News @ M-Media

Blog

  • လက်ဝှေ့ကျော်မေ၀ယ်သာ The Best Ever ဆု ရရှိ

    လက်ဝှေ့ကျော်မေ၀ယ်သာ The Best Ever ဆု ရရှိ

    ဇွန် ၈၊ ၂၀၁၅
    M-Media

    may

    – အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ် ကာလ်ဗာမြို့တွင် ယမန်နေ့က ပြုလုပ်ခဲ့သည့် Spike TV’s Guys Choice ဆုပေးပွဲတွင် လက်ဝှေ့ကျော် ဖလွိုက် မေ၀ယ်သာမှာ The Best Ever (ထာဝရအကောင်းဆုံး) ဆုကို ရရှိခဲ့သည်ဟု သိရသည်။

    WBC၊ WBO နှင့် WBA ၀ယ်သာဝိတ်ချန်ပီယံဘွဲ့များကို ဆွတ်ခူးရရှိထားပြီး ယခုအချိန်အထိ ရှုံးပွဲမရှိသည့် မေ၀ယ်သာအား ဂုဏ်ပြုသည့် အဆိုပါဆုကို ရုပ်ရှင်သရုပ်ဆောင် ရောဘတ် ဒီနီရိုက ပေးအပ်ခဲ့ခြင်းဖြစ်သည်။

    Spike ရုပ်သံလိုင်းမှာ ၂၀၀၇ ခုနှစ်မှစ၍ ပေးအပ်ချီးမြှင့်သည့် အဆိုပါဆုပေးပွဲ အခမ်းအနားတွင် ဆုပေါင်း ၁၁ ဆု ပါဝင်ခဲ့ပြီး ပရိတ်သတ်များ၊ ရုပ်သံကြည့်ရှုသူများ၏ မဲဖြင့် ဆုံးဖြတ်ခြင်းဖြစ်သည်။

    ဖိလစ်ပိုင်လက်ဝှေ့ကျော် မန်နီပက်ကွီအိုအား အနိုင်ရရှိပြီးနောက် မေ၀ယ်သာက မိမိမှာ နောက်ဆုံးပွဲအဖြစ် ယခုနှစ် စက်တင်ဘာလတွင် ထိုးသတ်သွားမည်ဟု ကြေညာခဲ့သည်။

    ဗြိတိန်နာမည်ကြီး လက်ဝှေ့သမား အမီးရ်ခန်းကမူ မေ၀ယ်သာ၏ နောက်ဆုံးပြိုင်ဘက် ဖြစ်ချင်နေပြီး ထိုးသတ်ရန်လည်း အသင့်ရှိနေသည်ဟု ပြီးခဲ့သည့် ရက်ပိုင်းက ပြောကြားခဲ့သည်။ ၎င်းနှစ်ဦး ထိုးသတ်ခွင့်ရမလားဆိုသည့်မှာ လာမည့် သီတင်း ၂ ပတ်အတွင်း အဖြေပေါ်လာဖွယ် ရှိနေသည်။

    Ref: Dialymail

  • ဖီဖာဥက္ကဌ ဘလတ္တာကို အမွှမ်းတင်ထားသည့်ရုပ်ရှင် ဒေါ်လာ ၆၀၀ သာ ၀င်ငွေရ

    ဖီဖာဥက္ကဌ ဘလတ္တာကို အမွှမ်းတင်ထားသည့်ရုပ်ရှင် ဒေါ်လာ ၆၀၀ သာ ၀င်ငွေရ

    ဇွန် ၈၊ ၂၀၁၅
    M-Media

    fifa
    ပုံ – ဘလတ္တာအဖြစ် သရုပ်ဆောင်သည့် တင်မ်ရော့သ်၏ ဇာတ်ဝင်ခန်းတစ်ခု

    – ဖီဖာဥက္ကဌ ဆပ်ဘလတ္တာအား ကိုယ်ကျင့်တရားရေးရာ တိုက်ပွဲဝင်သူအဖြစ် သရုပ်ဖော်ထားသည့် ဒေါ်လာ ၁၆ သန်းကျော်တန် United Passions ရုပ်ရှင်ဇာတ်ကားကို အမေရိကန်၌ ပြီးခဲ့သည့် တစ်ပတ်က ရုံတင်ခဲ့ရာတွင် ပထမ ၂ ရက်၌ ၀င်ငွေ ၆၀၇ ဒေါ်လာသာ ရရှိသည်ဟု သိရသည်။

