News @ M-Media

Blog

  • မိမိ၏ ဟက်ထရစ်က အသင်းခြေစစ်ပွဲအောင်ရန် အခွင့်အလမ်းဖြစ်သည်ဟု လီဝန်ဒေါ့စကီးဆို

    မိမိ၏ ဟက်ထရစ်က အသင်းခြေစစ်ပွဲအောင်ရန် အခွင့်အလမ်းဖြစ်သည်ဟု လီဝန်ဒေါ့စကီးဆို

    ဇွန် ၁၄၊ ၂၀၁၅
    M-Media

    poland

    – ဂျော်ဂျီယာနှင့်ပွဲတွင် မိမိ၏ ဟက်ထရစ်သွင်းဂိုးက နိုင်ငံအသင်း အုပ်စုပထမဖြင့် ယူရိုခြေစစ်ပွဲအောင်မြင်ရန် မျှော်လင့်ချက်ကို မြင့်တက်လာစေသည်ဟု ပိုက်လန်တိုက်စစ်မှူး လီဝန်ဒေါ့စကီးက ပြောကြားလိုက်သည်။

    ယနေ့မနက်က ကစားခဲ့သည့် အဆိုပါပွဲတွင် ပိုလန်အသင်းမှာ ၄ ဂိုးပြတ်ဖြင့် အနိုင်ရခဲ့ပြီး အဖွင့်ဂိုးကို မိနစ် ၆၀ ကျော်တွင် အာကာဒီအွဇ်က သွင်းယူခဲ့သည်။ ထို့နောက် ဘိုင်ယန်တိုက်စစ်မှူး လီဝန်ဒေါ့စကီးက လေးမိနစ်အတွင်း ဟက်ထရစ်သွင်းယူခဲ့ပြီး အနိုင်သေချာစေခဲ့သည်။

    အဆိုပါနိုင်ပွဲကြောင့် ပိုလန်အသင်းမှာ အုပ်စု D တွင် နာမည်ကြီး ဂျာမနီထက် တစ်မှတ်အသာဖြင့် အုပ်စုအား ဦးဆောင်ထားနိုင်ပြီး လီဝန်ဒေါ့စကီးကမူ ၎င်း၏ သွင်းဂိုးများက ခြေစစ်ပွဲအောင်ရန်အခွင့်အရေး မြင့်တက်လာစေခဲ့သည်ဟု ဆိုသည်။

    “အရင်တုန်းကဆိုရင် ကျွန်တော်တို့ဟာ ပွဲကို ဒီလိုနိုင်မှာမဟုတ်ဘူးဆိုတာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ပထမပိုင်းမှာ အခွင့်အရေးတွေအများကြီး လွဲချော်ခဲ့ရပြီးနောက်မှာ ကျွန်တော်တို့ ဒုတိယပိုင်းမှာ ၄ ဂိုးသွင်းနိုင်တယ်ဆိုတာ ပြသနိုင်ခဲ့ပါတယ်။ အသင်းဟာ အခုဆိုရင် လွန်ခဲ့တဲ့ လအနည်းငယ်နဲ့ ခြားနားသွားခဲ့ပါပြီ” ဟု လီဝန်ဒေါ့စကီးက ပြောကြားခဲ့သည်။

    ပိုလန်မှာ မတ်လက အိုင်ယာလန်အသင်းနှင့် ကစားခဲ့သည့်ပွဲတွင်လည်း ၁ ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ပြီး လီဝန်ဒေါ့စကီးကမူ ၎င်းတို့၏ ထိုနိုင်ပွဲက အသင်းအခြေအနေကို တစ်ဆစ်ချိုး ဖြစ်စေခဲ့သည်ဟု ထည့်သွင်းပြောကြားခဲ့သည်။ ပိုလန်မှာ လာမည့် စက်တင်ဘာလတွင် ဂျာမနီအသင်းနှင့် ကစားရမည်ဖြစ်သည်။

