News @ M-Media

Blog

  • မဟာဗျူဟာကျသည့်မြို့တစ်မြို့ကို IS ထံမှ ဆီးရီးယားကာ့ဒ်များ သိမ်းပိုက်

    မဟာဗျူဟာကျသည့်မြို့တစ်မြို့ကို IS ထံမှ ဆီးရီးယားကာ့ဒ်များ သိမ်းပိုက်

    ဇွန် ၁၆၊ ၂၀၁၅
    M-Media

    syria

    – ဆီးရီးယားရှိ IS တပ်ဖွဲ့များ ခြေကုပ်ယူထားရာ အလ်-ရက်ကာပြည်နယ်၏ အဓိက ထောက်ပံ့ရေးလမ်းကြောင်းဖြစ်ပြီး မဟာဗျူဟာကျသည့် တဲလ်အဘ်ယဒ်မြို့ကို မိမိတို့က သိမ်းပိုက်လိုက်သည်ဟု ဆီးရီးယားရှိ ကာ့ဒ်တပ်ဖွဲ့က ပြောကြားလိုက်သည်။

    “အခုဆိုရင် လုံးဝ ထိန်းချုပ်နိုင်ခဲ့ပါပြီ” ဟု ကာ့ဒ်ပြည်သူကာကွယ်ရေးတပ်ဖွဲ့ YPG မှ ပြောရေးဆိုခွင့်ရှိသူ ရီဒါရ် ဇီလီလ်က ယမန်နေ့တွင် ပြောကြားခဲ့သည်။ ကာ့ဒ်တပ်ဖွဲ့များမှာ တဲလ်အဘ်ယဒ်မြို့ကို သိမ်းပိုက်ရန်အတွက် အလျင်အမြန် ထိုးစစ်ဆင်မှုများ ပြုလုပ်ခဲ့ပြီး အမေရိကန်ဦးဆောင်သည့် မဟာမိတ်များကလည်း လေကြောင်းမှ ကူညီပစ်ခတ်ပေးခဲ့သည်။

    တိုက်ပွဲများကြောင့် တဲလ်အဘ်ယဒ်မြို့မှ ပြည်သူ ၁၆၀၀၀ ကျော်မှာ တူရကီနိုင်ငံအတွင်းသို့ လွန်ခဲ့သည့် ၂ ပတ်အတွင်း ထွက်ပြေးတိမ်းရှောင်သွားခဲ့ရသည်။

    “ကျွန်တော်တို့ဟာ IS အဖွဲ့ရဲ့ အကြမ်းဖက်ခြင်းကို ခံခဲ့ရပါတယ်။ အားလုံးက ဗုံးကြဲနေတာကြောင့် ကျွန်တော်တို့ ထွက်ပြေးခဲ့တာပါ။ ဘယ်တော့မှ ပြန်မသွားတော့ပါဘူး။ အဲဒီမှာ ခင်ဗျားဟာ သေသွားဖို့ တစ်နေ့ကို အကြိမ် ၁၀၀ လောက် နီးစပ်ပါတယ်” ဟု ဒုက္ခသည်တစ်ဦးက ပြောကြားခဲ့သည်။

    တဲလ်အဘ်ယဒ်တွင် တိုက်ခိုက်မှုများ မြင့်တက်လာပြီး အန္တရာယ်များ များလာခြင်းကြောင့် ဆီးရီးယားဒုက္ခသည်များအတွက် နယ်စပ်ဂိတ်ကို ဖွင့်ပေးရန် တူရကီအာဏာပိုင်များက သဘောတူညီခဲ့သည်။ အဆိုပါမြို့အား သိမ်းပိုက်နိုက်ခြင်းက တူရကီနယ်စပ်မှ IS ၏ အဓိက ထောက်ပံ့ရေးလမ်းကြောင်းကို ဖြတ်တောက်နိုင်ခဲ့ခြင်းလည်း ဖြစ်သည်။

