News @ M-Media

Blog

  • ဘာသာပေါင်းစုံ ချစ်ကြည် ညီညွတ်ရေး ဆုတောင်းပွဲ ဆွမ်းစားဖိတ်တာ သံဃာတွေ မကြွဘို့ မ.ဘ.သ အဖွဲ့ လုပ်ဆောင်

    ဘာသာပေါင်းစုံ ချစ်ကြည် ညီညွတ်ရေး ဆုတောင်းပွဲ ဆွမ်းစားဖိတ်တာ သံဃာတွေ မကြွဘို့ မ.ဘ.သ အဖွဲ့ လုပ်ဆောင်

    ဇွန် ၈၊ ၂၀၁၄
    M-Media
    ချမ်းငြိမ်းအေး

    380653_113755075435864_114229105_n
    ဓါတ်ပုံ အညွှန်း- အာဗစ်ရှာဟိုစိုင်နီသခင်၏ ဒါရ်ဂါဟ်တော် ၁၉၉၇-ခု အဓိကရုဏ်းတွင် မီးရှို့ဖျက်ဆီးခံရပြီးနောက် ပြန်လည်ပြင်ဆင်ရင်း တားဆီးခံရသည့်အတွက် တစ်ပိုင်းတစ်စဖြင့် ရပ်တန့်ထားခဲ့ရခြင်းဖြစ်သည်။

    မန္တလေး။    ။ မန္တလေးတိုင်း အမရပူရမြို့နယ်ရှိ ဘိုးတော်ဦးဝိုင်း(ဗဒုံမင်း) လက်ထက်  အစ္စလာမ်သာသနာပိုင် အဖြစ် ခန့်အပ်ခြင်းခံရသည့်  အာဗစ်ရှားဟိုစိုင်နီ သခင်ကြီး၏ (၂၀၇) နှစ်မြောက် အောက်မေ့ဖွယ် အခမ်းအနားမှာ သံဃာတွေကို ဆွမ်းကပ်ဖို့ စီစဉ်ထားမှုအား လက်မခံဖို့ အတွက် အမျိုးဘာသာသာသနာ စောင့်ရှောက်ရေးအဖွဲ (မဘသ) မှ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

    ဒေသခံ မွတ်စလင်များမှ သူတော်စင် အဖြစ် သတ်မှတ်သည့် အာဗစ်ရှားဟိုစိုင်နီ သခင်ကြီး၏ နှစ်စဉ် အောက်မေ့ဘွယ် အခမ်းအနားများ ပြုလုပ်ခဲ့ရာ ယခုနှစ်တွင်  ဘာသာပေါင်းစုံ ချစ်ကြည် ညီညွတ်ရေးအတွက် ရည်ရွယ်ပြီး မန္တလေးမြို့ပေါ်မှ သံဃာတော် အပါး (၁၀၀) ကျော်ကို နေ့ဆွမ်းကပ်လှူရန် စီစဉ်ထားခဲ့ကြောင်း သိရပါတယ်။ ထိုနေ့ဆွမ်းစား မကြွရန် ဖိတ်ကြားခံထားရသော ဘုန်းကြီးကျောင်းများသို့ မ.ဘ.သ အဖွဲ့မှ စာများပေးပို့ခဲ့ပြီး တားဆီးခဲ့ကြောင်း သိရပါတယ်။

    ဘာသာပေါင်းစုံချစ်ကြည်ညီညွှတ်ရေး ဆုတောင်းပွဲအား အမရပူမြို့နယ် သိင်္ဂီရွှေ့ဝါ ခန်းမမှာ ဇွန် ၈ရက်နေ့ နံနက်ပိုင်းမှာ ပြုလုပ်ဖို့ စီစဉ်ခဲ့တာပါပဲဖြစ်ပါတယ်။

    “ကျွန်တော်တို့ ဘုန်းတော်ကြီးတွေကို ဆွမ်းကပ်ဖို့ အဆင်သင့် ချက်ပြုတ်ထားပြီးပါပြီ။ ဒီသခင်ကြီးရဲ့ နှစ်ပတ်လည်အခမ်းအနားမှာ ကျွန်တော်တို့ဂေါပက အဖွဲ့အနေနဲ့ ဘာသာပေါင်းစုံ ချစ်ကြည်ရင်းနှီးမှု ရရှိနိုင်ရန် အတွက် သံဃာတော်တွေကို ဆွမ်းကပ်ဖို့ ဖိတ်ကြားတာပါ။” လို့ ဂေါပက အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

