News @ M-Media

Blog

  • အမေရိကန်တွင် လူမျိုးရေး စစ်ပွဲဖြစ်စေချင်သည့် ဘုရားကျောင်း သေနတ်ပစ်သူကို လူသတ်မှုဖြင့် တရားစွဲ

    အမေရိကန်တွင် လူမျိုးရေး စစ်ပွဲဖြစ်စေချင်သည့် ဘုရားကျောင်း သေနတ်ပစ်သူကို လူသတ်မှုဖြင့် တရားစွဲ

    ဇွန် ၂၀၊ ၂၀၁၅
    M-Media

    us

    – တောင်ကယ်ရိုလိုင်းနားပြည်နယ် ချာလ်စတန်မြို့ရှိ လူမည်းခရစ်ယာန်ဘုရားကျောင်းအတွင်း ၀င်ရောက်ပစ်ခဲ့သူ ဒိုင်လန် ရုဖ်ကို လူသတ်မှု စွဲချက် ၉ ခုဖြင့် တရားစွဲဆိုခဲ့ပြီး ဆက်လက်ထိန်းသိမ်းထားရန် တရားရုံးက ယမန်နေ့တွင် အမိန့်ချမှတ်ခဲ့သည်။

    ဗုဒ္ဓဟူးနေ့ညပိုင်းက ပြုလုပ်ခဲ့သည့် အဆိုပါပစ်ခတ်မှုအတွင်း လူ ၉ ဦး သေဆုံးခဲ့ပြီး သံသယရှိသူ ရုဖ်ကို ဘုရားကျောင်းအတွင်း တပ်ထားသော လုံခြုံရေးကင်မရာမှတစ်ဆင့် တွေ့ရှိခဲ့ကာ ရဲတပ်ဖွဲ့က ပိုက်စိပ်တိုက် ရှာဖွေခဲ့ပြီး ကြာသာပတေးနေ့တွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

    တရားရုံးမှာ ရုဖ်အား လက်နက်ပိုင်ဆိုင်မှုအတွက် ခံဝန်အာမခံကို ဒေါ်လာ ၁ သန်းဖြင့် ပေးခဲ့သော်လည်း လူသတ်မှုအတွက်မူ ပေးခဲ့ခြင်းမရှိဘဲ တရားသူကြီး ဂျိမ်းစ် ဂေါ့စ်နဲလ်က လာမည့် အောက်တိုဘာ ၂၃ ရက်နေ့တွင် ထပ်မံ ကြားနာစစ်ဆေးရန် ရုံးချိန်းပေးခဲ့သည်။ ထို့ပြင် ရုဖ်ကို လူသတ်မှု၊ လက်နက်ကိုင်ဆောင်မှုတို့ဖြင့် တရားစွဲဆိုခဲ့သည်။

    ယမန်နေ့ကြားနာမှုတွင် ရုဖ်မှာ ဗီဒီယိုမှတစ်ဆင့် တက်ရောက်ခဲ့ပြီး ကြားနာမှုတစ်လျှောက် ငြိမ်သက်စွာ ရပ်နေကာ တရားသူကြီး၏ မေးမြန်းမှုများကို တိုတိုတုတ်တုတ်ပင် ဖြေကြားခဲ့သည်။

    ရုဖ်မှာ အမေရိကန်တွင် လူမျိုးရေးစစ်ပွဲ ဖြစ်စေရန်အတွက် ထိုကဲ့သို့ ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ၎င်းတို့အား ပြောကြားခဲ့ကြောင်း စုံစမ်းစစ်ဆေးသူများက ဖွင့်ဟခဲ့သည်။

    ပစ်ခတ်မှုအတွင်း ကွယ်လွန်သွားသူများ၏ မိသားစုဆွေမျိုးများမှာလည်း ယမန်နေ့ကြားနာမှုတွင် တက်ရောက်ခဲ့ပြီး ၀မ်းနည်းစွာ ငိုကြွေးခဲ့သော်လည်း ရုဖ်အား ခွင့်လွှတ်သည်ဟု ထွက်ဆိုခဲ့ကြသည်။

