News @ M-Media

Blog

  • နိုင်ငံတကာ သတင်းတို (ဇွန် ၁၂၊ ၂၀၁၅)

    ဇွန် ၁၂၊ ၂၀၁၅
    M-Media

    မလေးရှားလေယာဉ်တစ်စင်း သြစတေးလျတွင် အရေးပေါ် ဆင်းသက်ခဲ့ရ
    …………………………….
    မလေးရှားလေကြောင်းလိုင်းမှ Airbus A330 ခရီးသည်တင် လေယာဉ်မှာ ယနေ့တွင်သြစတေးလျနိုင်ငံ မဲလ်ဘုန်းမြို့မှ ပျံတက်ပြီး မိနစ်အနည်းငယ်အကြာ အင်ဂျင်မီးလောင်နေသည်ဟု သတိပေးချက်ကြောင့် မဲလ်ဘုန်းလေဆိပ်တွင်ပင် အရေးပေါ် ပြန်လည်
    ဆင်းသတ်ခဲ့ရသည်။ ကွာလာလမ်ပူသို့ ဦးတည်ပျံသန်းမည့် အဆိုပါလေယာတွင် ခရီးသည် ၃၀၀ လိုက်ပါသွားခဲ့ပြီး အန္တရာယ်ကင်းစွာ ဆင်းသက်ခဲ့နိုင်သော်လည်း စစ်ဆေးမှုတွင် မည်သည့် အပြစ်မှ မတွေ့ရှိခဲ့ရချေ။

    မားစ်ရောဂေါကြောင့် တောင်ကိုရီးယားတွင် ဆေးရုံ ၂ ရုံကို ချိတ်ပိတ်
    …………………………….
    တောင်ကိုရီးယားနိုင်ငံတွင် မာစ်းရောဂါ ကူးစက်နေသူများကို ယနေ့တွင်လည်း ထပ်မံတွေ့ရှိခဲ့ရပြီး စုစုပေါင်း ကူးစက်သူ ၁၂၆ ဦး ရှိလာပြီဖြစ်သည်။ ထိုရောဂါကြောင့် သေဆုံးသူမှာ ၁၁ ဦး အထိ ရှိလာပြီး ရောဂါပိုး ထပ်မံပြန့်နှံ့မည်ကို စိုးရိမ်ရသောကြောင့် ရောဂါကူးစက်နေသူများကို ကုသသည့် ဆေးရုံ ၂ ရုံကိုလည်း အစိုးရက ချိတ်ပိတ်ကာ ပြင်ပနှင့် အဆက်အသွယ် ဖြတ်တောက်ခဲ့သည်။
    အဆိုပါ အဆက်အသွယ်ဖြတ်တောက်မှုမှာ ၁၁ ရက်ခန့် ကြာမြင့်မည်ဖြစ်သည်။

    ကစားသမားအပြောင်းအရွှေ့အတွက် အာဆင်နယ် တရားစွဲခံရ
    ……………………………
    ဆောက်သက်တမ်အသင်းမှ နောက်ခံလူ ကာလမ်ချိန်ဘာကို ပြီးခဲ့သည့်နွေရာသီက အာဆင်နယ်အသင်းမှ ပေါင် ၁၆ သန်းဝန်းကျင်ဖြင့် ခေါ်ယူရာတွင် FA ၏ အေးဂျင့်များ လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများကို ဖောက်ဖျက်သည်ဟု ဆိုကာ FA က အာဆင်နယ်အသင်းအား တရားစွဲဆိုလိုက်သည်။ ထိုအပြောင်းအရွှေ့ကို ဆောင်ရွက်ခဲသည့် အေးဂျင့် အလန် မစ်ဒဲလ်တန်မှာလည်း တစ်ပါတည်း တရားစွဲဆိုခံခဲ့ရသည်။

