News @ M-Media
Blog
  • ဗုဒ္ဓလမ်းစဉ်က သွေဖယ်ရင် ဗုဒ္ဓဘာသာလို့ ခေါ်လို့မရကြောင်း မြဝတီ မင်းကြီးကျောင်းတိုက် ဆရာတော် ပြောပြီ
    ဗုဒ္ဓလမ်းစဉ်က သွေဖယ်ရင် ဗုဒ္ဓဘာသာလို့ ခေါ်လို့မရကြောင်း မြဝတီ မင်းကြီးကျောင်းတိုက် ဆရာတော် ပြောပြီ
    ဇွန် ၇ ၊ ၂၀၁၄
    M-Media
    မိုးစက်
    4
    ရန်ကုန်။    ။ ဗုဒ္ဓ္ဒမြတ်စွာဘုရားရှင်ရဲ့ လမ်းစဉ် ကျင့်စဉ်တွေကို မကျင့်သုံး မလိုက်နာတဲ့သူတွေကို ဘယ်လိုနည်းနဲ့မှ ဗုဒ္ဓဘာသာဝင်တွေလို့ ခေါ်ဆိုလို့ မရနိုင်ပါဘူးဟု ဆရာတော် ဘဒ္ဒ န္တအရိယာဝံသ ဘိဝံသ (မြဝတီမင်းကြီးကျောင်းတိုက် မန္တလေး) ဆရာတော်က ပြောကြားလိုက်ပါတယ်။
    ဇွန်လ ၆ ရက်နေ့၌ Park Royal Hotel တွင် ကျင်းပပြုလုပ်သော ဘာသာ သာသနာဖြင့် ငြိမ်းချမ်းရေးကို စောင့်ရှောက်ခြင်း ဆွေးနွေးပွဲမှာ အခု လို ပြောကြားလိုက်တာပါ။
    “ဗုဒ္ဓကိုယုံကြည်ချင်တယ်ဆိုရင် ဗုဒ္ဒရဲ့ လမ်းစဉ်ကိုလိုက်ရမှာပဲ။ ဗုဒ္ဓလမ်းကိုလိုက်မှ ဗုဒ္ဓဘာသာဖြစ်မယ်။ မဟုတ်ရင်တော့ အဲ့လူကို Non- Buddhist လို့ခေါ်လို့ရတယ်။ ဗုဒ္ဓလမ်းပြခဲ့တာက အမျိုးထက် နိုင်ငံတော်ကိုပိုချစ်ရမယ်။ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်အောင်ပဲ လုပ်ရမှာ။ ဗုဒ္ဓဘုရားက အကောင်းတွေကိုပဲ လမ်းပြခဲ့တာပါ။ အခု ဗုဒ္ဓဘာသာဆိုပြီး လုပ်နေတာတွေက ဗုဒ္ဓဘာသာတွေနဲ့ တလွဲတွေပါပဲ။ ကိုယ့်ဘာသာကို ဖျက်အောင်လုပ်တာ ကိုယ့်ထဲက ကိုယ့်ဘာသာဝင်တွေပဲ ပျက်အောင်လုပ်လို့ ရတာပါ။ အသိဥာဏ်တိမ်ရင် တိမ်သလောက် ကိုယ့်အတွက်၊  ကိုယ့်မိသားစုအတွက်၊ ကိုယ့်ကျိုးအတွက်ပဲ ကြည့်တတ်ကြတာပါ” ဟု ဆရာတော်က ဆက်လက်မိန့်ကြားခဲ့ပါတယ်။
