News @ M-Media
Blog
  • နိုင်ငံတကာ သတင်းတို (ဇွန် ၉၊ ၂၀၁၅)
    ဇွန် ၉၊ ၂၀၁၅
    M-Media
    ယူကရိန်းမငြိမ်သက်မှု သေဆုံးသူ ၆၅၀၀ နီးပါး ရှိနေပြီ
    ……………………………
    ၂၀၁၄ ဧပြီလက စတင်ခဲ့သည့် ယူကရိန်းအရှေ့ပိုင်း တိုက်ခိုက်မှုများအတွင်း သေဆုံးသူများမှာ ၆၄၅၄ ဦးရှိပြီး ဒဏ်ရာရသူအရေအတွက်မှာ ၁၆၁၄၆ ဦးရှိနေသည်ဟု ကုလသမဂ္ဂ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာရုံးက ယနေ့တွင် ပြောကြားလိုက်သည်။ စစ်ပွဲကြောင့် ပြည်သူ ၅ သန်းကျော်မှာ အကူအညီများ လိုအပ်နေဟုလည်း ဆိုသည်။
    အိန္ဒိယတွင် ရဲတပ်ဖွဲ့နှင့် သူပုန်များ တိုက်ပွဲဖြစ်
    ………………………………
    အိန္ဒိယအရှေ့ပိုင်း ဝေးလံခေါင်သီသည့် တောအုပ်အတွင်း Maoist သူပုန်များနှင့် အိန္ဒိယရဲများ ယနေ့တွင် တိုက်ပွဲများဖြစ်ခဲ့ကြပြီး သူပုန် ၁၂ ဦးကို သုတ်သင်နိုင်ခဲ့သည်ဟု ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။ သူပုန်အဖွဲ့များကို ရဲတပ်ဖွဲ့က ကြားဖြတ်ဖမ်းဆီးရာမှ ထိုကဲ့သို့ တိုက်ပွဲများ ဖြစ်ခဲ့ခြင်းဖြစ်သည်။
    ဂျပန်-ဖိလစ်ပိုင် ရေတပ်စစ်ရေးလေ့ကျင့်မှု ထပ်လုပ်မည်
    ………………………..
    ယခုလ ၂၂ ရက်နေ့မှ ၂၆ ရက်နေ့အတွင်း ဂျပန်နှင့် ဖိလစ်ပိုင်တို့မှာ ရေတပ်စစ်ရေးလေ့ကျင့်မှုများကို ပြုလုပ်သွားမည်ဟု ဖိလစ်ပိုင်ရေတပ်မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး အဒ်ဂါ့ဒ် အရီဗာလိုက ယနေ့တွင် ပြောကြားလိုက်သည်။ ၎င်းတို့နှစ်နိုင်ငံမှာ ပြီးခဲ့သည့်လကလည်း နယ်မြေပိုင်ဆိုင်မှု အငြင်းပွားမှုများရှိနေသော တောင်တရုတ်ပင်လယ်တွင် ရေတပ်စစ်ရေးလေ့ကျင်မှုများ ပြုလုပ်ခဲ့ပြီး ယခုလေ့ကျင့်မှုမှာ မည်သည့်နေရာတွင် ပြုလုပ်မည်ကို ဖော်ပြခဲ့ခြင်း မရှိချေ။
    ဖီဖာချစားမှုပြဿနာအတွက် အာဂျင်တိုင်း စီးပွားရေးလုပ်ငန်းရှင် အဖမ်းခံ
    ……………………………..