    “ကျွန်မရဲ့ခန္ဓာကိုယ်က သွေကြောတိုင်းဟာ နာကျင်နေပါတယ်။ ဘယ်တော့မှာ အရင်လို ပြန်ဖြစ်တော့မှာ မဟုတ်ပါဘူး။ တွမ်ဇာ ဆန်ဒါရ်က ကျွန်မရဲ့သားပါ။ ဒါပေမယ့် ကျွန်မရဲ့ သူရဲကောင်းလည်းဖြစ်ပါတယ်” ဟု သေဆုံးသွားသူများတွင် ပါဝင်သူတစ်ဦး၏ မိခင် ဖဲလီစီယာ ဆန်ဒါရ်က ပြောကြားခဲ့သည်။

    ရုဖ်၏ မိဘများကလည်း သေဆုံးသွားသူများနှင့်အတူ ထပ်တူထပ်မျှ ခံစားရကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့သည်။

    သေဒဏ်ပေးရန် တောင်းဆိုကြ

    NBC သတင်းဌာနနှင့် ပြုလုပ်ခဲ့သော အင်တာဗျူးတွင် တောင်ကယ်ရိုလိုင်းနား အုပ်ချုပ်ရေးမှူး နစ်ကီဟာလေက ရုဖ် သေဒဏ်ချခံရသည်ကို ပိုမြင်ချင်ပြီး တရားလိုရှေ့နေများအနေဖြင့် သေဒဏ်ချမှတ်စေရန် ဆောင်ရွက်သင့်သည်ဟု ပြောကြားခဲ့သည်။

    “ကျွန်မတို့ကတော့ သူ့ကို သေဒဏ်ပေးတာမျိုးပဲ လုံးဝ လိုချင်ပါတယ်” ဟု ဟာလေးက ပြောကြားခဲ့သည်။

    ဒိုင်လန် ရုဖ်ကမှာ “လူမည်းများမှာ ကမ္ဘာတစ်ဝှမ်းလုံးကို သိမ်းပိုက်နေသည်” ဟု အပြစ်တင်လေ့ရှိကြောင်း ၎င်းနှင့် သိကျွမ်းသူတစ်ဦးက ပြောကြားခဲ့သည်။

    ရုဖ်၏ သူငယ်ချင်းဟောင်းဖြစ်ခဲ့သူ ဂျိုအီ မီးက်က ၎င်းတို့ ဗော့ဒ်ကာအရက်သောက်ပြီး မူးလာသည့်အခါ ရုဖ်မှာ “လူဖြူမျိုးနွယ်အတွက် ဒါနဲ့ပတ်သက်လို့ တစ်ယောက်ယောက်က တစ်ခုခုကို လုပ်ဖို့ လိုအပ်တယ်” ဟု ပြောလေ့ရှိကြောင်း ဖွင့်ဟခဲ့သည်။

    Ref: Aljazeera

  • ရုရှားကလပ် အသင်းတစ်ခု ယူရိုပါလိဂ်ပြိုင်ပွဲမှ ထုတ်ပယ်ခံရ

    ရုရှားကလပ် အသင်းတစ်ခု ယူရိုပါလိဂ်ပြိုင်ပွဲမှ ထုတ်ပယ်ခံရ

    ဇွန် ၂၀၊ ၂၀၁၅
    M-Media

    – ဥရောပဘောလုံးအဖွဲ့ချုပ် ယူအီးအက်ဖ်အေ၏ ဘဏ္ဍာရေးညီမျှမှုစည်း FFP ကို ချိုးဖောက်သည့်အတွက်ကြောင့် ရုရှားကလပ် ဒိုင်နမိုမော်စကိုအသင်းအား လာမည့်နှစ် ယူရိုပါလိဂ်တွင် ၀င်ရောက်ယှဉ်ပြိုခြင်းမပြုရန် ယူအီးအက်ဖ်အေက ပိတ်ပင်လိုက်သည်ဟု သိရသည်။

