News @ M-Media

Blog

  • စိတ်ပျက်သည့်အချိန်တွင် ရော်နယ်ဒိုက အားဖြစ်စေသည်ဟု ဟာနန်ဒက်ဇ်ပြော

    စိတ်ပျက်သည့်အချိန်တွင် ရော်နယ်ဒိုက အားဖြစ်စေသည်ဟု ဟာနန်ဒက်ဇ်ပြော

    ဇွန် ၁၉၊ ၂၀၁၅
    M-Media

    real

    – မိမိအနေဖြင့် အရန်ခုံ၌ ထိုင်ရသည်ကို မပျော်ရွှင်ဟု ရီးယဲလ်တိုက်စစ်မှူး ဟာနန်ဒက်ဇ်က ပြောကြားလိုက်ပြီး မိမိ စိတ်ပျက်အားလျော့သည့် အချိန်များတွင် အသင်းဖော် ရော်နယ်ဒိုက အားအင်ဖြစ်စေသည်ဟု ဆိုသည်။

    မန်ချက်စတာယူနိုက်တက်မှ ပြီးခဲ့သည့်နှစ်တွင် တစ်ရာသီအငှားစာချုပ်ဖြင့် ရီးယဲလ်သို့ ပြောင်းရွှေ့လာသည့် ဟာနန်ဒက်ဇ်မှာ အသင်းတွင် လူစားဝင်ကစားသမားအနေဖြင့်သာ ပါဝင်ခဲ့ရပြီး လာလီဂါတွင် ၇ ပွဲသာ ပါဝင်ကစားခွင့်ရခဲ့သည်။

    ဟာနန်ဒက်ဇ်ကလည်း ၎င်းအနေဖြင့် အရန်ခုံတွင် ထိုင်နေရသည်ကို စိတ်ပျက်မိပြီး ရော်နယ်ဒိုအပါအ၀င် အသင်းဖော်များထံမှ အများအပြား သင်ယူခဲ့သည်ဟု ဆိုသည်။

    “ခရစ္စတီယာနိုက ကြီးကျယ်တဲ့ကစားသမားပါ။ သူ့ကောင်းကြောင်းဖော်ပြဖို့ စကားလုံးတောင် မရှိပါဘူး။ သူဟာ အောင်မြင်တဲ့ အလုပ်ကြိုးစားမှုအတွက် ထင်ရှားတဲ့ ဥပမာလည်း ဖြစ်ပါတယ်။ ရီးယဲလ်က တစ်ရာသီဟာ သင်ယူမှုတွေနဲ့ ပြည့်ခဲ့ပါတယ်။ ကစားသမားတစ်ယောက်အဖြစ် ကိုယ့်ကိုကိုယ်သိဖို့လည်း အကူအညီဖြစ်စေခဲ့ပါတယ်။ ကျွန်တော်ဟာ အရန်ခုံမှာ တော်တော်များများ
    ရှိခဲ့ပါတယ်။ အဲဒါကို စိတ်ပျက်ရပြီး ဘာ့ကြောင့်လည်းဆိုတော့ ကျွန်တော်ဟာ အရေးမပါတဲ့ ကစားသမားပုံစံမျိုး ဖြစ်နေလို့ပါပဲ” ဟု ဟာနန်ဒက်ဇ်က Univision သို့ ပြောကြားခဲ့သည်။

    အသင်း၌ အဓိကအခန်းကဏ္ဍမှ မပါဝင်ရသော်လည်း ဟာနန်ဒက်ဇ်မှာ ပါဝင်ခွင့်ရသည့် ပွဲများတွင် ခြေစွမ်းပြနိုင်ခဲ့ပြီး ချန်ပီယံလိဂ်ကွာတားဖိုင်နယ် ဒုတိယအကျော့ အက်သလက်တီကိုနှင့်ပွဲတွင် အသင်းအတွက် အရေးပါသည့် အနိုင်ဂိုးကို သွင်းယူပေးနိုင်ခဲ့သည်။ ဟာနန်ဒက်ဇ်ကမူ ထိုဂိုးမှာ ၎င်းအတွက် မီးမောင်းထိုးပြစရာ ဖြစ်ခဲ့သည်ဟု ဆိုသည်။

    ဟာနန်ဒက်ဇ်၏ ရီးယဲလ်နှင့် အနာဂတ်မှာ မသေချာသေးဘဲ ဥရောပရှိ အသင်းကြီးတော်တော်များများကမူ ၎င်းအား ခေါ်ယူရန် စိတ်ဝင်စားနေသည်။