    အဆိုပါ ရုံတင်မှုမှာ မေလ ၂၈ ရက်နေ့က ကျင်းပခဲ့သော ဖီဖာဥက္ကဌ ရွေးကောက်ပွဲမတိုင်ခင် အက်ဖ်ဘီအိုင်က ဖီဖာအကြီးတန်းအရာရှိ ၁၄ ဦးကို တရားစွဲဆိုပြီးနောက် ချစားမှုနှင့် လာဘ်ယူမှု ပြဿနာ တစ်သီတစ်တန်းကြီးနှင့် ဖီဖာက ရင်ဆိုင်နေရချိန်တွင် တိုက်တိုက်ဆိုင်ဆိုင် ထွက်ပေါ်လာခြင်းလည်း ဖြစ်သည်။

    ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဖီဖာ၏သမိုင်းကို မော်ကွန်းတင်စေခဲ့သည့် ဥက္ကဌ ဆပ်ဘလတ္တာကို အဆိုပါ ရုပ်ရှင်ဇာတ်လမ်းတွင် ကိုယ်ကျင့်တရားအပေါ် ရပ်တည်သည့် ခေါင်းဆောင်အဖြစ် ဖော်ကျူးထားပြီး ဂျာမန်ဒါရိုက်တာ ဖက်ဒရစ် အူဘာတင်က ရိုက်ကူးခဲ့ခြင်းဖြစ်သည်။ ယခုအချိန်တွင် ရုံတင်ပြသခြင်းမှာ ရူးနှမ်ခြင်းဖြစ်သည်ဟု ဝေဖန်မှုများ ရှိနေသည်။

    United Passions ရုပ်ရှင် ရိုက်ကူးမှုအတွက် ကန်ဒေါ်ဘာ ၁၆.၄ သန်း ကုန်ကျခဲ့ပြီး တင်မ်ရော့သ် (ဘလတ္တာအဖြစ် သရုပ်ဆောင်သည်)၊ ဆမ်နီးလ် (ဖီဖာဥက္ကဌဟောင်း ဂျိုအာအို ဟာဗီလန့်ဂ်ျအဖြစ် သရုပ်ဆောင်သည်)၊ ဂျာရတ် ဒီပါဒီယူ (ကမ္ဘာ့ဖလားကို အစပျိုးခဲ့သူ ဂျူလက်စ် ရီမက်အဖြစ် သရုပ်ဆောင်သည်) စသည်တို့ အပါအ၀င် နာမည်ကျော် သရုပ်ဆောင်အများအပြား ပါဝင်သရုပ်ဆောင်ထားသည်။

    သို့သော်လည်း အဆိုပါ ဟောလီးဝုဒ်သရုပ်ဆောင်များက ရုပ်ရှင်ဇာတ်ကားအား ပြည်သူများ လက်ခံမှုကို အကူအညီ မဖြစ်စေခဲ့ဘဲ The Guardian သတင်းကမူ အဆိုပါ ရုပ်ရှင်ကို “စုပေါင်း ရူးနှမ်းခြင်း၏ သက်သေပြချက်” ဖြစ်သည်ဟု ဖော်ပြခဲ့သည်။

    လော့စ်အိန်ဂျလိစ်သတင်းစာကမူ “အရှက်ပြေ ၀ါဒဖြန့်မှု” ဟု သမုတ်ခဲ့ကာ “မကြာသေးသည့် ကာလအတွင်း ကြည့်၍မရဆုံးသော ရုပ်ရှင်များထဲမှ တစ်ခု” ဟု နယူးယောက်တိုင်မ်းစ်က ဝေဖန်ခဲ့သည်။

