေးစိတ်ဓါတ်ရှိရမယ်၊ နိုင်ငံရေးအသိဥာဏ်လည်း ရှိရမယ့်အပြင် တရားဥပဒေစိုးမိုးဖို့ ဆောင်ရွက်နိုင်ရမယ်” လို့ ဆိုပါတယ်။ (http://tinyurl.com/p7pjh8p)

    ဒါကြောင့် မ.ဘ.သ အလိုကို အရိုးအရှင်းဆုံး ဖြန့်ကျက်ကြည့်ရင်တော့ – ” အဲန်အဲလ်ဒီပါတီဟာ မ.ဘ.သနဲ့ပူးပေါင်းပြီး အမျိုးသားရေး စိတ်ဓါတ်ရှိတဲ့ ပါတီဖြစ်တဲ့အကြောင်း ပြသဖို့လိုပါတယ်၊ ဒါမှသာ ၂၀၁၅ရွေးကောက်ပွဲမှာ အဲန်အဲလ်ဒီ အသက်ရှုချောင်လိမ့်မယ်လို့ ဆိုရမယ့် ကိန်းဆိုက်နေပါတယ်။ မ.ဘ.သ အနက်ဖွင့်တဲ့ အမျိုးသားရေး စိတ်ဓါတ်ဆိုတာကတော့ “မွတ်စလင်ကုလား မုန်းတီးရေး” ဖြစ်တာကြောင့် မွတ်စလင် ကုလားတွေ အတိဒုက္ခရောက်လေလေ၊ အမျိုးဘာသာကို ကာကွယ်ပြီးဖြစ်လေလေဆိုတဲ့ ပုံသေနည်းကို အဲန်အဲလ်ဒီက ကိုင်ဆွဲမှသာ မ.ဘ.သနဲ့ အဲန်အဲလ်ဒီ ပလဲနံပသင့်ပါလိမ့်မယ်။ ”

    ဒါကြောင့် ဒေါ်စုနဲ့ အဲန်အဲလ်ဒီတို့ဟာ တစ်ရွာလုံးနဲ့ တစ်ယောက်ဆိုသလို တကမ္ဘာလုံးကို နှာခေါင်းရှုံ့နေတဲ့ မ.ဘ.သ အနက်ဖွင့်တဲ့ အမျိုးသားရေးဆိုတာကို နောက်လိုက်ထောက်ခံသွားမှာလား၊ ဒါမှမဟုတ် ဗိုလ်ချုပ်အောင်ဆန်းအစိုးရကိုယ်တိုင် ပညာရေး ၀န်ကြီးနေရာပေးခံ ခဲ့ရသလို လူငယ်တွေကို အမျိုးသားရေး စိတ်ဓါတ်တွေ သွတ်သွင်းပေးခဲ့တဲ့ ကုလားဦးရာဇတ်တို့လို စိတ်ဓါတ်မျိုးရှိကြတဲ့ မြန်မာမွတ်စလင်တွေ အတွက် တစ်စုံတစ်ခု အာမခံချက်ပေးသွားမှာလားဆိုတာ မကြာမီ ၂၀၁၅ ရွေးကောက်ပွဲ အတွက် မဲဆွယ်တဲ့ အခမ်းအနားတွေမှာ တွေ့ရှိကြရတော့မှာ ဖြစ်ပါတယ်။

  • နေးမာမရှိမှ ဘရာဇီးလ်ပိုကောင်းလာဟု ဖာမီနိုပြော

    နေးမာမရှိမှ ဘရာဇီးလ်ပိုကောင်းလာဟု ဖာမီနိုပြော

    ဇွန် ၂၄၊ ၂၀၁၅
    M-Media

    brazil

    – အားထားရသည့်တိုက်စစ်မှူး နေးမာ မပါဝင်သော်လည်း မိမိတို့အသင်းမှာ ပိုကောင်းလာသည်ဟု ဘရာဇီးလ်တိုက်စစ်မှူး ဖာမီနိုက ပြောကြားလိုက်သည်။

    နေးမာမှာ အုပ်စုဒုတိယပွဲ ကိုလံဘီယာအား ရှုံးနိမ့်ခဲသည့်ပွဲတွင် ပွဲအပြီးအပြုအမူကြောင့် ၄ ပွဲပယ်ပြစ်ဒဏ် ချမှတ်ခံခဲ့ရသည်။ သို့သော်လည်း ဘရာဇီးလ်အသင်းမှာ အုပ်စုနောက်ဆုံးပွဲတွင် ဗင်နီဇွဲလားအား အနိုင်ရရှိခဲ့ပြီး အုပ်စုဗိုလ်ဖြင့် ကွာတားဖိုင်နယ်သို့ တက်ရောက်သွားခဲ့ကာ ပါရာဂွေးနှင့် တွေ့ဆုံရမည်ဖြစ်သည်။

    ဖာမီနိုကမူ မိမိတို့အသင်းမှာ နေးမာမပါဝင်သော်လည်း ပိုပြီး တိုးတက်လာသည်ဟု ဆိုသည်။

    “သူပွဲပယ်ခံရပြီး၊ ပါဝင်ခွင့်မရတော့တဲ့အတွက်ကြောင့် ကျွန်တော်တို့ တကယ် စိတ်မကောင်းဖြစ်ရပါတယ်။ ဒါပေမယ့် ဘရာဇီးလ်အသင်းဟာ ပိုပိုကောင်းလာပြီး ကိုပါအမေရိကမှာ အောင်မြင်မှုတွေ ရရှိနိုင်မှာပါ။ ရှုံးထွက်ပွဲတွေကတော့ အဓိကပွဲတွေ ဖြစ်ပါလိမ့်မယ်။ လွယ်တော့လွယ်မှာမဟုတ်ပါဘူး။ တောင်အမေရိက အသင်းအားလုံးဟာ ပြင်းပြင်းထန်ထန်
    ကြိုးစားနေကြပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ရဲ့လူစာရင်းကတော့ တောင့်တင်းပြီးရင်း တောင့်တင်းနေတာပါပဲ” ဟု ဖာမီနိုက သတင်းထောက်များအား ပြောကြားခဲ့သည်။

    ဗင်နီဇွဲလားနှင့်ပွဲ၌ နေးမာ၏နေရာတွင် ရော်ဘင်ဟိုက ၀င်ရောက်ကစားခဲ့ပြီး ဖာမီနိုကမူ ရော်ဘင်ဟို ရှိနေခြင်းက ကြီးမားသည့် တွန်းအားဖြစ်သည်ဟုဆိုသည်။