    Ref: Goal

  • နှင်းဆီခင်- လှမ်းရအောင် ပျော်ပျော်ရွှင်ရွှင် ကလေးပေါ့

    နှင်းဆီခင်- လှမ်းရအောင် ပျော်ပျော်ရွှင်ရွှင် ကလေးပေါ့

    ဇွန် ၁၉ ၊ ၂၀၁၅
    M-Media
    နှင်းဆီခင် ရေးသည်။
    oldcouple_thumb3
    ဘဝမှာကြီးကြီးမားမားပြောင်းလဲရတဲ့ အဆင့်တွေ ရှိနေတတ်ပါတယ်။ မူလအခြေအနေနောက်တစ်ခုကို အလိုက်သင့် လက်ခံနိုင်တာ ပျော်ရွှင်ကြည်နူးမှု အပြည့်နှင့် လှမ်းနိုင်မလှမ်းနိုင် ဆိုတာကတော့ ကာယကံရှင် တစ်ဦးစီရဲ့ ခံယူချကပေါ် မှီနေတယ်လေ။ အပြောင်းအလဲပေါ်မှာ ကိုယ့်ရဲ့အမြင်က အဓိကကျနေတာကိုး။ ခက်ခဲပင်ပန်းလွန်းတယ်ဆိုတဲ့ အဆိုးမြင်စိတ်နှင့် ဆိုရင်တော့ ထင်ထားတဲ့အတိုင်းစိတ်ပင်ပန်းမှုဒဏ်ကို မလွဲမသွေခံစားရမှာပါ။ ဒါမှမဟုတ် ဘဝမှာအခြေအနေ တစ်ခုကနေ နောက် တစ်ခုကို ပြောင်းလဲခြင်း ဆိုတာ ကိုယ့်ကျမှထူးပြီးဖြစ်တာမျိုးမှ မဟုတ်တာ။ သူများတကာတွေလည်း ဒီလိုချည်းပေါ့။ ဒါဟာသဘာဝ တရားပဲလေလို့ ခံယူပြီးအကောင်းမြင်ကြည့်နေမယ်ဆိုရင်တော့ အဆင်ပြေမှာပါ။ စိတ်ခံစားမှုရဲ့နောက်မှာ အရိပ်လိုကပ်ပါလာတတ်တဲ့ အကျိုးဆက်တွေရဲ့ အတွန်းအတိုက်ကို ခံစားကြရမှာလည်း သေချာတဲ့ကိစ္စရပ်တစ်ခုပဲပေါ့။ ကျယ်ပြောလှတဲ့ လူမှုရေးနယ်ပယ်မှာ ကိုယ့်ဘဝလေးရှင်သန်ကြည်နူးစွာ ရှင်သန်ဖို့ကိုယ်တိုင်လုပ်ယူရမဲ့ အချက်အလက်တွေကို ပညာရှင်တွေက အဆိုပြု လမ်းညွှန်ထားကြတယ်။

    ဘဝမှာမှတ်မှတ်သားသားပြောကြ စတမ်းဆိုရင် ချိုမြိန်စရာကောင်းတဲ့ အခါ သမယတွေဟာ လူတိုင်း အတွက်ရှိနေဆဲပါ။ တစ်စုံတစ်ခုသော အပြောင်းအလဲ ဆိုတာကလည်း ရုပ်ပိုင်းဆိုင်ရာထက် ရင်ထဲမှာ တစ်စိမ့်စိမ့် ခံစားရင်း မှတ်မှတ်ထင်ထင်ဖြစ်ကြရတာမျိုး။ ဘယ် အသက်အရွယ်ရောက်လို့ ဘယ်လိုပဲလောကဓံနှင့် ဇရာဖိစီးမှုကို ခံရပါစေ။ အခုတွေးကြည့်ရင် ချက်ချင်းဆိုသလို ရင်ထဲမှာ လှိုက်ခနဲကြည်နူးလာတတ်တာကိုး။

    ဆိုပါစို့။ ကလေးအရွယ်မှာ အမေ့ရင်ခွင်ထဲ လုံခြုံနွေးထွေးမှု အပြည့်နှင့် သက်တောင့်သက်သာ ကလေးနေနေရာက ကျောင်းနေချိန် အရွယ်ရောက်လာတော့ သူစိမ်းသူရံ တွေကြားမှာ ရောက်သွားတာ တကယ့်ကို အပြောင်းအလဲကြီးတစ်ခုလို့ ဆိုရမယ်။ အဲဒီအခါ နေတတ်ထိုင်တတ်အောင် ကိုယ့်ဘာသာပြုပြင် ယူလိုက်ကြရစမြဲပါပဲ။ အဲဒီလိုကလေးတွေ ဘဝကနေ မမောတမ်း ခရီးရှည်ကြီးလျှောက်ရင်း ပညာတွေသင်၊ ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်နိုင်အောင်ကြိုးပမ်း စတာတွေနှင့် လုံးချာလိုက်နေရပြန်ပါပြီ။