    အဆိုပါ ရုပ်ရှင်ကို ပြီးခဲ့သည့်နှစ်က ကိန်းရုပ်ရှင်ပွဲတော်တွင် ပြသခဲ့ပြီး ထိုစဉ်ကလည်း ဝေဖန်မှုများကို ခံခဲ့ရသည်။ ယခုအမေရိကန်တွင်မူ ရုပ်ရှင်ရုံ ၁၀ ရုံကသာ ထိုရုပ်ရှင်ဇာတ်ကားကို ရုံတင်ပြသခဲ့သည်။

    Ref: Goal

  • ရဲတပ်ဖွဲ့၏ လူ့အခွင့်အရေးချိုးဖောက်မှုအတွက် တိုင်းပြည်အား အီဂျစ်သမ္မတ တောင်းပန်

    ရဲတပ်ဖွဲ့၏ လူ့အခွင့်အရေးချိုးဖောက်မှုအတွက် တိုင်းပြည်အား အီဂျစ်သမ္မတ တောင်းပန်

    ဇွန် ၈၊ ၂၀၁၅
    M-Media

    egypt

    – ရဲတပ်ဖွဲ့က ကျူးလွန်ခဲ့သော လူ့အခွင့်အရေး ချိုးဖောက်မှုများအတွက် အီဂျစ်သမ္မတ အဘ်ဒဲလ် ဖာတာဟ် အလ်-စီစီက တိုင်းပြည်ကို တောင်းပန်လိုက်သည်ဟု သိရသည်။

    “ဘယ်လို စော်ကားမှုမျိုးကိုမဆို ခံခဲ့ရတဲ့ အီဂျစ်ပြည်သူတိုင်းကို ကျွန်တော် တောင်းပန်ပါတယ်။ အီဂျစ်နိုင်ငံသားတစ်ယောက်အပေါ်မှာ ဖြစ်ပွားတဲ့ ဘက်လိုကိစ္စမျိုးမဆို ကျွန်တော့်မှာ တာဝန်ရှိပါတယ်” ဟု ယမန်နေ့တွင် စီစီက ပြောကြားခဲ့သည်။

    သို့သော်လည်း ရဲတပ်ဖွဲ့၏ လူ့အခွင့်အရေးချိုးဖောက်မှုများအား ဖြေရှင်းရန်အတွက် ရှင်းလင်းသော အစီအစဉ်ကို ပြောကြားခဲ့ခြင်း မရှိချေ။

    စီစီ၏ ထိုကဲ့သို့ တောင်းပန်မှုမှာ ပြီးခဲ့သည့်တစ်ပတ်အတွင်း ရဲအရာရှိတစ်ဦးက ရှေ့နေတစ်ဦးကို ဖိနပ်ဖြင့် ကန်ကျောက်ခဲ့ပြီးနောက်ပိုင်း ပေါ်ထွက်လာခြင်းလည်းဖြစ်ပြီး ထိုအဖြစ်အပျက်ကြောင့် နိုင်ငံအတွင်းရှိ ရှေ့နေများက တစ်ရက်ကြာ ဆန္ဒပြမှုကို ပြုလုပ်ခဲ့သည်။

    အီဂျစ်နိုင်ငံသမိုင်းတစ်လျှောက်တွင် ဒီမိုကရေစီနည်းကျ ပထမဆုံး ရွေးကောက်တင်မြှောက်ခံခဲ့ရသည့် သမ္မတ မိုဟာမက်မော်စီကို စစ်တပ်က ဖြုတ်ချပြီးနောက်ပိုင်း စစ်တပ်ခေါင်းဆောင်ဟောင်း စီစီမှာ အာဏာကို ရယူထားခြင်းဖြစ်သည်။

    သမ္မတဟောင်း ဟိုစနီမူဘာရက် ပြုတ်သွားပြီးနောက်ပိုင်း အာဏာလျော့နည်းလာသည့် ရဲတပ်ဖွဲ့ဝင်များမှာ လူ့အခွင့်အရေး ချိုးဖောက်မှုများအတွက် အရေးယူခြင်းမခံရဟု တက်ကြွလှုပ်ရှားသူများက ပြောကြားခဲ့ပြီး ပြည်ထဲရေးဝန်ကြီးဌာနကမူ ငြင်းဆိုခဲ့သည်။