    Ref: News Agencies

  • ပြည်သူများက ကန့်ကွက်သောကြောင့် အီဘိုလာဆေးဝါးစမ်းသပ်မှု ဂါနာတွင် ရပ်ဆိုင်း

    ပြည်သူများက ကန့်ကွက်သောကြောင့် အီဘိုလာဆေးဝါးစမ်းသပ်မှု ဂါနာတွင် ရပ်ဆိုင်း

    ဇွန် ၁၂၊ ၂၀၁၅
    M-Media

    ebola

    – အီဘိုလာဆေးဝါးစမ်းသပ်ရာတွင် ဒေသခံများက မပါဝင်ချင်တော့ဟု တိုင်ကြားမှုများ ရှိလာပြီးနောက် ဂါနာနိုင်ငံက ဆေးဝါးစမ်းသပ်မှုကို ရပ်ဆိုင်းလိုက်ပြီဟု သိရသည်။

    ကျန်းမာရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ တိုနီ ဂွဒ်မန်းက ဒေသတွင်း ရေဒီယို Citi FM သို့ ဗုဒ္ဓဟူးနေ့က ပြောကြားရာတွင် ဂါနာနိုင်ငံသား အများစုမှာ အီဘိုလာဆေးဝါး စမ်းသပ်မှုစီမံကိန်းတွင် စိတ်ပါဝင်စားမှု မရှိတော့ဟု တရားဝင် ပြောကြားလာခဲ့ကြသည်ဟု ဆိုသည်။

    လက်ရှိတွင် အီဘိုလာကင်းစင်နေသည့် ဂါနာမှာ အီလိုလာရောဂါနှင့်ပတ်သက်၍ စမ်းသပ်စဲ ဆေးဝါးနှစ်ခု၏ အန္တရာယ်ကင်းမှုနှင့် အကျိုးသက်ရောက်မှုကို အခြားသောနိုင်ငံများနှင့် ပူးပေါင်း စမ်းသပ်ရန် သဘောတူထားသည့် နိုင်ငံဖြစ်သည်။

    ပထမအဆင့်တွင် အမေရိကန် နာမည်ကြီး ဆေးဝါးထုတ်လုပ်ရေး ကုမ္ပဏီ Johnson and Johnson နှင့် ဒိန်းမတ်မှ Bavarian Nordic ဆေးဝါးကုမ္ပဏီတို့ ထုတ်လုပ်ထားသည့် ဆေးဝါးများအား အန္တရာယ်ကင်းခြင်း ရှိ၊ မရှိ စမ်းသပ်ခြင်းဖြစ်ပြီး စမ်းသပ်ခံရသူမှာ မိုဘိုင်းဖုန်းတစ်လုံးနှင့် ကန်ဒေါ်လာ ၅ ဒေါ်လာနှင့် ညီမျှသည့် ငွေကြေးကို ရရှိကြသည်။

    သို့သော်လည်း ထိုစမ်းသပ်မှုအတွက် ဆန့်ကျင်မှုများ မြင့်တက်လာခဲ့ပြီးနောက် ယခုလက်ရှိ နိုင်ငံပြင်ပကို ရောက်နေသော ကျန်းမာရေးဝန်ကြီး အဲလက် ဆဂ်ဘီဖီယာက ထိုစမ်းသပ်မှုအား ရပ်တန့်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်ဟု ဂွဒ်မန်းက ထည့်သွင်းပြောကြားခဲ့သည်။

    “ဘယ်လိုစမ်းသပ်မှုမျိုးကိုမှ စိတ်မ၀င်စားတော့ဘူးလို့ ဂါနာပြည်သူတွေရဲ့ ဖုန်းဆက်ပြောဆိုမှု တော်တော်များများကို သူကြားခဲ့ပါတယ်။ ဒါ့ကြောင့် သူပြန်လာပြီး ပြဿနာကို ဆန်းစစ်တဲ့အချိန်အထိ စမ်းသပ်မှုကို ရပ်ဆိုင်းထားမှာပါ”