    ရုပ်ပိုင်းဆိုင်ရာက ဘယ်လိုပဲလှုပ်ရှား ရုန်းကန်နေတယ်ပဲထားဦး၊ နှလုံးသား ခံစားချက်ဆိုတာကိုတော့ မေ့ထားလို့မှမရတော့တာပဲ။ အဲဒီအခါ ရင်ခုန်ခံစားခြင်းဆိုတဲ့ ဘဝရဲ့အထင်ကရအဆင့်ကို လှမ်းရပြီပေါ့။ ဒါဟာလည်း ဘဝမှာထင်ရှားတဲ့ အပြောင်းအလဲ တစ်ခုဖြစ်လာပြန်တယ်။ မချစ်ဘူး မချစ်ဘူး ဆိုတော့လည်း အရူးအမူး ခံစားရလောက်ပါတယ်။ “ချစ်တယ်” ဆိုတဲ့ရိုးသားစွာတောင်း ခံလာတဲ့ (ယောင်္ကျားပျိုရဲ့) တောင်းဆိုမှုအပေါ် ချစ်သူမိန်းကလေးရဲ့ ခေါင်းညိတ်ခေါင်းခါ အဖြေတစ်ခုဟာ တစ်ဘဝစာ အရေးပါတာတော့ အမှန်ပါပဲ။ နှစ်ဖက်မိဘ ဆွေမျိုးအသိုင်းအဝိုင်း၊ ဥစ္စာ၊ ပညာ အချက်အလက်ပေါင်း များစွာပေါ်မှာ အခြေခံပြီး အလေးအနက်စဉ်းစား လက်တွဲခဲ့ကြသူတွေ ရှိကြတယ်။ ဒါပေမယ့် ခေါင်းစဉ်မည်မည်ရ မရှိပါဘူး။ နှလုံးသားချင်း နားလည်မှုလေးတစ်ခုတည်းနှင့် ချစ်သွားကြသူတွေကလည်း မနည်းမနော။ ဘယ်လို အခြေအနေကြောင့်ပဲဖြစ်ဖြစ် ရင်ခုန်လှုပ်ရှားရတဲ့ ချစ်သူဘဝဆိုတာ လူတိုင်း နီးပါးကျော်ဖြတ်ဖြစ်ခဲ့ကြတာပဲပေါ့။ အမေတို့ သဘောကျရွေးချယ်ပေးတာကို ရင်ခုန်သံအေးစက်စက်နှင့်ပဲ ဘဝတစ်ခုကို လက်တွဲလျှောက်ကြတာကတော့ ခြွင်းချက်ပေါ့နော်။

    ချစ်သူဘဝရဲ့အပျော်လေးတွေမှာ လက်တွေ့ကျတဲ့ ဆန်၊ ဆီ၊ ဆား ကိစ္စတွေကို ထည့်စဉ်စားဖို့မှ မလိုတာပဲလေ။ ပျော်ရွှင်စရာနေ့ရက်တွေ ချည်းပေါ့။ လူငယ်လူရွယ်လေးတွေက စောဒကတတ်ကြတယ်။ ရည်စားဘဝရဲ့ လက်ရှိအပျော်လေးတွေကို ဘဝအမောနှင့် သောကကို ချည်းတွေးရင်း ဖျက်ဆီးပစ်လိုက်ရတော့မှာတဲ့လားတဲ့။

    “ဆင်းရဲခြင်းက တံခါးခေါက်တဲ့အခါ အချစ်တို့သည် ပြတင်းပေါက်မှ ခုန်ထွက်ပြေးသွားကြသည်” ဆိုတဲ့ အဆိုအမိန့်တွေကိုချည်း ထပ်ပြန်တလဲလဲ စဉ်းစားရင်းအချစ်ရဲ့ချိုမြိန်မှုတွေကို ဥပေက္ခာပြုလိုက်ရတော့မှာတဲ့လား တဲ့။