    အဆိုပါ ပွဲမှာ အစ္စလာမ်ဘာသာဝင်များဘက်မှ ခေါင်းဆောင်တစ်ဦးဖြစ်သူ K.A.F.T.G ဃရာနာမှ ဦးဆောင်ဆရာတော် ခလီဖွာ ဦးသိန်းဝင်းအောင်မှလည်း  ” ဒီနေ့ IS တွေအကြမ်းဖက်နေတာနဲ့ပဲ အစ္စလာမ်ဘာသာဝင်တွေ အားလုံးက အကြမ်းဖက်တဲ့လူတွေ မဟုတ်ပါဘူး။ IS မကောင်းတာနဲ့ အစ္စလာမ်မကောင်းတာ မဟုတ်ပါဘူး။ သူတို့တစ်ဦးချင်းဆီနဲ့ပဲ သက်ဆိုင်ပါတယ်။ ဘာသာတရား တစ်ခုအကြောင်းကို သေချာ မလေ့လာဘဲနဲ့ ရမ်းပြီးတော့ စွပ်စွဲ အမုန်းစကားတွေ ပြောဆိုနေတဲ့သူတွေကတော့ သမိုင်းတရားခံတွေ ဖြစ်လာမှာပါ” ဟု မြဝတီမင်းကြီးဆရာတော်၏ စကားအပေါ် ထပ်မံဖြည့်စွက် ပြောကြားခဲ့ပါတယ်။
    6
    ဘာသာတရားတွေဆိုတာ ငြိမ်းချမ်းဖို့အတွက်ပဲ ဖြစ်ပေါ်လာတာဖြစ်ပြီး အစ္စလာမ်သာသာနာကလည်း နူးညံ့တဲ့ အဆုံးအမတွေကိုပဲ သွန်သင်ထားတာ ဖြစ်ကြောင်း၊ လူသားအချင်းချင်း တစ်ဦးနှင့်တစ်ဦး ရိုသေဂါရဝပြုဖို့ရန်က အထူးလိုအပ်သည်ဖြစ်ကြောင်းနှင့် ဘာသာတရားတိုင်း၏ အဆုံးအမများကိုသာ လိုက်နာနိုင်လျှင် စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို ရနိုင်မည်ဖြစ်ကြောင်း  ခလီဖွာ ဦးသိန်းဝင်းအောင် က ဆွေးနွေးပွဲမှာ ပြောပါတယ်။
    ” ပိုက်ဆံတွေ လက်နက်တွေနဲ့ ဝယ်လို့မရနိုင်တဲ့ ငြိမ်းချမ်းရေးသည် လူတိုင်း၏ ရင်ဘတ်ထဲတွင် ရှိနေပြီး ငြိမ်းချမ်းရေးကို လိုချင်ရင်တော့ ဘာသာအချင်းချင်း မုန်းတီးမှုတွေရပ်၊ တစ်ယောက်နဲ့တစ်ယောက် မနာလို မုန်းတီးစိတ်တွေကို ရပ်ပစ်မှ ရနိုင်မည်ဖြစ်ကြောင်း၊ တစ်ယောက်ကိုတစ်ယောက် ကုသိုလ်တွေ မုဒိတာတွေ များများပွားများပေးပါမည်ဆိုပါက ငြိမ်းချမ်းရေးက လက်တစ်ကမ်းတွင်သာ ရှိနေကြောင်း” ငြိမ်းချမ်းရေးကို ရယူလိုလျှင် မိမိကိုယ်တိုင်က စတင်ကြိုးစားရမည်ဖြစ်ကြောင်း ရှုထောင့်ကနေ ဆွေးနွေးသွားတာကတော့ ဟိန္ဒူဘာသာ ဘာသာရေးခေါင်းဆောင် ဦးဆန်းမင်းနိုင်ဖြစ်ပါတယ်။
    ဘာသာတရား အကြောင်းများနှင့် ပတ်သက်ပြီး ခရစ်ယာန်ဘာသာရေးခေါင်းဆောင် ဒေါက်တာဦးအေးမင်းမှလည်း ယနေ့အချိန်အခါတွင် အစိုးရနှင့်ပူးပေါင်း၍ ဘာသာရေးကို အမြတ်ထုတ်နေကြသူများမှာ ဘာသာရေး ခရိုနီများသာ ဖြစ်ကြပြီး ယင်းကဲ့သို့ ဘာသာရေးကို အကျိုးပြု အမြတ်မထုတ်သင့်ကြောင်း၊ အမုန်းစကားတွေကင်းဝေးပြီးမှသာ လူတိုင်း လောကကြီးကိုကြည်ကြည်လင်လင်နဲ့ မြင်နိုင် မှာဖြစ်ကြောင်း ထို့ကြောင့် အမုန်းတရားများကို စွန့်လွှတ်ရန် အလွန်အရေးကြီးကြောင်း ယနေ့ဖြစ်ပေါ်နေသော အမုန်းတရားများအကြောင်း ပြောကြားဆွေးနွေးခဲ့ပါတယ်။
    အမုန်းတရားများ အကြောင်းနှင့် ပတ်သက်ပြီး သတင်းစာဆရာ ဦးစည်သူအောင်မြင့်ကလည်း “ဒီနေ့လုပ်တဲ့အခမ်းအနားက ဒီလိုဟိုတယ်ထဲက အခန်းလေးထဲမှာ လုပ်ရတာ တကယ် မွန်းကျပ်တယ်ဗျာ။ ကုလသမဂ္ဂကို ဖာသည်မလို့ဆဲတဲ့လူတွေ၊ သတင်းထောက်တွေကို လည်လှီးမယ်လို့ပြောတဲ့ သူတွေကိုကျတော့ လမ်းတွေမှာ အမုန်းတရားဟောပြောနေတဲ့ပွဲတွေကို ခမ်းခမ်းနားနားနဲ့ လုပ်ခွင့်ပေးထားတယ်။ ကျွန်တော်တို့ဒီမှာ မေတ္တာတရား အကြောင်း ငြိမ်းချမ်းရေး အကြောင်းပြောနေတဲ့ သူတွေကိုကျတော့ အခန်းကျဉ်းလေးထဲမှာ လူမသိ သူမသိ သိုသိုသိပ်သိပ်ပဲ လုပ်နေရတယ်။ ဒီလိုတွေဖြစ်နေတော့ ကျွန်တော်တို့နိုင်ငံ အခြေအနေက မကောင်းတော့ပါဘူး။ ဒီလိုပြသနာတွေ ဘာကြောင့်ဖြစ်နေရလဲ ဆိုတာကို အဖြေရှာကြရဖို့ လိုအပ်နေပါပြီ” ဟု ယနေ့ချိန်ခါတွင် ဖြစ်ပေါ်နေသော အကြောင်းအရာများကို သုံးသပ်ဆွေးနွေးခဲ့ပါတယ်။
    ယခုကဲ့သို့ ဘာသာသာသနာဖြင့် ငြိမ်းချမ်းရေးကို စောင့်ရှောက်ခြင်း ဆွေးနွေးပွဲကို Social Alliance အဖွဲ့မှ ဦးစီးကျင်းပခဲ့သည်ဖြစ်ပြီး ယင်းအခမ်းအနားအား ဘာသာတစ်ခုကို သက်ဝင်ယုံကြည်နေတဲ့ လူတစ်ယောက်က ငြိမ်းချမ်းရေးကို ပျက်ပြားစေမဲ့လုပ်ရပ်၊ အမုန်းစကားများ ပြောဆိုလုပ်ကိုင်နေသည်ကိုတွေ့လျှင် ယင်းဘာသာရဲ့ အနှစ်သာရကို သိမြင်ယုံကြည်ထားတဲ့သူတွေက ထိုအမုန်းများရပ်တန့်ရန် မည်ကဲ့သို့ ထိန်းသိမ်းရန် တာဝန်ရှိကြောင်း သိရှိနိုင်ရန် ဆရာတော်များအား ဆွေးနွေးပြောကြားပေးနိုင်ရန် အတွက် ယနေ့ပြုလုပ်ကျင်းပသည့် အခမ်းအနားကို စီစဉ်ရခြင်းဖြစ်ကြောင်း ပွဲစီစဉ်သူတစ်ဦးဖြစ်သူ မနွယ်နီက ပြောကြားခဲ့ပါတယ်။
