ဇွန် ၈၊ ၂၀၁၅
M-Media
– ဘာစီလိုနာအသင်းအား ယခုနှစ်တွင် ဖလားသုံးလုံးရအောင် စွမ်းဆောင်ပေးနိုင်ခဲ့သည့် နည်းပြ လူးဝစ်အန်းရစ်မှာ လာမည့်နှစ်တွင်လည်း အသင်း၌ ဆက်လက်ရှိနေမည်ဟု ဘာစီလိုနာအသင်း ဥက္ကဌ ဂျိုးဆက်ပ် မာရီယာ ဘာတိုမြူက ပြောကြားလိုက်သည်။
အသက် ၄၅ နှစ်အရွယ် အန်းရစ်မှာ အသင်းနှင့် ၁ နှစ်သက်တမ်း ကျန်ရှိနေသေးသော်လည်း ထုတ်ပယ်ခံရမည်ဟု သတင်းများထွက်ပေါ်နေပြီး ပြီးခဲ့သည့် တနင်္ဂနွေနေ့ ချန်ပီယံလိဂ်ဖလား ရရှိပြီးနောက်တွင်လည်း အန်းရစ်က မိမိ၏ အနာဂတ်မှာ မသေချာဟု ၀န်ခံပြောကြားခဲ့သည်။
သို့သော်လည်း ဘာတိုမြူကမူ မိမိ ဥက္ကဌအဖြစ် တာဝန်ထမ်းဆောင်သမျှ ကာလပတ်လုံး လူးဝစ်အန်းရစ်မှာ နည်းပြအဖြစ် ဆက်လက်ရှိနေမည်ဟု ပြောကြားခဲ့သည်။
“ဒီရာသီမှာ အမှတ်အပြည့်ရအောင် စွမ်းဆောင်ပေးခဲ့ပြီးတဲ့ နောက်ပိုင်းမှာ အန်းရစ်နဲ့ ချုပ်ထားတဲ့စာချုပ်ကို ဖျက်ဖို့ ဘာအကြောင်းမှ မရှိပါဘူး” ဟု ဘာတိုမြူက Sport အားကစားသတင်းစာသို့ ပြောကြားခဲ့သည်။
ဘာစီလိုနာအသင်းမှာ လာလီဂါပထမနေရာအတွက် ရီးယဲလ်နှင့် ပြိုင်နေရစဉ် ဆိုစီဒက်အသင်းအား ရှုံးနိမ့်ခဲ့ရပြီးနောက် အန်းရစ်၏ အခြေအနေမှာ အေးတိအေးစက် ဖြစ်လာခဲ့ခြင်းဖြစ်သည်။ သို့သော်လည်း လာလီဂါ၊ စပိန်ဘုရင့်ဖလားနှင့် ချန်ပီယံလိဂ် သုံးလုံးစလုံးကို ရရှိအောင် အန်းရစ်က စွမ်းဆောင်ပေးနိုင်ခဲ့သည်။
Ref: Goal


Leave a Reply
You must be logged in to post a comment.