    တကယ်တမ်းပြောမယ်ဆိုရင် အမေတို့၊ အဘွားတို့တုန်းကလည်း အိုးတစ်လုံးဖျာ တစ်ချပ်နှင့်ဘဝကို ရဲရဲဝံ့ဝံ့စခဲ့ကြတာမျိုးတွေ မရှိ မဟုတ်ရှိနှင့်ပြီးသားပါ။ နောက်တော့လည်း သားတစ်ဖျာမြေး တစ်ရာရတဲ့အထိ ပျော်ရွှင်သာယာတဲ့ အိမ်ထောင်လေး တစ်ခုကို တည်ဆောက်နိုင်ခဲ့ကြတယ်။ ဒါဟာဘာကြောင့်များလဲ ဘဝရဲ့အပြောင်းအလဲတစ်ခုကု လှမ်းတဲ့အခါ ခိုင်မာတဲ့ ဘဝအခြေအနေ တစ်ခုရောက်ကို ရောက်ရမယ်ဆိုတဲ့အနေနှင့် ကျားကုန်ကျားခဲကြိုးပမ်းခဲ့ကြလို့ပေါ့။ ဇွဲနှင့်ကြံ့ခိုင်မှုဆိုတာ မရှိမဖြစ် လိုအပ်ချက်တွေဖြစ် သလို သာယာတဲ့ အနာဂတ်ဘဝကို တည်ဆောက်ဖို့ အတွက် ပညာအခြေခံ၊ အတွေးအခေါ်ရင့်သန်မှုဆိုတာတွေလည်းလိုပြန်ရော။

    လောကဓံရဲ့အခိုက်အတန့်တွေကို ကြုံလာရတဲ့အခါ ခိုင်မြဲတဲ့ သစ္စာတရား၊ အချင်းချင်းနားလည်စာနာလေးမှုတွေက ပျော်ရွှင်ခြင်း တံခါးကိုရောက်ဖို့ တွန်းအားပေးနေကြတာတွေပဲပေါ့။ နှစ်ယောက်တစ်ဘဝ တည်ဆောက်ရာမှာ လူမှုကျင့်ဝတ်တွေကို မပျက်မယွင်းထိန်းသိမ်းဖို့၊ အကျင့်စာရိတ္တအရာမှာ တစ်ရွေးသားကလေးမှ အပွန်းအပဲ့မခံစေရအောင်တော့ အလေးအနက် ထားကြရမှာပါ။

    တစ်ခါက ကျင်းပခဲ့တဲ့ ရွှေရတု အခမ်းအနားတစ်ခုမှာ ကာယကံရှင် အမျိုးသမီးကြီး (အထူးကုဆရာဝန်ကြီးတစ်ဦး) ကပြောဖူးတယ်။

    “သမီးရေ အမေတို့အခုလို ရွှေရတုအခမ်းအနား ကျင်းပဖြစ်ဖို့ လွယ်တယ်လို့တော့ မထင်လေနဲ့။ နှစ် (၅၀) အိမ်ထောင်သက်တမ်းမှာ အဆင်မပြေတာတွေ၊ ဒေါသတွေ၊ ဝမ်းနည်းကြေကွဲရတာတွေကို တစ်လှည့်စီကြုံခဲ့ရတာပေါ့။ ဒါပေမယ့် အမေတို့က အခက်အခဲမရှိ ကျော်ဖြတ်နိုင်ခဲ့ကြတယ်။ အဲဒါ ဘာကြောင့်လဲသိလား။”

    “ဟုတ်ကဲ့ ပြောပါ အမေ ဆိုတော့”

    “သူရောကိုယ်ပါ ပညာတတ်၊ ရာထူးရာခံတွေနဲ့ချည်းဆိုတော့ မာနချင်းပြိုင်ဖို့ အခွင့်အလမ်းကတော်လေး များနေတယ်လေ။ ဒါပေမယ့် အမေတို့က လက်ဆွဲနှုတ်ဆက်တဲ့ သဘောမျိုးအမြဲကျင့်တယ်”

    “လက်ဆွဲနှုတ်ဆက်တယ်ဆိုတာကရော”

    “ဒီလိုလေ လက်ဆွဲနှုတ်ဆက်ရင် ဘယ်သူ့ ဘယ်သူ့မှ အသာစီးမရှိဘူး။ လက်ချင်းအညီထားကြရတယ်။ အထက်အောက်ထားလို့မှ မရတာ။ ဒီလိုပါပဲ အမေတို့လည်း တစ်ဦးကိုတစ်ဦးလေးစားတန်ဖိုးထားတယ် အပေဒအယူမျှအောင် ကြိုးစားတယ်။ ဒါပါပဲ” တဲ့။