    အာဏာရ အမျိုးသားဒီမိုကရက်တစ် ကွန်ဂရက်စ်ပါတီကလည်း အဆိုပါစမ်းသပ်မှုမှာ မလိုအပ်သည့် စမ်းသပ်မှုဖြစ်သည်ဟု ပြောကြားခဲ့သည်။

    အီဘိုလာရောဂါ ကုသရန်အတွက် လိုင်စင်ရဆေးဝါး သို့မဟုတ် ကုသမှုနည်းလမ်း ယခုအချိန်အထိ မရှိသေးပေ။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ကမူ အဆိုပါ ကပ်ရောဂါကို ရပ်တန့်ရေး ကြိုးစားရာတွင် အလားအလာရှိသည့် ဆေးဝါးကို အသုံပြုခွင့် ပေးထားသည်။

    ယခုအချိန်အထိ အဆင့်မြင့်ထုတ်လုပ်မှုအဆင့်သို့ ရောက်ရှိနေသော ဆေးဝါးနှစ်မျိုးမှာ အန္တရာယ်ကင်းပုံရသည်ဟု အမေရိကန်ဆေးဘက်ဆိုင်ရာ အသင်းတစ်ခုက မတ်လတွင် ပြောကြားခဲ့သည်။

    အီဘိုလာဗိုင်းရပ်စ်ပိုးမှာ ၂၀၁၃ ခုနှစ် ဒီဇင်ဘာလမှစတင်ကာ အနောက်အာဖရိကနိုင်ငံများတွင် ကူးစက်ပြန့်နှံ့ခဲ့ပြီး လူပေါင်း ၁၁၁၅၀ ကျော် သေဆုံးခဲ့ကြသည်။

    Ref: Aljazeera

  • အဖွင့်ပွဲ အနိုင်ရလဒ်က အရေးပါဆုံးဖြစ်သည်ဟု ချီလီကွင်းလယ်လူပြော

    အဖွင့်ပွဲ အနိုင်ရလဒ်က အရေးပါဆုံးဖြစ်သည်ဟု ချီလီကွင်းလယ်လူပြော

    ဇွန် ၁၂၊ ၂၀၁၅
    M-Media

    vida;

    – မိမိအနေဖြင့် ဂိုးသွင်းနိုင်ခဲ့သော်လည်း အရေးအကြီးဆုံးမှာ မိမိတို့အသင်း အဖွင့်ပွဲတွင် ၃ မှတ်အပြည့် ယူနိုင်ခဲ့ခြင်းဖြစ်သည်ဟု ချီလီအသင်း၏ အားထားရသည့် အလယ်တန်းလူ အာတူရို ဗီဒဲလ်က ပြောကြားလိုက်သည်။

    ယနေ့မနက်က ကစားခဲ့သည့် ကိုပါအမေရိက ဘောလုံးပြိုင်ပွဲ အုပ်စု (က) အဖွင့်ပွဲစဉ်တွင် အိမ်ရှင်ချီလီအသင်းနှင့် အီကွေဒေါအသင်းတို့ ကစားခဲ့ရာ ချီလီက ၂ ဂိုး ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။ ချီလီအတွက်ဂိုးများကို ဗီဒဲလ်က ပင်နယ်တီမှ တစ်ဂိုး ဗာရ်ဂက်စ်က တစ်ဂိုး သွင်းယူပေးခဲ့ခြင်း ဖြစ်သည်။

    ဂျူဗင်တပ်စ်အသင်း၏ အလယ်တန်းကစားသမားဖြစ်သူ ဗီဒဲလ်က မိမိတို့အသင်းမှာ အိမ်ကွင်းဖိအားကြောင့် အနည်းငယ် ကြောက်ရွံ့မှုရှိခဲ့သည်ဟု ဆိုသည်။

