News @ M-Media

Blog

  • တစ်ပတ် ၄ ရက်ခွဲသာ အလုပ်လုပ်ရမည့် စနစ်ကို ယူအေအီးတွင် ကျင့်သုံးမည်

    တစ်ပတ် ၄ ရက်ခွဲသာ အလုပ်လုပ်ရမည့် စနစ်ကို ယူအေအီးတွင် ကျင့်သုံးမည်

    ဒီဇင်ဘာ ၇၊ ၂၀၂၁
    M-Media

    -တစ်ပတ်ကို ၄ ရက်ခွဲသာအလုပ်လုပ်ရပြီး ၂ ရက်ခွဲပိတ်မယ့် စနစ်ကို လာမယ့်နှစ် ဇန်နဝါရီ ၁ ရက်နေ့ကနေ စတင်ကျင့်သုံးမယ်လို့ အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး) နိုင်ငံက ဒီကနေ့မှာ ကြေငြာပါတယ်။

    တစ်ရက်ကို ၈ နာရီနဲ့ တနင်္လာနေ့ကနေ ကြာသာပတေးနေ့အထိ အလုပ်လုပ်ရပ်မှာဖြစ်ပြီး သောကြာနေ့မှာတော့ နေ့တစ်ဝက် ၄ နာရီခွဲသာ လုပ်ရပ်မှာ ဖြစ်ပါတယ်။ သောကြာနေ့ နေ့တစ်ပိုင်းနဲ့ စနေ၊ တနင်္ဂနွေ နှစ်ရက်က ပိတ်ရက်ဖြစ်မှာပါ။

    ဒီအချိန်ဇယား အပြောင်းအလဲကို အစိုးရရုံးတွေ၊ အဖွဲ့အစည်းတွေမှာ စတင်ကျင့်သုံးမှာဖြစ်ပြီး ပုဂ္ဂလိကကဏ္ဍနဲ့ ကျောင်းတွေမှာ ကျင့်သုံးမလားဆိုတာ တိတိကျကျ မသိရပါဘူး။

    ယူအေအီးနိုင်ငံမှာ တနင်္ဂနွေနေ့ကနေ ကြာသာပတေးနေ့အထိ အလုပ်လုပ်ပြီး သောကြာ၊ စနေ ရုံးပိတ်တဲ့ စနစ်ကို လက်ရှိ ကျင့်သုံးနေတာ ဖြစ်ပါတယ်။ အစ္စလာမ်ဘာသာဝင် အများစုရှိတဲ့အတွက် စုပေါင်း ဝတ်ပြုဆုတောင်းရတဲ့ သောကြာနေ့ကို ရုံးပိတ်ရက်အဖြစ် သတ်မှတ်ထားတာပါ။

    အခုအပြောင်းအလဲသစ်ဟာ ကမ္ဘာတစ်ဝှမ်းလုံး ကျင့်သုံးနေတဲ့ ရုံးပိတ်ရက်စနစ်နဲ့ ကိုက်ညီကာ စီးပွားရေးမှာ ပိုမိုယှဉ်ပြိုင်နိုင်စွမ်းရှိလာရေး ရည်ရွယ်လုပ်ဆောင်တာ ဖြစ်တယ်လို့ ယူအေအီး အစိုးရတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

    သောကြာနေ့ နေ့တစ်ဝက် အလုပ်ဆင်းဖို့အတွက် အစိုးရဝန်ထမ်းတွေဟာ အိမ်ကနေ အလုပ်လုပ်တာ ဒါမှမဟုတ် အဆင်ပြေမယ့်အချိန် အလုပ်ဆင်းတာ စသဖြင့် စိတ်ကြိုက် ရွေးချယ်နိုင်မယ်လို့ အစိုးရထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

    သောကြာနေ့ဝတ်ပြုဆုတောင်းမှုကို နေ့လည် ၁ နာရီ ၁၅ မှာ စတင်ဖို့လည်း သတ်မှတ်ထားပါတယ်။

    ယူအေအီးဟာ အရင်က စနေနေ့ကနေ ဗုဒ္ဓဟူးနေ့အထိ အလုပ်ဆင်းရပြီး ကြာသာပတေး၊ သောကြာ ရုံးပိတ်တဲ့စနစ်ကို ကျင့်သုံးကာ ၂၀၀၆ ခုနှစ်ရောက်မှ လက်ရှိ သောကြာ၊ စနေပိတ်တဲ့စနစ်ကို ပြောင်းလဲလိုက်တာ ဖြစ်ပါတယ်။