    လက်ဆွဲနှုတ်ဆက်ကြရင်း ကာလအရှည်ကြီးကို လျှောက်ကြရအောင်ပါ။

    နှင်းဆီခင်

  • အစ္စရေးရှိ ခရစ်ယာန်ဘုရားကျောင်းကို ဂျူးလူရမ်းကားများ မီးရှို့

    အစ္စရေးရှိ ခရစ်ယာန်ဘုရားကျောင်းကို ဂျူးလူရမ်းကားများ မီးရှို့

    ဇွန် ၁၉၊ ၂၀၁၅
    M-Media

    church
    “မှားယွင်းသော ရုပ်ထုကိုးကွယ်မှုများကို ဖျက်ဆီးပစ်ရမည်” ဟု ဟီဘရူးဘာသာစကားဖြင့် ဘုရားကျောင်းနံရံတွင် ရေးသားထားစဉ်

    church

    – ယေရူခရစ် တန်ခိုးပြရာနေရာဟု ခရစ်ယာန်ဘာသာဝင်များက ယုံကြည်ကြသော အစ္စရေးတောင်ပိုင်း နေရာတစ်ခုတွင် အမှတ်အသားပြု၍ ဆောက်လုပ်ထားသည့် ခရစ်ယာန်ဘုရားကျောင်းကို လူရမ်းကားတစ်စုက ယမန်နေ့တွင် မီးရှို့ခဲ့ကြပြီး ရဲတပ်ဖွဲ့က
    အမုန်းတရားကြောင့် ဖြစ်ပေါ်သည့် ရာဇ၀တ်မှုအဖြစ် စုံစမ်းမှုများ ပြုလုပ်နေသည်။

    Church of the Multiplication of the Loaves and the Fishes အမည်ရသည့် ဘုရားကျောင်းဖြစ်ပြီး ထိုနေရာတွင် ပေါင်မုန့်ငါးလုံး၊ ငါးနှစ်ကောင်ဖြင့် လူပေါင်း ၅၀၀၀ ကို ကျွေးမွေးနိုင်ရန် ယေရှုခရစ်က တန်ခိုးဖြင့် ပြောင်းလဲပေးခဲ့သည်ဟု ခရစ်ယာန်ကျမ်းစာများ၌ ဖော်ပြထားသည်။

    ဂျူးလူရမ်းကားများ၏ မီးရှို့မှုကြောင့် ဘုရားကျောင်း၏ စတိုခန်းနှင့် ရုံးခန်းအချို့မှာ ဆိုးဝါးစွာ ပျက်ဆီးခဲ့ရပြီး ၀တ်ပြုဆုတောင်းသည့် အခန်းတစ်ခုမှာလည်း အနည်းငယ် ပျက်ဆီးခဲ့သည်။ သို့သော်လည်း ရှေးဟောင်းအနုပညာလက်ရာများနှင့် အဓိက အထွဋ်အမြတ်ထားရာ နေရာတို့မှာ ထိခိုက်ခဲ့ခြင်း မရှိချေ။

    မီးရှို့မှုအတွက် ထိုနေရာအနီးတစ်ဝိုက်တွင် နေထိုင်သည့် အရွယ်မရောက်သေးသော ဂျူးလူငယ် ၁၆ ဦးကို ရဲတပ်ဖွဲ့က ခေါ်ယူမေးမြန်းခဲ့ပြီး နောက်ပိုင်းတွင် ပြန်လွှတ်ပေးခဲ့သည်။

    အစ္စရေးရဲတပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ မစ်ကီ ရိုဆန်ဖဲလ်ဒ်ကမူ အဆိုပါမီးရှို့မှုမှာ ယခင်က ဘုန်းကြီးကျောင်းများ၊ ဘုရားကျောင်းများ၊ ဗလီများနှင့် သုဿန်များကို ပစ်မှတ်ထားဖျက်ဆီးကြသည့် ဂျူးအစွန်းရောက်များ၏ လုပ်ရပ်များနှင့် ဆင်တူနေသည်ဟု ပြောကြားခဲ့သည်။ထိုဘုရားကျောင်း၏ နံရံ၌လည်း “မှားယွင်းသော ရုပ်ထုကိုးကွယ်မှုများကို ဖျက်ဆီးပစ်ရမည်” ဟု အဓိပ္ပါယ်ရသည့် ဂျူးဆုတောင်းစာမှ စာကြောင်းတစ်ကြောင်းကို လူရမ်းကာများက ဟီဘရူးဘာသာစကားဖြင့် ဂရပ်ဖစ်တီ ရေးသားခဲ့သည်။