    ဖီဖာ၏ ချစားမှုပြဿနာနှင့်ပတ်သက်၍ အမေရိကန်အာဏာပိုင်များ၏ တရားစွဲဆိုခြင်း ခံထားရသည့် အာဂျင်တီးနား စီးပွားရေးလုပ်ငန်းရှင် အလက်ဂျန်ဒရို ဘာရ်ဇာကိုမှာ အီတလီမြောက်ပိုင်းတွင် ယနေ့မနက်ပိုင်းက သွားရောက်အဖမ်းခံခဲ့သည်။ ဘာရ်ဇာတိုမှာ အားကစား ဈေးကွက်ရှာဖွေရေး ကုမ္ပဏီ Torneos y Competencias ၏ ဥက္ကဌလည်းဖြစ်ပြီး ဖီဖာအတွင်း ချစားမှုနှင့် ဆက်စပ်၍
    တရားစွဲခံထားရသော အာဂျင်တိုင်း စီးပွားရေးလုပ်ငန်းရှင် ၃ ဦးထဲမှ တစ်ဦဖြစ်သည်။
    Ref: News Agencies
  • မြန်မာနိုင်ငံ အတွင်းသို့ မားစ်ရောဂါ မ၀င်ရောက်စေရေး ကျန်းမာရေး ၀န်ကြီးဌာနက စောင့်ကြည့်  စစ်ဆေးမှုများ ပြုလုပ်နေ
    မြန်မာနိုင်ငံ အတွင်းသို့ မားစ်ရောဂါ မ၀င်ရောက်စေရေး ကျန်းမာရေး ၀န်ကြီးဌာနက စောင့်ကြည့် စစ်ဆေးမှုများ ပြုလုပ်နေ
    ဇွန် ၉၊ ၂၀၁၅
    M-Media
    sk
    – တောင်ကိုရီးယားတွင် မားစ်ရောဂါ ကူးစက်ပြန့်နှံ့မှု မြင့်မားလာပြီး သေဆုံးသူများလည်း များလားသည့်အချိန်တွင် မြန်မာနိုင်ငံအတွင်း ၀င်ရောက်မှုမရှိစေရေး စောင့်ကြည့်မှုများကို စတင်ပြုလုပ်နေသည်ဟု ကျန်းမာရေး တာဝန်ရှိသူများက ပြောကြားလိုက်သည်။
    ယမန်နေ့က နေပြည်တော်တွင်ပြုလုပ်ခဲ့သည့် မားစ်ရောဂါ ကာကွယ်တားဆီးရေး ညိနှိုင်းအစည်အဝေးတွင် ဒုတိယကျန်းမာရေးဝန်ကြီး ဒေါ်သိန်းသိန်းဌေးက ယခုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်ပြီး ပြန့်နှံ့မှုမြန်ဆန်သည့် အဆိုပါဗိုင်းရပ်စ်ပိုး တောင်ကိုရီးယားတွင် မကြာသေးမီက ကူးစက်နေမှုမှာ ရောဂါပိုးသန္ဓေတည်ရာ အရှေ့အလယ်ပိုင်းအပြင်ဘက်တွင် အကြီးဆုံး ကူးစက်ပြန့်နှံခြင်းလည်း ဖြစ်သည်ဟု ဆိုသည်။
    ပြည်သူ့ကျန်းမာရေးဌာနမှ အထွေထွေဒါရိုက်တာဖြစ်သူ ဦးစိုးလွင်ငြိမ်းကလည်း မားစ်ရောဂါပိုး မြန်မာနိုင်ငံအတွင်း မပြန့်နှံ့စေးရေးအတွက် ကျန်းမာရေး တာဝန်ရှိသူများမှာ နိုင်ငံတကာလေဆိပ်များနှင့် နယ်စပ်စစ်ဆေးရေးဂိတ်များတွင် ခရီးသွားများအာ စောင့်ကြည့်လျက်ရှိနေသည်ဟု ပြောကြားခဲ့သည်။
    “လေဆိပ်တွေနဲ့ နယ်စပ်စစ်ဆေးရေးဂိတ်တွေမှာ ကျွန်တော်တို့ဟာ နိုင်ငံတကာက ရောက်လာသူတွေကို ကိုယ်အပူချိန် စောင့်ကြည့်စစ်ဆေးတာတွေ လုပ်ဆောင်နေပါတယ်” ဟု ဒေါက်တာ စိုးလွင်ငြိမ်းက ပြောကြားခဲ့ပြီး မားစ်ရောဂါ ကူးစက်နေသည်ဟု သံသယရှိသူများကို ကုသမှုများပေးရန် မြို့နယ်အဆင့် ဆေးရုံများတွင်လည်း ပြင်ဆင်မှုများ ပြုလုပ်ထားသည်ဟုဆိုသည်။