    ဓါတ်ပုံများ ကြည့်လိုလျှင် => Link
  • မက်ဆီ၊ နေးမာ၊ ဆွာရက်ဇ်အတွဲရဲ့ အစွမ်းနဲ့ ချန်ပီယံလိဂ်ကို ၅ ကြိမ်မြောက်ရခဲ့တဲ့ ဘာစီလိုနာ
    မက်ဆီ၊ နေးမာ၊ ဆွာရက်ဇ်အတွဲရဲ့ အစွမ်းနဲ့ ချန်ပီယံလိဂ်ကို ၅ ကြိမ်မြောက်ရခဲ့တဲ့ ဘာစီလိုနာ
    ဇွန် ၇၊ ၂၀၁၅
    M-Media
    baca
    – ဒီနေ့မနက် ဘာလင်မှာကစားခဲ့တဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ဘာစီလိုနာအသင်းက ဂျူဗင်တပ်စ်အသင်းကို ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိပြီး အသင်းသမိုင်းတစ်လျှောက် ၅ ကြိမ်မြောက် ချန်ပီယံလိဂ်ကို ဆွတ်ခူးရရှိသွားခဲ့ပါတယ်။
    ပွဲစတယ်ဆိုတာနဲ့ နှစ်သင်းစလုံး လျင်လျင်မြန်မြန်နဲ့ ထိုးဖောက် တိုက်စစ်ဆင်ခဲ့တာကြောင့် ၁၀ မိနစ်အတွင်းမှာပဲ ၂ သင်းစလုံး ဂိုးသွင်းခွင့် နှစ်ကြိမ်စီရခဲ့ပြီး ဘာစီလိုနာက တစ်ကြိမ် အသုံးချနိုင်ခဲ့ကာ ဂိုးရခဲ့ပါတယ်။ ဒီဂိုးကိုတော့ ၄ မိနစ်မှာ ဇာဗီရဲ့ ဖန်တီးပေးမှုကနေတစ်ဆင့် ရက်ကီတစ်က သွင်းယူခဲ့တာ ဖြစ်ပါတယ်။ ဇာဗီကတော့ ချန်ပီယံလိဂ် ဖိုင်နယ် ၃ ကြိမ်မှာ ဂိုးသွင်းနိုင်အောင် ဖန်တီးပေးနိုင်ခဲ့တဲ့ ပထမဆုံးကစားသမား ဖြစ်လာခဲ့ပါတယ်။
    နောက်ပိုင်းမှာ ဘာကာကပဲ ဘောလုံးပိုင်ဆိုင်မှုအသာရခဲ့ကာ ဂိုးသွင်းခွင့်တွေရပေမယ့် ဂိုးပေါက်လွဲချော်တာ၊ ဂျူဗင်တပ်စ်ဂိုးသမား ဘူဖွန် အစွမ်းပြ ကာကွယ်နိုင်တာကြောင့် ဂိုးရရှိခြင်း မရှိခဲ့ပါဘူး။
    ဂျူဗီကတော့ ဒုတိယပိုင်း ပထမဆုံးရတဲ့အခွင့်အရေးကို ၅၅ မိနစ်မှာ မိုရာတာက ချေပဂိုးအဖြစ် ပြောင်းလဲနိုင်ခဲ့ပါတယ်။ ချေပဂိုးရပြီး ဂျူဗီတို့ ဦးဆောင်နိုင်လုနီးပါး ဖြစ်ခဲ့ပါသေးတယ်။ ဒါပေမယ့် ၆၈ မိနစ်မှာ မက်ဆီရဲ့ ဖန်တီးပေးပို့မှုကတစ်ဆင့် ဆွာရက်ဇ်က ဦးဆောင်ဂိုး သွင်းနိုင်ခဲ့ပြီးနောက်မှာ ဘာကာဖက်ကို ဂျူဗီတို့ ထိထိရောက်ရောက် ခြိမ်းခြောက်နိုင်ခြင်း မရှိတော့ဘဲ ဒုတိယပိုင်း နာကျင်အချိန်ပိုမှာ နေးမာက နောက်တစ်ဂိုး ထပ်သွင်းနိုင်ခဲ့ပါတယ်။ ဂျူဗီကတော့ ချန်ပီယံလိဂ်ဖလား ဗိုလ်လုပွဲ ၆ ကြိမ်စလုံးရှုံးတဲ့ ပထမဆုံးအသင်း ဖြစ်လာပါတယ်။