    သို့သော်လည်း မကြာသေးမီကပင် အီဂျစ်တရားရုံးများမှာ ရဲတပ်ဖွဲ့များက ပြည်သူများကို သတ်ဖြတ်သည်ဟူသော စွပ်စွဲချက်များအတွက် စတင် တရားစွဲဆိုမှုများ ပြုလုပ်ခဲ့သည်။

    Ref: Ajlazeera

  • ၅၉ လမ်း ဘိုင်သုလ်မာ ကော်မတီ မှ လူမျိုး/ဘာသာ မခွဲဘဲ ပညာရေးအတွက် ကူညီထောက်ပံ့

    ၅၉ လမ်း ဘိုင်သုလ်မာ ကော်မတီ မှ လူမျိုး/ဘာသာ မခွဲဘဲ ပညာရေးအတွက် ကူညီထောက်ပံ့

    ဇွန် ၈၊ ၂၀၁၄
    M-Media
    မိုးစက်
    4
    ရန်ကုန်။    ။ ရန်ကုန်မြို့ ဆုတောင်းပြည့် အစ္စလာမ်ဝတ် ကျောင်းတော်(၅၉ လမ်း) ဘိုင်သုလ်မာ ကော်မတီမှ လူမျိုးဘာသာမရွေး ကျောင်းနေရွယ်ကလေးများကို ဇွန်လ ၇-ရက်နေ့တွင် ကျောင်းသုံးပစ္စည်းများ လှူဒါန်းခဲ့ပါသည်။

    မည်သည့်မြို့နယ်တွင် နေထိုင်သူမဆို မည်သည့်ဘာသာဝင်မဆို သူငယ်တန်းမှ တက္ကသိုလ်ဝင်တန်း အထိ ပညာသင်ကြားနေသော ကျောင်းသား ကျောင်းသူများအတွက် လိုအပ်သည့် ကျောင်းသုံး ပစ္စည်းများ ထောက်ပံ့လှူဒါန်းခဲ့ကြောင်း သိရသည်။

    “ကျွန်တော်တို့ ဘိုင်သုလ်မာ ကော်မတီ ကနေ ဒီကလေးငယ်တွေ အတွက် လိုအပ်မယ်ထင်တာလေးတွေကို လှူဒါန်းပေးတာပါ။ ကလေးတွေရဲ့ ပညာသင်ကြားရေးမှာ အထောက်အပံ့ဖြစ်အောင်လို့ပါ” ဟု လှူဒါန်းရသည့် ရည်ရွယ်ချက်နှင့် ပတ်သက်ပြီး ဆုတောင်းပြည့်အစ္စလာမ်ဝတ်ကျောင်းတော် ဘိုင်သုလ်မာကော်မတီမှ ဥက္ကဌ ဖြစ်သူ ဦးသန်းအောင်က ပြောကြားခဲ့ပါသည်။
    3
    ယခုနှစ် ၂၀၁၅-၂၀၁၆ ပညာသင်နှစ်အတွက် ကျောင်းသား ကျောင်းသူ (၁၆၄) ဦးအား ကျောင်းဝတ်စုံ၊ စာရေးကိရိယာ အစုံအလင်၊ ထီးနှင့် ငွေသားများ၊ စုစုပေါင်း (၁၇) သိန်း တန်ဖိုးကို လှူဒါန်းခဲ့ပါသည်။ ယင်းလှူဒါန်းငွေများကိုလည်း  ဆုတောင်းပြည့် အစ္စလာမ်ဝတ် ကျောင်းတော်မှ ဂျမ္မာသ်သားများမှ အပတ်စဉ် ထည့်သွင်းလှူဒါန်းခဲ့ကြောင်း သိရှိရပါသည်။