    ပါလက်စတိုင်းပိုင် အနောက်ဘက်ကမ်းတွင် အစ္စရေးက ကျူးကျော်ဆောက်လုပ်သည့် တရားမ၀င် ဂျူးအခြေချအိမ်ရာများအား ပါလက်စတိုင်းများနှင့် အစ္စရေးအာဏာပိုင်များက ကန့်ကွက်မှုအတွက် ဂျူးအစွန်းရောက်များက ခရစ်ယာန်ဘုရားကျောင်းများနှင့် ဗလီများကို ထိုကဲ့သို့ တိုက်ခိုက်မှုများ စတင်ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ယခုအချိန်တွင် အစ္စရေးနိုင်ငံတစ်ဝှမ်း ပြန့်နှံခဲ့ပြီ ဖြစ်သည်။

    ထိုကဲ့သို့ အမုန်းတရားကို အခြေခံသော တိုက်ခိုက်မှုများကို အကြမ်းဖက်ဝါဒအဖြစ် သတ်မှတ်ရန်အတွက် အစ္စရေးတွင် ဆွေးနွေးငြင်းခုံမှုများလည်း ရှိနေသည်။

    “ဒီဘုရားကျောင်းကို တုန်လှုပ်ဖွယ် မီးရှို့မှုဟာ ကျွန်တော်တို့အားလုံးကို နာကျင်စေပါတယ်” ဟု အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက ပြောကြားခဲ့ပြီး စက်ဆုပ်ဖွယ်ကောင်းသည့် အဆိုပါ လုပ်ရပ်အတွက် တာဝန်ရှိသူကို တရားဥပဒေရှေ့မှောက်သို့ ခေါ်ဆောင်လာမည်ဟု ယမန်နေ့တွင် ကတိပြုခဲ့သည်။

    Ref: Washingtonpost

  • ရမ်ဇာန်ဥပုသ်လ အထောက်အကူပြု အက်ပလီကေးရှင်းသစ်တစ်ခုကို ဂူးဂဲလ် ဖြန့်ချီ

    ရမ်ဇာန်ဥပုသ်လ အထောက်အကူပြု အက်ပလီကေးရှင်းသစ်တစ်ခုကို ဂူးဂဲလ် ဖြန့်ချီ

    ဇွန် ၁၉၊ ၂၀၁၅
    M-Media

    rmd

    – ရမ်ဇာန်ဥပုသ်လအတွင်း အစ္စလာမ်ဘာသာဝင်များ ဥပုသ်သီလဆောက်တည်ရန်အတွက် လိုအပ်သည့် အချက်အလက်များကို အလွယ်တကူ ရရှိနိုင်ရန် Google က My Ramadan Companion ဟု အမည်ရသည့် အက်ပလီကေးရှင်းတစ်ခုကို ထုတ်လုပ်ဖြန့်ချီလိုက်သည်ဟု သိရသည်။

    “ရမ်ဇာန်မှာ အပြည့်ဝဆုံး ရရှိဖို့ ကျွန်တော်တို့ဟာ My Ramadan Companion ကို ထုတ်လုပ်ဖြန့်ချီခဲ့ပြီး အဲဒီ အက်ပလီကေးရှင်းက သက်ဆိုင်ရာ သတင်းအချက်အလက်တွေ၊ အကြံပြုချက်တွေ၊ ပြီးတော့ သင်တို့ထံ ရောက်နေတဲ့ ရမ်ဇာန်ကာလအတွင်းမှာ ၀ဘ်စာမျက်နှာက ရနိုင်တဲ့ အခြားကဏ္ဍတွေအားလုံးကို ပေးသွားမှာပါ” ဟု Google ၏ အရှေ့အလယ်ပိုင်းနှင့် မြောက်အာဖရိကဆိုင်ရာ ဈေးကွက်ရှာဖွေရေး မန်နေဂျာဖြစ်သူ ဇာအင် ကမာလ် မက်စ်ရီက ပြောကြားခဲ့သည်။

    အဆိုပါအက်ပလီကေးရှင်းတွင် ဥပုသ်သီလစောင့်ထိန်းရာ၌ လိုအပ်သည့် နေ၀င်နေထွက် အချိန်ဇယား၊ ရမ်ဇာန်ဥပုသ်လအတွင်း ဆောင်ရန်ရှောင်ရန်များ၊ အစ်ဖ်သာရ် ၀ါဖြေရာတွင် လွယ်ကူစေရန်အတွက် မိမိနေထိုင်ရာဒေသအလိုက် အနီးအနားရှိ စားသောက်ဆိုင်များ၊ အစားသောက်စာရင်းများ စသည်တို့ကို ဖော်ပြပေးမည်ဖြစ်သည်။

