News @ M-Media

Blog

  • နိုင်ငံပြန်လည်ထူထောင်ရေးအတွက် နီပေါက နိုင်ငံတကာကို အကူအညီတောင်းခံ

    နိုင်ငံပြန်လည်ထူထောင်ရေးအတွက် နီပေါက နိုင်ငံတကာကို အကူအညီတောင်းခံ

    ဇွန် ၁၄၊ ၂၀၁၅
    M-Media

    – ငလျင်ဒဏ်ကို ဆိုးရွားစွာ ခံစားခဲ့ရသည့် မိမိတို့နိုင်ငံ ပြန်လည်ထူထောင်ရေးလုပ်ငန်းအတွက် ကုန်ကျမည့် ကန်ဒေါ်လာ ၆.၆ ဘီလီယံကို နီပေါနိုင်ငံက နိုင်ငံတကာ အလှူရှင်များထံ ယမန်နေ့တွင် တောင်းခံလိုက်သည်။

    ဧပြီလ ၂၅ ရက်နှင့် မေလ ၁၂ ရက်တို့တွင် လှုပ်ခတ်ခဲ့သည့် ငလျင်များကြောင့် နီပေါနိုင်ငံတွင် သေဆုံးသူဦးရေမှာ ၈၇၈၇ ဦး ရှိခဲ့ပြီး အိမ်ပေါင်း ၅ သိန်းကျော် ပျက်ဆီးခဲ့ရကာ လူပေါင်း ၂.၈ သန်းခန့်မှာ ငလျင်ဒဏ်ကို ခံစားခဲ့ရသည်။

    ထို့ပြင် ခရီးသွားလုပ်ငန်းအပါအ၀င် စီးပွားရေးတွင်လည်း နီပေါနိုင်ငံမှာ ကန်ဒေါ်လာ ၇ ဘီလီယံ ဆုံးရှုံးခဲ့သည်ဟု သဘာဝဘေးအန္တရာယ်အလွန် လိုအပ်ချက်များ ဆန်းစစ်ခြင်း PDNA အစီရင်ခံစာတွင် အစိုးရက ဖော်ပြထားသည်။

    ဘဏ္ဍာရေးဝန်ကြီးဌာနမှ အကြီးတန်းအရာရှိဖြစ်သူ ဆူမန် ပရာဆက်ဒ် ရှရ်မာက နိုင်ငံ ပြန်လည်တည်ဆောက်ရေးနှင့်ပတ်သက်၍ ဇွန်လ ၂၅ ရက်နေ့တွင် အစည်းအဝေးတစ်ခု ကျင်းပမည်ဖြစ်ပြီး နိုင်ငံပေါင်း ၃၆ နိုင်ငံနှင့် အကူအညီပေးရေး အေဂျင်စီ ၂၄ ဖွဲ့တို့အား
    ဖိတ်ကြားထားသည်ဟု ပြောကြားခဲ့သည်။

    “အစည်းအဝေးအတွင်း အလှူရှင်တွေဆီကနေ လောက်လောက်လားလား အကူအညီကို ကျွန်မတို့ မျှော်လင့်ပါတယ်” ဟု ရှရ်မာက ပြောကြားခဲ့သည်။ လက်ရှိအချိန်တွင် စီပွားရေး ဖွံ့ဖြိုးတိုးတက်မှု ကုန်ကျစားရိတ် ၃ ပုံ ၂ ပုံကို နိုင်ငံတကာအကူအညီပေးရေးအဖွဲ့များမှ ရရှိထားသည်။

    အစိုးရတာဝန်ရှိသူများကမူ နိုင်ငံတကာအလှူရှင်များက အကူအညီပေးရန် ကတိမပြုခြင်းက နီးပေါနိုင်ငံ အကြွေးနွံနစ်ခြင်း သို့မဟုတ် အကြွေးပေးရမည့် အချိန် ကြန့်ကြာခြင်းတို့ကို ဖြစ်စေမည်ဟု ပြောကြားခဲ့သည်။ နီပေါနိုင်ငံမှာ နိုင်ငံတကာ ငွေချေးသည့် အေဂျင်စီများမှ စီပွားရေးဆိုင်ရာအတွက် ချေးငှားထားခြင်း မရှိချေ။