    “ရော်ဘင်ဟိုက ကျွန်တော်တို့အားလုံးအတွက် စံနမူနာပါပဲ။ ပြီးတော့ ကျွန်တော်တို့ကိုလည်း တော်တော်လေး အကူအညီ ဖြစ်စေပါတယ်။ သူကစားပုံကောင်းခဲ့ပြီး ပါရာဂွေးနဲ့ပွဲမှာလည်း သိပ်ကွာမှာတော့မဟုတ်ပါဘူး။ ဒါပေမယ့် ဒါဟာ ရှုံးထွက်ပွဲဆိုတာ ကျွန်တော်တို့သိပြီး ကျွန်တော်တို့ နိုင်ရပါမယ်”

    ဟော့ဖန်ဟိန်းအသင်းတွင် ကစားနေသည့် ဖာမီနိုမှာ ပရီးမီးယားလိဂ်ကလပ် လီဗာပူးလ်အသင်း၏ စိတ်ဝင်စားခြင်းကို ခံနေရပြီး ၎င်းကမူ လက်ရှိအချိန်တွင် ကိုပါအမေရိကကိုသာ အာရုံစိုက်ထားသည်ဟုဆိုသည်။

    Ref: Goal

  • ဆီးရီးယားရှိ အစ္စလာမ့် သမိုင်းဝင်အမွေအနှစ်နှစ်ခုကို IS ဖောက်ခွဲဖျက်ဆီးပြန်

    ဆီးရီးယားရှိ အစ္စလာမ့် သမိုင်းဝင်အမွေအနှစ်နှစ်ခုကို IS ဖောက်ခွဲဖျက်ဆီးပြန်

    ဇွန် ၂၄၊ ၂၀၁၅
    M-Media

    is

    – ဆီးရီးယားနိုင်ငံ ပါလ်မိုင်ရာမြို့အနီးရှိ အစ္စလာမ့် ရှေးဟောင်းသမိုင်းဝင် ဗိမာန်နှစ်ခုကို ဖျက်ဆီးပစ်လိုက်ပြီဟု IS အဖွဲ့က ပြောကြားလိုက်သည်။

    ပါလ်မိုင်ရာမြို့ကို လွန်ခဲ့သည့် တစ်လခန့်က IS မှ သိမ်းပိုက်ခဲ့ခြင်းဖြစ်ပြီး အဆိုပါမြို့မှ ၄ ကီလိုမီတာကွာဝေးသော နေရာရှိ ဗိမာန်နှစ်ခုအား စနေနေ့တွင် ဖောက်ခွဲဖျက်ဆီးပြီး အုတ်ပုံဖြစ်သွားသည့် ဓာတ်ပုံများကို အွန်လိုင်းစာမျက်နှာတွင် လွှင့်တင်ခဲ့သည်။

    ထိုကဲ့သို့ဖျက်ဆီးမှုမှာ ပါလ်မိုင်ရာမြို့အား သိမ်းပိုက်ပြီးနောက် ယူနက်စကို၏ သမိုင်းဝင်အမွေအနှစ်အဖြစ် စာရင်းသွင်းခြင်းခံထားရသော ကျော်ကြားသည့် ရှေဟောင်းနေရာများ၌ ပထမဆုံး ဖျက်ဆီးခံရခြင်းလည်း ဖြစ်သည်။

    ဓာတ်ပုံများတွင် တမန်တော်မိုဟာမက်၏ ၀မ်းကွဲညီအကို အီမာမ်အလီ၏ ရောင်းရင်းဖြစ်သော မိုဟာမက်ဘင်အလီ၏ တောင်ပေါ်ဗိမာန်ကို ဖောက်ခွဲမှုကြောင့် ထွက်ပေါ်လာသည့် မီးခိုးလုံးများကို တွေ့ရှိခဲ့ရသည်။

    ဒုတိယတစ်ခုမှာ ဆူဖီပညာရှင်တစ်ပါးဖြစ်သော နီဇာရ် အဘူ အာဟာ အက်ဒင်းအတွက် လွန်ခဲ့သည့် နှစ် ၅၀၀ ကျော်က ဆောက်လုပ်ခဲ့သည့် ဗိမာန်ဖြစ်သည်။

    IS က ထုတ်ပြန်သောကြေညာချက်တွင် မိမိတို့အနေဖြင့် ရုပ်ထုကိုးကွယ်မှုနှင့် ဆက်နွယ်သည့် ရုပ်တုများနှင့် ဗိမာန်များကို ဖျက်ဆီးပစ်မည်ဟု ဖော်ပြခဲ့သည်။

    အီရတ်နိုင်ငံရှိ သမိုင်းဝင်နေရာများကို ဖျက်ဆီးခဲ့သည့် IS ၏ လုပ်ရပ်ကြောင့် ပါလ်မိုင်ရာမြို့အား IS က သိမ်းပိုက်ပြီးနောက်ပိုင်း မြို့တွင်းရှိ သမိုင်းအမွေအနှစ်များ၏ ကံကြမ္မာနှင့်ပတ်သက်၍ နိုင်ငံတကာက စိုးရိမ်းမှုများ မြင့်တက်လာခဲ့သည်။

    ပြီးခဲ့သည့်မတ်လအတွင်းက အီရတ်နိုင်ငံ မူဆိုးလ်မြို့အနီး နှစ်ပေါင်း ၃၀၀၀ သက်တမ်းရှိသော ရှေးဟောင်းသမိုင်းဝင် အက်ဆီရီယန်မြို့ရှိ ပြတိုက်မှ အနုပညာလက်ရာများကို IS က ဖျက်ဆီးခဲ့ပြီး မြို့ကိုလည်း ဘူဒိုဇာဖြင့် ဖျက်ဆီးခဲ့သည်။

    အီရတ်နှင့် ဆီးရီးယားရှိ ဗိမာန်များကိုလည်း IS အဖွဲ့က ဖောက်ခွဲဖျက်ဆီးခဲ့ပြီး အများစုမှာ ဆူဖီစင်ဂိုဏ်းနှင့် သက်ဆိုင်သည့် နေရာများဖြစ်သည်။

    IS အဖွဲ့ ပေါ်ထွက်လာပြီးနောက် ၎င်းတို့၏ လူမဆန်သောလုပ်ရပ်များအတွက် အစ္စလာမ်သန္ဓေတည်ရာ ဆော်ဒီ၊ အစ္စလာမ့် ဓမ္မရေးရာတွင် နာမည်ကြီးသည့် အီဂျစ်တို့အပါအ၀င် ကမ္ဘာတစ်ဝှမ်းရှိ အစ္စလာမ်ဘာသာရေးခေါင်းဆောင်များ၊ ရှေ့ဆောင်အီမာမ်များနှင့် မွတ်စလင်အသင်းအဖွဲ့များက ရှုတ်ချခဲ့ကြသည်။

    ထို့ပြင် ဆော်ဒီရှိ မွဖ်သီချုပ်ကြီးကမူ IS မှာ အစ္စလာမ်၏ နံပါတ် ၁ ရန်သူဖြစ်ပြီး မွတ်စလင်များအနေဖြင့် တွန်းလှန်ကြရန် တိုက်တွန်းခဲ့သည်။