    မားစ်ဗိုင်းရပ်စ်ပိုးကို ၂၀၁၂ ခုနှစ်က စတင်တွေ့ရှိခဲ့ရခြင်း ဖြစ်ပြီး နိုင်ငံပေါင်း ၂၅ နိုင်ငံမှ လူပေါင်း ၁၃၀၀ ကျော်ကို ကူးစက်ခဲ့ကာ လူ ၄၅၀ ခန့် သေဆုံးခဲ့သည်။ လက်ရှိ တောင်ကိုရီးယားတွင် ကူးစက်နေသူ ၁၀၀ နီးပါး ရှိနေပြီး သေဆုံးသူမှာ ၇ ဦးအထိ ရှိလာပြီဖြစ်သည်။
    မြန်မာအစိုးရကမူ မားစ်ရောဂါကို ပိုမိုကောင်းမွန်သောပုံစံဖြင့် တားဆီးရေးအတွက် ဆွေးနွေးရန် သက်ဆိုင်ရာဝန်ကြီးဌာများနှင့် အစည်းအဝေးကျင်းပရန် စီစဉ်နေသည်။
    Ref: Bangkokpost
  • စပါးကိုလှောင်ခဲ့သည့် ၀ီလ်ရှိုင်းယားကို FA တရားစွဲ
    စပါးကိုလှောင်ခဲ့သည့် ၀ီလ်ရှိုင်းယားကို FA တရားစွဲ
    ဇွန် ၉၊ ၂၀၁၅
    M-Media
    will
    – FA ဖလားရရှိပြီးနောက် လန်ဒန်မြို့၌ လှည့်လည်အောင်ပွဲခံရာတွင် စပါးအသင်းအား စော်ကားပြောဆိုခဲ့သည့်အတွက် အာဆင်နယ်အလယ်တန်းလူ ဂျက်ဝီလ်ရှိုင်းယားကို ဘောလုံးအဖွဲ့ချုပ် FA က တရားစွဲဆိုခဲ့သည်။
    အသက် ၂၃ နှစ်အရွယ် ၀ီလ်ရှိုင်းယားမှာ အဆိုပါ အောင်ပွဲခံမှုအတွင်း သီချင်းများဆိုခဲ့ပြီး ထိုသီချင်းများက မြို့ခံပြိုင်ဘက် စပါးအသင်းအား လှောင်ပြောင်သည့် သီချင်းများ ဖြစ်နေသောကြောင့် တရားစွဲဆိုခြင်းဖြစ်သည်ဟု အင်္ဂလန်အသင်းနှင့် ၂၀၁၆
    ကမ္ဘာ့ဖလားခြေစစ်ပွဲကစားရန် သွားရောက်ပူးပေါင်းစဉ် FA ၏ မီဒီယာဌာနမှ ၎င်းအား အသိပေးခဲ့ခြင်းဖြစ်သည်။
    “ဒါကိုကြည့်ပြီးတော့ ကျွန်တော်ဟာ သင်ခန်းစာရပါတယ် ဒါပေမယ့် တစ်ချိန်တည်းမှာပဲ ရာသီအဆုံးမှာ ပျော်စရာလုပ်တာနဲ့ ကျွန်တော့်ဖာသာ ပျော်ရွှင်တာကို လူတွေက ကျွန်တော့်ကို တော်တော်လေး ကသိကအောက် ဖြစ်စေပါတယ်” ဟု ၎င်းက သတင်းထောက်များအား ပြောကြားခဲ့သည်။
    ထို့ပြင် တစ်ရာသီလုံး ပြင်းပြင်းထန်ထန် အလုပ်လုပ်ခဲ့ရသည့် မိမိတို့အနေဖြင့် စိတ်လွတ်လက်လွတ် အောင်ပွဲခံမိခြင်းဖြစ်ပြီး ထိုကဲ့သို့ အရေးယူခြင်းမှာ အနည်းငယ်ပြင်းထန်သလို ဖြစ်နေသည်ဟုလည်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။
    Ref: Goal
  • အသက်ဘေးကို လစ်လျူရှု၍ ကျောင်းသားများအား ကယ်တင်ခဲ့ကြသည့် စင်ကာပူမှ ကျောင်းဆရာများ (ဘာသာပြန်ဆောင်းပါး)
    အသက်ဘေးကို လစ်လျူရှု၍ ကျောင်းသားများအား ကယ်တင်ခဲ့ကြသည့် စင်ကာပူမှ ကျောင်းဆရာများ (ဘာသာပြန်ဆောင်းပါး)
    ဇွန် ၉၊ ၂၀၁၅
    M-Media
    sg
    ပြီးခဲ့သည့် သောကြာနေ့က ငလျင်ကြောင့် ကင်နာဘာလူတောင်ပေါ်တွင် တုန်ခါပြီး ကျောက်တုံး၊ ကျောက်ခဲကြီးများ လိမ့်ကျလာသည့်အခါ Tanjong Katong မူလတန်းကျောင်းမှ ဆရာများမှာ ကျောင်းသား၊ ကျောင်းသူများ ထိခိုက်ဒဏ်ရာရမှု မဖြစ်စေရန် ၎င်းတို့၏ ခန္ဓာကိုယ်များဖြင့် ကာကွယ်ပေးခဲ့ကြသည်။