    Ref: Aljazeera

  • ကပ်ရောဂါအသစ်အတွက် ပြင်ဆင်ထားရန် AstraZeneca ကာကွယ်ဆေးဖန်တီးသူ သတိပေး

    ကပ်ရောဂါအသစ်အတွက် ပြင်ဆင်ထားရန် AstraZeneca ကာကွယ်ဆေးဖန်တီးသူ သတိပေး

    ဒီဇင်ဘာ ၆၊ ၂၀၂၁၂
    M-Media

    -ကမ္ဘာလူသားတွေဟာ နောက်ထပ်အသေအပျောက်များတဲ့ ကူးစက်ရောဂါတွေနဲ့ ထပ်မံကြုံတွေ့ရနိုင်ပြီး လက်ရှိ ရရှိထားတဲ့ အသိပညာတွေကို အချည်အနှီးမလုပ်ကြဖို့ ကိုဗစ်ကာကွယ်ဆေး AstraZeneca ကို ဖန်တီးသူ ပညာရှင်က သတိပေးလိုက်ပါတယ်။

    တရုတ်နိုင်ငံ ၀ူဟန်မြို့မှာ ၂၀၁၉ ခုနှစ် နှစ်ကုန်ပိုင်းက စတင်ဖြစ်ပွားခဲ့တဲ့ ကိုဗစ်ဗိုင်းရပ်စ်ကြောင့် ကမ္ဘာတစ်ဝှမ်း လူ ၅.၂ သန်းကျော်သေဆုံးခဲ့ပြီး၊ လူသန်းထောင်ချီရဲ့ ဘ၀တွေ ပျက်ဆီးခဲ့ကာ၊ ကမ္ဘာ့စီးပွားရေးမှာလည်း ဒေါ်လာ ထရီလီယံပေါင်းများစွာ ဆုံးရှုံးခဲ့ပါတယ်။

    အောက်စဖို့တက္ကသိုလ်က ကာကွယ်ဆေးဆိုင်ရာ ပရော်ဖက်ဆာတစ်ယောက်ဖြစ်ပြီး AstraZeneca ကာကွယ်ဆေး ဖန်တီးသူတွေထဲက တစ်ယောက်လည်းဖြစ်တဲ့ ဆာရာဂီလ်ဘာ့တ်က နောက်လာမယ့် ကူးစက်ရောဂါအတွက် သတိပေးခဲ့ပါတယ်။

    “အမှန်ပြောရရင် နောက်လာမယ့်ကပ်ရောဂါဟာ ပိုဆိုးနိုင်ပါတယ်။ ပိုမိုကူးစက်တာ၊ ပိုမိုသေဆုံးတာ ဒါမှမဟုတ် နှစ်မျိုးစလုံး ဖြစ်လာနိုင်ပါတယ်။ ကျွန်မတို့ရဲ့ဘ၀တွေနဲ့ အသက်မွေးဝမ်းကြောင်းလုပ်ငန်းတွေကို ဗိုင်းရပ်စ်ပိုးကခြိမ်းခြောက်တာဟာ ဒါနောက်ဆုံးအကြိမ် မဟုတ်ပါဘူး”

    နောက်ကြုံလာမယ့် ကပ်ရောဂါအတွက် ကြိုတင်ပြင်ဆင်ထားကြဖို့လည်း ဂီလ်ဘာ့တ်က သတိပေးခဲ့ပါတယ်။

    “ကျွန်မတို့လက်ရှိ ရထားတဲ့ တိုးတက်မှုတွေ၊ အသိပညာတွေ အလဟသဖြစ်သွားလို့ မရပါဘူး”

    ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ဖွဲ့စည်းထားတဲ့ ကိုဗစ်စောင့်ကြည့်ရေးအဖွဲ့က ပညာရှင်တွေကလည်း ကပ်ရောဂါတိုက်ဖျက်ရေး အမြဲတမ်းရန်ပုံငွေတစ်ရပ်ပေါ်ပေါက်လာဖို့နဲ့ ကပ်ရောဂါတွေကို အမြဲတမ်း စောင့်ကြည့်လေ့လာကာ ကြိုတင်ပြင်ဆင်ကြဖို့ နိုင်ငံတကာအသိုင်းအ၀ိုင်းကို တိုက်တွန်းခဲ့ပါတယ်။