    Ref: Aljazeera

  • လူမျိုးစုပြဿနာ  အဖြေရှာ မရသေးဘဲ ရှေ့ဆက်နေသည့် မြန်မာ့နိုင်ငံရေး

    လူမျိုးစုပြဿနာ အဖြေရှာ မရသေးဘဲ ရှေ့ဆက်နေသည့် မြန်မာ့နိုင်ငံရေး

    ဇွန် ၂၄ ၊ ၂၀၁၅
    Professor Robert H. Taylor နှင့် မဇ္ဈိမသတင်းဋ္ဌာနမှ ဂျော့ဖရေး ဂေါ့ဒတ် အင်တာဗျူး

    Professor-Robert-H-Taylor

    ၂၀၁၁ ခုနှစ်အစိုးရအပြောင်းအလဲကာလကတည်းက ဖြစ်ပျက်နေသော ဘာသာရေးလူမျိုးရေးဆိုင်ရာ တိုးတက်ကောင်းမွန်စေမည့် ပြေလည်ရေးနည်းလမ်းတစ်ရပ်ကို မြန်မာ့နိုင်ငံရေးကျွမ်းကျင်သူ ပရော်ဖက်ဆာ ရောဘတ် အိပ်ခ်ျ တိုင်လာ Robert H. Taylor က အချိန်ကိုက်လမ်းပြပြောကြားခဲ့သည်။

    စင်ကာပူရှိ အရှေ့တောင်အာရှရေးရာတက္ကသိုလ်မှ ထုတ်ဝေသေည့် Refighting old battles, compounding misconceptions စာတမ်းရှည်တစ်ရပ်၌ ၎င်း၏ အကြီးတန်းအဖွဲ့ဝင်တစ်ဦးဖြစ်သော ပရော်ဖက်ဆာ တိုင်လာက “တိုင်းရင်းသားနှင့် လူမျိုးရေးရာတို့အား နိုင်ငံရေးနည်းလမ်းအရဖြေရှင်းခြင်း မပြုဘဲ ပျက်ကွက်သော် တိုင်းပြည်တည်ငြိမ် တိုးတက်မှုဖြစ်စဉ်အတွက် ကျရှုံး ပျက်စီးဖွယ်ဖြစ်လာနိုင်ကြောင်း” ရေးသားထားသည်။

    ပရော်ဖက်ဆာ တိုင်လာသည် အိုဟိုင်းယိုး တက္ကသိုလ်ကျောင်းသားဘ၀ ၁၉၆၀ ခုနှစ်ကပင် မြန်မာ့အရေးကို စိတ်ပါဝင်စားနေခဲ့သူဖြစ်၏။ မဇ္ဈိမသတင်းဋ္ဌာနမှ ဂျော့ဖရေး ဂေါ့ဒတ်သည် အီးမေးလ်ဖြင့် သူ့အား အောက်ပါကဲ့သို့ အင်တာဗျူးခဲ့သည်။

    (မေး)    ဒီလိုအချိန်မှာ ဒီလိုစာတမ်းကို ဘာကြောင့် ရေးထုတ်လိုက်ရတာလဲ ?

    (ဖြေ)    အကြောင်းရင်းများစွာ ရှိပါတယ်။ မြန်မာ့လူမျိုးစုတွေနဲ့နိုင်ငံရေးအကြောင်းကို ပညာရှင် လက်ကိုင် စာအုပ်များအဖြစ် ကျွန်တော် ရေးသားခဲ့ပေမယ့် ဖတ်ရှုဖူးသူ မဆိုစလောက်သာ ရှိခဲ့ကြပါတယ်။ မြန်မာ့နိုင်ငံရေးထဲက တိုင်းရင်းသား/လူမျိုးစုဆိုင်ရာပြဿနာဟာ ၂၀၁၀ ခုနှစ်ကစလို့ နိုင်ငံရေးတံခါး ဖွင့်လှစ်မှု၊ သတင်းစာလွတ်လပ်ခွင့်တွေနဲ့တူ ထင်ထင်ရှားရှား တစ်ကျော့ပြန်လည်လာပါပြီ။ ဆွေးနွေးချက် အများအပြားက သမိုင်းကြောင်းကို အခြေမခံဘဲ ခံစားချက်အပေါ် အခြေပြုနေကြတယ်၊ ဒါက လမ်းကြောင်း ချော်ထွက် သွားစေပါတယ်။ ဒါကြောင့် ဒီလိုတစ်ကျော့ပြန်ဖြစ်တည်မှုအခြေအနေကို လူတွေဆီ လျော်ကန်သင့်မြတ်တဲ့ ရှုထောင့်ကနေ ချပြပေးဖို့ လိုအပ်ပြီလို့ ကျွန်တော် ယူဆပါတယ်။ မိမိတို့ရဲ့အခွင့်အရေး၊ ဥပဒေကြောင်းအရ ခံစားခွင့်တွေကို တောင်းဆိုတဲ့နေရာမှာ ခံစားချက်အခြေတည်နိုင်ငံရေး လမ်းကြောင်းနဲ့ သွားခြင်းက ဆန့်ကျင်ဖက်ဖြစ်စေနိုင်ကြောင်း လူထုကလည်းသိရှိဖို့ အရေးကြီးတယ်လို့ ကျွန်တော်မြင်ပါတယ်။

    (မေး)    မြန်မာနိုင်ငံမှာ လူမျိုးရေး အခြေတည်နိုင်ငံရေး စနစ်ကို ဒီလောက်ထိ အမြစ်တွယ်ရှည်ကြာနေစေတာ ဘယ်အကြောင်းရင်းတွေကြောင့်ပါလဲ ?

    (ဖြေ)    အကြောင်းရင်းများကို ကျွန်တော့် စာတမ်းထဲ အသေးစိတ်တင်ပြထားတယ်လို့ ကျွန်တော် ဆိုချင်ပါတယ်။ ဘုရင်ခေတ်တွေကတည်းက လူ့အဖွဲ့အစည်းတွေဟာ သီးခြားဖယ်ခံခဲ့ရတယ်။ ဘုရင်တွေက ဘာသာစကား ကျင်လည်တဲ့ အုပ်စု ကိုယ်စားလှယ်တွေကတဆင့် တောကြိုအုံကြားအထိ အုပ်ချုပ်ခဲ့ကြတယ်။ ကိုလိုနီခေတ် ကာလအတွင်းမှာတော့ ဒီအချက်တွေဟာ အတိတ်ကာလတုန်းကထက် ပိုပြီးခိုင်မာ အားကောင်းလာတဲ့ အခါ နိုင်ငံရေးနဲ့လူမှုရေးအပေါ် လူမျိုးကြီး ၀ါဒနဲ့အတွေးအမြင်တွေ တွယ်ကပ်သွားခဲ့တယ်လေ။ မြန်မာနိုင်ငံဟာ ဒီလို အစွန်းရောက်ဖြစ်စဉ် သဘောရဲ့ ဥပမာတစ်ခုဖြစ်နေပါတယ်။ အရှေ့တောင်အာရှ လူ့အဖွဲ့အစည်း အများစုက လွတ်လပ်ရေးရချိန် သို့မဟုတ် လွတ်လပ်ရေးရပြီး သိပ်မကြာခင် လူမျိုးစွဲလမ်းကြောင်းကို အဆုံးသတ်ခဲ့ကြပေမယ့်လည်း မြန်မာနိုင်ငံကတော့ ဆက်လက်ကိုင်စွဲနေခဲ့တယ်။ နိုင်ငံရေးအ၀န်းအ၀ိုင်းတွေထဲ လူမျိုးစွဲကိစ္စ အရိုးစွဲသွားတဲ့အခါကျတော့ တိမ်မြုပ်နေရာကနေ နိုင်ငံရေးအဖြစ် အသွင်ဆောင်လာတော့တာပါပဲ။