    မန္တလေးမြို့နယ်မှ သံဃာတော်တစ်ပါးကလည်း “ဒီလိုတွေ အမြဲလိုက်ပြီး ပိတ်ပင်တားဆီးနေတာ စည်းလုံးမှု ညီညွတ်မှုတွေကို ပျက်ပြားစေနေပါတယ်။ ဘာသာပေါင်းစုံ ချစ်ကြည်မှုရနေတာကိုလည်း ဝင်ရောက်နှောက့်ယှက်သလို ဖြစ်နေပါတယ်။ ဒီလိုလုပ်ရပ်မျိုးတွေကို ဘုန်းကြီးတို့က ပြင်းထန်စွာ ရှုံ့ချပါတယ်” ဟု ဆရာတော်တစ်ပါးက မိန့်ကြားခဲ့ပါတယ်။

    အာဗစ်ရှားဟိုစိုင်နီ သခင်ကြီးသည် ဘိုးတော်ဦးဝိုင်း(ဗဒုံမင်း) လက်ထက်တွင် နှစ်ပေါင်း (၂၀)  ခန့် အစ္စလာမ် သာသနာပိုင်အဖြစ် ထမ်းဆောင်ခဲ့သူတစ်ဦးဖြစ်ပါတယ်။

    နှစ်ပေါင်း ၂၀၀  ကျော်ရှိပြီဖြစ်တဲ့ ၄င်းအားမြုပ်နှံခဲ့သည့် ဂူဗိမာန်မှာ မန္တလေးတိုင်း အမရပူရမြို့ လင်းဇင်းကုန်းရပ်၌ တည်ရှိပြီး  သမိုင်းဝင်နေရာ တခုလည်းဖြစ်ပါတယ်။

  • နိုင်ငံတကာသတင်းတို (ဇွန် ၈၊ ၂၀၁၅)

    ဇွန် ၈၊ ၂၀၁၅
    M-Media

    တူရကီပါလီမန်ရွေးကောက်ပွဲ အာဏာရပါတီ ထပ်မံအနိုင်ရ
    ……………………………..
    ယမနေ့ကပြုလုပ်ခဲ့သည့် တူရကီပါလီမန်ရွေးကောက်ပွဲတွင် လက်ရှိအာဏာရ AK ပါတီက ၄၁ ရာခိုင်နှုန်းဖြင့် အနိုင်ရရှိခဲ့သော်လည်း အမတ်နေရာ အများအပြား ဆုံးရှုံးခဲ့သည်။ ကာ့ဒ်ထောက်ခံသည့် လက်ဝဲယိမ်း HP ပါတီကမူ မကြုံစဖူး ၁၃ ရာခိုင်နှုန်း ရရှိခဲ့ကာ အဓိက အတိုက်အခံပါတီဖြစ်သော CHP ပါတီက ၂၅ ရာခိုင်နှုန်းရရှိခဲ့သည်။ အမျိုးသားရေးပါတီ MHP က မူ ၁၆.၅ ရာခိုင်နှုန်း ရရှိခဲ့သည်။

    ဥရောပတွင် နျူဒုံးကျည်များချထားရေး အမေရိကန်အစီအစဉ် ရုရှားမကျေနပ်
    ……………………….
    ဥရောပတွင် ဒုံးကျည်များ တပ်ဖြန့်ချထားရန် အမေရိကန်၏အစီအစဉ်က ဥရောပတိုက်အတွင်း အကျိုးစီးပွားညီမျှမှုနှင့် အပြန်အလှန်ယုံကြည်မှုတို့ကို မြှင့်တင်ရန် ခက်ခဲစေသည်ဟု ရုရှားသမ္မတ ဗလာဒီမာပူတင်၏ ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီ ပက်စ်ကော့ဗ်က ပြောကြားလိုက်သည်။ အမေရိကန်မှာ ရုရှားနှင့်ချုပ်ဆိုထားသော စစ်အေးခေတ် သဘောတူညီချက်မှ နှုတ်ထွက်ရန် စဉ်းစားနေပြီး ရုရှား၏ ကျူးကျော်မှုဟုခေါ်သည့် ကိစ္စရပ်ကို တန်ပြန်တုံ့ပြန်ရန်အတွက် ဥရောပတွင် နျူးကလီးယား ထိပ်ဖူး သယ်ဆောင်နိုင်သော တာလစ်ပစ်ဒုံးကျည်များကို ပြန်လည်ချထားရန် စီစဉ်နေသည်ဟု ပြီးခဲ့သည့် တစ်ပတ်က မီဒီယာများတွင် ဖော်ပြခဲ့သည်။