    လတ်တလော ပြန့်နှံ့နေတဲ့ ကိုဗစ်မျိုးကွဲ Omicron နဲ့ပတ်သက်လို့ ဂီလ်ဘတ်က အိုမီခရွန်ရဲ့ ပုံပြောင်းမြန်မှုကြောင့် လက်ရှိကာကွယ်ဆေးတွေ မထိရောက်တာမျိုး ဖြစ်နိုင်ပြီး အသေးစိတ်မသိခင်အချိန်အထိ မျိုးကွဲသစ်ပြန့်နှံ့မှုကို လျော့ချနိုင်အောင် လုပ်ဆောင်ရမယ်လို့ ပြောကြားခဲ့ပါတယ်။

    Ref: Reuters

  • အာဆီယံပွဲများကို မြန်မာစစ်အာဏာရှင် တက်ခွင့်ရှိသည်ဟု ကမ္ဘောဒီးယားဝန်ကြီးချုပ် ပြော

    အာဆီယံပွဲများကို မြန်မာစစ်အာဏာရှင် တက်ခွင့်ရှိသည်ဟု ကမ္ဘောဒီးယားဝန်ကြီးချုပ် ပြော

    ဒီဇင်ဘာ ၆၊ ၂၀၂၁
    M-Media

    -မြန်မာနိုင်ငံကိုလာပြီး စစ်ကောင်စီနဲ့စကားပြောဖို့ စီစဉ်ထားတယ်လို့ ကမ္ဘောဒီးယားဝန်ကြီးချုပ်က ဒီကနေ့မှာ ပြောကြားလိုက်ပြီး၊ အာဆီယံအစည်းအဝေးတွေမှာ စစ်ကောင်စီကို ဖိတ်သင့်တယ်လို့ ဆိုပါတယ်။

    ကမ္ဘောဒီးယားဟာ လာမယ့်နှစ်မှာ အာဆီယံအဖွဲ့ဥက္ကဌအဖြစ် တာဝန်ယူမှာပါ။

    တရုတ်ကငွေကြေးထောက်ပံ့ထားတဲ့ ဆောက်လုပ်ရေးစီမံကိန်းဖွင့်ပွဲအခမ်းအနားမှာ ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆန်က အာဆီယံအစည်းအဝေးတွေမှာ ၁၀ နိုင်ငံစလုံး ပါဝင်ရမယ်လို့ ပြောကြားခဲ့ပါတယ်။

    “မြန်မာဟာ အာဆီယံမိသားစုဝင်နိုင်ငံပါ။ အစည်းအဝေးတွေကိုတက်ပိုင်ခွင့် သူတို့မှာ ရှိပါတယ်”

    ဟွန်ဆန်ဟာ ပြီးခဲ့တစ်ပတ်က စစ်ကောင်စီခန့် နိုင်ငံခြားရေးဝန်ကြီး ဦး၀ဏ္ဏမောင်လွင်ကို ကမ္ဘောဒီးယားလာဖို့ ဖိတ်ခေါ်ထားပြီး ဒီဇင်ဘာ ၇ ရက်နေ့ လာရောက်မှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံကို မကြာခင် သွားရောက်ဖို့ရှိတယ်လို့လည်း ဒီကနေ့မိန့်ခွန်းမှာ ဟွန်ဆန်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    “ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ အလုပ်တွဲလုပ်နိုင်ရေး ကျွန်တော် နေပြည်တော်ကိုသွားရောက်ဖို့ အလားအလာ တော်တော်လေးကောင်းပါတယ်။ ခေါင်းဆောင်ပိုင်းနဲ့အလုပ်မလုပ်ရင် ကျွန်တော် ဘယ်သူနဲ့ တွဲလုပ်ရမလဲ”

    အဖွဲ့ဝင်နိုင်ငံတွေရဲ့ ပြည်တွင်းရေးကို ဝင်ရောက်မစွက်ရဆိုတဲ့ အာဆီယံပဋိဉာဏ်ကို ဟွန်ဆန်က ထောက်ပြခဲ့ပြီး ဒီပဋိဉာဏ်အရ ဘယ်အဖွဲ့ဝင်နိုင်ငံကိုမှ မောင်းထုတ်ခွင့်မရှိဘူးလို့လည်း ဆိုပါတယ်။

    ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်ဟာ အာဏာကို နှစ်ပေါင်း ၄၀ နီးပါး ရယူထားပြီး အတိုက်အခံတွေကို ပြင်းပြင်းထန်ထန်နှိပ်ကွပ်တဲ့အတွက် နိုင်ငံတကာအသိုင်းအ၀ိုင်းရဲ့ ဝေဖန်မှုကို ခံနေရသူပါ။ သူ့နေရာကို စစ်တပ်အကြီးအကဲအဖြစ် တာဝန်ထမ်းဆောင်နေတဲ့ သားဖြစ်သူက ဆက်ခံလိမ့်မယ်လို့ ဟွန်ဆန်က ပြီးခဲ့တဲ့တစ်ပတ်မှာ လူသိရှင်ကြား ပြောကြားခဲ့ပါတယ်။

    Ref: Reuters

  • ယူအေအီးအမျိုးသားလုံခြုံရေးအကြံပေး အီရန်ရောက်နေ

    ယူအေအီးအမျိုးသားလုံခြုံရေးအကြံပေး အီရန်ရောက်နေ

    ဒီဇင်ဘာ ၆၊ ၂၀၂၁
    M-Media

    ရှိခ်သာနွန်ဟာ နှင့် အလီ ရှမ်ခါနီ၊

    -အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး) နိုင်ငံရဲ့ အမျိုးသားလုံခြုံရေးအကြံပေး ရှိခ် သာနွန် ဘင် ဇယဒ် အလ် နဟ်ယန်ဟာ အီရန်နိုင်ငံကို အလည်အပတ်ရောက်ရှိနေပါတယ်။

    ယူအေအီးနဲ့ အီရန်တို့ဟာ ဒေသတွင်းပြဿနာတွေမှာ ဆန့်ကျင်ဖက်အဖွဲ့အစည်းဖက်က ပါဝင်ရပ်တည်ပေးနေပြီး ဆက်ဆံရေးတင်းမာနေတာပါ။ ဒါပေမယ့် ပြီးခဲ့တဲ့နှစ်ကစလို့ တင်းမာမှုတွေလျော့ကျအောင် ဆောင်ရွက်လာပါတယ်။

    ရှိခ်သာနွန်ဟာ အီရန်အမျိုးသားလုံခြုံရေးအကြီးအကဲ အလီ ရှမ်ခါနီ၊ သမ္မတ အီဘရာဟင် ရိုင်စီတို့နဲ့ ဒီကနေ့မှာ တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံဆက်ဆံရေး ကောင်းမွန်အောင်နဲ့ ဒေသတွင်းပြဿနာတွေ ဖြေရှင်းရေး ဆွေးနွေးခဲ့ကြပါတယ်။

    အီရန် အမျိုးသားလုံခြုံရေးအကြီးအကဲ ရှမ်ခါနီက အရှေ့အလယ်ပိုင်းဒေသကို ပြင်ပက ဝင်ရောက်စွက်ဖက်တာမျိုး မရှိသင့်ကြောင်း၊ စစ်ရေးနဲ့ လုံခြုံရေးဆိုင်ရာ ပြဿနာတွေကို ဆွေးနွေးညှိနှိုင်းမှုတွေကနေတစ်ဆင့်သာ ဖြေရှင်းသင့်ကြောင်း ပြောကြားခဲ့ပြီး ရှိခ်သာနွန် လာရောက်လည်ပတ်မှုဟာ နှစ်နိုင်ငံဆက်ဆံရေး စာမျက်နှာသစ်စတင်ကာ၊ ဒေသတွင်း ဆက်ဆံရေး ချဲ့ထွင်ဖို့ အခြေခံ​အုပ်မြစ်ဖြစ်တယ်လို့လည်း ဆိုပါတယ်။