    မြန်မာ့နိုင်ငံရေး လမ်းကြောင်းထဲ လူမျိုးစွဲကိစ္စ ၀င်ရောက်လာစေတဲ့ နောက်ထပ် အကြောင်း တစ်ရပ်ရှိပါတယ်။ မြန်မာနိုင်ငံကို အိန္ဒိယရဲ့လက်အောက်ခံနယ်ပယ်အဖြစ် နှစ်တစ်ရာကျော် ဆက်ဆံခံခဲ့ရတာကြောင့် ပြောင်းရွှေ့ ၀င်ရောက်လာမှုတွေ၊ ပြည်ပစီးပွားရေးလွှမ်းမိုးမှုတွေ ဖြစ်ခဲ့တယ်။ ဒါတွေဟာ လူမျိုးစွဲဝါဒကို ပိုမိုကျယ်ပြန့်သွားစေပါတယ်။

    မြန်မာဖက်ယိမ်းတဲ့ မွန်လူမျိုးနဲ့ ကရင်လူမျိုးတွေက ထိုင်းနိုင်ငံမှာ နေထိုင်နေသော်လည်း ထိုင်းနိုင်ငံမှာ မွန် သို့မဟုတ် ကရင် နိုင်ငံရေး ပါတီ တစ်ခုမျှ မရှိပါဘူး။ အင်ဒိုနီးရှားမှာဆိုရင် မြန်မာနိုင်ငံထက် လူမျိုးစုတွေ မျိုးနွယ်ကွဲတွေ များပြားပါတယ်၊ ဒါပေမယ့် နိုင်ငံရေးအရ လွတ်လပ်ရေးမတိုင်မီ နယ်မြေပိုင်နက်ပြဿနာ သို့မဟုတ် စစ်ရေးအရ အခွင့်အရေးတောင်းဆိုတွေ ပါဝင်တဲ့ လူမျိုးရေးအခြေတည် ခွဲထွက်ရေးလှုပ်ရှားမှုတွေ အလျဉ်းမရှိပါဘူး။

    လွတ်လပ်ရေးရချိန်ကတည်းက လူမျိုးရေးနဲ့နိုင်ငံရေး ရောယှက်သွားခဲ့တယ်။ အဲ့ဒီကနေ လူထုကို ဦးဆောင်လမ်းညွှန်ပေးသူ ဆိုတာထက် အပေးအယူနိုင်ငံရေးသမားတွေ နေရာရပြီး အဆိပ်အတောက် ဖြစ်စေခဲ့တာပဲ။ BSPP အုပ်ချုပ်ရေးကာလမှာ နိုင်ငံသားအားလုံး တန်းတူညီမျှဖြစ်ရေးကို ပုံကြီးချဲ့ဖို့ကြိုးစားခဲ့ပေမယ့် ပေမှီဒေါက်မှီအဆင့် မရောက်ခဲ့ပါဘူး။ မြန်မာ့နိုင်ငံရေးထဲက လူမျိုးစုရေးရာကို  လက်ရှိမှာ ဘာမှ ဖြေရှင်းပေးနေတာမဟုတ်ပါဘူး၊ အလေးထားပြနေတာပဲရှိပါတယ်။ ဒီနည်းအားဖြင့် စီးပွားရေး၊ အုပ်ချုပ်ရေးနဲ့ဥပဒေရေးရာ ပြန်လည်တည်ဆောက်မွမ်းမံမှု ဆိုတဲ့ ပင်မအရှိတရားကနေ လူထုအာရုံကို ဆွဲထုတ်လိုက်တာပါ။

    (မေး)    လူမျိုးစွဲနိုင်ငံရေးက ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်အတွက် အကြီးမားဆုံး စိန်ခေါ်မှုလို့ ခင်ဗျား ထင်မြင်ပါသလား ?

    (ဖြေ)    ဟုတ်ပါတယ်။ အတိအကျပါပဲ။ ကျောင်းသားနိုင်ငံရေးဆိုတဲ့အရာနဲ့အတူ လူမျိုးစွဲနိုင်ငံရေးဆိုတာ ၁၉၅၀ နှစ်များနဲ့ ၁၉၆၀ နှစ်ဦးပိုင်းများအတွင်း ပွင့်လင်းမြင်သာသော အစိုးရအဖွဲ့တည်ဆောက်နိုင်ရေးကို ကျရှုံးသွားစေတဲ့ အချက်တစ်ရပ် ဖြစ်ခဲ့ပါတယ်။ ယနေ့နိုင်ငံရေးကို သက်ကြီးဝါကြီးမြန်မာများက သူတို့ငယ်ရွယ်စဉ်က အခြေအနေ အတိုင်းပဲဆိုပြီး စိတ်ပျက်နေကြလိမ့်မယ်လို့ ကျွန်တော် သုံးသပ်မိပါတယ်။

    (မေး)     ဒီစိန်ခေါ်မှုတွေကို ဖြေရှင်းဖို့ ဘာလိုအပ်ပါသလဲ ?