    ပြီးခဲ့သည့်နှစ်က ကစားသမားများ ခေါ်ယူရန်အတွက် ပြောင်းရွှေ့ကြေး အများအပြား သုံးစွဲခဲ့သည့် ဒိုင်နမို မော်စကိုအသင်းမှာ ၎င်းတို့၏ ဘဏ္ဍာရေးဆိုင်ရာ ကိစ္စများအတွက် ယူအီးအက်ဖ်အေ ဘဏ္ဍာရေး ထိန်းချုပ်မှုအဖွဲ့၏ အကဲဖြတ်အဖွဲ့သို ပြီးခဲ့သည့်ဧပြီလက ပို့ဆောင်ခြင်းခံခဲ့ရသည်။

    ရုရှားပရီးမီးယားလိဂ်ပြိုင်ပွဲတွင် အဆင့် ၄ ဖြင့် ရာသီသိမ်းခဲ့သည့် ဒိုနမိုမော်စကိုမှာ လာမည့်နှစ်တွင် ယူရိုပါလိဂ်ပြိုင်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်ခွင့် ရရှိထားသော်လည်း စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ပြီးနောက် ယူအီးအက်ဖ်အေက အဆိုပါပြိုင်ပွဲမှ ယမန်နေ့တွင် ထုတ်ပယ်ခဲ့သည်။

    အသင်းဥက္ကဌ ဘောရစ် ရိုတန်ဘာ့ဂ်ကမူ အသင်းအနေဖြင့် ယူရိုပါတွင် ပြန်လည်ယှဉ်ပြိုင်ခွင့်ရရန် ကြိုးစားသွားမည်ဟု အသင်းဝဘ်ဆိုက်မှတစ်ဆင့် ပြောကြားခဲ့သည်။

    ယူရိုပါပြိုင်ပွဲမှ ထုတ်ပယ်ခဲ့သော်လည်း ဒဏ်ငွေ၊ သို့မဟုတ် အပြောင်းအရွှေ့ကန့်သတ်ချက်များကို ယူအီးအက်ဖ်အေက ထပ်ဆောင်းပြုလုပ်ခဲ့ခြင်း မရှိဟု ဒိုင်နမိုမော်စကိုက ပြောကြားခဲ့သည်။

    ယခုတစ်ပတ်အစောပိုင်းကလည်း ယူအီးအက်ဖ်အေမှာ တူရကီကလပ် Bursaspor အသင်းကို ဘဏ္ဍာရေးညီမျှမှုစည်းမျဉ်း ချိုးဖောက်သည့်အတွက် ယူရိုပါလိဂ်ပြိုင်ပွဲမှ ထုတ်ပယ်ခဲ့သည်။

    ပြီးခဲသည့်နှစ်က ယူရိုပါလိဂ် နောက်ဆုံး ၁၆ သင်းအဆင့် ရောက်ခဲ့ပြီး နာပိုလီအသင်း၏ ဖြုတ်ချခြင်းကို ခံခဲ့ရသည့် ဒိုင်နမိုမော်စကိုအစား ပဉ္စမရရှိခဲ့သည့် ရူဘင်ကာဇန်အသင်းက ယူရိုပါလိဂ်တွင် ၀င်ရောက်ယှဉ်ပြိုင်ခွင့်ရဖွယ် ရှိနေသည်။

    Ref: Goal

  • မဟာပညာရှိ ဂျာရစ်နှင့် အမေးအဖြေ (၆)

    မဟာပညာရှိ ဂျာရစ်နှင့် အမေးအဖြေ (၆)

    ဇွန် ၂၀ ၊ ၂၀၁၅
    M-Media
    Jayit copy
    မေး။    ။ ဦးဦးရေ ၂၀၁၅ ရွေးကောက်ပွဲကြီးလဲ နီးလာပြီနော်။ မြန်မာနိုင်ငံမသန်စွမ်းသူများထဲကမှ အရည်အချင်းရှိ သူတွေရှိနေတာမို့ ရွေးကောက်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်နိုင်တယ်လို့ ကြားရတယ်။ အဲဒါတကယ်ပဲလား ဦးဂျာရစ်ရယ်။
    မီးငယ်လေး (တွံတေး)