    ကျောင်းသုံးပစ္စည်းများ လှူဒါန်းပွဲသို့ တွံတေးမြို့နယ်မှ လာရောက်သူ (၇) တန်းကျောင်းသား ဖခင်တစ်ဦးဖြစ်သူ ကလည်း “ကျွန်တော့် သားလေး ကျောင်းပစ္စည်းတွေကို ဒီမှာလာရောက်ယူတာ ၅ နှစ်လောက်ရှိပြီ။ ကျွန်တော်တို့မှာ လိုအပ်နေတာလေးတွေ ရတော့ အရမ်းကျေးဇူးတင်မိတယ်။ မိုးတွင်းဆိုတော့ ကလေးတွေ ထီးလိုတာပေါ့။ အခုလို ထီးလေးလဲ ထည့်ပေးတော့ ပိုအဆင်ပြေပါတယ်။ နောက်နှစ်လည်း ဒီထက်ပိုပြီး ပေးနိုင် ပါစေဗျာ” ဟု ပီတိစကားများကို ဝေမျှခဲ့ပါသည်။

    ဆုတောင်းပြည့် အစ္စလာမ်ဝတ် ကျောင်းတော် ဘိုင်သုလ်မာ ကော်မတီမှ လူမျိုးဘာသာမရွေး ကျောင်းနေရွယ် ကလေးများကို ကျောင်းသုံးပစ္စည်းများ လှူဒါန်းပွဲမှာ ယခုနှစ်တွင် (၇)ကြိမ်မြောက် လှူဒါန်းခြင်းဖြစ်ကြောင်းလည်း သိရပါသည်။
    7
    အဆိုပါ ဘိုင်သုလ်မာကော်မတီကို ပရဟိတလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ဖွဲ့စည်းထားခြင်းဖြစ်ပြီး ယင်းကော်မတီမှ ၂၀၀၄ ခုနှစ်ကတည်းက စတင်ကာ ပရဟိတလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ ယခုလက်ရှိတွင် ကျန်းမာရေးစောင့်ရှောက်မှုများ၊ သက်ကြီးဘိုးဘွားများအား တစ်လတစ်ကြိမ် ကရုဏာကြေးများ ထောက်ပံ့ပေးခြင်း၊ တက္ကသိုလ်ကျောင်းသား ကျောင်းသူများအား လစဉ်ပညာသင် ဆုကြေးများပေးအပ်ခြင်း စသည့် လုပ်ငန်းများကို လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

  • နိုက်ဂျီးယားမွတ်စလင်အဖွဲ့များ ရမ်ဇာန်ဥပုသ်လအတွင်း ချို့တဲ့သူများအား ကူညီသွားမည်

    နိုက်ဂျီးယားမွတ်စလင်အဖွဲ့များ ရမ်ဇာန်ဥပုသ်လအတွင်း ချို့တဲ့သူများအား ကူညီသွားမည်

    ဇွန် ၈၊ ၂၀၁၅
    M-Media

    abuja

    – ရမ်ဇာန်ဥပုသ်လအတွင်း နိုင်ငံအတွင်းရှိ ဥပုသ်သီလဆောက်တည်ကြသော ချို့တဲ့သူများအတွက် အခမဲ့ အစ်ဖ်သာရ် (၀ါဖြေမှု) အစီအစဉ် ဆောင်ရွက်ပေးရန် နိုက်ဂျီးရီးယားရှိ မွတ်စလင်အဖွဲ့အစည်းများက စီစဉ်နေပြီး ပြဿနာအမျိုးမျိုးကြောင့် အိုးအိမ်စွန့်ခွာ
    ထွက်ပြေးခဲ့ရသည့် ထောင်ပေါင်းများစွာသော ပြည်သူများထံသို့ပါ အဆိုပါအစီအစဉ် ရောက်ရှိမည်ဖြစ်သည်။

    “ခါတိုင်းလည်း ကျွန်တော်တို့ဟာ နိုင်ငံအနောက်တောင်ပိုင်းတစ်ဝှမ်းမှာရှိတဲ့ ဥပုသ်သီလ ဆောက်တည်ကြတဲ့ မွတ်စလင်တွေအတွက် အစ်ဖ်သာရ်အစီအစဉ်ကို စီစဉ်ပေးပါတယ်။ ဇွန်လ ၁၇- ၁၈ ရက်နေ့လောက်မှာ စတင်မယ့် (ဒီနှစ်) ရမ်ဇာန်မှာလည်း အလ္လာဟ်အရှင်မြတ် အလိုတော်နဲ့ ဒီအစီအစဉ်ကို ဆောင်ရွက်သွားမှာပါ” ဟု ဇကားသ်နှင့် ဆွဒကာ ဖောင်ဒေးရှင်းမှ အမှုဆောင်ဒါရိုက်တာနှင့် အကြီးအကဲဖြစ်သူ အီမာမ် အဘ်ဒူလ်လာဟီ ရှူအိုက်ဘ်က ပြောကြားခဲ့သည်။