    Ref: Goal

  • ပါလက်စတိုင်း ပြည်သူတစ်ဦးအား အစ္စရေးစစ်သားများ ကားဖြင့်တိုက်သတ်

    ပါလက်စတိုင်း ပြည်သူတစ်ဦးအား အစ္စရေးစစ်သားများ ကားဖြင့်တိုက်သတ်

    ဇွန် ၁၄၊ ၂၀၁၅
    M-Media

    plas

    – အစ္စရေးက ပိတ်ဆို့ထားသည့် ပါလက်စတိုင်းပိုင် အနောက်ဖက်ကမ်း ရာမာလာဒေသတွင် ဖြစ်ပွားခဲ့သော ထိပ်တိုက်တွေ့ဆုံမှုအတွင်း အစ္စရေးစစ်သားများက ပါလက်စတိုင်းတစ်ဦးအား ကားဖြင့်တိုက်သတ်ခဲ့သည်ဟု သိရသည်။

    အတိုက်ခံရသူမှာ အသက် ၂၁ နှစ်အရွယ် အဘ်ဒဲလ်လာ ဂါနေအင်မ်ဆိုသူဖြစ်ပြီး ကူဖူရ် မာလက်ရွာတွင် ယနေ့နံနက်ပိုင်းက အစ္စရေးစစ်တပ်၏ စီးနင်းမှုတွင်း အစ္စရေးစစ်သားများ မောင်းနှင်လာသည့် စစ်ကားမှ တိုက်ခဲ့ပြီးနောက် သေဆုံးခဲ့ခြင်းဖြစ်သည်။

    အစ္စရေးစစ်တပ်ကမူ ဂါနေအင်မ်မှာ မီးလောင်ဗုံးဖြင့် ပစ်ခတ်ခဲ့ပြီး မိမိတို့ဂျစ်ကားက ရှောင်တိမ်းခဲ့ပြီးနောက် ၎င်းအား တိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

    နောက်ပိုင်းတွင် ဂါနေအင်မ်အား ဆေးကုသမှုပြုလုပ်ပေးရန်အတွက် ရွာအတွင်းသို့ သွားရောက်ခဲ့သော်လည်း ရရှိသောဒဏ်ရာကြောင့် ၎င်းမှာ သေဆုံးခဲ့သည်ဟု အစ္စရေးစစ်တပ်က ထည့်သွင်းပြောကြားခဲ့သည်။ ပါလက်စတိုင်းကလည်း ဂါနေအင်မ်မှာ ဂျစ်ကားတိုက်ခံခဲ့ရသည့် ဒဏ်ရာကြောင့် သေဆုံးခဲ့သည်ဟု အတည်ပြုခဲ့သည်။

    အခြားတစ်ဦး ၀ိုင်းရိုက်ခံရ

    ပြီးခဲ့သည့် ရက်ပိုင်းအတွင်းကလည်း အစ္စရေးစစ်သားများမှာ ပါလက်စတိုင်းတစ်ဦးအား ရိုက်နှက်နေသည့် ဗီဒီယိုတစ်ခုမှာ ဆိုရှယ်မီဒီယာများတွင် ပြန့်နှံ့ခဲ့ပြီး အစ္စရေးစစ်တပ်က စုံစမ်းစစ်ဆေးမှုများကို ပြုလုပ်နေသည်။

    အဆိုပါအဖြစ်အပျက်ကို ပါလက်စတိုင်းတီဗီမှာ အနောက်ဖက်ကမ်း ရာမာလာဒေသရှိ ဂျာလာဇုန် ဒုက္ခသည်စခန်းတွင် အခြားသာမီဒီယာများရှိနေစဉ် သောကြာနေ့က ရိုက်ကူးခဲ့ခြင်းဖြစ်သည်။

    အစ္စရေးစစ်တပ်မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးကမူ အဆိုပါအဖြစ်ပျက်ကို တပ်မှူးများ သိရှိပြီး စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေသည်ဟု ပြောကြားခဲ့သည်။

    Ref: Aljazeera

  • နိုင်ငံပြန်လည်ထူထောင်ရေးအတွက် နီပေါက နိုင်ငံတကာကို အကူအညီတောင်းခံ

    နိုင်ငံပြန်လည်ထူထောင်ရေးအတွက် နီပေါက နိုင်ငံတကာကို အကူအညီတောင်းခံ

    ဇွန် ၁၄၊ ၂၀၁၅
    M-Media

    – ငလျင်ဒဏ်ကို ဆိုးရွားစွာ ခံစားခဲ့ရသည့် မိမိတို့နိုင်ငံ ပြန်လည်ထူထောင်ရေးလုပ်ငန်းအတွက် ကုန်ကျမည့် ကန်ဒေါ်လာ ၆.၆ ဘီလီယံကို နီပေါနိုင်ငံက နိုင်ငံတကာ အလှူရှင်များထံ ယမန်နေ့တွင် တောင်းခံလိုက်သည်။