    နိုင်ငံအတွင်း ဆင်းရဲမွဲတေမှုကို တိုက်ဖျက်ရန် ကြိုးပမ်းမှုမျာအား အဆိုပါငလျင်များက ထိခိုက်စေခဲ့ပြီး ဆင်းရဲမွဲတေသူ ၇ သိန်းမှ ၇.၇၈ သန်း တိုးလာခဲ့သည်ဟု အမျိုးသားစီမံကိန်းကော်မရှင်မှ ဒုတိယဥက္ကဌဖြစ်သူ ဂိုဗင်ဒ် ရဂ်ျ ပေါ့က်ဟာရဲလ်က ပြောကြားခဲ့သည်။

    Ref: Reuters

  • အလ်ဘေးနီးယားအရှုံးအတွက် မိမိသာလျှင် တာဝန်ရှိသည်ဟု ပြင်သစ်နည်းပြပြော

    အလ်ဘေးနီးယားအရှုံးအတွက် မိမိသာလျှင် တာဝန်ရှိသည်ဟု ပြင်သစ်နည်းပြပြော

    ဇွန် ၁၄၊ ၂၀၁၅
    M-Media

    france

    – အသင်းငယ် အလ်ဘေးနီးယားအား ရှုံးနိမ့်ခဲ့သည့်အတွက် မိမိအနေဖြင့် စိတ်ပျက်မိပြီး ထိုအရှုံးအတွက် မိမိသာလျှင် အပြစ်တင်ခံထိုက်သူဖြစ်သည်ဟု ပြင်သစ်နည်းပြ ဒီဒီယာ ဒက်စ်ချမ့်စ်က ပြောကြားလိုက်သည်။

    ခြေစမ်းပွဲအဖြစ် ယနေ့မနက်က ကစားခဲ့သည့် အဆိုပါပွဲတွင် အလ်ဘေးနီးယားမှ အာရ်ဂက်စ် ကာစီက ပထမပိုင်းပြီးကာနီးတွင် ပြစ်ဒဏ်ဘောမှ တိုက်ရိုက်ကန်သွင်းယူခဲ့ပြီး ထိုဂိုးဖြင့်ပင် ယူရို ၂၀၁၆ အိမ်ရှင်ဖြစ်သည့် ပြင်သစ်အသင်းအား အနိုင်ရရှိခဲ့သည်။

    ပြင်သစ်မှာ ပြီးခဲ့သည့် စနေနေ့ကလည်း ဘယ်လ်ဂျီယံအသင်းအား ၄ ဂိုး ၃ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပြီး ယခုပွဲအရှုံးအတွက် ဒက်စ်ချမ့်စ်က ဒေါသထွက်ခဲ့သည်။

    “ဘယ်လ်ဂျီယံနဲ့ပွဲမှာ ကျွန်တော်တို့ဟာ ပိုသာပြီး ကစားပုံပိုကောင်းတဲ့ အသင်းနဲ့ တွေ့ခဲ့တာပါ။ သူတို့ရဲ့ကစားကွက်အောက် ရောက်ခဲ့ပါတယ်။ အလ်ဘေးနီးယားကတော့ ပိုပြီး စိတ်ဓာတ်ပြင်းထန်တဲ့ ပြိုင်ဘက်ပါ။ ကျွန်တော် တကယ့်ကို စိတ်ညစ်ရပြီး စိတ်လည်းပျက်ရပါတယ်။ ဘာ့ကြောင့်လည်းဆိုတော့ ကျွန်တော်ဟာ တာဝန်ရှိသူဖြစ်လို့ပါပဲ” ဟု ဒက်စ်ချမ့်စ်က ပြောကြားခဲ့သည်။

