ဇွန် ၁၂၊ ၂၀၁၅
M-Media
– အီဘိုလာဆေးဝါးစမ်းသပ်ရာတွင် ဒေသခံများက မပါဝင်ချင်တော့ဟု တိုင်ကြားမှုများ ရှိလာပြီးနောက် ဂါနာနိုင်ငံက ဆေးဝါးစမ်းသပ်မှုကို ရပ်ဆိုင်းလိုက်ပြီဟု သိရသည်။
ကျန်းမာရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ တိုနီ ဂွဒ်မန်းက ဒေသတွင်း ရေဒီယို Citi FM သို့ ဗုဒ္ဓဟူးနေ့က ပြောကြားရာတွင် ဂါနာနိုင်ငံသား အများစုမှာ အီဘိုလာဆေးဝါး စမ်းသပ်မှုစီမံကိန်းတွင် စိတ်ပါဝင်စားမှု မရှိတော့ဟု တရားဝင် ပြောကြားလာခဲ့ကြသည်ဟု ဆိုသည်။
လက်ရှိတွင် အီဘိုလာကင်းစင်နေသည့် ဂါနာမှာ အီလိုလာရောဂါနှင့်ပတ်သက်၍ စမ်းသပ်စဲ ဆေးဝါးနှစ်ခု၏ အန္တရာယ်ကင်းမှုနှင့် အကျိုးသက်ရောက်မှုကို အခြားသောနိုင်ငံများနှင့် ပူးပေါင်း စမ်းသပ်ရန် သဘောတူထားသည့် နိုင်ငံဖြစ်သည်။
ပထမအဆင့်တွင် အမေရိကန် နာမည်ကြီး ဆေးဝါးထုတ်လုပ်ရေး ကုမ္ပဏီ Johnson and Johnson နှင့် ဒိန်းမတ်မှ Bavarian Nordic ဆေးဝါးကုမ္ပဏီတို့ ထုတ်လုပ်ထားသည့် ဆေးဝါးများအား အန္တရာယ်ကင်းခြင်း ရှိ၊ မရှိ စမ်းသပ်ခြင်းဖြစ်ပြီး စမ်းသပ်ခံရသူမှာ မိုဘိုင်းဖုန်းတစ်လုံးနှင့် ကန်ဒေါ်လာ ၅ ဒေါ်လာနှင့် ညီမျှသည့် ငွေကြေးကို ရရှိကြသည်။
သို့သော်လည်း ထိုစမ်းသပ်မှုအတွက် ဆန့်ကျင်မှုများ မြင့်တက်လာခဲ့ပြီးနောက် ယခုလက်ရှိ နိုင်ငံပြင်ပကို ရောက်နေသော ကျန်းမာရေးဝန်ကြီး အဲလက် ဆဂ်ဘီဖီယာက ထိုစမ်းသပ်မှုအား ရပ်တန့်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်ဟု ဂွဒ်မန်းက ထည့်သွင်းပြောကြားခဲ့သည်။
“ဘယ်လိုစမ်းသပ်မှုမျိုးကိုမှ စိတ်မ၀င်စားတော့ဘူးလို့ ဂါနာပြည်သူတွေရဲ့ ဖုန်းဆက်ပြောဆိုမှု တော်တော်များများကို သူကြားခဲ့ပါတယ်။ ဒါ့ကြောင့် သူပြန်လာပြီး ပြဿနာကို ဆန်းစစ်တဲ့အချိန်အထိ စမ်းသပ်မှုကို ရပ်ဆိုင်းထားမှာပါ”
အာဏာရ အမျိုးသားဒီမိုကရက်တစ် ကွန်ဂရက်စ်ပါတီကလည်း အဆိုပါစမ်းသပ်မှုမှာ မလိုအပ်သည့် စမ်းသပ်မှုဖြစ်သည်ဟု ပြောကြားခဲ့သည်။
အီဘိုလာရောဂါ ကုသရန်အတွက် လိုင်စင်ရဆေးဝါး သို့မဟုတ် ကုသမှုနည်းလမ်း ယခုအချိန်အထိ မရှိသေးပေ။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ကမူ အဆိုပါ ကပ်ရောဂါကို ရပ်တန့်ရေး ကြိုးစားရာတွင် အလားအလာရှိသည့် ဆေးဝါးကို အသုံပြုခွင့် ပေးထားသည်။
ယခုအချိန်အထိ အဆင့်မြင့်ထုတ်လုပ်မှုအဆင့်သို့ ရောက်ရှိနေသော ဆေးဝါးနှစ်မျိုးမှာ အန္တရာယ်ကင်းပုံရသည်ဟု အမေရိကန်ဆေးဘက်ဆိုင်ရာ အသင်းတစ်ခုက မတ်လတွင် ပြောကြားခဲ့သည်။
အီဘိုလာဗိုင်းရပ်စ်ပိုးမှာ ၂၀၁၃ ခုနှစ် ဒီဇင်ဘာလမှစတင်ကာ အနောက်အာဖရိကနိုင်ငံများတွင် ကူးစက်ပြန့်နှံ့ခဲ့ပြီး လူပေါင်း ၁၁၁၅၀ ကျော် သေဆုံးခဲ့ကြသည်။
Ref: Aljazeera
Leave a Reply
You must be logged in to post a comment.