    ဘာကာနည်းပြ လူးဝစ်အန်းရစ်က ဖလားရတဲ့အတွက် ပျော်ရွှင်မိပေမယ့် အနာဂတ်အတွက်တော့ မသေချာဘူးလို့ ဆိုပါတယ်။
    “ကျွန်တော့်အနာဂတ် မသေချာဘူးဆိုတာ အမှန်တရားတစ်ခုပါပဲ။ ဒါပေမယ့် အခုအချိန်မှာတော့ အားလုံးဟာ ပျော်ရွှင်စရာပါပဲ။ ကျွန်တော်တို့ အရမ်းပျော်ပါတယ်။ ကျွန်တော့်မှာ ထူးခြားတဲ့ ကစားသမားတစ်စု ရှိပါတယ်။ သူတို့ဟာ အောင်နိုင်သူတွေပါ။ စစ်သားတွေပါ။ သူတို့လုပ်သလောက် သူတို့ ပျော်ရွှင်ရပြီး၊ ကျွန်တော်တို့ကိုလည်း သူတို့ ပျော်ရွှင်အောင် လုပ်ပေးခဲ့ပါတယ်။ ဒီပွဲဟာ ဒီရာသီ ပွဲ ၆၀ မြောက်ပါ။ ပွဲ ၅၀ ကျွန်တော်တို့ နိုင်ခဲ့ပါတယ်။ ခက်ခဲတဲ့ နှစ်တစ်နှစ်ဖြစ်ပြီး ကျွန်တော်တို့ကို ယုံကြည်တဲ့သူတွေကို အရမ်းကျေးဇူးတင်ပါတယ်” လို့ ပွဲအပြီးမှာ အန်းရစ်က ပြောကြားခဲ့ပါတယ်။
    ဂျူဗီနည်းပြ အလ်လီဂရီကတော့ အသင်းရှုံးပေမယ့် ကြီးကျယ်တဲ့ရာသီဖြစ်ခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။
    “ဘာစီလိုနာဂိုးတွေဟာ ကျွန်တော်တို့ အလို့၊ နလို့ ပေးခဲ့ရတာပါ။ ဒါပေမယ့် အဆုံးအထိတော့ တိုက်ပွဲဝင်ခဲ့ပါတယ်။ ထူးခြားတဲ့ရာသီတစ်ခု ဖြစ်ခဲ့ပြီး ကျွန်တော့်အသင်းအတွက် ဘယ်လိုခြွင်းချက်မျိုးမှ ပြစရာမရှိပါဘူး။ ကျွန်တော်တို့ အန္တရာယ်အတော်ရှိခဲ့ပြီး အခွင့်အရေးတွေလည်း တော်တော် ရခဲ့ပါတယ်။ ဒါပေမယ့် ကြီးကျယ်တဲ့ ကစားသမားတွေကို ရင်ဆိုင်ကစားရတဲ့အခါ တစ်ခါတစ်ရံ ထိန်းချုပ်ခံရတယ်လို့ ထင်ရပါတယ်။ အဲဒီလိုမျိုးဆိုရင် ပြိုင်ဘက်က ဂိုးသွင်းသွားတာပါပဲ”
    Ref: UEFA.com, Goal
  • နိုင်ငံတကာသတင်းတို (ဇွန် ၆၊ ၂၀၁၅)
    ဇွန် ၆၊ ၂၀၁၅
    M-Media
    IS က ဓာတုလက်နက်သုံးနေပြီး ထုတ်လုပ်ရန်လည်း ကြိုးစားနေ
    …………………………..