    ထို့ပြင် မိမိတို့အသင်းမှာ အနိုင်ရလိုစိတ် လုံလုံလောက်လောက်မရှိခဲ့ဘဲ ထိုကိစ္စမှာ လက်ခံနိုင်စရာမရှိကြောင်း၊ ကစားသမားများအား မဝေဖန်ချင်သော်လည်း ၎င်းတို့မှာ အဆင့်မြင့်ပွဲများတွင် ကစားရန် စိတ်ပိုင်းဆိုင်ရာအရ အဆင်သင့်မဖြစ်သေးကြောင်း ၎င်းက
    ထပ်လောင်းပြောကြားခဲ့သည်။

    Ref: Goal

  • ရမ်ဇာန်မှစတင်ကာ ကနေဒါမွတ်စလင်များ ဆာလောင်မွတ်သိပ်နေသူများကို ကူညီမည်

    ရမ်ဇာန်မှစတင်ကာ ကနေဒါမွတ်စလင်များ ဆာလောင်မွတ်သိပ်နေသူများကို ကူညီမည်

    ဇွန် ၁၄၊ ၂၀၁၅
    M-Media

    canada

    – အစားအသောက်ချို့တဲ့သူများကို ကူညီပေးရန် ရမ်ဇာန်ဥပုသ်လအတွင်း နိုင်ငံတစ်ဝှမ်း လှုပ်ရှားမှုတစ်ခုကို ကနေဒါမွတ်စလင်များက စီစဉ်ခဲ့ပြီး ဇွန်လ ၁၈ ရက်နေ့တွင် စတင်မည်ဟု သိရသည်။

    “တစ်လအစာအတွင် သင်တို့ရဲ့ နေ့လည်စာကို အထုတ်ကလေး ထုတ်ပေးလိုက်တာ ဒါမှမဟုတ် ရက် ၃၀ စာ ကော်ဖီသောက်မယ့်ငွေကို ထည့်ဝင်လိုက်တာပါပဲ။ ဘာပဲဖြစ်ဖြစ်။ ဒီဟာက စားဖို့ မလုံလောက်သူတွေရဲ့ဘ၀မှာ ထူးခြားမှုတော့ လုပ်ပေးနိုင်ပါတယ်” ဟု Give 30 ပရဟိတအဖွဲ့ကို တည်ထောင်သူ ဇီယဒ် မီယာက ပြောကြားခဲ့သည်။

    အဆိုပါ Give 30 အဖွဲ့မှာ ရမ်ဇာန်လတွင် ဥပုသ်သီလ ဆောက်တည်ကြသူများကို တစ်လတာလုံး တစ်နပ်စာ စားသောက်ခြင်းမရှိသည့်အတွက် စုမိသော ငွေကြေးကို ချို့တဲ့သူများအား လှူဒါန်းရန် လှုံ့ဆော်ပေးသည့် အဖွဲ့ဖြစ်သည်။

    မီယာကမူ ဥပုသ်သီလ မဆောက်တည်နိုင်သောသူများလည်း အဆိုပါအစီအစဉ်တွင် ပါဝင်နိုင်သည်ဟုဆိုပြီး ၎င်းတို့အဖွဲ့အတွက် အလှူငွေများကို ဘာသာ၊ လူမျိုးပေါင်းစုံမှ လှူဒါန်းကြသည်ဟု ပြောကြားခဲ့သည်။

    ၂၀၁၂ ခုနှစ်က စတင်တည်ထောင်ခဲ့သည် Give 30 အဖွဲ့မှာ နိုင်ငံတစ်ဝှမ်းရှိ ဆာလောင်မွတ်သိပ်နေသူများအား အစားအစာထောက်ပံ့မှုများ ပြုလုပ်ပေးနေပြီး ပြည်နယ် ၆ ခုမှ အစားအသောက်ဘဏ် ၁၁ ခုကလည်း ၎င်းတို့၏ မိတ်ဖက်အဖြစ် ဆက်သွယ်ထားကြသည်။