    ဧပြီလ ၂၅ ရက်နှင့် မေလ ၁၂ ရက်တို့တွင် လှုပ်ခတ်ခဲ့သည့် ငလျင်များကြောင့် နီပေါနိုင်ငံတွင် သေဆုံးသူဦးရေမှာ ၈၇၈၇ ဦး ရှိခဲ့ပြီး အိမ်ပေါင်း ၅ သိန်းကျော် ပျက်ဆီးခဲ့ရကာ လူပေါင်း ၂.၈ သန်းခန့်မှာ ငလျင်ဒဏ်ကို ခံစားခဲ့ရသည်။

    ထို့ပြင် ခရီးသွားလုပ်ငန်းအပါအ၀င် စီးပွားရေးတွင်လည်း နီပေါနိုင်ငံမှာ ကန်ဒေါ်လာ ၇ ဘီလီယံ ဆုံးရှုံးခဲ့သည်ဟု သဘာဝဘေးအန္တရာယ်အလွန် လိုအပ်ချက်များ ဆန်းစစ်ခြင်း PDNA အစီရင်ခံစာတွင် အစိုးရက ဖော်ပြထားသည်။

    ဘဏ္ဍာရေးဝန်ကြီးဌာနမှ အကြီးတန်းအရာရှိဖြစ်သူ ဆူမန် ပရာဆက်ဒ် ရှရ်မာက နိုင်ငံ ပြန်လည်တည်ဆောက်ရေးနှင့်ပတ်သက်၍ ဇွန်လ ၂၅ ရက်နေ့တွင် အစည်းအဝေးတစ်ခု ကျင်းပမည်ဖြစ်ပြီး နိုင်ငံပေါင်း ၃၆ နိုင်ငံနှင့် အကူအညီပေးရေး အေဂျင်စီ ၂၄ ဖွဲ့တို့အား
    ဖိတ်ကြားထားသည်ဟု ပြောကြားခဲ့သည်။

    “အစည်းအဝေးအတွင်း အလှူရှင်တွေဆီကနေ လောက်လောက်လားလား အကူအညီကို ကျွန်မတို့ မျှော်လင့်ပါတယ်” ဟု ရှရ်မာက ပြောကြားခဲ့သည်။ လက်ရှိအချိန်တွင် စီပွားရေး ဖွံ့ဖြိုးတိုးတက်မှု ကုန်ကျစားရိတ် ၃ ပုံ ၂ ပုံကို နိုင်ငံတကာအကူအညီပေးရေးအဖွဲ့များမှ ရရှိထားသည်။

    အစိုးရတာဝန်ရှိသူများကမူ နိုင်ငံတကာအလှူရှင်များက အကူအညီပေးရန် ကတိမပြုခြင်းက နီးပေါနိုင်ငံ အကြွေးနွံနစ်ခြင်း သို့မဟုတ် အကြွေးပေးရမည့် အချိန် ကြန့်ကြာခြင်းတို့ကို ဖြစ်စေမည်ဟု ပြောကြားခဲ့သည်။ နီပေါနိုင်ငံမှာ နိုင်ငံတကာ ငွေချေးသည့် အေဂျင်စီများမှ စီပွားရေးဆိုင်ရာအတွက် ချေးငှားထားခြင်း မရှိချေ။

    နိုင်ငံအတွင်း ဆင်းရဲမွဲတေမှုကို တိုက်ဖျက်ရန် ကြိုးပမ်းမှုမျာအား အဆိုပါငလျင်များက ထိခိုက်စေခဲ့ပြီး ဆင်းရဲမွဲတေသူ ၇ သိန်းမှ ၇.၇၈ သန်း တိုးလာခဲ့သည်ဟု အမျိုးသားစီမံကိန်းကော်မရှင်မှ ဒုတိယဥက္ကဌဖြစ်သူ ဂိုဗင်ဒ် ရဂ်ျ ပေါ့က်ဟာရဲလ်က ပြောကြားခဲ့သည်။