    ယခုနှစ်အစီအစဉ်တွင် နိုင်ငံအနောက်တောင်ပိုင်းမှ လူပေါင်း ၃၅၀၀၀ အား ပစ်မှတ်ထား ဆောင်ရွက်သွားမည်ဟု ၎င်းကဆိုပြီး၊ ချို့တဲ့သော မွတ်စလင်များနှင့် မွတ်စလင်မဟုတ်သူများအကျိုးအတွက် သုံးစွဲရန် ဇကားသ်ငွေများကိုလည်း ကောက်ခံသွားမည်ဟု
    ထပ်လောင်းပြောကြားခဲ့သည်။

    “ဇကားသ်ကောက်ခံမှုနဲ့ ဖြန့်ဖြူးပေးဝေမှုဟာ ကျွန်တော်တို့ လက်ရှိလုပ်ဆောင်နေတဲ့ အရာပါပဲ။ ပြီးတော့ ဒါက ရမ်ဇာန်လမှာ ပိုပြီး အလေးထားကြပါတယ်”

    ၎င်းတို့ဖောင်ဒေးရှင်းမှာ ရေဘေးသင့်၊ မီးဘေးသင့်ပြည်သူများ၊ လူမျိုးစုတိုက်ခိုက်မှုများ၏ သားကောင်ဖြစ်ရသူများကို လိုအပ်သောအကူအညီများ ပေးအပ်သည့်အဖွဲ့လည်း ဖြစ်သည်။

    “အိမ်တွင်းသုံးပစ္စည်းတွေ၊ အစားသောက်တွေ၊ အ၀တ်အထည်တွေ လှူဒါန်းတာ၊ ပြီးတော့ ထိခိုက်ခံစားရသူတွေ ပြန်လည်ထူထောင်ရေးအတွက် ရန်ပုံငွေ လှူဒါန်းတာမျိုးကနေလည်း အကူအညီတွေ ပေးပါတယ်” ဟု အဘ်ဒူလ်လာဟီက ထပ်လောင်းပြောကြားခဲ့သည်။

    အခြားအကူအညီပေးရေးအဖွဲ့ဖြစ်သည့် မွတ်စလင်ပြည်သူ့ရေးရာစင်တာ MPAC ကလည်း နိုင်ငံအရှေ့မြောက်ပိုင်းရှိ အိုးအိမ်စွန့်ခွာ ထွက်ပြေးရသော ပြည်သူများအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီအလုံးစုံကို ပေးအပ်ကူညီနေသည်။

    “ဘိုကိုဟရမ်အဖွဲ့ သူပုန်ထမှုအတွင်း သားကောင်ဖြစ်ခဲ့ရပြီး၊ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရတဲ့ မွတ်စလင်နဲ့ မွတ်စလင်မဟုတ်သူတွေအတွက် ကျွန်တော်တို့ရဲ့ ကြားဝင်အကူအညီပေးရေး အစီအစဉ်တွေကို ရန်ပုံငွေထောက်ပံ့ဖို့ ရမ်ဇာန်လအတွင်းမှာ လှုပ်ရှားမှုကြီးတစ်ခု စတင်သွားမှာပါ” ဟု MPAC ၏ အကြီးအကဲဖြစ်သူ ဒီဆူကာမောရ်က ပြောကြားခဲ့သည်။

    ထို့ပြင် အသေးစိတ်အချက်အလက်များကိုမူ ပြည်သူများထံသို့ မကြာခင် ထုတ်ပြန်သွားမည်ဟုလည်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