    စတင်အကောင်ထည်ဖော်စဉ် ဒေါ်လာ ၂၅၀၀၀၀ ဖြင့် စခဲ့ခြင်းဖြစ်ပြီး လွန်ခဲ့သည့် ၃ နှစ်အတွင်း အစားအစာချို့တဲ့သူမျာအားး သုံးကြိမ် ကူညီထောက်ပံ့ပေးခဲ့သည်။

    “ဒါဟာ ကနေဒါတစ်ဝှမ်း ဖြန့်ကျက်ရောက်ရှိတဲ့ အခြေခံလူတန်းစား လှုပ်ရှားမှုပါပဲ” ဟု မီယာက ပြောကြားခဲ့သည်။

    ယခုနှစ် ရမ်ဇာန်ဥပုသ်လမှာ ဇွန်လ ၁၈ ရက်နေ့တွင် စတင်မည်ဖြစ်ပြီး ဇူလိုင် ၁၆ ရက်နေ့တွင် အဆုံးသတ်မည်ဖြစ်သည်။ Give 30 ၏ ယခုနှစ်လှုပ်ရှားမှုမှာ ရမ်ဇာန်လအစမှ စက်တင်ဘာ ၁၁ ရက်နေ့အထိ ကြာမြင့်မည်ဖြစ်သည်။

    အောင်မြင်မှု

    တိုရွန်တိုအခြစိုက် ရှေ့နေနှင့် လူမှုရေး တက်ကြွလှုပ်ရှားသူ မီယာ၏ ရိုးရှင်းသောအိုင်ဒီယာမှစခဲ့သည့် အဆိုပါလှုပ်ရှားမှု အောင်မြင်ခြင်းနှင့် ဆိုရှယ်မီဒီယာ၏ စွမ်းအားကိုလည်း ချီးကျူးမှုများ ရှိခဲ့သည်။

    “ကျွန်တော်တို့ရဲ့ မြို့မှာ အောင်မြင်ပေမယ့်လည်း ပတ်ဝန်းကျင်မြို့တွေက အချို့အတွက် ဆာလောင်မွတ်သိပ်မှုဟာ စိန်ခေါ်မှု ဆက်ဖြစ်နေပါတယ်။ ပြီးခဲ့တဲ့နှစ်က Daily Bread ကို လူ ၇ သိန်းလောက်လာခဲ့ပြီး သုံးပုံတစ်ပုံက ကလေးတွေပါပဲ။ ပိုကောင်းတဲ့ မြို့အဖြစ် ကျွန်တော်တို့ အတူတကွ တည်ဆောက်နိုင်ပါတယ်။ လူတိုင်းလူတိုင်း ဂုဏ်သိက္ခာ၊ လေးစားမှုနဲ့ အကြင်နာမေတ္တာတွေရရှိတဲ့ ပိုကောင်းတဲ့ လူ့အဖွဲ့အစည်းအဖြစ်လည်း တည်ဆောက်နိုင်ပါတယ်။ ဒါပေမယ့် ဒါက ကျွန်တော်တို့ တစ်ယောက်ချင်းစီ စံပြအဖြစ် ဦးဆောင်ဖို့တော့ လိုပါတယ်” ဟု တိုရွန်တိုအခြေစိုက် Daily Bread အစားအသောက်ဘဏ်မှ ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြထားသည်။