    Ref: Aljazeera

  • အုပ်စုဒုတိယပွဲတွင် တိုက်စစ်အသားပေးဖြင့် အာဂျင်တီးနားကစားမည်

    အုပ်စုဒုတိယပွဲတွင် တိုက်စစ်အသားပေးဖြင့် အာဂျင်တီးနားကစားမည်

    ဇွန် ၁၆၊ ၂၀၁၅
    M-Media

    martino

    – ကိုပါအမေရိကဖလား အဖွင့်ပွဲတွင် သရေကျခဲ့သော်လည်း ယနေ့တွင်ကစားမည့် အရေးပါသည့်ပွဲအတွက် တိုက်စစ်အသားပေးပုံစံဖြင့်သာ ပွဲထွက်သွားမည်ဟု အာဂျင်တီးနားနည်းပြ မာတီနိုက ပြောကြားလိုက်သည်။

    စနေနေ့က ကစားခဲ့သည့် ပါရာဂွေးနှင့်ပွဲတွင် အာဂျင်တီးနားမှာ ၂ ဂိုးပြတ်ဖြင့် ဦးဆောင်နိုင်ခဲ့သော်လည်း မထိန်းနိုင်ခဲ့ဘဲ ချေပဂိုးများ ပေးခဲ့ရကာ သရေတစ်မှတ်ဖြင့်သာ ကျေနပ်ခဲ့ရသည်။ ထိုပွဲတွင် တိုက်စစ်၌ တီဗက်ဇ်နှင့် ဟီဂူအင်တို့ကို အသုံးပြုမှုအတွက် မာတီနိုမှာ ဝေဖန်ခြင်း ခံခဲ့ရသည်။

    ယနေ့တွင် အာဂျင်တီးနားမှာ ဥရုဂွေးအသင်းနှင့် ကစားရမည်ဖြစ်ပြီး ထိုပွဲမှာ နောက်တစ်ဆင့်တက်ရေးအတွက် အရေးပါသောပွဲဖြစ်ကာ မာတီနိုကမူ အသင်းအား တိုက်စစ်အသားပေးသွားမည်ဟု ပြောကြားခဲ့သည်။

    “ကျွန်တော် ဒီပုံစံပဲထပ်လုပ်မှား? ဒီမေးခွန်းကို အခုဖြေဖို့ ခက်ပါတယ်။ ဆုံးဖြတ်ချက်ချဖို့ အချိန်ရှိပါတယ်။ အန္တရာယ်တွေအတွက် ကျွန်တော့်မှာ ရှင်းလင်းတဲ့ အယူအဆ ရှိပါတယ်။ ဘယ်တော့ သူတို့ကို ထုတ်သုံးရမယ်။ ဘယ်တော့ကျရင် သက်တောင့်သက်သာဖြစ်မယ်၊ မဖြစ်ဘူး ဆိုတာမျိုးပါ။ ပြီးတော့ တီဗက်ဇ်နဲ့ ဟီဂူအင်တို့ရဲ့ အရည်အသွေးက ပွဲကို ကျွန်တော်တို့သာအောင် အဆုံးအဖြတ်ပေးနိုင်မယ်လို့ ကျွန်တော် ဆုံးဖြတ်ထားပါတယ်။ သက်ရောက်မှုတိုင်းမှာ အမြဲတမ်း
    စွန့်စားရတာမျိုးတွေတော့ ရှိပါလိမ့်မယ်” ဟု မာတီနိုက ယမန်နေ့က ပြုလုပ်ခဲ့သည့် ပွဲအကြို သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

    မာတီနိုကမူ ပါရာဂွေးနှင့်ပွဲတွင် မိမိတို့အသင်းမှာ ဦးဆောင်ဂိုး ၂ ဂိုးအား ထိန်းထားခဲ့သင့်သည်ဟု ၀န်ခံခဲ့သော်လည်း ဒုတိယပိုင်းတွင် ကစားပုံဆိုးရွားခဲ့သည်ဟု ပြောကြားခဲ့သည်။ အာဂျင်တီးနားအသင်းမှာ ကိုပါအမေရိကဖလားတွင် ဘရာဇီးလ်အသင်းနှင့်အတူ ဗိုလ်စွဲရန ရေပန်းစားနေသည့် အသင်းလည်း ဖြစ်သည်။

