ဇွန် ၆၊ ၂၀၁၅
M-Media
– ယမန်နေ့မနက်ပိုင်းက လှုပ်ခတ်ခဲ့သော ငလျင်ပြီးနောက် ဆာဘားပြည်နယ်ရှိ ကင်နာဘာလူတောင်ပေါ်တွင် သေဆုံးသူ ၉ ဦး ထပ်မံတွေ့ရှိခဲ့ကာ ငလျင်ကြောင့်သေဆုံးသူမှာ စုစုပေါင်း ၁၁ ဦးအထိ ရှိလာပြီဟု မလေးရှားအာဏာပိုင်များက ပြောကြားလိုက်သည်။
အဆိုပါ လူ ၉ ဦးမှာ မလေးရှားရှိ အမြင့်ဆုံးတောင်ဖြစ်သော ကင်နာဘာလူတောင်ပေါ်သို့ တက်ရောက်ကြသူများဖြစ်ပြီး နောက်ထပ် တောင်တက်သမား ၈ ဦးမှာ ပျောက်ဆုံးနေဆဲဖြစ်သည်ဟု မလေးရှား ခရီးသွားလာရေးဝန်ကြီး မက်စ်စီဒီ မန်ဂျွန်က Twiiter စာမျက်နှာမှတစ်ဆင့် ကြေညာခဲ့သည်။
ငလျင်ပြင်းအားမှာ ၆ မဂ္ဂနီကျုရှိပြီး မြည်းနားရွက်ဟု လူသိများသည့် တောင်ပေါ်ရှိ နားရွက်ပုံစံ ကျောက်တုံးတစ်ခုလည်း ပျက်ဆီးခဲ့သည်ဟု ၎င်းကဆိုသည်။ သို့သော်လည်း သေဆုံးသွားသူများနှင့် ပျောက်ဆုံးသွားသူများမှာ မည်သူမည်ဝါဖြစ်ကြောင်း ထုတ်ပြန်ရန် အဆင်သင့်မဖြစ်သေးဟုလည်း ထည့်သွင်းပြောကြားခဲ့သည်။
မလေးရှားမီဒီယာများကမူ သေဆုံးသွားသူများတွင် အသက် ၁၂ နှစ်အရွယ် မိန်းကလေးငယ်အပါအ၀င် တောင်ထိပ်သို့ အပျော်ခရီးထွက်သော စင်ကာပူမှ မူလတန်းကျောင်းသားအုပ်စု ပါဝင်သည်ဟု ဖော်ပြခဲ့သည်။
ကင်နာဘာလူတောင်ပေါ်တွင် ကယ်ဆယ်ရေးလုပ်သား ၆၀ ဦးနှင့် ရဟတ်ယာဉ် လေးစီးခန့်မှာ ယနေ့တွင် ရှာဖွေမှုများ ဆက်လက်လုပ်ဆောင်နေသည်။ အဆိုပါ ငလျင်ကြောင့် ဆာဘား အနောက်ဘက်ကမ်းတွင် စာသင်ကျောင်းများနှင့် ဆေးရုံတစ်ရုံအပါအ၀င် အဆောက်အဦးများ လမ်းများ ပျက်ဆီးခဲ့ရသည်။
Ref: Aljazeera
Leave a Reply
You must be logged in to post a comment.