    ဒေသတွင်းရန်ဖက်နိုင်ငံတွေဖြစ်တဲ့ ဆော်ဒီနဲ့ အီရန်တို့လည်း ပြီးခဲ့တဲ့လတွေအတွင်း ဆက်ဆံရေး တိုးတက်ကောင်းမွန်အောင် ကြိုးစားလာခဲ့ပြီး ဧပြီလကစလို့ နှစ်ဖက်ထိပ်ပိုင်းခေါင်းဆောင်တွေ အီရတ်မှာ လျှို့ဝှက် တွေ့ဆုံနွေးနွေးတာတွေ လုပ်ဆောင်ခဲ့ပါတယ်။

    Ref : Aljazeera

  • စစ်ကောင်စီက လီဆယ်ထောင်ချမှုကို ကုလလူ့အခွင့်အရေးအကြီးအကဲ ပြင်းပြင်းထန်ထန်ဝေဖန်

    စစ်ကောင်စီက လီဆယ်ထောင်ချမှုကို ကုလလူ့အခွင့်အရေးအကြီးအကဲ ပြင်းပြင်းထန်ထန်ဝေဖန်

    ဒီဇင်ဘာ ၆၊ ၂၀၂၁
    M-Media

    -နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ်ချမှတ်တာဟာ နိုင်ငံရေးအရ နှိပ်ကွပ်တာဖြစ်တယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာအကြီးအကဲ မီရှဲလ်ဘာချလတ်က ပြောကြားပြီး ချက်ခြင်း ပြန်လွှတ်ပေးဖို့လည်း တောင်းဆိုလိုက်ပါတယ်။

    အသက် ၇၆ နှစ်အရွယ် ဒေါ်အောင်ဆန်းစုကြည်ဟာ သမ္မတ ဦးဝင်းမြင့်နဲ့အတူ နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ၊ သဘာ၀ဘေးအန္တရာယ် စီမံခန့်ခွဲမှု ဥပဒေတွေနဲ့ ဒီကနေ့ ထောင်ဒဏ် ၄ နှစ် ချမှတ်ခံခဲ့ရပါတယ်။

    “စစ်တပ်ကထိန်းချုပ်တဲ့ တရားရုံးမှာ လူမသိသူမသိ လီဆယ်တရားစွဲဆိုပြီး နိုင်ငံတော်အတိုင်ပင်ခံကို ထောင်ချလိုက်တာဟာ နိုင်ငံရေးအရ နှိပ်ကွပ်ဖို့ကလွဲပြီး တစ်ခြားမဟုတ်ပါဘူး။ သူမရဲ့ လွတ်မြောက်ခွင့်ကို တစ်ဖက်သက်ငြင်းဆန်တာတင်မကဘဲ နိုင်ငံရေးဆွေးနွေးမှုတခါးကိုပါ ပိတ်လိုက်တာပါ” လို့ ဘာချလတ်ရဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

    ကရင်ပြည်နယ် ဝန်ကြီးချုပ်နဲ့ စီမံကိန်းဝန်ကြီးတို့ကို ပြီးခဲ့တဲ့လက စစ်ကောင်စီကနေ ထောင်ဒဏ် ၇၆ နှစ်နဲ့ နှစ် ၉၀ အသီးသီးချမှတ်လိုက်တာကို ဘာချလတ်က ​ထောက်ပြခဲ့ပြီး နိုင်ငံရေးအတိုက်အခံတွေကို ဖယ်ရှားရေးအတွက် တရားရေးကို စစ်ကောင်စီက အလွဲသုံးစားလုပ်နေတယ်လို့လည်း ဝေဖန်ခဲ့ပါတယ်။

    “တရားဥပဒေ ချိုးဖောက်အာဏာသိမ်းထားပြီး၊ စစ်အာဏာရှင်စနစ်သွားနေတာကို ဒီလိုတရားစွဲဆိုမှုတွေနဲ့ ဖုံးထားလို့ မရပါဘူး”

    မနေ့က ကြည့်မြင်တိုင်မှာ ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေကို စစ်ကောင်စီတပ်ဖွဲ့တွေက ကားနဲ့ ရက်ရက်စက်စက် တိုက်သတ်မှုကို ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်းလည်း ဘာချလတ်က ထည့်သွင်းပြောဆိုခဲ့ပြီး ဒါဟာ လက်ရှိ တင်းမာမှုတွေ၊ တိုက်ခိုက်မှုတွေကို ပိုမိုဆိုးရွားစေလိမ့်မယ်လို့လည်း သတိပေးခဲ့ပါတယ်။

    Ref: AFP