    “ပထမပွဲကတော့ အမြဲတမ်း ခက်ခဲတာပါပဲ။ ကြောက်ရွံ့မှုတွေ၊ အနိုင်ရဖို့ ဆန္ဒတွေရှိလို့ပါ။ ဒါပေမယ့် ကျွန်တော်တို့ တည်ငြိမ်ပြနိုင်ခဲ့ပြီး အနိုင်လည်း ရယူနိုင်ခဲ့ပါတယ်။ ရလဒ်က အရေးပါဆုံးဖြစ်ပြီး ကျွန်တော်တို့ ပျော်လည်းပျော်ပါတယ်” ဟု ဗီဒဲလ်က ပွဲအပြီးတွင် ပြောကြားခဲ့သည်။

    အီကွေဒေါမှာ ထိုပွဲတွင် အခွင့်အရေးအချို့ ရခဲ့သော်လည်း အသုံးမချနိုင်ခဲ့သောကြောင့် သရေကျခဲ့ခြင်းဖြစ်သည်။ ဗီဒဲလ်ကမူ အသင်းတွင် လိုအပ်ချက်ရှိနေသည်ဟု ၀န်ခံခဲ့သည်။

    “ကျွန်တော်တို့ တိုးတက်အောင် အများကြီး လုပ်ရပါမယ်။ စူးစိုက်မှု၊ ကစားပုံ အဲဒါတွေပေါ့။ ဒီပွဲဟာ ပထမပွဲဖြစ်ပြီး ကစားပုံကောင်းဖို့ ခက်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ နိုင်တာက အရေးပါပါတယ်”

    Ref: Goal

  • ရိုဟင်ဂျာအရေး မလေးရှားကြားဝင်ရန် ၀န်ကြီးချုပ်ဟောင်း မဟာသီ တိုက်တွန်း

    ရိုဟင်ဂျာအရေး မလေးရှားကြားဝင်ရန် ၀န်ကြီးချုပ်ဟောင်း မဟာသီ တိုက်တွန်း

    ဇွန် ၁၂၊ ၂၀၁၅
    M-Media

    ro

    – မြန်မာနိုင်ငံအတွင်းရှိ ရိုဟင်ဂျာများအပေါ် အစိုးရကပြုလုပ်သည့် ခွဲခြားဆက်ဆံမှုအတွက် မလေးရှားအနေဖြင့် ကြားဝင်ဆောင်ရွက်ရန် ၀န်ကြီးချုပ်ဟောင်း ဒေါက်တာ မဟာသီယာမိုဟာမက်က ပြောကြားခဲ့ပြီး ထိုကဲ့သို့ ဆက်ဆံမှုမှာ လူမျိုးတုန်း သတ်ဖြတ်မှုဖြစ်သည်ဟုလည်း ပြောကြားခဲ့သည်။

    “Plight of the Rohingya Part II — Crime Against Humanity” ခေါင်းစဉ်ဖြင့် ယနေ့တွင် ကွာလာလမ်ပူ၌ ကျင်းပသည့် နိုင်ငံတကာ ညီလာခံတွင် မဟာသီက ထိုကဲ့သို့ ပြောကြားလိုက်ဖြစ်ပြီး ရိုဟင်ဂျာများနှင့် ဘင်္ဂလားဒေ့ရှ်မှ ရွှေပြောင်းလာသူ ထောင်ပေါင်းများစွာမှာ ပင်လယ်ထဲတွင် သောင်တင်ခဲ့ပြီးနောက်ပိုင်း အာခြားသော အာဆီယံနိုင်ငံများအနေဖြင့် ၎င်းတို့၏ ကြားမ၀င်ရေး ပေါ်လစီကို ပယ်ဖျက်ရန်လည်း မဟာသီယာက တိုက်တွန်းခဲ့သည်။

