ဇွန် ၂၀၊ ၂၀၁၅
M-Media
– ဂါဇာကမ်းမြှောင်ဒေသ ရေလမ်းကြောင်းထွက်ပေါက်အား အစ္စရေး၏ ပိတ်ဆို့ထားမှုကို ဖျက်ပစ်ရန် ရည်ရွယ်၍ ပါလက်စတိုင်း ထောက်ခံသော တက်ကြွလှုပ်ရှားသူများမှာ သင်္ဘောငယ် ၃ စီးဖြင့် ဂါဇာသို့ သွားရောက်ရန် စီစဉ်နေသည်ဟု သိရသည်။
အဆိုပါလှုပ်ရှားမှုကို အီတလီနိုင်ငံ စစ္စလီကျွန်းရှိ ပါလာမိုမြို့တွင် အခြေစိုက်သော Freedom Flotilla Coalition အဖွဲ့က စီစဉ်ခြင်းဖြစ်ပြီး ၎င်းတို့မှာ နောက်ဆုံး ပြင်ဆင်မှုများကို ပြုလုပ်နေကာ ဇွန်လမကုန်ခင် ဂါဇာသို့ ရောက်ရှိရန် ရည်ရွယ်ထားသည်ဟု အလ်ဂျာဇီးရား သတင်းဌာနသို့ ပြောကြားခဲ့သည်။
အဆိုပါသင်္ဘောအုပ်စုမှာ ဂါဇာသို့ အကူအညီများ ယူဆောင်သွားရန် ရည်ရွယ်ခြင်းမဟုတ်ဘဲ ဂါဇာဆိပ်ကမ်းကို လွတ်လပ်စွာလှုပ်ရှားမှုနှင့် ကုန်သွယ်ရေးအတွက် လမ်းပွင့်ရန် ဆောင်ရွက်ခြင်းဖြစ်သည်ဟု တက်ကြွလှုပ်ရှားသူ ကဲလ်လီ အိုဟစ်ဆန်က ပြောကြားခဲ့သည်။
“ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်က ဂါဇာကိုပိတ်ဆို့ထားမှု အဆုံးသတ်ဖို့ပါပဲ။ သူတို့ကို ကျွန်တော်တို့ မမေ့ဘူးဆိုတာ ပါလက်စတိုင်းတွေကို သိစေချင်ပါတယ်။ ကမ္ဘာကြီးမှာ ပြဿပေါင်း သောင်းခြောက်ထောင် ရှိပါတယ်။ ဒါပေမယ့် ဂါဇာက အခြေအနေကတော့ တကယ့်ကို ဆိုးရွားပါတယ်။ ကျွန်တော်တို့ သူတို့ကို လုံးဝ သတိရနေပါတယ်” ဟု အိုဟစ်ဆန်က ပြောကြားခဲ့သည်။
ဆွီဒင်အလံ လွှင့်တင်ထားပြီး Marianne ဟု အမည်ရသည့် သင်္ဘောမှာ ယခုလက်ရှိတွင် စစ္စလီရှိ ဆိပ်ကမ်းများအကြား လှည့်လည်သွားလာနေပြီး အဆိုပါသင်္ဘောတွင် ကုန်တင်ရန် နေရာအကန့်အသတ် ရှိနေသ်ာလည်း ဆေးဘက်ဆိုင်ရာ ကိရိယာများနှင့် ဆိုလာပြားအနည်းငယ်ကို တင်ဆောင်သွားမည်ဖြစ်သည်။
အဖျက်အမှောင့်လုပ်ငန်းများမှ ရှောင်ရှားရန်အတွက် သင်္ဘောအုပ်စုမှ အခြားသောသင်္ဘောများ၏ အသေးစိတ်အချက်အလက်များ၊ နောက်ဆုံးခရီးထွက်မည့်နေရာတို့ကို လျှို့ဝှက်ထားမည်ဟု ထိုလှုပ်ရှားမှုကို စီစဉ်သူများက ပြောကြားခဲ့သည်။
၎င်းတို့ သင်္ဘောအုပ်စုအား နိုင်ငံတကာရေပိုင်နက်တွင် နောက်ထပ်တစ်ကြိမ် အစ္စရေးစစ်တပ်က မည်ကဲ့သို့ စီးနင်းပစ်ခတ်မည်ဆိုသည်နှင့် ပတ်သက်၍ စိုးရိမ်မိသည်ဟု ကဲလ်လီကပြောကြားခဲ့သည်။
“အန္တရာယ်ကင်းဖို့အတွက်တော့ ကျွန်တော်တို့ တော်တော်လေး စိုးရိမ်ပါတယ်။ အကြမ်းမဖက်ရေး ပေါ်လစီကို ကျွန်တော်တို့ ဆုပ်ကိုင်သွားမှာပါ။ အစ္စရေးက ကျွန်တော်တို့ကို အကြမ်းဖက်မှာ မဟုတ်ဘူးလို့ မျှော်လင့်ပါတယ်”
၂၀၁၀ ခုနှစ်ကလည်း ပါလက်စတိုင်းအရေး တက်ကြွလှုပ်ရှားသူများမှာ အစ္စရေး၏ ပိတ်ဆို့မှုကြောင့် အတိဒုက္ခရောက်နေကြသည့် ပါလက်စတိုင်းပြည်သူများအား အကူအညီများပေးရန် သင်္ဘောများဖြင့် ပထမဆုံးအကြိမ် သွားရောက်စဉ် နိုင်ငံတကာရေပိုင်နက်၌ ထိုအုပ်စုထဲမှ Mavi Marmara သင်္ဘောပေါ်သို့ အစ္စရေးစစ်သားများက ၀င်ရောက်စီးနင်းခဲ့ပြီး သေနတ်ဖြင့်ပစ်ခတ်ခဲ့သောကြောင့် လူ ၉ ဦးမှာ နေရာတွင်ပင် သေဆုံးခဲ့သည်။ အခြားတစ်ဦးမှာ ထိုပစ်ခတ်မှုမှရသော ဒဏ်ရာကြောင့် နောက်ပိုင်းတွင် သေဆုံးသွားခဲ့သည်။
အစ္စရေးမှာ ဂါဇာဒေသအား ကုန်းတွင်းပိုင်းတွင် ပိတ်ဆို့ထားသည်သာမက တံငါလုပ်ငန်းဖြင့် အသက်မွေးရသည့် ဂါဇာပြည်သူများအတွက် ရေးပါသော ပင်လယ်ပြင်အသုံးပြုမှုကို ကန့်သတ်ထားကာ ဆိပ်ကမ်းများကိုလည်း အသုံးပြုခွင့်မပေးပေ။
Ref: Aljazeera
Leave a Reply
You must be logged in to post a comment.