    (ဖြေ)    အခြေအနေနဲ့အချိန်အခါအပေါ် ရှင်းလင်းစွာ တွေးဆဆင်ခြင်ရပါမယ်။ အပြောအဆိုအသုံးအနှုန်းပိုင်းမှာ ပိုမိုတိကျဖို့ မရှိမဖြစ်လိုအပ်ပါတယ်။ ဒါ့အပြင်  မြန်မာပြည်မှာ လူမျိုးစွဲဝါဒ ဘယ်လိုခေါင်းထောင်ထလာပြီး ပျက်စီးစေခဲ့သလဲဆိုတာ လူတွေ နားလည်ဖို့ လိုအပ်ပါတယ်။ လူမျိုးနွယ်ဆိုတာ လူမှုရေးတည်ဆောက်ချက် တစ်ရပ် ဖြစ်ပါတယ်။ အခြားသူများနဲ့ဆက်ဆံဖို့ လူမှုဖြစ်စဉ်တွေအားဖြင့် လူတွေရဲ့ ဖန်တီးထားချက်သာ ဖြစ်ပါတယ်။ ဒါကြောင့် လူမျိုးနွယ်လို့ပြောမယ်ဆိုရင် ကမ္ဘာပေါ်မှာ တစ်မျိုးတည်းပဲ ရှိပါတယ်။ အဲ့ဒါကတော့ “လူသား” ဖြစ်ခြင်းပါပဲ။ ဒါပေမယ့် လူ့စိတ်က ကွဲပြားခြားနားမှုတွေကို ဖန်တီးနေလေ့ရှိတယ်။ အဲ့ဒါတွေဟာ စိတ်ကူးယဉ်ချက်ဖြစ်နေပေမယ့်လည်း တစ်ချို့ အစစ်အမှန်လို့ထင်နေကြတယ်လေ။

    ဗုဒ္ဓဘုရားရှင်က သွန်သင်ထားပါတယ်။ “လှည်းတစ်စီးရဲ့ပုံပမာနဲ့ သင်ခန်းစာယူပါ။ လှည်းတစ်စီးရဲ့ အဓိကအစိပ်အပိုင်းတွေဖြစ်တဲ့ ၀င်ရိုး၊ ဘီး၊ ကြမ်း၊ အကာ စတာတွေ ကျိုးပျက်သွားခဲ့ရင် လှည်း မမည်တော့ပါဘူး။ ဒါတွေအားလုံးဟာ ဆက်စပ်ချိတ်ဆက်နေရတဲ့ အပိုင်းအစတွေပါပဲ။ အလားတူစွာ ငါသည်လည်း ပုံပန်း၊ အမြင်၊ အယူအဆ၊ အတ္တ၊ သတိသမ္ပစဉ် အစရှိသော အရာအမျိုးမျိုးနဲ့ ပေါင်းစပ် ဖွဲ့စည်းမှုဖြစ်တယ်။  သေဆုံး သွားသော်လည်း ဒီအရာတွေဟာ စကြာဝဠာ အနန္တထဲကနေ ပျောက်ပျက်မသွားဘူး။ တစ်နေရာရာမှာ ပေါင်းစပ်မှု အသစ်နဲ့ ပြန်လည်ဖြစ်တည်လာမယ်” တဲ့။

    မေး- ၀ှိုက်ကဒ် ခေါ်တဲ့ ယာယီနိုင်ငံသား လက်မှတ်ကိုင်ဆောင်သူများဟာ ဒီနှစ်ကုန်ပိုင်းမှာကျင်းပမယ့် အထွေထွေရွေးကောက်ပွဲမှာ မဲပေးနိုင်တယ်ဆိုပြီး သမ္မတဦးသိန်းစိန်က ပြီးခဲ့တဲ့ဒီဇင်ဘာမှာ မှတ်ချက်ပြုခဲ့တယ်။ တစ်ခါ ၀ှိုက်ကဒ်တွေက မတ်လ ၃၁ ရက်မှာ တရားမ၀င်တော့ဘူးဆိုပြီး ဖေဖော်ဝါရီ ၁၁ ရက်နေ့မှာ ဆိုပြန်ပါတယ်။ ဒါဟာ မွတ်စ်လင်မ်အများစုပါဝင်နေတဲ့ ၀ှိုက်ကဒ်ကိုင်ဆောင်ထားသူ လူတစ်သန်းကျော်ကို မဲပေးခွင့်မရအောင် ထိထိရောက်ရောက်လုပ်ဆောင်လိုက်ခြင်း ဖြစ်ပါတယ်။ ဒါက မြန်မာနိုင်ငံမှာ လူမျိုးစွဲနိုင်ငံရေးလုပ်ခြင်းရဲ့ စံနမူနာတစ်ရပ် မဟုတ်ပေဘူးလား ?

    ဖြေ- ဒါဟာ လူမျိုးစွဲလမ်းကြောင်းထဲက လူမျိုးရေး၊ ဘာသာရေးအသွင်ဆောင်လာအောင် ပုံဖော်လေ့ရှိပုံမျိုးလို့ ကျွန်တော် ယူဆပါတယ်။ ရိုဟင်ဂျာအရေးနဲ့ပတ်သက်ပြီး သမ္မတအပေါ် မကျေနပ်သံ လျှံထွက်နေကြတယ်။ ဒါက သမိုင်း စီးဆင်းမှု ပြဿနာ ဖြစ်တယ်။ သမ္မတကြီးက အခြားနိုင်ငံရေးခေါင်းဆောင်များနဲ့ လက်တွဲပြီး ခေတ်သစ်ကမ္ဘာရဲ့ မတူကွဲပြားဘာသာတရား အခြေခံပြဿနာများကို ကြောင်းကျိုးကျကျ ဆွေးနွေးဖြေရှင်းစေဖို့၊ ပညာပေး အမြင်ဖွင့်ဖို့ ဆိုတာထက် သြဇာ အာဏာသုံးဖြေရှင်းခဲ့မှု အပေါ် ကျွန်တော် တွေ့နေရတာ ၀မ်းနည်းစရာကောင်းလှပါတယ်။ တိုင်းကျိုးပြည်ပြုနိုင်ငံရေးသမား တစ်ယောက်ဟာ နောက်ထပ်ရွေးကောက်ပွဲအတွက်တင်မက လာမယ့်မျိုးဆက် အတွက်ပါ ထည့်သွင်း စဉ်းစားလေ့ရှိပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းက ဘာသာရေးကနေ နိုင်ငံရေးကို သီးခြားဖြစ်စေပြီး အဲ့ဒီ အတိုင်း ဆောင်ရွက်ခဲ့ပါတယ်။

    (မေး)    ၁၉၈၂ နိုင်ငံသားဥပဒေဖန်တီးဖို့ ဗိုလ်ချုပ်နေ၀င်းကို ဘာတွေက စေ့ဆော်လိုက်တာလဲ ?