    ထိုဖြစ်ရပ်ဆိုးမှ အသက်ရှင်လွတ်မြောက်လာသည့် ကျောင်းသားများ၏ မိဘများက ယနေ့တွင် ထိုအကြောင်းအရာကို ပြောကြားခဲ့ပြီး ဆရာများ၏ သတ္တိကောင်းမှုနှင့် တစ်ကိုယ်ကောင်းမဆန်မှုတို့ကိုလည်း ချီးကျူးခဲ့ကြသည်။
    စင်ကာပူသို့ ပြန်လည်ရောက်ရှိလာသူများကြားတွင် သမီးဖြစ်သူပါဝင်သော အသက် ၃၈နှစ်အရွယ် မိခင် ဟဇ်ရီန်း ဟူစိန်က “ကလေးတွေဆီက ကျွန်မကြားရတာကော့ ဆရာတွေဟာ ဒဏ်ရာရနေပေမယ့် ထလာပြီး တစ်ချို့တွေဆိုရင် သူတို့ရဲ့ ကျောင်းသားတွေကို ကာကွယ်ဖို့ စွန့်စားခဲ့ကြတယ် ဆိုတာပါပဲ။ ကျွန်မပြောရရင်တော့ ဆရာတွေဟာ သူရဲကောင်းတွေပါ” ဟု
    အိမ်ခြံမြေအကျိုးဆောင်ဖြစ်သူ သူမက ပြောကြားခဲ့သည်။
    အခြားမိဘတစ်ဦးဖြစ်သူ မစ္စတာ အဲလက်စ်ဝင်းကလည်းက အသက် ၁၂ နှစ်အရွယ် သားဖြစ်သူ ထရစ္စတန်၏ ပြောကြားမှုကို ပြန်လည် ဖောက်သည်ချခဲ့သည်။
    “ငလျင်လှုပ်တဲ့အခါ ဆရာတွေဟာ ကျောင်းသားတွေအားလုံးကို အတူတူနေကြဖို့ ပြောခဲ့ပါတယ်။ ပြီးတော့ သူတို့က ကလေးတွေကို ၀ိုင်းထားပြီး (လိမ့်ကျလာတဲ့) ကျောက်တုံးကြီးတွေမထိအောင် ကာကွယ်ပေးခဲ့ကြပါတယ်” ဟု ၀င်းက ဆိုသည်။
    ထို့ပြင် ကျောင်းနှင့် ဆရာများမှာ တာဝန်ရှိသည်ထက်ပို၍ လုပ်ဆောင်ပေးခဲ့သည်ဟုလည်း ထည့်သွင်းပြောကြားခဲ့သည်။
    “(ခရီးမှာ) သူတို့နဲ့အတူ လိုက်ပါသွားတဲ့ ဆရာအများစုဟာ အနစ်နာခံခဲ့ကြပြီး တော်တော်ဆိုးဆိုးဝါးဝါး ဒဏ်ရာတွေလည်း ရခဲ့ပါတယ်။ သူတို့ရဲ့စိတ်ဓာတ်ကတော့ တကယ့်ကို လေးစားချီးကျူးစရာပါပဲ” ဟု အမြဲတမ်းနေထိုင်ခွင့်ဖြင့် နည်းပညာနယ်ပယ်တွင် အလုပ်လုပ်နေသူ မော်ရီတီးယက်စ်က ပြောကြားခဲ့သည်။
    တူမဖြစ်သူ အာမာလ် အက်ရှ်လေ လင်မ်ကို အသက်ရှင်လျက် ပြန်လည်တွေ့မြင်ရခဲ့သည့် မစ္စတာ ဟာဖစ်ဇ် အဟ်မဒ်ကလည်း ငလျင်လှုပ်သည့်အချိန်တွင် ဆရာများထဲမှ တစ်ဦးက လင်မ်နှင့် အခြားကျောင်းသားတစ်ဦးကို ဖက်ကာ အပေါ်မှ အုပ်မိုးပေးထားသည်ဟု ပြောကြားခဲ့သည်။
    ပညာရေးဝန်ကြီး ဟန်ဆွီကီယက်ကလည်း ကျောင်းသားနှစ်ဦးအား ကယ်တင်ခဲ့ပြီး စင်ကာပူဆေးရုံသို့ ခေါ်ဆောင်လာသည့်သတင်းကို Facebook စာမျက်နှာမှတစ်ဆင့် ယမန်နေ့က မျှဝေရာတွင်လည်း မိဘများနည်းတူ ကျောင်းဆရာများကို ချီးကျူးခဲ့သည်။
    “ကျောင်းဆရာတွေက ကျောက်တုံးကြီးတွေကနေ သူတို့ကို အုပ်မိုးကာကွယ်ပေးခဲ့တာကို ကလေးတွေက ပြန်ပြောခဲ့တယ်လို့ မိဘတွေက ပြောကြပါတယ်။ သူတို့ (ကျောင်းဆရာတွေ)ရဲ့ အားထုတ်မှုနဲ့ တစ်ကိုယ်ကောင်းမဆန်မှုက ကျွန်တော့်ကို တော်တော်လေး ခံစားရစေပါတယ်” ဟု ၀န်ကြီးက ရေးသားခဲ့သည်။
    Ref: Todayline
  • အာရှ လူကုန်ကူးမှုပြသာနာ ဦကျိုးပြီလား ?