    ဖြေ။    ။ မှန်တာပေါ့ မီးငယ်လေးရယ်။ နိုင်ငံရဲ့ခေါင်းဆောင်ကောင်း တစ်ဦးဆိုတာ နိုင်ငံရေးအသိပညာ၊ အတတ်ပညာတွေပြည့်ဝနေဖို့ရယ်၊ ကိုယ့်ကျိုးကိုမကြည့်၊ အများပြည်သူ အကျိုးကိုကြည့်နိုင်တဲ့ ခေါင်းဆောင် အရည်အချင်းတွေပြည့်ဝနေမယ် ဆိုရင် ဝင်ရောက် ရွေးချယ်ခံသင့်ပါတယ်။ မသန်စွမ်းသူတွေမှာလဲ မသန်ပေမယ့် အစွမ်းအစတွေ များစွာရှိကြပါတယ်။

    မေး။    ။ ဘုရားကျောင်းကန်၊ စေတီ၊ ပုထိုးနဲ့ ယဉ်ကျေးမှု အမွေအနှစ်တွေကို လေ့လာကြည့်ရှုဖို့ စီစဉ်ထားတဲ့ နေရာတွေ အတော်များများမှာ ရေအိမ်တွေ သန့်ရှင်းမှု မရှိတာကြောင့် နိုင်ငံခြားသား ဧည့်သည်တွေရဲ့နှာခေါင်းရှုံ့တာခံရတယ်ကွာ။ အဲဒီလိုကိစ္စတွေ မဖြစ်သင့်ဘူးထင်တယ်။ နိုင်ငံတော်ရဲ့ဂုဏ်သိက္ခာ ထိခိုက်တာပေါ့ကွာ။
    အဘထူး (ကံမ)
    ဖြေ။    ။ ဟုတ်ပေသပေါ့ အဘရယ်။ မြန်မာတို့ရဲ့အထွတ်အမြတ် အထင်ကရနေရာတွေမှာ ကျန်းမာရေးအတွက် အဓိက လိုအပ်တဲ့ ရေအိမ်တွေ လုံလောက်အောင်ထားရှိ မပေးနိုင်တာရယ်၊ သန့်ရှင်းမှုအတွက် ဝန်ဆောင်မှု အားနည်းတာတွေကို သာသနာရေးရာ ဒု-ဝန်ကြီး ဒေါက်တာမောင်မောင်ဌေးက ဇွန်လ (၅) ရက်နေ့ကကျင်းပသည့် အစည်းအဝေးမှာ ပြောကြားတယ်လို့ သိရပါတယ်။ သာသနာရေးရာ ဝန်ကြီးဌာနအနေနဲ့တော့ သက်ဆိုင်ရာ ဂေါပကအဖွဲ့တွေကို တွန်းအားပေး ဆောင်ရွက်မယ်လို့လည်း ဆိုပါတယ်။ အဘရေ စိတ်အေးအေးလေးထား နည်းနည်းလေးမှ စိတ်မပူနဲ့ ပူနဲ့နော်ဗျ။

    မေး။    ။ ဦးဂျာရစ်ရေ ဗကသကျောင်းသူ မပိုပိုက “ဒီကိစ္စမှာကျွန်မတို့က မတရားလုပ်တာ မဟုတ်ဘူး။ မတရားခံရတာ၊ အဲဒီအတွက်ကြောင့် ဒူးထောက်ပြီး အာမခံလျောက်မှာ မဟုတ်ဘူး” လို့ ရဲရဲရင့်ရင့်ပြောသွားတာ ဂုဏ်ယူစရာပဲနော်။
    မီးချစ် (ရေကြည်)
    ဖြေ။    ။ ဒါပေါ့ကွယ်။ သူရဲကောင်းဆိုတာ လက်ရုံးရည်ထက် နှလုံးရည်က ပိုအရေးကြီးတယ်။ ဖြူဖြူကျော်သိန်းဆိုတဲ့ ဟိုသီချင်းလိုပေါ့။ “ပတ္တမြားမှန်ရင် ဘယ်နွံမှာနှစ်မလဲ မညစ်ဘူးဟေ့” ဆိုပဲ ဆိုပဲ၊ မျိုးချစ်စိတ်ဆိုတာ ကိုယ့်အမျိုးကိုကိုယ်ချစ်ဖို့ မဟုတ်ဘူး။ တိုင်းပြည်နဲ့ လူမျိုးကိုချစ်ဖို့။