    ဒုက္ခရောက်နေသူများအား လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးအပ်နေသည့်အပြင် MPAC မှာ နေမကောင်းသူများ ဆေးကုရန် ရန်ပုံငွေရှာပေးခြင်း၊ နိုက်ဂျီးရီးယား လူ့အဖွဲ့အစည်းအတွင်း ဖိနှိပ်ချုပ်ချယ်ခံနေရသူများအတွက် ဥပဒေရေးရာ ၀န်ဆောင်မှုပေးခြင်း စသည့် အကူအညီများကိုလည်း ပေးအပ်နေသည်။

    နေရာထိုင်ခင်းများ ကူညီမည်

    နိုက်ဂျီးရီးယား အနောက်မြောက်ပိုင်းရှိ မွတ်စလင်လူငယ် ပရဟိတအဖွဲ့ဖြစ်သော Global Shapers Community Kano ကလည်း နိုင်ငံအရှေ့အမြောက်ပိုင်းရှိ သန်းနှင့်ချီသော အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသူများအတွက် နေရာထိုင်ခင်များ စီစဉ်ပေးရေး လှုပ်ရှားမှုကို စတင်ဆောင်ရွက်နေပြီဖြစ်သည်။

    “ဒါဟာ နေအိမ်တွေကနေ စွန့်ခွာထွက်ပြေးရခြင်းဆိုတဲ့ ဆိုးရွားတဲ့အခြေအနေကို ကြုံတွေ့နေတဲ့ ကျွန်တော်တို့ရဲ့ ညီအစ်ကိုမောင်နှမတွေကို ကူညီဖို့ နည်းလမ်းလေး တစ်ခုပါပဲ။ သူတို့တွေဟာ စစ်သွေးကြွလှုပ်ရှားမှုတွေကြောင့် လူချင်းတူတူ သူချင်းမျှမျှ မနေကြရပါဘူး” ဟု Clothe the IDPs ဟုခေါ်သည့် အစီအစဉ်၏ စီမံခန့်ခွဲရေးမှူး မစ်ဘာဟူ အဘ်ဒူလာဟီက ပြောကြားခဲ့သည်။

    “အချို့အဖွဲ့တွေက အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူတွေကို အစားသောက်တွေ၊ တစ်ကိုယ်ရည်သန့်ရှင်းရေး၊ အညစ်အကြေးသန့်ရှင်းရေး ပစ္စည်းတွေ လှူဒါန်းနေကြတယ်လို့ ကျွန်တော်တို့ သိရှိရပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့က အ၀တ်တွေ၊ ဖိနပ်တွေ၊အသုံးအဆောင်တွေကို လှူဒါန်းခြင်းဖြင့် သူတို့ရဲ့အသွင်အပြင်ကို ကျွန်တော်တို့ ပြည့်စုံစေချင်ပါတယ်။ ဒါ့ကြောင့် ဒီစွန့်လှူဒါနပြုမှုအတွက် ကျွန်တော်တို့ရဲ့ မိတ်ဆွေတွေကို လှုံ့ဆော်နေပြီး အသင်းအဖွဲ့တွေနဲ့လည်း ပူးပေါင်းဆောင်ရွက်ပါတယ်” ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

    နိုက်ဂျီးရီးယားတစ်ဝှမ်းတွင် အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူများမှာ ၃.၃ သန်းရှိပြီး အာဖရိကတွင် အများဆုံးဖြစ်နေကာ ထိုအထဲမှ ၆၀ ရာခိုင်နှုန်းမှာ ပိုင်ဆိုင်မှုများ၊ စီးပွားရေးများ၊ လယ်ယာမြေများ လုံးဝ ဆုံးရှုံးခဲ့ကြရသည်။

    “အ၀တ်အစားလေးတွေ၊ ဖိနပ်လေးတွေနဲ့ အသုံးအဆောင်တွေ လှူဒါန်းခြင်းဖြင့် သူတို့အတွက် နည်းနည်းတော့ လုပ်ပေးနိုင်မယ်လို့ ကျွန်တော်တို့ ခံစားရပါတယ်”

    Ref: Onislam