    Ref: Goal

  • အမေရိကန်၏ ဥရောပ၌ စစ်ရေးချဲ့ထွင်မှုကို တုံ့ပြန်မည်ဟု ရုရှားပြော

    အမေရိကန်၏ ဥရောပ၌ စစ်ရေးချဲ့ထွင်မှုကို တုံ့ပြန်မည်ဟု ရုရှားပြော

    ဇွန် ၁၆၊ ၂၀၁၅
    M-Media

    – နေတိုးအဖွဲ့ဝင်နိုင်ငံများမှ ရုရှားနယ်စပ်တွင် တိုက်ပွဲဝင်တင့်ကားများ၊ လက်နက်ကြီးများထားရှိရန် အမေရိကန်၏ အစီအစဉ်က စစ်အေးခေတ်နောက်ပိုင်း ရန်အလိုဆုံးလုပ်ရပ်ဖြစ်ပြီး မိတို့က တပ်ဖွဲ့ဝင်များ တိုးမြှင့်ချထားခြင်းဖြင့် တုံ့ပြန်သွားမည်ဟု ရုရှားကာကွယ်ရေးဝန်ကြီးဌာနမှ ယမန်နေ့တွင် ပြောကြားလိုက်သည်။

    အမေရိကန်မှာ ဘောလ်တစ်နိုင်ငံများနှင့် အရှေ့ဥရောပနိုင်ငံများတွင် စစ်ဘက်ဆိုင်ရာ လက်နက်ကိရိယာများ ထားရှိရန် ဆောင်ရွက်မှုများ ပြုလုပ်နေပြီး ယူကရိန်းပြဿနာကြောင့် ရုရှားအပေါ် စိုးရိမ်မှုများရှိနေသည့် မဟာမိတ်နိုင်ငံများအား ပူပင်မှုမရှိစေရန် ဆောင်ရွက်ခြင်းလည်း ဖြစ်သည်။

    “တကယ်လို့ တင့်ကားတွေ၊ အဝေးပစ်အမြောက်တွေနဲ့ အခြားပစ္စည်းတွေအပါအ၀င် အမေရိကန် စစ်ဘက်ဆိုင်ရာ လက်နက်ကိရိယာတွေဟာ အရှေ့ဥရောပနဲ့ ဘောလ်တစ်နိုင်ငံတွေမှာ တကယ် ထားရှိသွားမယ်ဆိုရင် ဒါဟာ စစ်အေးခေတ်နောက်ပိုင်း ပင်တဂွန်နဲ့ နေတိုးအဖွဲ့တို့ရဲ့ အမြင့်ဆုံး ရန်စမှုခြေလှမ်းပါပဲ။ ရုရှားကတော့ အနောက်ဘက် ဗျူဟာကျတဲ့နေရာတွေမှာ တပ်ဖွဲ့တွေနဲ့ စစ်လက်နက်တွေ တိုးမြှင့်ချထားဖို့ကလွဲလို့ အခြား ရွေးချယ်စရာ မရှိပါဘူး” ဟု ရုရှား ကာကွယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူ ဗိုလ်ချုပ် ယူရီ ယာကူဘော့ဗ်က ပြောကြားခဲ့သည်။

    ထို့ပြင် အမေရိကန်၏ ထိုအစီအစဉ်အတွက် ရုရှားမှ တုံ့ပြန်မှုတွင် ပိုလန်နှင့် လစ်သူယေးနီးယား နယ်စပ်များနှင့် ထိနေသော ရုရှားပိုင် ကလင်နင်ဂါ့ဒ်နယ်မြေတွင် အစ္စကန်ဒါ ဒုံးကျည်များ ချထားခြင်းနှင့် ဆိုဗီယက်လက်အောက်ခံဟောင်း ဘယ်လာရုဇ်နိုင်ငံတွင် တပ်ဖွဲ့ဝင်များ ပိုမိုချထားခြင်းတို့လည်း ပါဝင်မည်ဟု ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

    ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနကမူ ထိုသို့ဆောင်ရွက်မှုက ထိရောက်မည်ဟု မျှော်လင့်ပြီး ဥရောပရှိ အခြေအနေကို အန္တရာယ်ရှိသည့် အကျိုးဆက်များ ဖြစ်နိုင်သော စစ်ဘက်ဆိုင်ရာ ရင်ဆိုင်မှုများအသစ်များအထိ ဖြစ်ပွားခြင်းမှ တားဆီးပေးလိမ့်မည်ဟု ပြောကြားခဲ့သည်။

    Ref: Refuters

  • နာဇီစင်္ကြာတံဆိပ်အတွက် ခရိုအေးရှားဘောလုံးအဖွဲ့ချုပ်ကို တရားစွဲမည်

    နာဇီစင်္ကြာတံဆိပ်အတွက် ခရိုအေးရှားဘောလုံးအဖွဲ့ချုပ်ကို တရားစွဲမည်

    ဇွန် ၁၆၊ ၂၀၁၅
    M-Media

    croatia

    – အီတလီနှင့် ကစားခဲ့သည့်ပွဲတွင် ကွင်းအတွင်း မြက်ခင်းပြင်ပေါ်၌ နာဇီစင်္ကြာတံဆိပ် ပေါ်ခဲ့သည့်တွက် ခရိုအေးရှားဘောလုံးအဖွဲ့ချုပ်အား တရားစွဲဆိုရန် ဆောင်ရွက်နေသည်ဟု ယူအီးအက်ဖ်အေ ပြောကြားလိုက်သည်။

    ယူရို ၂၀၁၆ ခြေစစ်ပွဲအဖြစ် ခရိုးရှားတွင် ပြီးခဲ့သည့် သောကြာနေ့က ကစားခဲ့သည့် အဆိုပါပွဲ၌ အိမ်ရှင် ခရိုအေးရှားအသင်းကွင်းဘက်တွင် နာဇီစင်္ကြာတံဆိပ်ကို တွေ့ရှိခဲ့ရခြင်းဖြစ်ပြီး ပထမပိုင်းအပြီး၌ ဖျက်ခဲ့သော်လည်း အကုန်ဖျက်၍ မရခဲ့ပေ။

    ထိုအဖြစ်အပျက်နှင့်ပတ်သက်၍ ခရိုအေးရှားဘောလုံးအဖွဲ့ချုပ်က တောင်းပန်ခဲ့သည်။ သို့သော်လည်း ဥရောပဘောလုံးအဖွဲ့ချုပ် ယူအီးအက်ဖ်အေက စုံစမ်းစစ်ဆေးများ ပြုလုပ်နေပြီး လူမျိုးရေးခွဲခြားသည့် အပြုအမူနှင့် ဆက်စပ်သည့် ၎င်းတို့၏ စည်းမျဉ်းစည်းကမ်းကို ချိုးဖောက်မှုဖြင့် ခရိုအေးရှား ဘောလုံးအဖွဲ့ချုပ်အား တရားစွဲဆိုရန် ဆောင်ရွက်နေသည်ဟု အတည်ပြုခဲ့သည်။

    မတ်လကလည်း နော်ဝေအသင်းနှင့် ကစားခဲ့သည့်ပွဲတွင် ခရိုအေးရှားပရိတ်သတ်များက လူမျိုးရေးခွဲခြားသည့် ကြွေးကျော်သံများကို ကြွေးကြော်ခဲ့သောကြောင့် အီတလီနှင့်ပွဲတွင် ပရိတ်သတ်မပါဘဲ ကွင်းပိတ်ကစားရန် ယူအီးအက်ဖ်အေက ခရိုအေးရှားအသင်းအား ပြစ်ဒဏ်ချမှတ်ခဲ့သည်။