  • ဘ၀ရှင်သန်မှု အတွက် လှေဖြင့် ထွက်ပြေးသည့် လမ်းကိုသာ ရွေးချယ်နေကြရသည့် ရိုဟင်ဂျာများ

    ဘ၀ရှင်သန်မှု အတွက် လှေဖြင့် ထွက်ပြေးသည့် လမ်းကိုသာ ရွေးချယ်နေကြရသည့် ရိုဟင်ဂျာများ

    ဇွန်၂၀ ၊ ၂၀၁၅
    M-Media
    epa19
    – ပင်လယ်ပြင်တွင် စွန့်ပစ်ခံရသည့် အန္တရာယ်နှင့် နယ်စပ်များတွင် တင်းကြပ်သည့် ထိန်းချုပ်မှုများ ရှိနေသော်လည်း မြန်မာနိုင်ငံ အနောက်ပိုင်း ရခိုင်ပြည်နယ်တွင် နေထိုင်ကြသည့် ရိုဟင်ဂျာများက တိုင်းပြည်အားစွန့်ခွာရန် နည်းလမ်းများကို ဆက်လက် ရှာဖွေနေကြလေသည်။

    ပင်လယ်ပြင်တွင် မျောပါနေကြသော ရွှေ့ပြောင်းလာသူများ၏ ခြောက်ခြားဖွယ်ပုံရိပ်များမှာ ၎င်းတို့၏ ဒုက္ခသုက္ခများ အတွက် နိုင်ငံတကာ အသိုင်းအ၀ိုင်း၏ အာရုံစိုက်မှုကို ခံခဲ့ရသည်။ ထိုအထဲမှ ၄၀၀၀ ကျော်မှာ ကယ်တင်ခံခဲ့ရပြီး အင်ဒိုနီးရှား၊ မလေးရှားနှင့် မြန်မာနိုင်ငံတို့က ယာယီနေရာချထားပေးထားသည်ဟု ဆိုသည်။

    အချို့သော စောင့်ကြည့်အဖွဲ့များကမူ နောက်ထပ် လူ ၂၀၀၀ ကျော်မှာ ပင်လယ်ထဲတွင် ရှိကောင်းရှိနိုင်သည်ဟု ပြောကြားခဲ့သည်။ ရိုဟင်ဂျာအများစုအတွက်မူ ဘ၀အသစ်က အရာရာတိုင်းကို စွန့်စားမှပင် ရရှိနိုင်မည်ဖြစ်သည်။

    မြန်မာနိုင်ငံမှ ရိုဟင်ဂျာအများစုက ၎င်းတို့မှာ လူကုန်ကူးသူများနှင့် ခရီးသွားရခြင်း၏ အန္တရာယ်ကို သတိမူမိကြသည်ဟုဆိုသည်။ သို့သော်လည်း ထိုကဲ့သို့အန္တရာယ်ကို ရင်ဆိုင်စွန့်စားမှသာလျှင် အနည်းဆုံး မျှော်လင့်ချက်မှုန်းဝါးဝါးကို ရရှိကြသည်။