    Ref: Reuters

  • အလ်ဘေးနီးယားအရှုံးအတွက် မိမိသာလျှင် တာဝန်ရှိသည်ဟု ပြင်သစ်နည်းပြပြော

    အလ်ဘေးနီးယားအရှုံးအတွက် မိမိသာလျှင် တာဝန်ရှိသည်ဟု ပြင်သစ်နည်းပြပြော

    ဇွန် ၁၄၊ ၂၀၁၅
    M-Media

    france

    – အသင်းငယ် အလ်ဘေးနီးယားအား ရှုံးနိမ့်ခဲ့သည့်အတွက် မိမိအနေဖြင့် စိတ်ပျက်မိပြီး ထိုအရှုံးအတွက် မိမိသာလျှင် အပြစ်တင်ခံထိုက်သူဖြစ်သည်ဟု ပြင်သစ်နည်းပြ ဒီဒီယာ ဒက်စ်ချမ့်စ်က ပြောကြားလိုက်သည်။

    ခြေစမ်းပွဲအဖြစ် ယနေ့မနက်က ကစားခဲ့သည့် အဆိုပါပွဲတွင် အလ်ဘေးနီးယားမှ အာရ်ဂက်စ် ကာစီက ပထမပိုင်းပြီးကာနီးတွင် ပြစ်ဒဏ်ဘောမှ တိုက်ရိုက်ကန်သွင်းယူခဲ့ပြီး ထိုဂိုးဖြင့်ပင် ယူရို ၂၀၁၆ အိမ်ရှင်ဖြစ်သည့် ပြင်သစ်အသင်းအား အနိုင်ရရှိခဲ့သည်။

    ပြင်သစ်မှာ ပြီးခဲ့သည့် စနေနေ့ကလည်း ဘယ်လ်ဂျီယံအသင်းအား ၄ ဂိုး ၃ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပြီး ယခုပွဲအရှုံးအတွက် ဒက်စ်ချမ့်စ်က ဒေါသထွက်ခဲ့သည်။

    “ဘယ်လ်ဂျီယံနဲ့ပွဲမှာ ကျွန်တော်တို့ဟာ ပိုသာပြီး ကစားပုံပိုကောင်းတဲ့ အသင်းနဲ့ တွေ့ခဲ့တာပါ။ သူတို့ရဲ့ကစားကွက်အောက် ရောက်ခဲ့ပါတယ်။ အလ်ဘေးနီးယားကတော့ ပိုပြီး စိတ်ဓာတ်ပြင်းထန်တဲ့ ပြိုင်ဘက်ပါ။ ကျွန်တော် တကယ့်ကို စိတ်ညစ်ရပြီး စိတ်လည်းပျက်ရပါတယ်။ ဘာ့ကြောင့်လည်းဆိုတော့ ကျွန်တော်ဟာ တာဝန်ရှိသူဖြစ်လို့ပါပဲ” ဟု ဒက်စ်ချမ့်စ်က ပြောကြားခဲ့သည်။

    ထို့ပြင် မိမိတို့အသင်းမှာ အနိုင်ရလိုစိတ် လုံလုံလောက်လောက်မရှိခဲ့ဘဲ ထိုကိစ္စမှာ လက်ခံနိုင်စရာမရှိကြောင်း၊ ကစားသမားများအား မဝေဖန်ချင်သော်လည်း ၎င်းတို့မှာ အဆင့်မြင့်ပွဲများတွင် ကစားရန် စိတ်ပိုင်းဆိုင်ရာအရ အဆင်သင့်မဖြစ်သေးကြောင်း ၎င်းက
    ထပ်လောင်းပြောကြားခဲ့သည်။

    Ref: Goal

  • ရမ်ဇာန်မှစတင်ကာ ကနေဒါမွတ်စလင်များ ဆာလောင်မွတ်သိပ်နေသူများကို ကူညီမည်

    ရမ်ဇာန်မှစတင်ကာ ကနေဒါမွတ်စလင်များ ဆာလောင်မွတ်သိပ်နေသူများကို ကူညီမည်

    ဇွန် ၁၄၊ ၂၀၁၅
    M-Media

    canada

    – အစားအသောက်ချို့တဲ့သူများကို ကူညီပေးရန် ရမ်ဇာန်ဥပုသ်လအတွင်း နိုင်ငံတစ်ဝှမ်း လှုပ်ရှားမှုတစ်ခုကို ကနေဒါမွတ်စလင်များက စီစဉ်ခဲ့ပြီး ဇွန်လ ၁၈ ရက်နေ့တွင် စတင်မည်ဟု သိရသည်။