    ခရိုအေးရှားအပြင် ရိုးမေးနီးယားနှင့် သရေကျခဲ့သောပွဲတွင် “ကွင်းအတွင်း မီးရှူးမီးပန်းများနှင့် အရာဝတ္ထုများ ပစ်ပေါက်မှု” ဖြင့် အိုင်ယာလန်ဘောလုံးအဖွဲ့ချုပ်ကိုလည်းကောင်း၊ အစ္စရေးနှင့်ပွဲတွင် “နိုင်ငံတော်သီချင်း သီဆိုမှုအား နှောက်ယှက်မှု၊ မီးရှူးမီးပန်းများနှင့် အရာဝတ္ထုများ ပစ်ပေါက်မှုနှင့် လူမျိုးရေးခွဲခြားသော အပြုအမူ” များအတွက် ဘော့စနီးယား ဟာဇိဂိုဗီနာ
    ဘောလုံးအဖွဲ့ချုပ်ကိုလည်းကောင်း တရားစွဲဆိုရန် ယူအီးအက်ဖ်အေက စုံစမ်းမှုများ ပြုလုပ်နေသည်။

    Ref: Goal

  • ရမ်ဇာန်တွင် မွတ်စလင်များ ပရဟိတလုပ်ငန်းများ တိုးမြှင့်

    ရမ်ဇာန်တွင် မွတ်စလင်များ ပရဟိတလုပ်ငန်းများ တိုးမြှင့်

    ဇွန် ၁၆၊ ၂၀၁၅
    M-Media

    ramdan

    – မကြာမီကျရောက်လာတော့မည့် ရမ်ဇာန်ဥပုသ်လကို ကြိုဆိုသောအနေဖြင့် ကမ္ဘာတစ်ဝှမ်းရှိ အစ္စလာမ်ဘာသာဝင်များမှာ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးအပ်မှုများကို တိုးမြှင့်လုပ်ဆောင်လာကြပြီး ဥပုသ်လအတွင်းတွင်လည်း ဆင်းရဲသားများ၊ အိမ်ယာမဲ့များကို အစားသောက်များ ဝေငှလှူဒါန်းမှုများ ပြုလုပ်ရန် စီစဉ်နေကြသည်။

    “ခက်ခဲပေမယ့် ဒီရမ်ဇာန်လက ဘာမှမရှိဘဲနဲ့ ဖြတ်သန်းနေရတဲ့ ဘ၀တွေဟာ ဘယ်လိုလဲဆိုတာကို နားလည်ဖို့ ဖြစ်ပါတယ်။ ကျွန်တော်တို့မှာ ရှိတဲ့ တစ်ခုခုကို ပြန်မျှဖို့လည်း ဖြစ်ပါတယ်။ ပြီးတော့ ဒီလဟာ အိမ်ယာမဲ့သူတွေ၊ ချို့တဲ့သူတွေကို ကျွန်တော်တို့မှာရှိတာတွေ ပြန်လည်မျှဝေဖို့ အခွင့်အရေးဖြစ်တယ်လို့ ကျွန်တော်တို့ ခံစားရပါတယ်” ဟု အင်္ဂလန်ရှိ ဘာမင်ဂမ်
    အနောက်မြောက်ပိုင်း ၀ဲလ်ဆောလ်မှ As Suffa ပရဟိတအစီအစဉ် အကြီးအကဲဖြစ်သူ နဒီမ်း အက်ရှ်ရက်ဖ်က ပြောကြားခဲ့သည်။

    ဇွန်လ ၁၈ ရက်နေ့တွင် ကျရောက်မည့် ရမ်ဇာန်ဥပုသ်လအတွက် ပြင်ဆင်နေသော အက်ရှ်ရက်ဖ်တို့အဖွဲ့မှာ ဥပုလ်လအတွင်း တစ်ရက်လျှင် အိမ်ယာမဲ့ ၄၀ ကို ကျွေးမွေးသွားမည်ဖြစ်ကာ ထိုအစီအစဉ်တွင် ပါဝင်မည့် စေတနာ့ဝန်ထမ်းများက အစားအသောက်များကို ရမ်ဇာန်တစ်လလုံး လိုက်လံဝေငှသွားမည်ဖြစ်သည်။

