ဇွန် ၁၀၊ ၂၀၁၅
M-Media
– ပြည်သူများအား နေ့စဉ်သတ်ဖြတ်မှုတွင် အမေရိကန်ရဲများက အခြားနိုင်ငံများမှ ရဲများထက်ပိုမိုများပြားနေသည်ဟု Guardian သတင်းစာက ၎င်းတို့ စုံစမ်းရရှိသည့် အချက်အလက်များကို ကိုးကား၍ ဖော်ပြခဲ့သည်။
ရဲတပ်ဖွဲ့များ၏ ကျူးလွန်မှုများကို မှတ်တမ်းတင်ထားသော Guardian ၏ အချက်အလက်များအရ အမေရိကန်ရဲတပ်ဖွဲ့မှာ အက်ဘီအိုင်သို့ စာရင်းရောက်ရှိသည့် ပမာဏထက် ၂ ဆပို၍ ပြည်သူများအား သတ်ဖြတ်နေသည်ကို တွေ့ခဲ့ရသည်။
ထို့ပြင် အဆိုပါမှတ်တမ်းက အမေရိကန်နှင့် ဂျာမနီတို့ရှိ ရဲတပ်ဖွဲ့များ၏ ပစ်ခတ်မှုတို့တွင် သိသိသာသာခြားနားမှုများ ရှိနေပြီး ဂျာမနီရဲတပ်ဖွဲ့မှ တစ်နှစ်ပတ်လုံးတွင် ပစ်သတ်သည့် ပမာဏထက် ပို၍ အမေရိကန်ရဲများက တစ်ပတ်အတွင်း ပစ်သတ်နေသည်ဟု ဖော်ပြနေသည်။
ဂျာမနီရဲတက္ကသိုလ်မှ ၂၀၁၂ ခုနှစ်တွင် ထုတ်ပြန်ခဲ့သော စာရင်းများအရ ဂျာမန်ရဲတပ်ဖွဲ့မှာ ၂၀၁၁ ခုနှစ်တွင် သေနတ်ဖြင့် လူ ၆ ဦးကို ပစ်သတ်ခဲ့ပြီး ၂၀၁၂ ခုနှစ်တွင် ၇ ဦးပစ်သတ်ခဲ့သည်ဟု သိရသည်။ သို့သော်လည်း အမေရိကန်ရဲများကမူ ယခုနှစ် ပထမ ၅ လအတွင်းမှာပင် လူ ၁၉ ဦးကို ပစ်သတ်ခဲ့သည်။
ထို့ပြင် သြစတေးလျ၊ ကနေဒါ၊ ဖင်လန်၊ အိုက်စလန်နှင့် အခြားသောနိုင်ငံများမှ ရဲတပ်ဖွဲ့များ၏ ပစ်ခတ်မှုကိုလည်း သတင်းစာကဖော်ပြခဲ့ပြီး သြစတေးလျနိုင်ငံတွင် ၁၉ နှစ်ကြာအတွင်း ပစ်သတ်ခဲ့သည့်ထက်ပို၍ အမေရိကန်ရဲတပ်ဖွဲ့က တစ်လအတွင်း ပစ်သတ်သည်ကို တွေ့ရှိခဲ့ရသည်။
အမေရိကန်အစိုးရမှာ ရဲတပ်ဖွဲ့၏ ပစ်ခတ်မှုပမာဏကို ရပ်တန့်အောင် မလုပ်ဆောင်ဘဲ ဇွန်လ ၁၀ နေ့အထိ ရဲတပ်ဖွဲ့၏ ပစ်ခတ်မှုမှာ ၄၉၇ ဦး ရှိနေသည်ဟု Guardian သတင်းစာက ခန့်မှန်းတွက်ချက်ထားက ထိုပမာဏမှာ အက်ဖ်ဘီအိုင်က ထုတ်ပြန်သော ပမာဏထက် ၂ ဆ
ပိုများနေသည်။
ဝါရှင်တန်ပို့စ်သတင်းစာကမူ ၎င်းတို့၏ စုံစမ်းမှုများအရ ယခုနှစ်အတွင်း ရဲတပ်ဖွဲ့မှာ တစ်ရက်လျှင် ၂ ဦးထက်ပိုသောနှုန်းဖြင့် ပစ်သတ်နေသည်ဟု မေလတွင် ဖော်ပြခဲ့သည်။ ထိုကဲ့သို့ သတ်ဖြတ်မှုတွင် လူမည်းများအား အခြားသော လူနည်းစုများထက် ၃ ဆပို၍ ပစ်မှတ်ထားသည်ဟုလည်း ဆိုသည်။
Ref: PressTV