    “တစ်လအစာအတွင် သင်တို့ရဲ့ နေ့လည်စာကို အထုတ်ကလေး ထုတ်ပေးလိုက်တာ ဒါမှမဟုတ် ရက် ၃၀ စာ ကော်ဖီသောက်မယ့်ငွေကို ထည့်ဝင်လိုက်တာပါပဲ။ ဘာပဲဖြစ်ဖြစ်။ ဒီဟာက စားဖို့ မလုံလောက်သူတွေရဲ့ဘ၀မှာ ထူးခြားမှုတော့ လုပ်ပေးနိုင်ပါတယ်” ဟု Give 30 ပရဟိတအဖွဲ့ကို တည်ထောင်သူ ဇီယဒ် မီယာက ပြောကြားခဲ့သည်။

    အဆိုပါ Give 30 အဖွဲ့မှာ ရမ်ဇာန်လတွင် ဥပုသ်သီလ ဆောက်တည်ကြသူများကို တစ်လတာလုံး တစ်နပ်စာ စားသောက်ခြင်းမရှိသည့်အတွက် စုမိသော ငွေကြေးကို ချို့တဲ့သူများအား လှူဒါန်းရန် လှုံ့ဆော်ပေးသည့် အဖွဲ့ဖြစ်သည်။

    မီယာကမူ ဥပုသ်သီလ မဆောက်တည်နိုင်သောသူများလည်း အဆိုပါအစီအစဉ်တွင် ပါဝင်နိုင်သည်ဟုဆိုပြီး ၎င်းတို့အဖွဲ့အတွက် အလှူငွေများကို ဘာသာ၊ လူမျိုးပေါင်းစုံမှ လှူဒါန်းကြသည်ဟု ပြောကြားခဲ့သည်။

    ၂၀၁၂ ခုနှစ်က စတင်တည်ထောင်ခဲ့သည် Give 30 အဖွဲ့မှာ နိုင်ငံတစ်ဝှမ်းရှိ ဆာလောင်မွတ်သိပ်နေသူများအား အစားအစာထောက်ပံ့မှုများ ပြုလုပ်ပေးနေပြီး ပြည်နယ် ၆ ခုမှ အစားအသောက်ဘဏ် ၁၁ ခုကလည်း ၎င်းတို့၏ မိတ်ဖက်အဖြစ် ဆက်သွယ်ထားကြသည်။

    စတင်အကောင်ထည်ဖော်စဉ် ဒေါ်လာ ၂၅၀၀၀၀ ဖြင့် စခဲ့ခြင်းဖြစ်ပြီး လွန်ခဲ့သည့် ၃ နှစ်အတွင်း အစားအစာချို့တဲ့သူမျာအားး သုံးကြိမ် ကူညီထောက်ပံ့ပေးခဲ့သည်။

    “ဒါဟာ ကနေဒါတစ်ဝှမ်း ဖြန့်ကျက်ရောက်ရှိတဲ့ အခြေခံလူတန်းစား လှုပ်ရှားမှုပါပဲ” ဟု မီယာက ပြောကြားခဲ့သည်။

    ယခုနှစ် ရမ်ဇာန်ဥပုသ်လမှာ ဇွန်လ ၁၈ ရက်နေ့တွင် စတင်မည်ဖြစ်ပြီး ဇူလိုင် ၁၆ ရက်နေ့တွင် အဆုံးသတ်မည်ဖြစ်သည်။ Give 30 ၏ ယခုနှစ်လှုပ်ရှားမှုမှာ ရမ်ဇာန်လအစမှ စက်တင်ဘာ ၁၁ ရက်နေ့အထိ ကြာမြင့်မည်ဖြစ်သည်။

    အောင်မြင်မှု

    တိုရွန်တိုအခြစိုက် ရှေ့နေနှင့် လူမှုရေး တက်ကြွလှုပ်ရှားသူ မီယာ၏ ရိုးရှင်းသောအိုင်ဒီယာမှစခဲ့သည့် အဆိုပါလှုပ်ရှားမှု အောင်မြင်ခြင်းနှင့် ဆိုရှယ်မီဒီယာ၏ စွမ်းအားကိုလည်း ချီးကျူးမှုများ ရှိခဲ့သည်။