    MERS ရောဂါကြောင့် တောင်ကိုရီးယားတွင်သေဆုံးသူ ၆ ဦးရှိလာ
    ……………………………
    တောင်ကိုရီးယားနိုင်ငံတွင် MERS ရောဂါကြောင့် သေဆုံးသူအရေအတွက်မှာ ၆ ဦးအထိ ရှိလာကာ ကူးစက်သူဦးရေမှာ ၈၇ ဦး ရှိလာခဲ့ပြီဟု ကျန်းမာရေးဝန်ကြီးဌာနက ယနေ့တွင် ကြေညာခဲ့သည်။ သို့သော်လည်း အခြေအနေကို ထိန်းချုပ်ထားနိုင်ပြီး စာသင်ကျောင်းပေါင်း ၅၀၀ ကျော်ကို ယာယီပိတ်ထားကာ၊ လူ ၁၀၀၀ ကျော်ကိုလည်း သီးသန့်ခွဲထား၍ စောင့်ကြည့်မှုများ
    ပြုလုပ်နေသည်ဟု ဆိုသည်။
    ဆိုးကမ်းဘဲလ် လန်ဒန်အုပ်ချုပ်ရေးမှူးနေရာ ၀င်ပြိုင်မည်
    …………………………
    အင်္ဂလန်နှင့် အာဆင်နယ်အသင်း၏ နောက်ခံလူဟောင်း ဆိုးလ်ကမ်းဘဲလ်မှာ ကွန်ဆာဗေးတစ်ပါတီမှ ကိုယ်စားပြုကာ ဇူလိုင်လ ၄ ရက်နေ့တွင် ပြုလုပ်မည့် လန်ဒန်အုပ်ချုပ်ရေးမှူး ရွေးချယ်ပွဲတွင် ယှဉ်ပြိုင်မည်ဟု The Sun သတင်းစာက ဖော်ပြခဲ့သည်။ လက်ရှိအုပ်ချုပ်ရေးမှူးဖြစ်ပြီး ဒုတိယသက်တမ်းအတွက် ထပ်မံယှဉ်ပြိုင်သွားမည့် ဂျွန်ဆန်မှာ ဆိုးလ်ကမ်းဘဲလ်၏ အဓိကပြိုင်ဘက်
    ဖြစ်လာမည်ဖြစ်သည်။

    Ref: News Angencies

  • စာခိုးချမှုကိုဖမ်းဖို့ တရုတ်တွင် ဒရုန်းလေယာဉ်ကို အသုံးပြု

    စာခိုးချမှုကိုဖမ်းဖို့ တရုတ်တွင် ဒရုန်းလေယာဉ်ကို အသုံးပြု

    ဇွန် ၈၊ ၂၀၁၅
    M-Media

    china

    – တရုတ်နိုင်ငံရဲ့ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲမှာ စာခိုးချသူတွေ ဖမ်းဆီးဖော်ထုတ်ဖို့အတွက် ဒရုန်းလေယာဉ်ကိုအသုံးပြုပြီး ဆောင်ရွက်နေပါတယ်။

    နိုင်ငံအလယ်ပိုင်း ဟီနန်ပြည်နယ် လူအိုယန်မြို့က စာစစ်ဌာန ၂ ခုမှာ ကျောင်းသားတွေ စာမေးပွဲဖြေနေတဲ့အချိန် ပန်ကာ ၆ ခုပါတဲ့ ဒရုန်းလေယာဉ်ဟာ အခန်းထဲမှာပျံဝဲပြီး မသမာတဲ့လက္ခဏာတွေကို စောင့်ကြည့်နေခဲ့တာပါ။

    ဒါပေမယ့် စာမေးပွဲရဲ့ ပထမနေ့ဖြစ်တဲ့ မနေ့ကတော့ ဒီလို မသမာတဲ့ အပြုအမူမျိုးတွေ မတွေ့ခဲ့ရဘူးလို့ ဟီနန်ပြည်နယ် သတင်းဝဘ်ဆိုက်က ဆိုပါတယ်။

    တရုတ်နိုင်ငံက အထက်တန်းပြီးဆုံးသွားတဲ့ ကျောင်းသားတိုင်းဟာ ဒီလို တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကို ဖြေဆိုရပြီး ကိုယ်ကြိုက်နှစ်သက်တဲ့ တက္ကသိုလ်ကို တက်နိုင်ဖို့အတွက် ဒီဝင်ခွင့်စာမေးပွဲ ရမှတ်က အတော်လေး အရေးပါမှာဖြစ်ပါတယ်။