    IS စစ်သွေးကြွများမှာ ကလိုရင်းဓာတ်ငွေ့ကို လက်နက်အဖြစ် အသုံးချနေပြီး ဓာတုလက်နက်ထုတ်လုပ်ရေးအတွက် အရည်အသွေးမြင့် ပညာရှင်များကို စုဆောင်းနေသည်ဟု သြစတေးလျ နိုင်ငံခြားရေးဝန်ကြီး ဂျူလီဘစ်ရှော့က IS တွန်းလှန်ရေး နိုင်ငံတာဆွေးနွေးပွဲတွင် သတိပေးပြောကြားလိုက်သည်။ IS ၏ ပညာရှင် စုဆောင်းမှုတွင် အနောက်နိုင်ငံများမှ ပညာရှင်များလည်း ပါဝင်သည်ဟု ၎င်းကဆိုသည်။ ဇန်ဝါရီလ တိုက်ပွဲတစ်ခုတွင် IS မှာ ဓာတုလက်နက်ဖြင့် တိုက်ခိုက်ခဲ့သည်ဟု ကာ့ဒ်တပ်ဖွဲကများကလည်း မကြာသေးမီက ပြောကြားခဲ့သည်။
    ယူကရိန်း လိင်တူချစ်သူ ထောက်ခံရေးချီတက်မှု တိုက်ခိုက်ခံရ
    ………………………..
    ယူကရိန်းနိုင်ငံ ကိဗ်မြို့တွင် ယနေ့၌ ပြုလုပ်ခဲ့သော လိင်တူချစ်သူများ အခွင့်အရေး လှုပ်ရှားသူများ၏ ချီတက်လမ်းလျှောက်မှုအတွင်း အမည်မသိသူများက တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သောကြောင့် ရဲတပ်ဖွဲ့ဝင် ၂ ဦး ဒဏ်ရာရရှိခဲ့သည်။ အဆိုပါချီတက်ပွဲအား တိုက်ခိုက်သွားမည်ဟု လက်ယာစွန်းရောက် အဖွဲ့များက ကြေညာထားမှုကြောင့် မြို့တော်ဝန်က မပြုလုပ်ရန် ယမန်နေ့တွင် သတိပေးခဲ့သေးသည်။ တိုက်ခိုက်မှုအတွင်း ပါဝင်သူ ၃၀ ခန့်ကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။
    ဟားမက်စ်ကို အကြမ်းဖက်အဖွဲ့အဖြစ်မှ အီဂျစ်ပယ်ဖျက်
    ………………………
    ပါလက်စတိုင်းလွတ်မြောက်ရေး လှုပ်ရှားနေသည့် ဟားမက်စ်အဖွဲ့အား အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ထားမှုကို အီဂျစ်တရားရုံးက ယနေ့တွင် ရုပ်သိမ်းခဲ့သည်ဟု Reuters သတင်းဌာနက ဖော်ပြခဲ့သည်။ အာဏာသိမ်းစစ်အစိုးရက အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ထားသော မွတ်စလင်ညီအကိုများအဖွဲ့နှင့် ဟားမက်စ်မှာ အဆက်အသွယ်ရှိသည်ဟုလည်း ဆိုသည်။
    အေစီမီလန်အသင်း၏ ရှယ်ယာတစ်ဝက်နီးပါး ရောင်းချမည်
    …………………………
    အေစီမီလန်အသင်း၏ ရှယ်ယာ ၄၈ ရာခိုင်နှုန်းကို ထိုင်း စီးပွားရေးလုပ်ငန်းရှင် ဘီး တေချူဘိုးလ်က ၀ယ်ယူရန် နီးစပ်နေပြီဟု အသင်းဥက္ကဌ ဆီလ်ဗီယို ဘာလူစကိုနီက ပြောကြားလိုက်သည်။ မီလန်၏ ရှယ်ယာများအား ရောင်းချတော့မည်ဆိုသည့် သတင်းများမှာ စောစောပိုင်းကတည်းက ပြန့်နှံ့နေခဲ့ပြီး ဘာလူစကိုနီကမူ ဥက္ကဌတာဝန် ဆက်လက်ထမ်းဆောင်သွားမည်ဖြစ်သည်။