    ထို့ပြင် နံနက် ဆဲဟ်ရီ (၀ါထမင်း) စားချိန်အတွက် နိုးစက်ပေးနိုင်သည့် အက်ပလီကေးရှင်းအပါအ၀င် ရမ်ဇာန်နှင့်သက်ဆိုင်သည့် အက်ပလီကေးရှင်းများကိုလည်း အကြံပြုပေးမည် ဖြစ်သည်။ အဆိုပါ My Ramadan Companion ဖြင့် ရမ်ဇာန်နှုတ်ခွန်းဆက်ကဒ်များကိုလည်း မိသားစု၊ မိတ်ဆွေ၊ သူငယ်ချင်းများထံသို့ ပေးပို့နိုင်မည်ဖြစ်သည်။

    “ခင်ဗျားနေတဲ့ နေရာရဲ့ နေ၀င်ချိန်ကို ရှာနိုင်မှာဖြစ်ပြီး တစ်နေ့တာအတွက်လည်း အစီအစဉ်ဆွဲနိုင်ပါလိမ့်မယ်။ နေရာတစ်ဝိုက် ယဉ်ကျောပိတ်ဆို့တာကို စစ်ဆေးနိုင်မယ်၊ အနီးဆုံးမှာရှိတဲ့ စုပေါင်းဝါဖြေတဲ့နေရာကို ရှာနိုင်မယ်၊ အစားသောက်တွေကို ရှာဖွေမျှဝေနိုင်မယ်။ ပြီးတော့ တစ်လတာလုံး ကျန်းကျန်းမာမာရှိဖို့ ကျန်းမာရေးအကြံပြုချက်တွေကို လမ်းညွှန်ပေးထားတာအပါအ၀င် ရမ်ဇာန်နဲ့သက်ဆိုင်တဲ့ YouTube က ဗီဒီယိုတွေကိုလည်း ကြည့်ရှုခံစားနိုင်ပါလိမ့်မယ်” ဟု မက်စ်ရီက ထည့်သွင်းပြောကြားခဲ့သည်။

    ထို့ပြင် အဆိုပါအက်ပလီကေးရှင်းအသစ်မှတစ်ဆင့် ရမ်ဇာန်နှင့်သက်ဆိုင်သည့် နောက်ဆုံးရသတင်းများ၊ အချက်အလက်များနှင့် အကြံပြုချက်များကို ရရှိနိုင်မည်ဟု ဆိုသည်။

    ရမ်ဇာန်ဥပုသ်လမှာ အစ္စလာမ်ပြက္ခဒိန်တွင် အမြင့်မြတ်ဆုံးလဖြစ်ပြီး ထိုလတွင် အရွယ်ရောက်ပြီးသော အစ္စလာမ်ဘာသာဝင် အမျိုးသား၊ အမျိုးသမီးတိုင်း ဥပုသ်သီလဆောက်တည်ရန် မလုပ်မနေရအဖြစ် သတ်မှတ်ထားသည်။

    သို့သော်လည်း ကျန်းမာရေးမကောင်းသောသူများ၊ ခရီးဝေးသွားသူများနှင့် ဥပုသ်သီလ ဆောက်တည်ခြင်းကြောင့် ကျန်းမာရေးဆိုးရွားနိုင်သည့် အန္တရာယ်ရှိသူများအတွက်မူ ပလပ်ခွင့်ရှိသည်။

    Ref: Onislam

  • အမေရိကန်ရှိ လူမည်းခရစ်ယာန်ဘုရားကျောင်းတစ်ခုကို လူဖြူသေနတ်သမားက ၀င်ရောက်ပစ်ခတ်

    အမေရိကန်ရှိ လူမည်းခရစ်ယာန်ဘုရားကျောင်းတစ်ခုကို လူဖြူသေနတ်သမားက ၀င်ရောက်ပစ်ခတ်

    ဇွန် ၁၈၊ ၂၀၁၅
    M-Media

    ususus18

    – အမေရိကန်ပြည်ထောင်စု တောင်ကယ်ရိုလိုင်းနားပြည်နယ် ချာလ်စတန်မြို့ရှိ လူမည်း ခရစ်ယာန်ဘုရားကျောင်းတစ်ခုကို လူဖြူသေနတ်သမားတစ်ဦးက ၀င်ရောက်ပစ်ခတ်မှုကြောင့် အနည်းဆုံး လူ ၉ ဦး သေဆုံးခဲ့ပြီး ရဲတပ်ဖွဲ့ကမူ အဆိုပါတိုက်ခိုက်မှုမှာ အမုန်းတရားကို အခြေခံသော ရာဇ၀တ်မှုဖြစ်သည်ဟု ပြောကြားခဲ့သည်။