    “ကျွန်တော်တို့ ဒီမှာနေရင် ကျွန်တော်တို့ရဲ့ဘ၀က ဆိုးရွာလာမှာပါ။ အခြားနေရာမှာ ပိုပြီး သက်တောင့်သက်သာရှိတဲ့ ဘ၀ကို မျှော်လင့်နိုင်တာကြောင့် ကျွန်တော်တို့ စွန့်ခွာကြတာပါ။ ကျွန်တော်တို့ဟာ ဒီမြေကမဟုတ်ဘူး၊ ဒီမှာနေလို့မရဘူး၊ ကျွန်တော်တို့ဟာ ကျူးကျော်သူတွေဖြစ်တယ်လို့ ပြောပြီး အာဏာပိုင်တွေက ကျွန်တော်တို့ကို ခြိမ်းခြောက်ကြပါတယ်။ ကျွန်တော်တို့ ရွာခေါင်းဆောင်ကို ခြိမ်းခြောက်တာမျိုးအပါအ၀င် သူတို့က ကျွန်တော်တို့ကို အကြိမ်တော်တော်များများ ခြိမ်းခြောက်နေကြပါတယ်။ ကျွန်တော်တို့ရဲ့ နေ့စဉ်ဘ၀က ကျွန်တော်တို့အတွက် ခက်ခဲပါတယ်” ဟု ရခိုင်ပြည်နယ်မှ ရိုဟင်ဂျာတစ်ဦးဖြစ်သူ အီလီယက်စ်က ပြောကြားခဲ့သည်။

    ရခိုင်လူမျိုးများက ရိုဟင်ဂျာဆိုင်တစ်ဆိုင်အား မီးရှို့ဖျက်ဆီးခဲ့မှုကို ပြောပြ၍ ရိုဟင်ဂျာများမှာ နေ့စဉ် ကြောက်ရွံ့မှုအောက်တွင် မည်ကဲ့သို့ နေရသည်ကို ၎င်းက မီးမောင်းထိုးပြခဲ့သည်။

    “ဈေးအရှေ့မှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ရှိပါတယ်။ သူတို့ကကြည့်နေပြီး ရခိုင်တွေကို မဖမ်းပါဘူး။ ရခိုင်တွေကလည်း သူတို့လုပ်တာကို လုံခြုံရေးတပ်ဖွဲ့တွေ ကြည့်နေတယ်ဆိုတာ သိပါတယ်။ သူတို့ မီးရှို့ကြပြီး အခြား ဆိုင် ၁၀ ဆိုင်က ပစ္စည်းတွေကို ခိုးယူကြပါတယ်။ ဘာမှမကျန်ပါဘူး” ဟု အီလီယက်စ်က ထပ်လောင်းပြောကြားခဲ့သည်။

    အင်တာဗျူးမှုအား တစ်ဦးတစ်ယောက်က မြင်သွားမည်ကို စိုးရိမ်သည့်အတွက် အီလီယက်စ်နှင့် အင်တာဗျူးမှာ တိုတောင်းခဲ့လေသည်။ ထိုအချင်းအရာက မြို့၏ လူဦးရေ အများစုဖြစ်သော်လည်း မောင်တောမြို့ရှိ ရိုဟင်ဂျာများ အတွင်း ကိန်းဝပ်နေသည့် အကြောက် တရားပင် ဖြစ်သည်။

    သို့သော်လည်း အီလီယက်စ်၏ ပြောကြားမှုများကို ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းက လုံးဝ ပယ်ချခဲ့သည်။

    “အဓိပ္ပါယ်မရှိပါဘူး။ ကျွန်တော်လက်မခံပါဘူး။ မောင်တောမှာ လူဦးရေရဲ့ ၉၇ ရခိုင်နှုန်းက ဘင်္ဂါလီတွေပါ။ ၃ ရာခိုင်နှုန်းသာ ရခိုင်တွေပါ။ ဘာ့ကြောင့် လူများစုတွေက ရခိုင်လူနည်းစုတွေကို ကြောက်ရသလဲဆိုတာ ခင်ဗျားမေးရပါမယ်။ ကျွန်တော့်ရဲ့မေးခွန်းက ဘယ်သူတွေက တကယ် ကြောက်ရလဲဆိုတာပါပဲ?” ဟု ၎င်းက ပြန်လည်ဖြေကြားခဲ့လေသည်။