    Ref: News Agencies
  • စင်ကာပူတွင် ၆၉ ခုမြောက် ဗလီဝတ်ကျောင်းတော်သစ် ဖွင့်လှစ်
    စင်ကာပူတွင် ၆၉ ခုမြောက် ဗလီဝတ်ကျောင်းတော်သစ် ဖွင့်လှစ်
    ဇွန် ၆၊ ၂၀၁၅
    M-Media
    sg mos 5
    – မြင့်တက်လာတဲ့ မွတ်စလင်လူဦးရေရဲ့ ဘာသာရေးဆိုင်ရာ လိုအပ်ချက်ကို ဖြည့်ဆည်းပေးဖို့ ရည်ရွယ်ပြီး ဆောက်လုပ်ခဲ့တဲ့ စင်ကာပူက အလ်-အစ္စလာဟ် ဗလီဝတ်ကျောင်းတော်ကို မနေ့က ဖွင့်လှစ်လိုက်ပါတယ်။
    စင်ကာပူ အရှေ့မြောက်ပိုင်း Punggol ဒေသမှာရှိတဲ့ အဲဒီဗလီဝတ်ကျောင်းတော်ဟာ ခေတ်မီ ဗလီဝတ်ကျောင်းတော်ဖြစ်ပြီး လူပေါင်း ၄၀၀၀ ခန့် ၀တ်ပြုနိုင်မှာဖြစ်ပါတယ်။ ဒီဗလီဝတ်ကျောင်းတော်မှာ အစ္စလာမ့် ဓမ္မသင်ခန်းစာတွေ သင်ကြားနိုင်မယ့် အခန်းတွေလည်း ပါဝင်ပါတယ်။
    ဒီဗလီဝတ်ကျောင်းတော်ကို စင်ကာပူအစိုးရ အသိအမှတ်ပြု  ဗလီဝတ်ကျောင်းတော် တည်ဆောက်ရေးနဲ့ မန်ဒါကီ ရန်ပုံငွေအဖွဲ့ MBMF ရဲ့ အစီအစဉ်အောက်က ဆောက်လုပ်ခဲ့တာဖြစ်ပြီး စင်ကာပူနိုင်ငံရဲ့ ၆၉ ခုမြောက် ဗလီဝတ်ကျောင်းတော်ဖြစ်ကာ MBMF လက်ထက်မှာ ဆောက်လုပ်ခဲ့တဲ့ ၂၄ ခုမြောက် ဗလီဝတ်ကျောင်းတော်လည်း ဖြစ်ပါတယ်။
    စင်ကာပူနိုင်ငံသားတွေ၊ အမြဲတမ်းနေထိုင်ခွင့်နဲ့ အလုပ်လုပ်သူတွေအတွက် သူတို့ရဲ့ ပင်စင်ယူတဲ့အချိန် သုံးစွဲဖို့၊ ကျန်းမာရေးစားရိတ်နဲ့ နေထိုင်မှုလိုအပ်ချက်အတွက် လစဉ် အစိုးရထံမှာ ငွေစုရတဲ့ CPF စနစ်ရှိပြီး အဲဒီစနစ်မှာ ငွေစုကြတဲ့ မွတ်စလင်တွေထံကနေ လစဉ်
    ငွေကြေးပမာဏတစ်ခုကို စင်ကာပူအစိုးရက ကောက်ယူပြီး MBMF ကို တစ်ဆင့် ပြန်လည် လွှဲပြောင်းပေးအပ်တာ ဖြစ်ပါတယ်။
    အလ်-အစ္စလာဟ် ဗလီဝတ်ကျောင်းတော် ဖွင့်ပွဲနဲ့အတူ မနေ့က သောကြောနေ့ ၀တ်ပြုမှုကိုလည်း ပထမဆုံး ဆောက်တည်ခဲ့ကြပြီး အစ္စလာမ်ဘာသာဝင်အများအပြား တက်ရောက်ခဲ့ကြပါတယ်။
    ၂၀၁၀ ခုနှစ်က အချက်အလက်များအရ စင်ကာပူနိုင်ငံမှာ အစ္စလာမ်ဘာသာကို သက်ဝင်ယုံကြည်သူ အရေအတွက်ဟာ နိုင်ငံလူဦးရေရဲ့ ၁၅ ရာခိုင်နှုန်းရှိပြီး အများစုက မလေးလူမျိုး အစ္စလာမ်ဘာသာဝင်တွေ ဖြစ်ကြပါတယ်။
