ဇွန် ၁၈၊ ၂၀၁၅
M-Media
– အမေရိကန်ပြည်ထောင်စု တောင်ကယ်ရိုလိုင်းနားပြည်နယ် ချာလ်စတန်မြို့ရှိ လူမည်း ခရစ်ယာန်ဘုရားကျောင်းတစ်ခုကို လူဖြူသေနတ်သမားတစ်ဦးက ၀င်ရောက်ပစ်ခတ်မှုကြောင့် အနည်းဆုံး လူ ၉ ဦး သေဆုံးခဲ့ပြီး ရဲတပ်ဖွဲ့ကမူ အဆိုပါတိုက်ခိုက်မှုမှာ အမုန်းတရားကို အခြေခံသော ရာဇ၀တ်မှုဖြစ်သည်ဟု ပြောကြားခဲ့သည်။
သေနတ်ဖြင့်ဝင်ရောက်ပစ်သူမှာ အသက် ၂၀ အရွယ်နီးပါးရှိ လူဖြူအမျိုးသားတစ်ဦးဖြစ်ပြီး ယမန်နေ့ညနေပိုင်းက အာဖရိကန်-အမေရိကန်များ၏ အဆိုပါ Emanuel AME ဘုရားကျောင်းသို့ ၀င်ရောက် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။
ပစ်ခတ်မှုကြောင့် လူ ၈ ဦးမှာ ဘုရားကျောင်းထဲ၌ သေဆုံးခဲ့ပြီး အခြားတစ်ဦးမှာ ဆေးရုံသို့ခေါ်ဆောင်သွားစဉ် သေဆုံးသွားခဲ့ခြင်းဖြစ်သည်ဟု ရဲတပ်ဖွဲ့အကြီးအကဲ ဂရီဂိုရီ မူလန်က သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်များအား ပြောကြားခဲ့သည်။ နောက်ထပ်တစ်ဦးမှာ ဒဏ်ရာရရှိခဲ့ပြီး ဆေးကုသမှုခံယူနေရသည်ဟု ဆိုသည်။
သေနတ်သမားမှာ အဆိုပါဘုရားကျောင်းရှိ ကျမ်းစာသင်သည့်အချိန်တွင် ၀င်ထိုင်ပြီးနောက် နောက်ပိုင်းတွင် သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး သေဆုံးသူများတွင် ဘုရားကျောင်းမှ သင်းအုပ်ဆရာတစ်ဦးလည်း ပါဝင်သည်။ အဆိုပါသင်းအုပ်ဆရာမှာ တောင်ကယ်ရိုလိုင်းနားပြည်နယ် လွှတ်တော်အမတ်လည်းဖြစ်သည်။
“လူတစ်ယောက်က ဘုရားကျောင်းထဲဝင်ပြီး ဆုတောင်းနေတဲ့လူတွေကို ပစ်ခတ်တဲ့ တစ်ခုတည်းသော အကြောင်းအရင်းက အမုန်းတရားကြောင့်ပါပဲ” ဟု ချာလ်စတန် အုပ်ချုပ်ရေးမှူး ဂျိုးရီလေးက ပြောကြားခဲ့သည်။
ပစ်ခတ်မှုဖြစ်ပွားပြီးနောက် သေနတ်သမားမှာ ဆီဒင်ကားအနက်ရောက်ဖြင့် ထွက်ပြေးသွားပြီး ရဲတပ်ဖွဲ့ဝင်များက မည်သူမည်ဝါမှန်း မသိသေးဘဲ လိုက်လံရှာဖွေနေကာ ချာလ်စတန်မြို့တွင်း၌ပင် ရှိနေမည်ဟု ခန့်မှန်းထားသည်။
အဆိုပါ အဖြစ်အပျက်ဖြစ်ပွားပြီးနောက်ပိုင်း ဘုရားကျောင်းအနီးတွင် ဗုံးထောင်ထားသည့် ခြိမ်းခြောက်မှုလည်း ရှိခဲ့ပြီး ရဲတပ်ဖွဲ့က ရှာဖွေ့ခဲ့သော်လည်း တွေ့ရှိခဲ့ခြင်းမရှိပေ။Emanuel AME ဘုရားကျောင်းမှာ တောင်ပိုင်းတွင် အကြီးဆုံးနှင့် သက်တမ်းအရင့်ဆုံး
ဘုရားကျောင်းဖြစ်ပြီး ၁၈၁၆ ခုနှစ်က တည်ဆောက်ခဲ့ခြင်းဖြစ်သည်။
ထိုဘုရားကျောင်းမှာ တစ်ကြိမ်တွင် လုံးဝ မီးရှို့ဖျက်ဆီးခံခဲ့ရဖူးပြီး၊ ငလျင်ကြောင့်ပျက်ဆီးခြင်း၊ အာဏာပိုင်များက ပိတ်ပစ်ခြင်း စသည့် အခက်အခဲများနှင့်လည်း ကြုံတွေ့ခဲ့ရဖူးသည်။
Ref: CNN, Dawn.com


Leave a Reply
You must be logged in to post a comment.