News @ M-Media

စင်ကာပူရှိ မွတ်စလင်မဟုတ်သူ လွှတ်တော်အမတ်များနှင့် တက်ကြွလှုပ်ရှားသူများ မွတ်စလင်များနှင့်အတူ တစ်ရက်တာ ဥပုသ်သီလဆောက်တည်

ဇွန် ၂၁၊ ၂၀၁၅
M-Media

mp

– စင်ကာပူနိုင်ငံမြောက်ပိုင်း Sembawang GRC ဒေသ၏ ဟာရီရာယာဈေးပွဲတော် ဖွင့်လှစ်ရာ၌ အစ္စလာမ်ဘာသာဝင်မဟုတ်သူ လွှတ်တော်အမတ်များနှင့် အခြေခံလူတန်းစားအရေး တက်ကြွလှုပ်ရှားသူ ၅၀ ကျော်မှာ အစ္စလာမ်ဘာသာဝင်များနှင့်အတူ ယမန်နေ့တွင် ဥပုသ်သီလ ဆောက်တည်ခဲ့ကြသည်ဟု သိရသည်။

“မနက် ၄ နာရီခွဲထပြီး နံနက်စာ (ဆဲဟ်ရီဝါထမင်း) အတွက် ပြင်ဆင်ဖို့ ကျွန်တော့်ကို ပြောပါတယ်။ ဒါ့ကြောင့် မနေ့ညက ကျွန်တော် ကောင်းကောင်း အိပ်မပျော်ပါဘူး။ ကျွန်တော် ၃ နာရီခွဲ ထပြီး ဒီအချိန်ဆိုရင်တော့ အဆင်ပြေပါတယ်လို့ တွက်ခဲ့ပါတယ်။ကျွန်တော်အောက်ဆင်းသွားပြီး မနက်စာ စားလိုက်ပါတယ်။ အဲဒီ ၃ နာရီခွဲကတည်းက ကျွန်တော် ဘာမှ မစားတော့ပါဘူး” အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီး ကော်ဘွန်ဝမ်က ပြောကြားခဲ့သည်။ ၎င်းမှာ Sembawang GRC ဒေသ ကိုယ်စားပြု အမတ်လည်းဖြစ်သည်။

အဆိုပါ ဟာရီယာရာဈေးပွဲတော်မှာ ၁၄ နှစ်မြောက်ဖြစ်ပြီး ရမ်ဇာန်နှင့် ဟာရီရာယာ (အီဒွလ်ဖစ်သီရ်) ပွဲတော်အတွက် ပြင်ဆင်ရာတွင် Sembawang ဒေသ၌ နေထိုင်ကြသည့် မွတ်စလင်များ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန်အတွက် ရည်ရွယ်စီစဉ်ခြင်းဖြစ်သည်။

ယခုနှစ်တွင် ဟင်းသီးဟင်းရွက်များ လှူဒါန်းခြင်းနှင့် လှူဒါန်းငွေများ လက်ခံခြင်း စသည့် လှုပ်ရှားမှုများအပါအ၀င် Yusof Ishak ဗလီဝတ်ကျောင်းတော် တည်ဆောက်မှု ရန်ပုံငွေရရှိရေးအတွက် အထောက်အပံ့ဖြစ်စေမည့် အထူးဆောင်ရွက်မှုများလည်း
ပါဝင်မည်ဖြစ်သည်။

စီစဉ်သူများကမူ ဗလီဝတ်ကျောင်းတော်တည်ဆောက်ရေး ရန်ပုံငွေအတွက် အဆိုပါလှုပ်ရှားမှုများမှ စင်ကာပူဒေါ်လာတစ်သိန်းခန့် ရရှိမည်ဟု မျှော်လင့်ထားသည်။

Ref: Channelnewsasia

Comments

Leave a Reply