    North York Harvest အစားသောက်ဘဏ်ကလည်း “နွေရာသီအချိန်မှာ အစားသောက်နဲ့ ရန်ပုံငွေလှူဒါန်းခြင်းဟာ ယေဘူယျအားဖြင့် တစ်နှစ်အတွင်း အနိမ့်ဆုံးကို ရောက်သွားတာကြောင့် Give 30 အဖွဲ့ဟာ North York Harvest တို့လို အစားအသောက်ဘဏ်တွေ ကသီတဲ့ အချိန်မှာ လှုပ်ရှားကြတာပါ။ ဒေါ်လာ ၂၀ လောက် လှူဒါန်းတာက လူငယ်ဂေဟာတွေမှာ နေထိုင်ကြတဲ့ ကလေးငယ် ၄ ယောက်လောက်ကို တစ်လစာကျွေးဖို့ လုံလောက်ပါတယ်” ဟု ပြောကြားခဲ့သည်။

    ရမ်ဇာန် ဥပုသ်လမှာ လှူဒါန်းပေးကမ်းခြင်း၊ လူ့အဖွဲ့အစည်း တည်ဆောက်ခြင်းနှင့် ဆာလောင်မွတ်သိပ်သူများ၏ အခြေအနေကို နားလည်စာနာပေးခြင်းတို့ဖြစ်သည်ဟု မီယာက ပြောကြားခဲ့သည်။

    “ရမ်ဇာန်ရဲ့ အနှစ်သာရမှာ လူတိုင်း ပူပေါင်းပါဝင်နိုင်ပါတယ်။ ဆာလောင်မွတ်သိပ်မှုမှာ လူမျိုး၊ ဘာသာတရား၊ တိုင်းရင်းသား ဒါမှမဟုတ် အယူဝါဒတွေ မရှိပါဘူး။ ဒါ့ကြောင့် Give 30 အဖွဲ့ကို လူတိုင်း ဆက်သွယ်ပါဝင်ဖို့ အရေးကြီးပါတယ်”

    Give 30 အဖွဲ့မှာ တိုရွန်တို၊ အဒ်မန်တန်၊ ကာဂရီ၊ ကွီဘက်၊ မစ်စီဆောင်ဂါ၊ အိုတာဝါ၊ ဗန်ကူးဗား၊ ၀င်နီပက်ဂ်၊ ရီဂီနာနှင့် ကင်းစတန်း စသည့် မြို့များတွင် လှုပ်ရှားနေသည်။

    ကနေဒါနိုင်ငံ၏ စုစုပေါင်း လူဦးရေတွင် အစ္စလာမ်ဘာသာကို သက်ဝင်ယုံကြည်သူများမှာ ၃.၂ ရာခိုင်နှုန်းရှိပြီး လွန်ခဲ့သည့် ဆယ်စုနှစ်အတွင်း ၈၂ ရာခိုင်နှုန်း တိုးတက်လာခဲ့သည်။

    Ref: Onislam

  • နိုင်ငံတကာသတင်းတို (ဇွန် ၁၃၊ ၂၀၁၅)

    ဇွန် ၁၃၊ ၂၀၁၅
    M-Media

    မလေးရှားနိုင်ငံ ဆာဘားတွင် ငလျင်ထပ်လှုပ်
    …………………………..
    ယနေ့မနက် စောစောပိုင်းက မလေးရှားနိုင်ငံ ဆာဘားပြည်နယ်တွင် ပြင်းအား ၅.၁ ရစ်ခ်ျတာစကေးရှိ ငလျင်တစ်ခု ထပ်မံလှုပ်ခတ်ခဲ့ပြီး အစိုးရအေဂျင်စီ အားလုံးအနေဖြင့် လိုအပ်သော ကိစ္စရပ်များကို ဆောင်ရွက်ရန် မလေးရှားဝန်ကြီးချုပ်က အမိန့်ပေးခဲ့သည်။ ငလျင်ကြောင့် ထိခိုက်ဒဏ်ရာရသူများ မရှိခဲ့ဘဲ ဆာဘားဝန်ကြီးချုပ် မူဆာအေမန်ကမူ ပြည်သူများ ဘေးအန္တရာယ်ကင်းရေးအတွက် ကြိုတင်စီမံမှုများ ပြုလုပ်နေသည်ဟု ပြောကြားခဲ့သည်။ ဆာဘားတွင် ပြီးခဲ့သည့် တစ်ပတ်ကလည်း ငလျင်လှုပ်ခဲ့ပြီး လူ ၁၃ ဦး သေဆုံးခဲ့သည်။