    အာရှ လူကုန်ကူးမှုပြသာနာ ဦကျိုးပြီလား ?
    ဇွန် ၉၊ ၂၀၁၅
    M-Media
    15MIGRANTS-WEB1-master675-v2
    မြန်မာနိုင်ငံအနောက်ပိုင်း လူထူထပ်ပြည့်ကျပ်နေတဲ့ ရိုဟင်ဂျာ မွတ်စ်လင်မ် ဒုက္ခသည် စခန်းများထဲ ယိုင်နဲ့နဲ့ တဲ တန်းလျားတွေမှာ တိတ်ဆိတ်ခြင်းက ကြီးစိုးနေပါပြီ။ ထိုင်းနဲ့မလေးရှားထဲက ဘယ်သူမှ ထပ်လာပြီး လူရွေးဖို့ အပေးအယူကိစ္စ မလုပ်ကြတော့ပါဘူး။
    “ဒီ့အလျင်က အနည်းဆုံး လူကုန်ကူးသူတွေနဲ့ စေ့စပ်ညှိနှိုင်းဖို့ လူ ၁၀ ဦးကနေ ၁၅ ဦးအထိ နေ့စဉ်နေ့တိုင်း ဒီကိုရောက်လာတတ်ပါတယ်။ ခုကျတော့ လုံးဝ မတွေ့ရတော့ပါဘူး” လို့ ထွန်းဝင်း အမည်ရှိ လူငယ်လေးက သက်ကယ်မိုးဝါးတဲ တစ်လုံးထဲကနေ ဗီဒီယို ဖုန်းလိုင်းသုံးပြီး ပြောပြပါတယ်။
    ဗီယက်နမ်စစ်ပွဲ အဆုံးသတ်ချိန်က လှေစီးပြေး ဒုက္ခသည်ဖြစ်စဉ်နောက်ပိုင်း မြန်မာ ရိုဟင်ဂျာတွေရဲ့အဖြစ်ဆိုးဟာ အာရှတလွှား အကြီးမားဆုံး ရွှေ့ပြောင်းမှုပြဿနာဖြစ်လာပါတယ်။ အဲ့ဒီအပေါ် နှစ်ပေါင်းများစွာ အမြတ်ထုတ်ခဲ့တဲ့ လူကုန်ကူးသူများဟာ စီးပွားပျက်ကိန်း ဆိုက်သွားပုံရပါတယ်။ အနိမ့်ဆုံးအားဖြင့် တပ်ခေါက်နေပြီလို့ ဆိုရမှာပါ။ ပြီးခဲ့တဲ့လအထိ သူတို့ရဲ့ ဆိုးဝါးတဲ့လုပ်ငန်းစဉ်ကြီးက နာရီရွေ့လျားမှုအလား မရပ်မနား လည်ပတ်နေခဲ့တယ်။
    ကျားရဲတွင်းနဲ့ ဆင်းရဲတွင်းကနေ လွတ်မြောက်နိုင်ရေးအိပ်မက်ကြောင့် ထောင်နဲ့ချီတဲ့ ရိုဟင်ဂျာတွေ၊ သူတို့အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်က လူတွေဟာ မလေးရှားမှာ အလုပ်အကိုင်နဲ့ လုံခြုံရေး ရနိုင်စရာမျှော်လင့်ချက်ပေးလို့ ဘင်္ဂလားပင်လယ်အော် အရှေ့တောင်စွန်းကနေ တဆင့် လှေအိုလှေဟောင်းစီးပြီး အသက်စွန့် ခရီးနှင်ဖို့ သွေးဆောင်ခံခဲ့ကြရတယ်။
    သို့တစေလည်း လူအများအပြားကတော့ သူတို့ရဲ့ခရီးစဉ်ကို လျှို့ဝှက်စခန်းတွေထဲမှာ အရက်စက်ခံကျွန်ဘ၀အဖြစ် စခန်းသိမ်းခဲ့ရတယ်။ အဲ့ဒီစခန်းများက ထိုင်းနဲ့ မလေးရှားကြား နယ်စပ်မျဉ်း တစ်ကြောမှာ တည်ရှိနေပါတယ်။ လူကုန်ကူးသူများဟာ အကျဉ်းသားပြန်လွှတ်ရေး အတွက် အဲ့ဒီနေရာကနေတဆင့် ငွေညှစ်တောင်းခံလေ့ ရှိကြတယ်။ လက်ရှိ အခွံသာကျန်ရှိတဲ့ တဲတန်းလျားတွေထဲမှာ သက်ဆိုင်ရာဆွေမျိုးသားချင်းတွေနဲ့ ဈေးညှိဈေးဖြတ်လေ့ရှိကြတယ်။