    (ဖြေ)    အဲ့ဒီဥပဒေပြဋ္ဌာန်းလိုက်ပြီလို့ သူပြောလိုက်တဲ့ အချိန်ကျမှသာ ကျွန်တော်တို့ သိခဲ့ကြတာပါ။ ကျနော့်ရဲ့ နောက်ထွက်မယ့် “ဦးနေ၀င်း အကြောင်း” စာအုပ်မှာ ဒီအချက်တွေနဲ့ပတ်သက်လို့ ဒီလို ရေးသား ထားပါတယ်။

    သတ္တမကြိမ်မြောက် ဗမာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ BSPP ဗဟိုကော်မတီအစည်းအဝေးကို အလုံလမ်း သမ္မတအိမ်တော်မှာ ၁၉၈၂ ခုနှစ်၊ အောက်တိုဘာ ၈ ရက်မှာ ပြုလုပ်ခဲ့တယ်။ အဲ့ဒီမှာ ဦးနေ၀င်း အဓိကခေါင်းစဉ် တပ်ပြောကြားတာကတော့ အတည်ပြုလိုက်ပြီးတဲ့ နိုင်ငံသားဥပဒေ ဖြစ်တယ်။ မည်သူ့ကိုမျှ ထိခိုက်နစ်နာစေဖို့ မရည်ရွယ်ပါ၊ မပြုလုပ်လိုပါဆိုပြီး သူက အခိုင်အမာ ဆိုပေမယ့်လည်း သမိုင်းကြောင်း တစ်ချို့ကို ပြန်လှန်ပြီးတော့ “အမှန်ဆိုရရင် တစ်ချိန်ချိန်မှာ တစ်စုံတစ်ဦးကို ထိခိုက်နစ်နာမှု ဖြစ်ကောင်းဖြစ်သွားနိုင်ပါတယ်” လို့ ဆိုပါတယ်။ ကိုလိုနီခေတ်က အကြောင်း အမျိုးမျိုးနဲ့ဝင်ရောက်လာခဲ့ကြတဲ့ တောင်အာရှသား အများစုနဲ့ တရုတ်လူမျိုး အနည်းစုတွေကို ရည်ညွှန်းပြောဆိုလိုက်ခြင်းပဲဖြစ်ပါတယ်။

    (မစ္စတာတိုင်လာရဲ့ မူရင်းရေးသားချက်ကို အောက်ပါအတိုင်း ဖော်ပြလိုက်ပါတယ်)။

    This had given rise to a mixed population of indigenous persons, guests, mixed race persons, and the off spring of immigrants. After explaining the content of the two nationality acts passed at the time of independence to give “guests”, i. e., immigrants, and their offspring, Myanmar citizenship, he noted two problems with the legislation. One was that the Minister for Immigration had sole discretion on the granting of citizenship and the other was that there were many persons who had not taken action under the existing legislation to regularise their status. Also, there were now a third group, those who had arrived in Myanmar subsequent to independence. Something had to be done to regularise the status of those persons who had arrived, or were descended from persons who had arrived, between 1824 and 1948 in order to distinguish them from post-1948 entrants who came under different auspices, often illegally.
    As for those to whom the 1948 laws applied, he said: If we could do something definite to define their rights, they will be happy. We on our part must be magnanimous. In reality too we cannot be but magnanimous. . . . We are, in reality, not in a position to drive away those people who had come at different times for different reasons from different lands [before 1948]. We must have sympathy on those who had been here for such a long time and give them peace of mind. We have therefore designated them eh-naingngan-tha (associate citizens) in this law.
    Associate citizens would not be allowed to be involved: in matters involving the affairs of the country and the destiny of the State. This is not because we hate them. If we were to allow them to get into positions where they can decide the destiny of the State and if they were to betray us we would be in trouble.
    He then explained, by way of example, the problem posed for the government by associate citizens who had siblings abroad. Through their networks of overseas relatives, they often became involved in smuggling to the detriment of the state. This could not be allowed. Those who had arrived and applied for citizenship under the 1948 legislation would be made eh-naingngan-tha. These persons will gradually disappear as they become assimilated into the Myanmar society with the passage of the generations.
    This is the first time we are taking action to enable those who have been in our country since before independence to escape from a life of uncertainty about their nationality. If necessary qualifications are met, they can live in our county; if they live correctly and properly, their grandchildren will become full citizens. . . . I would also like to tell our true citizens, the Burmese, that they should not treat such persons arrogantly, saying that they came from abroad or they are guests, but should realise that one day they will become one of us and all will be travelling in the same boat.
    What Ne Win was addressing was a problem left over from colonialism, the plural society that J. S. Furnivall described in 1948 and in which Ne Win and his generation had grown up. In political terms, that society could “be distinguished by three characteristic features: the society as a whole comprise[d] separate racial sections; each section [was] an aggregate of individuals rather than a corporate or organic whole; and as individuals their social life [was] incomplete.” [J.S. Furnivall, Colonial Policy and Practice: A Comparative Study of Burma and Netherlands India (Cambridge: Cambridge University Press, 1948), p. 306.] What Furnivall was highlighting was that the legacy of free immigration had created a polity without “the unitary society that western people take for granted.” Such a unitary society creates a national will, and makes shared sacrifice possible in times of crisis and shared wealth in times of plenty. This was the basis of a modern integrated society, a prerequisite for a democracy, which Myanmar lacked. Overcoming that condition was essential for national unity, and through the racially loaded language of the colonial period in which people discussed the question of national integration, Ne Win was proposing an end to the residues of the plural society as well as ensuring that post-1948 immigration was regulated.

    (မေး)    အဲ့ဒီဥပဒေဟာ တိုင်းရင်းသားလို့ခေါ်တဲ့ ပြဿနာကို တမင်သက်သက် အကြောင်းမဲ့ အစပျိုးလိုက်ခြင်းလို့ ခင်ဗျား ရေးသားထားတယ်။ ဘာကြောင့်လဲ ?

    (ဖြေ)    ပေါင်းစပ်ထည့်သွင်းထားတဲ့ စကားလုံးတွေဟာ ဥပဒေဘောင် မ၀င်လို့ပါ။ ပြီးတော့ လူမျိုးစု သို့မဟုတ် လူမျိုးနွယ်၊ အခွင့်အရေးနဲ့ နိုင်ငံသားအရေး ဆွေးနွေးချက်များမှာ မကြာခဏဆိုသလို ရှုပ်ထွေးမှုဖြစ်စေတဲ့ အခင်းအကျင်း တစ်ရပ်လည်း ဖြစ်နေလို့လေ။ လူမျိုး သို့မဟုတ် လူမျိုးနွယ် ဆိုတာက လူမှုရေး တည်ဆောက်ချက်တွေ ဖြစ်ပြီး၊ လူမှုဝန်းကျင်အုပ်စုတွေထဲ အခြေခံအားဖြင့် တည်ရှိနေနိုင်ပါတယ်။ သို့သော် နိုင်ငံသားဖြစ်မှု ဆိုတာက လူမျိုး/မျိုးနွယ်တွေနဲ့ အလျဉ်း မသက်ဆိုင်သော လူတစ်ဦးချင်းပေါ်ရှိတဲ့ ဥပဒေကြောင်းအရ အခွင့်အရေးပါ။