    လူအိုယန်မြို့ရဲ့ ရေဒီယိုနည်းပညာစီမံရေးနဲ့ စည်းကမ်းထိန်းသိမ်းရေးဗျူရိုကတော့ ဒီတက္ကသိုလ်ဝင်ခွင့်စာမေးပွဲမှာ ဒရုန်းလေယာဉ်ကို အသုံးပြုဖို့အတွက် ယွမ်ငွေ သိန်းနဲ့ချီ ကုန်ကျခဲ့တယ်လို့ ပြောခဲ့ပါတယ်။

    Ref: Aljazeera

  • ဘာစီလိုနာနည်းပြအဖြစ် အန်းရစ် ဆက်ရှိမည်

    ဘာစီလိုနာနည်းပြအဖြစ် အန်းရစ် ဆက်ရှိမည်

    ဇွန် ၈၊ ၂၀၁၅
    M-Media

    baca

    – ဘာစီလိုနာအသင်းအား ယခုနှစ်တွင် ဖလားသုံးလုံးရအောင် စွမ်းဆောင်ပေးနိုင်ခဲ့သည့် နည်းပြ လူးဝစ်အန်းရစ်မှာ လာမည့်နှစ်တွင်လည်း အသင်း၌ ဆက်လက်ရှိနေမည်ဟု ဘာစီလိုနာအသင်း ဥက္ကဌ ဂျိုးဆက်ပ် မာရီယာ ဘာတိုမြူက ပြောကြားလိုက်သည်။

    အသက် ၄၅ နှစ်အရွယ် အန်းရစ်မှာ အသင်းနှင့် ၁ နှစ်သက်တမ်း ကျန်ရှိနေသေးသော်လည်း ထုတ်ပယ်ခံရမည်ဟု သတင်းများထွက်ပေါ်နေပြီး ပြီးခဲ့သည့် တနင်္ဂနွေနေ့ ချန်ပီယံလိဂ်ဖလား ရရှိပြီးနောက်တွင်လည်း အန်းရစ်က မိမိ၏ အနာဂတ်မှာ မသေချာဟု ၀န်ခံပြောကြားခဲ့သည်။

    သို့သော်လည်း ဘာတိုမြူကမူ မိမိ ဥက္ကဌအဖြစ် တာဝန်ထမ်းဆောင်သမျှ ကာလပတ်လုံး လူးဝစ်အန်းရစ်မှာ နည်းပြအဖြစ် ဆက်လက်ရှိနေမည်ဟု ပြောကြားခဲ့သည်။

    “ဒီရာသီမှာ အမှတ်အပြည့်ရအောင် စွမ်းဆောင်ပေးခဲ့ပြီးတဲ့ နောက်ပိုင်းမှာ အန်းရစ်နဲ့ ချုပ်ထားတဲ့စာချုပ်ကို ဖျက်ဖို့ ဘာအကြောင်းမှ မရှိပါဘူး” ဟု ဘာတိုမြူက Sport အားကစားသတင်းစာသို့ ပြောကြားခဲ့သည်။

    ဘာစီလိုနာအသင်းမှာ လာလီဂါပထမနေရာအတွက် ရီးယဲလ်နှင့် ပြိုင်နေရစဉ် ဆိုစီဒက်အသင်းအား ရှုံးနိမ့်ခဲ့ရပြီးနောက် အန်းရစ်၏ အခြေအနေမှာ အေးတိအေးစက် ဖြစ်လာခဲ့ခြင်းဖြစ်သည်။ သို့သော်လည်း လာလီဂါ၊ စပိန်ဘုရင့်ဖလားနှင့် ချန်ပီယံလိဂ် သုံးလုံးစလုံးကို ရရှိအောင် အန်းရစ်က စွမ်းဆောင်ပေးနိုင်ခဲ့သည်။

    Ref: Goal

  • လုံခြုံရေးမြင့်သည့် အမေရိကန်ထောင်မှ အကျဉ်းသား ၂ ဦး ထောင်ဖောက်ပြေး

    လုံခြုံရေးမြင့်သည့် အမေရိကန်ထောင်မှ အကျဉ်းသား ၂ ဦး ထောင်ဖောက်ပြေး

    ဇွန် ၈၊ ၂၀၁၅
    M-Media

    us 2

    – ပြီးခဲ့သည့်စနေနေ့က ထောက်ဖောက်ထွက်ပြေးသွားသည့် အကျဉ်းသား နှစ်ဦးအား ဖမ်းဆီးရန် ကြိုးပမ်းမှုအဖြစ် ၎င်းတို့သတင်းပေးနိုင်ပါက ဆုငွေ ကန်ဒေါ်လာတစ်သိန်း ချီးမြှင့်မည်ဟု နယူးယောက် အာဏာပိုင်များက ကြေညာလိုက်သည်။