    တောင်ကိုရီးယား မားစ်ရောဂါ ခက်ခဲရှုပ်ထွေး
    ………………………..
    တောင်ကိုရီးယားနိုင်ငံတွင် ကူးစက်ပြန့်နှံ့နေသော မားစ်ရောဂါမှာ ကြီးမားရှုပ်ထွေးသည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ၏ ကျွမ်းကျင်သူများအဖွဲ့မှ ယနေ့တွင် ပြောကြားလိုက်သည်။ မေလ ၂၀ ရက်နေ့က စတင်တွေ့ရှိခဲ့သည့် အဆိုပါကူးစက်မှုကြောင့် လက်ရှိအချိန်တွင် လူ ၁၄ ဦး သေဆုံးခဲ့ပြီး ၁၃၈ ဦးမှာ ရောဂါပိုး ကူးစက်ခံနေရသည်။ WHO ကမူ တောင်ကိုရီးယား
    အာဏာပိုင်များ၊ မားစ်ရောဂါတိုက်ဖျက်ရေး ဆောင်ရွက်နေကြသည့် ကျွမ်းကျင်သူများနှင့်အတူ သုံးသပ်မှုများ ပြုလုပ်နေသည်။

    အမေရိကန်၏ စစ်ဘက်ဆိုင်ရာ အရေးပါသည်ဖိုင်များ ခိုးယူခံရ
    …………………….
    အမေရိကန် ဖက်ဒရယ်အစိုးရ ၀န်ထမ်းများ၏ အချက်အလက်များကို သိမ်းဆည်းထာသည့် OPM ရုံးမှ ကွန်ပျူတာစနစ်ကို ဟက်ကာများက ပြုလုပ်ခဲ့သည့် သီးခြားတိုက်ခိုက်မှုအတွင်း စစ်ဘက်ဆိုင်ရာ အရေးပါသည့် အချက်အလက်များကို ရယူသွားခဲ့ကြောင်း အမေရိကန်အစိုးရ စုံစမ်းစစ်ဆေးရေးမှူးများက တွေ့ရှိခဲ့ကြသည်။ OPM မှာ ဟက်ကာများ၏ တိုက်ခိုက်မှုများကို ခံခဲ့ရသည်ဟု ပြီးခဲ့သည့် တစ်ပတ်က ထုတ်ဖော်ပြောကြားခဲ့ပြီး ထိုတိုက်ခိုက်မှုများတွင် အဓိကအချက်အလက်များ ထိခိုက်မှုမရှိခဲ့ဟု ဆိုသည်။ သို့သော်လည်း ယခု ခိုးယူခံရမှုမှာ သီးခြားတိုက်ခိုက်မှု ဖြစ်သည်။ ထိုတိုက်ခိုက်မှုများမှာ တရုတ်နိုင်ငံမှ လာသည်ဟု အမေရိကန်က သံသယဖြစ်နေသည်။

    အာဆင်နယ်က အလိုရှိသမျှ ၀ီလ်ရှိုင်းယား ဆက်နေမည်
    ……………………..
    ပြိုင်ဘက်အသင်းများက စိတ်ဝင်စားနေသော်လည်း မိမိအနေဖြင့် အာဆင်နယ်အသင်း လိုချင်သမျှ အသင်းတွင် ဆက်ရှိနေမည်ဟု အလယ်တန်းလူ ၀ီလ်ရှိုင်းယားက ပြောကြားခဲ့သည်။ ၀ီလ်ရှိုင်းယားမှာ ယခုရာသီတွင် ခြေစွမ်းကောင်းများ မပြနိုင်ခဲ့ဘဲ ၎င်းကလည်း ဒဏ်ရာကြောင့် စိတ်ပျက်ရသည့် ရာသီဖြစ်ခဲ့ကြောင်း လာမည့်နှစ်တွင် အပြည့်အ၀ ကြံ့ခိုင်မည်ဟု မျှော်လင့်ကြောင်း
    ထည့်သွင်းပြောကြားခဲ့သည်။