    As Suffa မှာ အာရဗီအသံထွက်ဖြစ်ပြီး “နေရာထိုင်ခင်း” ဟု အဓိပ္ပါယ်ရသည်။ ထိုအစီအစဉ်ကို အလ်တက်ဖ်ကာဇီနှင့် ဇာကီရန် ၀ါလီမီယာတို့က ပြီးခဲ့သည့်နှစ်မှစ၍ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကာ တစ်ပတ်လျှင် ၂ ကြိမ်ကျ အိမ်ယာမဲ့များနှင့် ချို့တဲ့သူများကို အစားသောက်များ လှူဒါန်း ဝေငှခဲ့ကြသည်။

    စားသောက်ဆိုင်များကလည်း ၎င်းတို့၏ လှုပ်ရှားမှုတွင် ပူးပေါင်းပါဝင်ခဲ့ကြပြီး ၎င်းတို့ စတင်ခဲ့သည့် အချိန်မှစ၍ ယနေ့အထိ လူပေါင်း ၃ ထောင်ကျော်ကို အစားသောက်များ ဝေငှနိုင်ခဲ့သည်။

    ဆော်ဒီတွင်လည်း ဆောင်ရွက်

    ဆောဒီအာရေဗျရှိ Al-Margab ရုပ်သံလိုင်းမှ Al-Khair Yagmana (ပျော်ရွှင်မှုအတွက် စုစည်းခြင်း) အစီအစဉ်ကို စီစဉ်တင်ဆက်သည့် မိုဟ်ဆင် ရှိခ် အလ်-ဟာဆန်က ရမ်ဇာန်လအတွင်း လှူဒါန်းမှုများ ပြုလုပ်ရန် ရန်ပုံငွေများကို ကောက်ခံနေသည်။

    “ထင်ရှားကျော်ကြားသူတွေဟာ ရမ်ဇာန်နဲ့ပတ်သက်ပြီး အကြောင်းအရာအမျိုးမျိုးကို ဆွေးနွေးကြပါလိ့မ်မယ်။ လိုအပ်နေသူတွေအတွက် လှူဒါန်းဖို့အတွက် တစ်ဦးတစ်ယောက်ချင်းစီကို သူတို့ တိုက်တွန်းဖို့ မျှော်လင့်နေပါတယ်” ဟု အလ်-ဟာဆန်က Arab News သတင်းဌာနသို့ ပြောကြားခဲ့သည်။

    ထို့ပြင် ဆန်၊ သကြား၊ စွန်ပလွံသီးနှင့် အသားများကို လှူဒါန်းမည့်သူများမှာ ၎င်းထံ စာရင်းပေးထားကြသည်ဟုလည်း ထည့်သွင်းပြောကြားခဲ့သည်။

    ရမ်ဇာန်လမှာ အစ္စလာမ့်ပြက္ခဒိန်တွင် အမြင့်မြတ်ဆုံးလဖြစ်ပြီး ထိုလတွင် အရွယ်ရောက်ပြီးသော အစ္စလာမ်ဘာသာဝင် အမျိုးသား၊ အမျိုးသမီးတိုင်း ဥပုသ်သီလစောင့်တည်ရန် မလုပ်မနေရအဖြစ် အစ္စလာမ်က သတ်မှတ်ထားသည်။

    သို့သော်လည်း ကျန်းမာရေးမကောင်းသောသူများ၊ ခရီးသွားသူများနှင့် ဥပုသ်သီလ ဆောက်တည်ခြင်းကြောင့် ကျန်းမာရေးအခြေအနေ ဆိုးရွားလာနိုင်သည့် အန္တရာယ်ရှိသူများအနေဖြင့် ပလပ်ခွင့်ရှိသည်။

    ဥပုသ်သီလဆောက်တည်ခြင်း၏ ရည်ရွယ်ချက်မှာ မိမိတို့စိတ်အတွင်းရှိ မကောင်းသောစိတ်ဓာတ်များအား ပယ်သတ်ရန်၊ ပြစ်မှုအကုသိုလ်များကို ရှောင်ကျဉ်ရန်နှင့် ဆာလောင်မွတ်သိပ်နေသူများ၏ အခြေအနေကို နားလည်ခံစားတတ်စေရန် ဖြစ်သည်ဟု
    အစ္စလာမ့်ဓမ္မပညာရှင်များက ဟောကြားကြသည်။

    Ref: Onislam