    “ဒါက လှေစီးပြဿနာမဟုတ်ပါဘူး။ ကြားမ၀င်ဘူးဆိုတဲ့ အယူအဆက ကန့်သတ်ချက်တော့ ရှိသင့်ပါတယ်။ ဒါဟာ ပြည်တွင်းရေး ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ သူတို့ရဲ့ ပြည်သူတွေကို ဒီလိုနည်းလမ်းနဲ့ ဆက်ဆံဖို့ ဘယ်နိုင်ငံကမှ အခွင့်အရေးမရှိပါဘူး။ ဒါဟာ လူမျိုးတုန်းသတ်ဖြတ်မှုပါ။ အကန့်အသတ်တစ်ခုကို ကျော်ပြီး ကျွန်တော်တို့ မဖြစ်မနေ ကြားဝင်ရမှာပါ။ ကြားမ၀င်ရေး ပေါ်လစီကို
    ပယ်ဖျက်ဖို့ ကျွန်တော်တို့ တောင်းဆိုပါတယ်” ဟု မဟာသီက အဆိုပါညီလာခံမိန့်ခွန်း၌ ပြောကြားခဲ့သည်။

    “မလေးရှားအနေနဲ့ ဒီကိစ္စကို အာဆီယံအဖွဲ့နဲ့အတူ ဆွေးနွေးသင့်ပါတယ်။ ကျွန်တော်တို့ အာဆီယံမှာ လူမျိုးတုန်းသတ်ဖြတ်မှု ကျူးလွန်တဲ့နိုင်ငံ မရှိရပါဘူး။ ကျွန်တော်တို့ ကြားဝင်စွက်ဖက်ရပါမယ်”

    ထို့ပြင် ဒေါက်တာမဟာသီမှာ မြန်မာအစိုးရ၏ ရိုဟင်ဂျာများအပေါ် ညှင်းပန်းနှိပ်စက်မှုများအား ကုလသမဂ္ဂသို့ ရောက်ရှိရန် အာဆီယံအသိုင်းအ၀ိုင်းက ဆောင်ရွက်ရမည်ဖြစ်ပြီး မြန်မာနိုင်ငံအား ၀ိုင်းကျဉ်ထားရန်လည်း တိုက်တွန်းခဲ့သည်။

    “ကျွန်တော်တို့ ဒါကို ကုလသမဂ္ဂကို ယူသွားနိုင်ပါတယ်။ သူတို့ဘာမှ မလုပ်နိုင်တာမျိုးတော့ မဟုတ်ပါဘူး။ ဒီနိုင်ငံကို ၀ိုင်းကျဉ်ဖို့ လိုအပ်ပါတယ်” ဟု မြန်မာနိုင်ငံကို ရည်ညွှန်း၍ ဒေါက်တာ မဟာသီယာက ထည့်သွင်းပြောကြားခဲ့သည်။

    ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးက မေလ ၈ ရက်နေ့တွင် ထုတ်ပြန်သော ကြေညာချက်၌ ဇန်န၀ါရီလမှ မတ်လအတွင်း လူကုန်ကူးသူများ၏ လှေပေါ်တွင် ရှိနေကြသည့် ရိုဟင်ဂျာနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသားဦးရေမှာ ၂၅၀၀၀ ခန့်ရှိသည်ဟု ဖော်ပြထားသည်။

    နိုင်ငံတကာမှ သံတမန်များနှင့် လေ့လာသူများကမူ အာဆီယံ အဖွဲ့ဝင်နိုင်ငံများ၏ ပြည်တွင်ရေးတွင် ကြားမ၀င်ရေး မူဝါဒက ရိုဟင်ဂျာများအပေါ် မြန်မာနိုင်ငံက စနစ်တကျ ညှင်းပန်းနှိပ်စက်မှုကို တားဆီးရန် မအောင်မြင်ခဲ့ဟု ပြောကြားခဲ့ကြောင်း မေလ ၁၇ ရက်နေ့တွင် AFP သတင်းဌာနက ဖော်ပြခဲ့သည်။