    နည်းလမ်း သုံးမျိုးနဲ့ နိုင်ငံသား အဖြစ် သတ်မှတ်ကြပါတယ်။ သက်ဆိုင်ရာနယ်မြေ ပိုင်နက်ထဲမှာ မွေးဖွားခြင်း သို့မဟုတ် ဥပဒေကြောင်းအရ သက်ဆိုင်ရာရဲ့ဆုံးဖြတ် သတ်မှတ်ပေးခြင်း။ ရယူစုဆောင်းခြင်း/ တိုင်းရင်းမျိုးနွယ်အဖြစ် သွတ်သွင်းခြင်း။ မိဘဘိုးဘွားစဉ်ဆက်ဆင်းသက်မျိုးရိုး။ မြန်မာနိုင်ငံသားဖြစ်မှု သတ်မှတ်ချက်ကို ဘယ်လူမျိုး အုပ်စုဝင်ဖြစ်စေ ဘယ်ဒေသဖွားဖြစ်စေ မိဘ ဘိုးဘွားတွေက မြန်မာနိုင်ငံထဲ မွေးဖွားခဲ့သူဖြစ်မှ မျိုးရိုး ဆင်းသက်မှုအားဖြင့် ပေးခြင်း ဖြစ်နေတယ်။ တိုင်းရင်းသား အုပ်စုဝင်ဖြစ်ခြင်း မဖြစ်ခြင်းက နိုင်ငံသားဖြစ်ခြင်း မဖြစ်ခြင်းနဲ့ မသက်ဆိုင်ပါဘူး။ (မြန်မာနိုင်ငံအဖို့) နိုင်ငံသားအဖြစ် သိမ်းသွင်းမှုပုံဟန်လည်း ဖြစ်နိုင်ချေ မရှိသေးပါဘူး။ နိုင်ငံသား ဆိုတာ လူတစ်ဦးချင်းအပေါ်မှာသာ မူတည်တဲ့ကိစ္စပါ။ လူ့အုပ်စုတွေအပေါ် မူတည်ခြင်း မရှိပါဘူး။

    (မေး)    တိုင်းရင်းသားလူမျိုး ၁၃၅ မျိုးဆိုတဲ့စာရင်းဟာ ဗြိတိသျှတွေဆီက အမွေခံလာတဲ့ ပြဿနာအစိတ်အပိုင်းလား ?

    (ဖြေ)    လုံးဝမဟုတ်ပါဘူး။ ၁၉၈၉ ခုနှစ်မှာ ဗိုလ်ချုပ်ကြီးစောမောင် ရည်ညွှန်းခဲ့တဲ့ ဒီစာရင်းက မြန်မာနိုင်ငံတွင်း လူမျိုးစုအရေးနဲ့ပတ်သက်ပြီး သမိုင်းအမြတ်ထုတ်လုပ်ကြံချက် အရှုပ်ထုပ်တစ်ခုသာ ဖြစ်ပါတယ်။ ဒီစာရင်း ဘယ်ကနေ ထွက်လာသလဲ၊ လူတွေသိရှိထားကြတဲ့ အခြားလူမျိုးတွေကို ချန်ရစ်ပြီး ဘာကြောင့် ထုတ်ပြခဲ့သလဲ ဆိုတဲ့အချက်ကို လူမျိုးစုရေးရာအကြောင်း ဆွေးနွေးလေတိုင်း လူအချို့က ထာဝစဉ် မေးခွန်းထုတ်နေတာပဲ ကြည့်လိုက်ရင် သိသာနေပါတယ်။

    (မေး)    လူ့အခွင့်အရေးဆိုင်ရာ ကုလအထူးသံတမန် ယန်ဟီးလီက မတ်လ ၁၆ ရက် မိန့်ခွန်းတစ်ရပ်မှာ မိမိကိုယ်ကို ရိုဟင်ဂျာတွေလို့ ခေါ်ဆိုနေတဲ့ အသုံးအနှုန်း – ရခိုင်ပြည်နယ်ထဲမှာ ပစ်ပယ်ရှုတ်ချနေတဲ့ လူမျိုးကို အသိအမှတ်ပြုခဲ့တယ်။ အဖြေက ဘာဖြစ်မလဲ ?

    (ဖြေ)    ပြဿနာကဘာလဲ ဆိုတဲ့အပေါ် အဖြေက မူတည်နေပါတယ်။ သူမ ဒီစကားလုံးကို သုံးနှုန်းသွားတာ အကြောင်းတစ်စုံတစ်ရာရှိပါလိမ့်မယ်။ ၁၉၆၀ ခုနှစ်များအတွင်း မြန်မာနိုင်ငံအကြောင်း ကျွန်တော် စတင်လေ့လာနေခဲ့စဉ်က၊ ၁၉၇၀ နဲ့ ၁၉၈၀ ခုနှစ်များအတွင်း ကျွန်တော် ရန်ကုန်မြို့မှာ နေခဲ့စဉ်က ဒီဝေါဟာရကို လုံးဝ အသုံးမပြုခဲ့ကြပါဘူး။ အဲ့ဒီကာလမှာပင်လျှင် ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ နိုင်ငံသား စိစစ်မှုတွေကြောင့် ရာပေါင်းများစွာ ဘင်္ဂလားဒေ့ရှ်ဖက် ထွက်ပြေးနေတဲ့အချိန်ပါ။

    လွန်ခဲ့တဲ့ ဆယ်နှစ်ဝန်းကျင် ကျွန်တော် ဘူးသီးတောင်နဲ့ မောင်တောကို အလည်အပတ် ရောက်ရှိစဉ်ကလည်း ဘယ်သူမှ ဒီလိုဖော်ပြသုံးနှုန်းတာ မရှိခဲ့ပါဘူး။ ဒါဟာ အခြား တိုင်းရင်းမျိုးနွယ်စု အပေါင်းလိုပဲ တီထွင်(သတ်မှတ်) တဲ့ အသုံးအနှုန်းဖြစ်ပြီး၊ တကယ့် မူရင်းအနွယ်တွေထက် အခွင့်အရေးလိုချင်လို့ ဒီလိုကြွေးကြော်သူတွေ ပိုများနေတယ် (လို့ ကျွန်တော် မြင်ပါတယ်)။ အုပ်စုဝင် တစ်ဦးဖြစ်သွားယုံနဲ့ အဲ့ဒီ(မူလ)အုပ်စုဝင် တစ်ဦးရဲ့အခွင့်အရေး ရှိနေတယ်လို့ မဆိုနိုင်ပါဘူး။ နိုင်ငံသားဖြစ်မှသာ နိုင်ငံသားရဲ့အခွင့်အရေးကို ရရှိမှာဖြစ်ပါတယ်။ ဒါဟာ လူတစ်ဦးချင်း အပေါ် ဥပဒေကြောင်းအရ ဆုံးဖြတ်ချက်ပါ။

    (မေး)    မစ္စလီက ရခိုင်ပြည်နယ်မှာ လူ့အခွင့်အရေး တိုးတက်လာအောင် အုပ်စုတိုင်းအတွက် ထိရောက်ပြည့်ဝတဲ့နည်းလမ်းတွေ ရှာကြံဖော်ဆောင်ဖို့ လိုတယ်လို့လည်း ပြောကြား ခဲ့ပါတယ်။ ဖြစ်လာနိုင်ပါ့မလား ?