    မြန်မာအာဏာပိုင်များ အသုံးပြုသည့် ဘင်္ဂါလီဟူသော စကားလုံးကို လက်မခံဘဲ ရိုဟင်ဂျာဟူ၍သာ ဖော်ပြနေပါက နိုင်ငံသား အခွင့်အရေးနှင့် ပတ်သက်၍ သဘောတူညီရန် နှစ်ဘက်စလုံးအတွက် ခက်ခဲမည်ဟု အစိုးရက အစဉ်တစ်စိုက် ပြောကြားထားသည်။

    အဆိုပါ အခွင့်အရေးများသည်ပင်လျှင် ရွှေ့ပြောင်းပြဿနာများ၏ အခြေခံအကြောင်းအရင်းတစ်ခုအဖြစ် သတ်မှတ်ကြလေသည်။

    Ref: Channelnewsasia

  • ဂါဇာအား အစ္စရေးက ရေလမ်းကြောင်း ပိတ်ဆို့ထားမှုကို တက်ကြွ လှုပ်ရှားသူများက သင်္ဘောများဖြင့်  ဖျက်ပစ်မည်

    ဂါဇာအား အစ္စရေးက ရေလမ်းကြောင်း ပိတ်ဆို့ထားမှုကို တက်ကြွ လှုပ်ရှားသူများက သင်္ဘောများဖြင့် ဖျက်ပစ်မည်

    ဇွန် ၂၀၊ ၂၀၁၅
    M-Media

    pal

    – ဂါဇာကမ်းမြှောင်ဒေသ ရေလမ်းကြောင်းထွက်ပေါက်အား အစ္စရေး၏ ပိတ်ဆို့ထားမှုကို ဖျက်ပစ်ရန် ရည်ရွယ်၍ ပါလက်စတိုင်း ထောက်ခံသော တက်ကြွလှုပ်ရှားသူများမှာ သင်္ဘောငယ် ၃ စီးဖြင့် ဂါဇာသို့ သွားရောက်ရန် စီစဉ်နေသည်ဟု သိရသည်။

    အဆိုပါလှုပ်ရှားမှုကို အီတလီနိုင်ငံ စစ္စလီကျွန်းရှိ ပါလာမိုမြို့တွင် အခြေစိုက်သော Freedom Flotilla Coalition အဖွဲ့က စီစဉ်ခြင်းဖြစ်ပြီး ၎င်းတို့မှာ နောက်ဆုံး ပြင်ဆင်မှုများကို ပြုလုပ်နေကာ ဇွန်လမကုန်ခင် ဂါဇာသို့ ရောက်ရှိရန် ရည်ရွယ်ထားသည်ဟု အလ်ဂျာဇီးရား သတင်းဌာနသို့ ပြောကြားခဲ့သည်။

    အဆိုပါသင်္ဘောအုပ်စုမှာ ဂါဇာသို့ အကူအညီများ ယူဆောင်သွားရန် ရည်ရွယ်ခြင်းမဟုတ်ဘဲ ဂါဇာဆိပ်ကမ်းကို လွတ်လပ်စွာလှုပ်ရှားမှုနှင့် ကုန်သွယ်ရေးအတွက် လမ်းပွင့်ရန် ဆောင်ရွက်ခြင်းဖြစ်သည်ဟု တက်ကြွလှုပ်ရှားသူ ကဲလ်လီ အိုဟစ်ဆန်က ပြောကြားခဲ့သည်။

    “ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်က ဂါဇာကိုပိတ်ဆို့ထားမှု အဆုံးသတ်ဖို့ပါပဲ။ သူတို့ကို ကျွန်တော်တို့ မမေ့ဘူးဆိုတာ ပါလက်စတိုင်းတွေကို သိစေချင်ပါတယ်။ ကမ္ဘာကြီးမှာ ပြဿပေါင်း သောင်းခြောက်ထောင် ရှိပါတယ်။ ဒါပေမယ့် ဂါဇာက အခြေအနေကတော့ တကယ့်ကို ဆိုးရွားပါတယ်။ ကျွန်တော်တို့ သူတို့ကို လုံးဝ သတိရနေပါတယ်” ဟု အိုဟစ်ဆန်က ပြောကြားခဲ့သည်။