    အဲဒီအစ္စလာမ်ဘာသာဝင်တွေရဲ့ ၁၇ ရာခိုင်နှုန်းဟာ တောင်အာရှနွယ်ဖွားတွေဖြစ်ကြပြီး တရုတ်လူမျိုး အစ္စလာမ်ဘာသာဝင်၊ အာရပ်လူမျိုး အစ္စလာမ်ဘာသာဝင်၊ ဥရောပ-အာရှလူမျိုး အစ္စလာမ်ဘာသာဝင် လူ့အဖွဲ့အစည်းတွေလည်း ရှိကြပါတယ်။
    Ref: Islamic Religious Council of Singapore’s Facebook Page, Wiki
  • မလေးရှားငလျင် သေဆုံးသူ ၁၁ ဦးအထိ ရှိပြီ
    မလေးရှားငလျင် သေဆုံးသူ ၁၁ ဦးအထိ ရှိပြီ
    ဇွန် ၆၊ ၂၀၁၅
    M-Media
    malay
    – ယမန်နေ့မနက်ပိုင်းက လှုပ်ခတ်ခဲ့သော ငလျင်ပြီးနောက် ဆာဘားပြည်နယ်ရှိ ကင်နာဘာလူတောင်ပေါ်တွင် သေဆုံးသူ ၉ ဦး ထပ်မံတွေ့ရှိခဲ့ကာ ငလျင်ကြောင့်သေဆုံးသူမှာ စုစုပေါင်း ၁၁ ဦးအထိ ရှိလာပြီဟု မလေးရှားအာဏာပိုင်များက ပြောကြားလိုက်သည်။
    အဆိုပါ လူ ၉ ဦးမှာ မလေးရှားရှိ အမြင့်ဆုံးတောင်ဖြစ်သော ကင်နာဘာလူတောင်ပေါ်သို့ တက်ရောက်ကြသူများဖြစ်ပြီး နောက်ထပ် တောင်တက်သမား ၈ ဦးမှာ ပျောက်ဆုံးနေဆဲဖြစ်သည်ဟု မလေးရှား ခရီးသွားလာရေးဝန်ကြီး မက်စ်စီဒီ မန်ဂျွန်က Twiiter စာမျက်နှာမှတစ်ဆင့် ကြေညာခဲ့သည်။
    ငလျင်ပြင်းအားမှာ ၆ မဂ္ဂနီကျုရှိပြီး မြည်းနားရွက်ဟု လူသိများသည့် တောင်ပေါ်ရှိ နားရွက်ပုံစံ ကျောက်တုံးတစ်ခုလည်း ပျက်ဆီးခဲ့သည်ဟု ၎င်းကဆိုသည်။ သို့သော်လည်း သေဆုံးသွားသူများနှင့် ပျောက်ဆုံးသွားသူများမှာ မည်သူမည်ဝါဖြစ်ကြောင်း ထုတ်ပြန်ရန် အဆင်သင့်မဖြစ်သေးဟုလည်း ထည့်သွင်းပြောကြားခဲ့သည်။
    မလေးရှားမီဒီယာများကမူ သေဆုံးသွားသူများတွင် အသက် ၁၂ နှစ်အရွယ် မိန်းကလေးငယ်အပါအ၀င် တောင်ထိပ်သို့ အပျော်ခရီးထွက်သော စင်ကာပူမှ မူလတန်းကျောင်းသားအုပ်စု ပါဝင်သည်ဟု ဖော်ပြခဲ့သည်။
    ကင်နာဘာလူတောင်ပေါ်တွင် ကယ်ဆယ်ရေးလုပ်သား ၆၀ ဦးနှင့် ရဟတ်ယာဉ် လေးစီးခန့်မှာ ယနေ့တွင် ရှာဖွေမှုများ ဆက်လက်လုပ်ဆောင်နေသည်။ အဆိုပါ ငလျင်ကြောင့် ဆာဘား အနောက်ဘက်ကမ်းတွင် စာသင်ကျောင်းများနှင့် ဆေးရုံတစ်ရုံအပါအ၀င် အဆောက်အဦးများ လမ်းများ ပျက်ဆီးခဲ့ရသည်။
    Ref: Aljazeera