    သေနတ်ဖြင့်ဝင်ရောက်ပစ်သူမှာ အသက် ၂၀ အရွယ်နီးပါးရှိ လူဖြူအမျိုးသားတစ်ဦးဖြစ်ပြီး ယမန်နေ့ညနေပိုင်းက အာဖရိကန်-အမေရိကန်များ၏ အဆိုပါ Emanuel AME ဘုရားကျောင်းသို့ ၀င်ရောက် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

    ပစ်ခတ်မှုကြောင့် လူ ၈ ဦးမှာ ဘုရားကျောင်းထဲ၌ သေဆုံးခဲ့ပြီး အခြားတစ်ဦးမှာ ဆေးရုံသို့ခေါ်ဆောင်သွားစဉ် သေဆုံးသွားခဲ့ခြင်းဖြစ်သည်ဟု ရဲတပ်ဖွဲ့အကြီးအကဲ ဂရီဂိုရီ မူလန်က သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်များအား ပြောကြားခဲ့သည်။ နောက်ထပ်တစ်ဦးမှာ ဒဏ်ရာရရှိခဲ့ပြီး ဆေးကုသမှုခံယူနေရသည်ဟု ဆိုသည်။

    သေနတ်သမားမှာ အဆိုပါဘုရားကျောင်းရှိ ကျမ်းစာသင်သည့်အချိန်တွင် ၀င်ထိုင်ပြီးနောက် နောက်ပိုင်းတွင် သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး သေဆုံးသူများတွင် ဘုရားကျောင်းမှ သင်းအုပ်ဆရာတစ်ဦးလည်း ပါဝင်သည်။ အဆိုပါသင်းအုပ်ဆရာမှာ တောင်ကယ်ရိုလိုင်းနားပြည်နယ် လွှတ်တော်အမတ်လည်းဖြစ်သည်။

    “လူတစ်ယောက်က ဘုရားကျောင်းထဲဝင်ပြီး ဆုတောင်းနေတဲ့လူတွေကို ပစ်ခတ်တဲ့ တစ်ခုတည်းသော အကြောင်းအရင်းက အမုန်းတရားကြောင့်ပါပဲ” ဟု ချာလ်စတန် အုပ်ချုပ်ရေးမှူး ဂျိုးရီလေးက ပြောကြားခဲ့သည်။

    ပစ်ခတ်မှုဖြစ်ပွားပြီးနောက် သေနတ်သမားမှာ ဆီဒင်ကားအနက်ရောက်ဖြင့် ထွက်ပြေးသွားပြီး ရဲတပ်ဖွဲ့ဝင်များက မည်သူမည်ဝါမှန်း မသိသေးဘဲ လိုက်လံရှာဖွေနေကာ ချာလ်စတန်မြို့တွင်း၌ပင် ရှိနေမည်ဟု ခန့်မှန်းထားသည်။

    အဆိုပါ အဖြစ်အပျက်ဖြစ်ပွားပြီးနောက်ပိုင်း ဘုရားကျောင်းအနီးတွင် ဗုံးထောင်ထားသည့် ခြိမ်းခြောက်မှုလည်း ရှိခဲ့ပြီး ရဲတပ်ဖွဲ့က ရှာဖွေ့ခဲ့သော်လည်း တွေ့ရှိခဲ့ခြင်းမရှိပေ။Emanuel AME ဘုရားကျောင်းမှာ တောင်ပိုင်းတွင် အကြီးဆုံးနှင့် သက်တမ်းအရင့်ဆုံး
    ဘုရားကျောင်းဖြစ်ပြီး ၁၈၁၆ ခုနှစ်က တည်ဆောက်ခဲ့ခြင်းဖြစ်သည်။

    ထိုဘုရားကျောင်းမှာ တစ်ကြိမ်တွင် လုံးဝ မီးရှို့ဖျက်ဆီးခံခဲ့ရဖူးပြီး၊ ငလျင်ကြောင့်ပျက်ဆီးခြင်း၊ အာဏာပိုင်များက ပိတ်ပစ်ခြင်း စသည့် အခက်အခဲများနှင့်လည်း ကြုံတွေ့ခဲ့ရဖူးသည်။

    Ref: CNN, Dawn.com