    ထွက်ပြေးသွားသူများမှာ လူသတ်မှုဖြင့် ထောင်ကျနေသည့် အသက် ၄၈ နှစ်အရွယ် ရစ်ချက်မတ်ဆိုသူနှင့် အသက် ၃၄ နှစ်အရွယ် ဒေးဗစ် ဆွက် ဆိုသူတို့ ဖြစ်ကြသည်။ ၎င်းတို့ ၂ ဦးမှာ လုံခြုံရေးအမြင့်ဆုံးဖြစ်ပြီး ကနေဒါနယ်စပ်နှင့် ကီလိုမီတာ ၃၀ သာ ကွာဝေးသော ဒန်နီမိုရာမြို့ရှိ Clinton Correctional Facility ထောင်မှ စနေနေ့မနက်ပိုင်းတွင် ပျောက်သွားခြင်းဖြစ်သည်။

    အခန်းကပ်လျက်တွင်ရှိကြသည့် အဆိုပါ အကျဉ်းသားနှစ်ဦးမှာ လွန်ပူဖြင့် နံရံအားဖောက်ကာ ထောင်နံရံရှိ ကြွက်လျှောက်လမ်းများကို တွယ်ကပ်၍လည်းကောင်း၊ လှိုင်ခေါင်များမှတစ်ဆင့် ဖြတ်၍လည်းကောင်း ထွက်ပြေးကာ ထောင်အနီးရှိ လမ်းတွင်ရှိသော မြေအောက်ရေဆိုးလိုင်း ကြည့်ရှုသည့် လှိုင်ခေါင်းအပေါက်မှ လွတ်မြောက်သွားခြင်းဖြစ်သည်။

    ၎င်းတို့၏ အိပ်ယာများတွင် အ၀တ်များဖြင့် အိပ်နေဟန် ပြုလုပ်ထားခဲ့ကာ ရေနွေးငွေ့ပိုက်တွင် အပြုံးမျက်နှာနှင့် ‘ကောင်းသောနေ့ဖြစ်ပါစေ’ ဟူသော စာတန်းကိုလည်း ရေးသားခဲ့သည်။

    အကျဉ်းခန်းကို စစ်ဆေးကြည့်ရှုရာ နံရံဖောက်ရာတွင် အသုံးပြုသောပစ္စည်းများကို တွေ့ရှိခဲ့ရပြီး ထိုပစ္စည်းများ မည်ကဲ့သို့ ရရှိသည်ကို မသိရှိရသေးဘဲ ထောင်အတွင်း ဆောက်လုပ်ရေးလုပ်ငန်းများ လုပ်နေသည့် လုပ်သားများမှတစ်ဆင့် ရရှိသည်လားဆိုသည်ကို စစ်ဆေးနေသည်ဟု အာဏာပိုင်များက ပြောကြားခဲ့သည်။

    အုပ်ချုပ်ရေးမှူး အန်ဒရူး ကူမိုကမူ တစ်ဦးလျှင် ဆုငွေ ကန်ဒေါ်လာ ၅၀၀၀၀ ထုတ်ရသည်မှာ မကြုံစဖူးဖြစ်ပြီး ၎င်းတို့မှာ အန္တရာယ်ရှိသောသူများဖြစ်ကာ ကြီးလေးသည့် ရာဇ၀တ်မှုများကို ဆက်လက်ကျူးလွန်နိုင်သည်ဟု သတိပေးထားသည်။

    ဒေသန္တရ၊ ပြည်နယ်နှင့် ဖက်ဒရယ် ဥပဒေစိုးမိုးရေးဝန်ထမ်း ၂၀၀ ကျော်မှာ ပြည်နယ်အတွင်းရှိ လမ်းများကိုပိတ်၍ စစ်ဆေးခြင်း၊ ရဟတ်ယာဉ်ဖြင့် စောင့်ကြည့်ခြင်း၊ တစ်အိမ်တက်ဆင်း ရှာဖွေခြင်းတို့ကို ပြုလုပ်လျက်ရှိနေသည်။

    Ref: Aljazeera