    “ကျွန်တော်တို့ရဲ့ မြို့မှာ အောင်မြင်ပေမယ့်လည်း ပတ်ဝန်းကျင်မြို့တွေက အချို့အတွက် ဆာလောင်မွတ်သိပ်မှုဟာ စိန်ခေါ်မှု ဆက်ဖြစ်နေပါတယ်။ ပြီးခဲ့တဲ့နှစ်က Daily Bread ကို လူ ၇ သိန်းလောက်လာခဲ့ပြီး သုံးပုံတစ်ပုံက ကလေးတွေပါပဲ။ ပိုကောင်းတဲ့ မြို့အဖြစ် ကျွန်တော်တို့ အတူတကွ တည်ဆောက်နိုင်ပါတယ်။ လူတိုင်းလူတိုင်း ဂုဏ်သိက္ခာ၊ လေးစားမှုနဲ့ အကြင်နာမေတ္တာတွေရရှိတဲ့ ပိုကောင်းတဲ့ လူ့အဖွဲ့အစည်းအဖြစ်လည်း တည်ဆောက်နိုင်ပါတယ်။ ဒါပေမယ့် ဒါက ကျွန်တော်တို့ တစ်ယောက်ချင်းစီ စံပြအဖြစ် ဦးဆောင်ဖို့တော့ လိုပါတယ်” ဟု တိုရွန်တိုအခြေစိုက် Daily Bread အစားအသောက်ဘဏ်မှ ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြထားသည်။

    North York Harvest အစားသောက်ဘဏ်ကလည်း “နွေရာသီအချိန်မှာ အစားသောက်နဲ့ ရန်ပုံငွေလှူဒါန်းခြင်းဟာ ယေဘူယျအားဖြင့် တစ်နှစ်အတွင်း အနိမ့်ဆုံးကို ရောက်သွားတာကြောင့် Give 30 အဖွဲ့ဟာ North York Harvest တို့လို အစားအသောက်ဘဏ်တွေ ကသီတဲ့ အချိန်မှာ လှုပ်ရှားကြတာပါ။ ဒေါ်လာ ၂၀ လောက် လှူဒါန်းတာက လူငယ်ဂေဟာတွေမှာ နေထိုင်ကြတဲ့ ကလေးငယ် ၄ ယောက်လောက်ကို တစ်လစာကျွေးဖို့ လုံလောက်ပါတယ်” ဟု ပြောကြားခဲ့သည်။

    ရမ်ဇာန် ဥပုသ်လမှာ လှူဒါန်းပေးကမ်းခြင်း၊ လူ့အဖွဲ့အစည်း တည်ဆောက်ခြင်းနှင့် ဆာလောင်မွတ်သိပ်သူများ၏ အခြေအနေကို နားလည်စာနာပေးခြင်းတို့ဖြစ်သည်ဟု မီယာက ပြောကြားခဲ့သည်။

    “ရမ်ဇာန်ရဲ့ အနှစ်သာရမှာ လူတိုင်း ပူပေါင်းပါဝင်နိုင်ပါတယ်။ ဆာလောင်မွတ်သိပ်မှုမှာ လူမျိုး၊ ဘာသာတရား၊ တိုင်းရင်းသား ဒါမှမဟုတ် အယူဝါဒတွေ မရှိပါဘူး။ ဒါ့ကြောင့် Give 30 အဖွဲ့ကို လူတိုင်း ဆက်သွယ်ပါဝင်ဖို့ အရေးကြီးပါတယ်”

    Give 30 အဖွဲ့မှာ တိုရွန်တို၊ အဒ်မန်တန်၊ ကာဂရီ၊ ကွီဘက်၊ မစ်စီဆောင်ဂါ၊ အိုတာဝါ၊ ဗန်ကူးဗား၊ ၀င်နီပက်ဂ်၊ ရီဂီနာနှင့် ကင်းစတန်း စသည့် မြို့များတွင် လှုပ်ရှားနေသည်။

    ကနေဒါနိုင်ငံ၏ စုစုပေါင်း လူဦးရေတွင် အစ္စလာမ်ဘာသာကို သက်ဝင်ယုံကြည်သူများမှာ ၃.၂ ရာခိုင်နှုန်းရှိပြီး လွန်ခဲ့သည့် ဆယ်စုနှစ်အတွင်း ၈၂ ရာခိုင်နှုန်း တိုးတက်လာခဲ့သည်။

    Ref: Onislam