    Ref: sg.news.yahoo

  • တောင်တရုတ် ပင်လယ်အတွင်း နယ်မြေစိုးမိုးမှု ရပ်တန့်ရန် တရုတ်ကို အမေရိကန်ပြော

    တောင်တရုတ် ပင်လယ်အတွင်း နယ်မြေစိုးမိုးမှု ရပ်တန့်ရန် တရုတ်ကို အမေရိကန်ပြော

    ဇွန် ၁၂၊ ၂၀၁၅
    M-Media

    – တောင်တရုတ်ပင်လယ်အတွင်း နယ်မြေစိုးမိုးရေးလုပ်ငန်းများကို ရပ်တန့်ရန်အတွက် အမေရိကန်နိုင်ငံက တရုတ်အား ထပ်မံပြောဆိုလိုက်ပြီး တရုတ်နှင့် စစ်ဘက်ဆိုင်ရာ ဆက်သွယ်မှုကိုလည်း ဆက်လက်ပြုလုပ်ရန် သန္ဓိဌာန်ချထားသည်ဟု ဆိုသည်။

    အမေရိကန်ကာကွယ်ရေးဝန်ကြီး အက်ရှ်ကာတာမှာ တရုတ်နိုင်ငံ၏ ဗဟိုစစ်ကော်မရှင် ဒုတိယအကြီးအကဲ ဗိုလ်ချုပ် ဖန်ချန်လွန်နှင့် ယမန်နေ့က အိမ်ဖြူတော်၌ တွေ့ဆုံစဉ် ထိုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်သည်။

    ထို့ပြင် ရေရှည်တည်တံ့ပြီး ထိရောက်သည့် အမေရိကန်-တရုတ် စစ်ဘက်ဆိုင်ရာ ဆက်ဆံရေး ဖွံ့ဖြိုးအောင်လုပ်ဆောင်ရန် ဆန္ဒရှိသည်ဟုလည်း ကာတာက ထည့်သွင်းပြောကြားခဲ့ကာ အဆိုပါ ဆက်ဆံရေးမှာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးခြင်း၊ သဘာဝဘေးအန္တရာယ် တုံ့ပြန်ခြင်း၊ ငြိမ်းချမ်းမှု ထိန်းသိမ်းခြင်း၊ ပင်လယ်ဓားပြတိုက်မှု ချေမှုန်းခြင်း၊ ထိုနည်းတူစွာ
    မတူကွဲပြားမှုများအား အကျိုးရှိသည့် စီမံခန့်ခွဲခြင်း စသောနယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းစေရေး ဆန္ဒအပေါ် အခြေခံသွားမည်ဟု ဆိုသည်။

    တောင်တရုတ်ပင်လယ်အတွင်း တင်းမာမှုများအတွက်လည်း စိုးရိမ်ကြောင်း ကာတာက ပြောကြားခဲ့ပြီး ပိုင်ဆိုင်မှု အငြင်းပွားနေသည့် နယ်မြေများတွင် စိုးမိုးရေးလုင်ငန်းများနှင့် စစ်အင်အား တိုးချဲ့ခြင်းလုပ်ငန်းများကို ရပ်တန့်ရန်အတွက်လည်း တရုတ်နှင့် အခြားနိုင်ငံများကို
    တိုက်တွန်းခဲ့သည်။ ထို့ပြင် နိုင်ငံတကာဥပဒေနှင့်အညီ ငြိမ်းချမ်းသော အဖြေရှာရန်လည်း ပြောကြားခဲ့သည်ဟု ပင်တဂွန်က ထုတ်ပြန်သော ကြေညာချက်တွင် ထည့်သွင်းဖော်ပြထားသည်။

    ဖန်ချန်လွန်၏ အိမ်ဖြူတော်သို့ လာရောက်တွေ့ဆုံမှုမှာ အမေရိကန်သို့ တစ်ပတ်ကြာ လာရောက်သည့် ခရီးစဉ်၏ အစိတ်အပိုင်းဖြစ်ပြီး ထိုခရီးစဉ်အတွင်း အမေရိကန် အမျိုးသားလုံခြုံရေးအကြံပေး ဆူဆန်ရိုက်စ်နှင့် ယနေ့တွေ့ဆုံမှုလည်း ပါဝင်သည်။

    Ref: Channelnewsasia