    Ref: News Agencies

  • နယ်သာလန်မှာ အနိုင်နှင့် ထိုက်တန်ခဲ့သည်ဟု ဗန်ပါစီပြော

    နယ်သာလန်မှာ အနိုင်နှင့် ထိုက်တန်ခဲ့သည်ဟု ဗန်ပါစီပြော

    ဇွန် ၁၃၊ ၂၀၁၅
    M-Media

    vps

    – လက်ဗီးယားအား အနိုင်ရခဲ့သည့်အတွက် နယ်သာလန်အသင်းကို တိုက်စစ်မှူး ဗန်ပါစီက ချီးကျူးခဲ့သော်လည်း မိမိတို့အသင်းမှာ ခက်ခက်ခဲခဲ အားထုတ်ခဲ့ရသည်ဟု ၀န်ခံပြောကြားခဲ့သည်။

    ယနေ့မနက်က ကစားခဲ့သည့် ယူရို ၂၀၁၆ ခြေစစ်ပွဲတွင် ဟော်လန်အသင်းမှာ လက်ဗီးယားအသင်းအား ၀စ်ဂ်ျနာလ်ဒန်နှင့် နာဆင်းတို့၏ ဂိုးများဖြင့် ၂ ဂိုးပြတ် အနိုင်ရခဲ့သည်။ နယ်သာလန်မှာ ထိုပွဲတွင် ကစားကွက်အသာဖြင့် စိုးမိုးနိုင်ခဲ့သော်လည်း ဂိုးရရန်အတွက် ရုန်းကန်ခဲ့၇ပြီး ၆၇ မိနစ်တွင်မှ အဖွင့်ဂိုး ရရှိခဲ့သည်။

    တိုက်စစ်မှူး ဗန်ပါစီကမူ မိမိတို့မှာ အနိုင်နှင့် ထိုက်တန်ခဲ့ပြီး ဦးဆောင်ဂိုးရရှိပြီးနောက် အနိုင်ရရှိမည်ဆိုသည်ကို သိခဲ့သည်ဟု ဆိုသည်။

    “လက်ဗီးယားက ဘောလုံးနောက်မှာ ကစားသမားတွေအများကြီး ပိတ်ဆို့ခဲ့တာပါ။ ဂိုးတစ်ဂိုးအတွက် ကျွန်တော်တို့ အားထုတ်ခဲ့ရပါတယ်။ နောက်ဆုံး တစ်ဂိုးရပြီးတဲ့နောက်မှာတော့ ပွဲက ပြီးသွားပါပြီ။ ပထမပိုင်းမှာ ကျွန်တော်တို့ အခွင့်အရေး တော်တော်များများ ရခဲ့ပါတယ်။ အခွင့်အရေးကောင်းတွေပါ။ ဒါတွေဝင်မယ်ဆိုရင်တော့ ၂ လုံး ၃ လုံးလောက်တော့ သေချာပါတယ်” ဟု ဗန်ပါစီက ပွဲအပြီးတွင် ပြောကြားခဲ့သည်။

    အဆိုပါ နိုင်ပွဲကြောင့် နယ်သာလန်မှာ အုပ်စု A တွင် ပထမနေရာမှ အိုက်စလန်အသင်းနှင့် ၅ မှတ်အကွာ၊ ဒုတိယနေရာမှ ချက်အသင်းနှင့် ၃ မှတ်အကွာ တတိယနေရာတွင် ရှိနေသည်။

    Ref: Goal