    ပြီးခဲ့တဲ့လဆန်းပိုင်းမှာ နယ်စပ်ဒေသအနီး သေဆုံးသူ ၃၃ ဦး တွင်းတူးမြုပ်နှံထားမှုကို ရှာဖွေတွေ့ရှိပြီးတဲ့နောက် ထိုင်းနိုင်ငံဖက်က လူကုန်ကူးချေမှုန်းဖို့ အမိန့်ထုတ်လိုက်တော့ ဒီကွင်းဆက် ပြတ်တောက်သွားပါတယ်။
    “ရှိသမျှလူတွေ ထွက်ပြေးကုန်ကြတယ်”  လို့ ထိုင်းနိုင်ငံ လူကုန်ကူးမှုစုံစမ်းဖော်ထုတ်ရေး ရဲမင်းကြီး Thatchai Pitaneelaboot က ဆိုပါတယ်။
    အဲ့ဒီဖြိုခွင်းမှုက ပင်လယ်ထဲ လူသားချင်းစာနာ ကယ်ဆယ်ရေးပြဿနာ ဖြစ်သွားစေခဲ့တယ်။
    ထိုင်းနဲ့မလေးရှားဖက်က ကျယ်ကျယ်ပြန့်ပြန့် စုံစမ်းဖော်ထုတ်မှုကွန်ရက်များထဲ ဖမ်းမိတာထက်စာရင် အလွတ်ရုန်းအန္တရာယ်က ပိုသက်သာနိုင်လို့ လူကုန်ကူးသူများက သင်္ဘောနဲ့ထွက်ပြေးသွားကြတယ်။ ထောင်ချီတဲ့ ဦးတည်ရာမဲ့ရွှေ့ပြောင်း ဒုက္ခသည်တွေကို လှေမျောဘ၀နဲ့  ချန်ရစ်သွားခဲ့ကြတယ်။
    ပြီးခဲ့တဲ့လက ထိုင်း၊ မလေးနဲ့ အင်ဒိုနီးရှားကို လှေမျောခရီးသည် သုံးထောင်ကျော် ကမ်းကပ်ဆိုက်ရောက်လာတယ်။ ရာပေါင်း များစွာကို မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်ဆီ ပြန်ပို့ခဲ့ကြပေမယ့် လူ ၂၀၀၀ ၀န်းကျင်လောက်က ပင်လယ်ထဲမျောနေဆဲဖြစ်မယ်ဆိုပြီး ကုလသမဂ္ဂမှ ခန့်မှန်းထားပါတယ်။
    လူကုန်ကူးလုပ်ငန်းကွင်းဆက်ကို (ရှောင်တခင်)ပိတ်ဆို့ တားဆီးလိုက်ခြင်းက လှေမျော ဒုက္ခသည်ပြဿနာ ပိုကြီးထွားစေခဲ့ကြောင်း ရခိုင်ပြည်နယ်နဲ့ ဘင်္ဂလားဒေ့ရှ်တောင်ပိုင်းက လှေစီး ထွက်ခွာမှုအပေါ် ခြေရာခံ ပရောဂျက်လုပ်ဆောင်နေတဲ့ Chris Lewa က ပြောကြားလိုက်ပါတယ်။
    မေလမှာ ထွက်ခွာတဲ့လှေငယ် ၃၀၀ စီး၊ ဧပြီလမှာ အနိမ့်ဆုံး လူဦးရေ ၅၀၀၀၊ နိုဝင်ဘာ ကနေ မတ်လ အတွင်းမှာ လစဉ်ပျမ်းမျှ ၇၀၀၀-၈၀၀၀ လောက်ရှိတယ်လို့ သူမရဲ့ခန့်မှန်းချက် အရ သိရတယ်။