    (ဖြေ)    သူမရဲ့ဆိုလိုချက်ကို ကျွန်တော် မရှင်းလင်းပါဘူး။ ရိုဟင်ဂျာလို့ မိမိကိုယ်ကို ကင်ပွန်းတပ် သူတိုင်းက နိုင်ငံသားအဖြစ် သတ်မှတ်ပေးအပ်ရမယ်လို့ သူမက ဆိုလိုခဲ့ရင် – နိုင်ငံရေးအရရော ဥပဒေကြောင်းအရပါ မှားယွင်းနေတာပါပဲ။ ရခိုင်ပြည်နယ်ထဲမှာနေပြီး နိုင်ငံသားအဖြစ် သတ်မှတ်ခြင်း မခံရသေးသူတိုင်းအနေနဲ့ သူတို့တစ်ဦးချင်းဟာ မြန်မာနိုင်ငံဥပဒေအရ နိုင်ငံသားဖြစ်ခြင်း မဖြစ်ခြင်းအပေါ် စစ်ဆေးခံဖို့ အခွင့်အရေး ရှိနေပါတယ်။ အဲ့ဒီလို သူမ ပြောဆိုမှ မှန်ကန်ပါလိမ့်မယ်။

    (မေး)    မျိုးနွယ်အုပ်စုဆိုင်ရာအခွင့်အရေးတွေဟာ ၀ါဒရေးရာအဆိုတွေ ဖြစ်တယ်၊ ပြီးတော့ တိုင်းရင်းအုပ်စု ဆိုတာ လူမှုတည်ဆောက်ချက် တစ်ရပ်ဖြစ်တယ်လို့ ခင်ဗျား ရေးသားထားပါတယ်။ ဒီတော့ကာ မိမိကိုယ်ကို ရိုဟင်ဂျာလို့ ဆိုသူများအနေနဲ့ မိမိဖာသာ ကိုယ်ပိုင်လက္ခဏာ သတ်မှတ်ခွင့် မရှိတော့ဘူးလား ?

    (ဖြေ)    မည်သူမဆို  မိမိကိုယ်ကို ကိုယ်ကြိုက်ရာ ခေါ်ဆိုလို့ရပါတယ်။ သူဟာ နိုင်ငံသားဖြစ်စေ၊ ခိုးဝင်ဖြစ်စေ ဒီအခြေအနေမှာ မကွာခြားပါဘူး။ ဒါက ဥပဒေကြောင်း အရပြဿနာ ဖြစ်ပါတယ်၊ လူမျိုးစုဆိုင်ရာပြဿနာ  မဟုတ်ပါဘူး။

    (မေး)    ယမန်နှစ် ဇူလိုင်လက ပြည်သူ့လွှတ်တော်က တိုင်းရင်းသားရေးရာ ၀န်ကြီးဋ္ဌာနအတွက် မူကြမ်းတစ်ရပ်ကို လက်ခံခဲ့တယ်။ ရှိနှင့်ပြီးသော တရုတ်-ဗမာကပြားနဲ့ အိန္ဒိယ-ဗမာကပြား(သွေးနှော) လူ့အဖွဲ့အစည်းတွေအတွက် မဟုတ်ဘဲ မူရင်းဒေသခံ တိုင်းရင်းသား လူနည်းစုအခွင့်အရေးကို ကာကွယ်ပေးဖို့ ရည်ရွယ်တယ်လို့ ဆိုပါတယ်။ ဒီတော့ လူမျိုးစွဲနိုင်ငံရေးက ဖယ်ကြဉ် ခွဲထုတ်မှုနိုင်ငံရေး မဟုတ်ပေဘူးလား ?

    (ဖြေ)    အဲ့ဒါက လူ့အကြိုက်လိုက် မြူဆွယ် မက်လုံးပေး နိုင်ငံရေးသဘောပါပဲ။ ၁၉၄၇ ခုနှစ်ကတည်းက မြန်မာနိုင်ငံရဲ့ ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ စည်းမျဉ်းတွေက လူမျိုးရေးအကြောင်း အရေးဆိုဖို့ ဆင့်ကဲဆင့်ကဲ လမ်းဖော်ခဲ့တယ်။ ပြဿနာက ကြီးထွားသထက် ကြီးထွားလာတယ်။ ဒါဟာ လှည့်စားချက် တစ်ရပ် ဖြစ်ပါတယ်။ အကျိုးသင့်အကြောင်းသင့် စဉ်းစားဆင်ခြင်တတ်သူတွေ အချေအတင်ဆွေးနွေးဖျန်ဖြေနိုင်မယ့် ပြဿနာ အစိုင်အခဲတွေကို မှေးမှိန်မှိုင်း မိသွားစေခြင်းရယ်ပါ။ လူတစ်ဦးချင်းက မိမိဟာဘာလဲဆိုတာ ပြေလည်အောင်ဖြေရှင်းခွင့် မရနိုင်တော့ဘူး။ ကိုယ်ပိုင် လက္ခဏာ သတ်မှတ်ချက်နိုင်ငံရေးက အကွဲအပြဲနိုင်ငံရေးဖြစ်စေပါတယ်။ ဒီတော့ အဲ့ဒီအရာမျိုးကို လွှတ်ထားလိုက်ပါ။ လူတစ်ဦးချင်းအပေါ် သက်ရောက်နေတဲ့ ဥပဒေအတိုင်း၊ လူသားအားလုံးနဲ့ သက်ဆိုင်တဲ့ အခွင့်အရေးအတိုင်း ရပ်တည်လိုက်နာ ကျင့်သုံးသွားခြင်းက အကောင်းဆုံးပါပဲ။
    xxxxxxxxxxxxxxxxxxxx

    (Professor Taylor ၏  ယနေ့ မြန်မာ့လူမျိုးစွဲနိုင်ငံရေးအကြောင်းစာတမ်း Refighting old battles, compounding misconceptions ကို ISEAS “Perspective” series တစ်ခုအဖြစ် www.iseas.edu.org တွင် ရယူဖတ်ရှုနိုင်ပြီး ဗိုလ်ချုပ်နေ၀င်း၏ နိုင်ငံရေး ဘ၀စာအုပ်ကိုလည်း ယခုနှစ်အတွင်း ပုံနှိပ်ထုတ်ဝေမည်ဖြစ်သည်)

    Mizzzima ၏ The issue of ethnicity in Myanmar politics is now not being resolved but rather encouraged အင်တာဗျူးသတင်းဆောင်းပါးကို မင်းထွဋ်ခေါင် မှ ဆီလျော်အောင် ပြန်ဆိုသည်။