    ဆွီဒင်အလံ လွှင့်တင်ထားပြီး Marianne ဟု အမည်ရသည့် သင်္ဘောမှာ ယခုလက်ရှိတွင် စစ္စလီရှိ ဆိပ်ကမ်းများအကြား လှည့်လည်သွားလာနေပြီး အဆိုပါသင်္ဘောတွင် ကုန်တင်ရန် နေရာအကန့်အသတ် ရှိနေသ်ာလည်း ဆေးဘက်ဆိုင်ရာ ကိရိယာများနှင့် ဆိုလာပြားအနည်းငယ်ကို တင်ဆောင်သွားမည်ဖြစ်သည်။

    အဖျက်အမှောင့်လုပ်ငန်းများမှ ရှောင်ရှားရန်အတွက် သင်္ဘောအုပ်စုမှ အခြားသောသင်္ဘောများ၏ အသေးစိတ်အချက်အလက်များ၊ နောက်ဆုံးခရီးထွက်မည့်နေရာတို့ကို လျှို့ဝှက်ထားမည်ဟု ထိုလှုပ်ရှားမှုကို စီစဉ်သူများက ပြောကြားခဲ့သည်။

    ၎င်းတို့ သင်္ဘောအုပ်စုအား နိုင်ငံတကာရေပိုင်နက်တွင် နောက်ထပ်တစ်ကြိမ် အစ္စရေးစစ်တပ်က မည်ကဲ့သို့ စီးနင်းပစ်ခတ်မည်ဆိုသည်နှင့် ပတ်သက်၍ စိုးရိမ်မိသည်ဟု ကဲလ်လီကပြောကြားခဲ့သည်။

    “အန္တရာယ်ကင်းဖို့အတွက်တော့ ကျွန်တော်တို့ တော်တော်လေး စိုးရိမ်ပါတယ်။ အကြမ်းမဖက်ရေး ပေါ်လစီကို ကျွန်တော်တို့ ဆုပ်ကိုင်သွားမှာပါ။ အစ္စရေးက ကျွန်တော်တို့ကို အကြမ်းဖက်မှာ မဟုတ်ဘူးလို့ မျှော်လင့်ပါတယ်”

    ၂၀၁၀ ခုနှစ်ကလည်း ပါလက်စတိုင်းအရေး တက်ကြွလှုပ်ရှားသူများမှာ အစ္စရေး၏ ပိတ်ဆို့မှုကြောင့် အတိဒုက္ခရောက်နေကြသည့် ပါလက်စတိုင်းပြည်သူများအား အကူအညီများပေးရန် သင်္ဘောများဖြင့် ပထမဆုံးအကြိမ် သွားရောက်စဉ် နိုင်ငံတကာရေပိုင်နက်၌ ထိုအုပ်စုထဲမှ Mavi Marmara သင်္ဘောပေါ်သို့ အစ္စရေးစစ်သားများက ၀င်ရောက်စီးနင်းခဲ့ပြီး သေနတ်ဖြင့်ပစ်ခတ်ခဲ့သောကြောင့် လူ ၉ ဦးမှာ နေရာတွင်ပင် သေဆုံးခဲ့သည်။ အခြားတစ်ဦးမှာ ထိုပစ်ခတ်မှုမှရသော ဒဏ်ရာကြောင့် နောက်ပိုင်းတွင် သေဆုံးသွားခဲ့သည်။

    အစ္စရေးမှာ ဂါဇာဒေသအား ကုန်းတွင်းပိုင်းတွင် ပိတ်ဆို့ထားသည်သာမက တံငါလုပ်ငန်းဖြင့် အသက်မွေးရသည့် ဂါဇာပြည်သူများအတွက် ရေးပါသော ပင်လယ်ပြင်အသုံးပြုမှုကို ကန့်သတ်ထားကာ ဆိပ်ကမ်းများကိုလည်း အသုံးပြုခွင့်မပေးပေ။

    Ref: Aljazeera