    လွန်ခဲ့တဲ့နှစ်လကတည်းက ရွှေ့ပြောင်းထွက်ခွာအံ့ဆဲဆဲ လူအများစုဟာ ဖြိုခွင်းရေးများကြောင့် ရေပြင်ကို ခြေမချခဲ့ရဘဲ သောင်ပြင်မှာ ပစ်ထားခံရပြီး ငွေပေးရွေးမှ ပြန်လည်ခေါ်ဆောင် ခံရသူတွေပါလို့ သူမက ဆိုပါတယ်။
    ထိုင်းအစိုးရအနေနဲ့ လူကုန်ကူးလုပ်ငန်းကို ချေမှုန်းလိုက်နိုင်လျှင်ပင် အရှေ့တောင်အာရှ ရွှေ့ပြောင်းသွားလာမှု ရပ်ဝန်းရဲ့ ဇာစ်မြစ် အကြောင်းရင်းတွေကို ရပ်တန့်အောင် လုပ်နိုင်မှာ မဟုတ်ဘူးလို့ လူအများအပြားက ယုံကြည်ကြပါတယ်။ ပြီးခဲ့တဲ့ ရက်သတ္တပတ်မှာ လူဦးရေ ၁.၁ သန်းရှိ ရိုဟင်ဂျာမွတ်စ်လင်မ်တွေအပေါ် ခွဲခြားချိုးနှိမ်ဆက်ဆံနေမှု ရပ်တန့်ဖို့ အမေရိကန်သမ္မတ ဘားရက် အိုဘားမားက မြန်မာနိုင်ငံကို လောဆော်ခဲ့ပါတယ်။ အဲ့ဒီလို လုပ်ဆောင်ချက်မျိုး မရှိဘူး ဆိုပြီး မြန်မာဖက်က ငြင်းဆန် ထားပါတယ်။
    မြန်မာအစိုးရဟာ မြန်မာနိုင်ငံထဲ မျိုးဆက်အလီလီ နေထိုင်လာခဲ့တဲ့ သူတို့ကို တိုင်းရင်းသားအဖြစ် လည်းကောင်း၊ နိုင်ငံသားအဖြစ် လည်းကောင်း အသိအမှတ် မပြုတဲ့အပြင်၊ ဘင်္ဂလားဒေ့ရှ်က ခိုးဝင်လာသူ ဘင်္ဂလီများအဖြစ် သတ်မှတ်ထားပါတယ်။
    မုတ်သုန်ရာသီဝင်ရောက်လာပြီး အန္တရာယ် ပိုများနိုင်တာကြောင့် ဒီလိုကာလမှာ ရွှေ့ပြောင်း စွန့်ခွာမှုနှုန်း နိမ့်ကျသွားလေ့ရှိပါတယ်။ ဒါကြောင့် ဦးကျိုးသွားတဲ့ ဒီလုပ်ငန်းဟာ လပေါင်းများစွာအကြာမှာ ပြန်ပေါ်လာနိုင် မလားဆိုတာကို စောင့်ကြည့် သွားရမှာပါ။
    လက်ရှိသီတင်းပတ်အတွင်း ဖြစ်ရပ်များက ဒီတရားမဲ့လုပ်ငန်းကို အပြီးအပိုင်လှဲကျင်းပစ်နိုင်မလားဆိုတာ Lewa က သံသယဖြစ်နေပါတယ်။
    “အုပ်စုငယ်တချို့ ထိန်းသိမ်းခံထားရဆဲလို့ ကျွန်မ ထင်မြင်ပါတယ်။ တောနက်ထဲမှာတော့ ဟုတ်ချင်မှဟုတ်မှာပါ။ ဒုစရိုက်သမားတွေက ဓားစာခံတွေကို လုံခြုံတဲ့နေရာတွေမှာ ငွေနဲ့လာရွေးဖို့ ချုပ်ကိုင်ထားဆဲ ဖြစ်နေနိုင်ပါတယ်”။
    စစ်တွေမြို့အနီးက ရိုဟင်ဂျာဒုက္ခသည်စခန်းမှာ ငွေပေးရွေးဖို့ တောင်းဆိုမှုတွေ ရုတ်ခြည်း တိတ်ဆိတ်ခြောက် ကပ်သွားတယ်လို့ ဒေသခံများက ဆိုပါတယ်။
    ဒုက္ခသည်စခန်းတွေ ပိတ်သိမ်းနိုင်ချေရှိကြောင်း သောကရောက်သားချင်းတွေအတွက် လူမှုအကျိုးဆောင်လုပ်ပေးနေသူ ဦးကျော်လှက ပြောပါတယ်။ “လွန်ခဲ့တဲ့ ၂ လလောက်က ကျွန်တော်နဲ့ ချမ်းသာသူတစ်ချို့ဆီ လူအများအပြား ရောက်လာကြတယ်။  သူတို့ရဲ့သားချင်းတွေကို ပြန်ရွေးနိုင်ရေးအတွက် သူတို့ရဲ့အိမ်၊ မြေတွေ ရောင်းချဖို့အတွက်ပါ။ အဲ့ဒီကိစ္စတွေ ခုတော့ ရပ်တန့်သွားပြီဖြစ်ပါတယ်”။
    လှေစီးပြေးအောင် မြူဆွယ်သူ ပွဲစားများစွာက ရိုဟင်ဂျာတွေပဲ ပြန်ဖြစ်နေတာ တွေ့ရပါတယ်။
    အောက်ခြေအဆင့်လက်ပွား လူကုန်ကူးသူများသာ ဖမ်းဆီးခံရပြီး လုပ်ငန်းခေါင်းကိုင်များကတော့ ဘင်္ဂလားဒေ့ရှ်ဖက် ထွက်ပြေးကုန်ပြီ သို့တည်းမဟုတ် ခြေရာဖျောက်တွင်းအောင်းသွားပြီ လို့ ဦးကျော်လှက ယုံကြည်ထားပါတယ်။
    ဘင်္ဂလားဒေ့ရှ်နယ်စပ် Pen Daw Pyin ရွာက ၅၅ နှစ်အရွယ် အမျိုးသမီး Se Tara က ဒီလိုပြောပြခဲ့ပါတယ်။ ဖေဖော်ဝါရီလက ပင်လယ်ခရီးလွှင့်သွားခဲ့တဲ့ သူမရဲ့ သားနဲ့သမီးကို ပြန်ရွေးဖို့ ငွေကြေးပြင်ဆင်ထားပါဆိုပြီး လွန်ခဲ့တဲ့ ၂ လက ဒေသခံပွဲစား လာပြောသွားတယ်။ ထိုင်းနိုင်ငံမှာ လူကုန်ကူးသူတွေ ဖမ်းဆီးခံရပြီး ပင်လယ်ထဲ လှေတွေ မျောပစ်တဲ့သတင်း ရောက်တဲ့အခါ သူမနဲ့သားငယ်ဖြစ်သူ ရဟ်မသ်က ပွဲစားအိမ်ဆီ မေးမြန်းစုံစမ်းဖို့ သွားခဲ့ကြတယ်။ ဒါပေမယ့် ပွဲစားက ပျောက်ခြင်းမလှပျောက်သွားခဲ့ပါပြီ။
    “သူ ဘယ်မှာလဲဆိုတာ မသိဘူးလို့ သူ့ရွာသားတွေက ပြောကြတယ်။ သူ တစ်နေရာရာမှာ ပုန်းနေပါတယ်။ ကျွန်တော့်အထင် သူတို့လိမ်နေတာပဲ ဖြစ်ပါမယ်” ဆိုပြီး ရဟ်မသ်က ပြောပါတယ်။
    xxxxxxxxxxxxxxxxxxxxxxxxxxxx
    ဘန်ကောက်အခြေစိုက် Simon Webb ရဲ့ သတင်းပေးပို့ချက်အပေါ် John Chalmers ရေးသားပြီး Ian Geoghegan တည်းဖြတ်တဲ့ Aubrey Belford ရဲ့ ရိုက်တာသတင်းဆောင်းပါး Closed for business: Asia’s human smugglers go to ground ကို မြင့်မိုရ်မောင်မောင်က ဆီလျော်အောင် ပြန်ဆိုမှု ဖြစ်ပါတယ်။