ဇွန် ၇ ၊ ၂၀၁၅
M-Media
နှင်းဆီခင် ရေးသည်။
.
လုပ်ငန်းခွင် ၊ ပညာရေး စတာတွေမှာ နေထွက်နေဝင်ဆိုသလို လှုပ်ရှားနေကြရတာ သဘာဝဖြစ်စဉ်တစ်ခုမို့ ဆန်းတယ်လို့တော့ မဆိုသာပါဘူး။ ဆန်းတာကတော့ အဲဒီလိုကရွတ်တွေလျှောက်ရုန်းကန်နေရတဲ့ တာဝန်တွေ ဝတ္တရားတွေကနေပြီး အချိန်ကလေးနည်းနည်းဖဲ့လို့ အားချိန်ယူမရတာပဲပေါ့။ လောကမှာ ဒီလိုလူစားတွေများမှများမို့ အားရက်ကလေးမှာ ခရီးတိုလေးဖြစ်ဖြစ် သွားရအောင်ပါဆိုတဲ့သူတွေ ရှားပါးလာခြင်းပါပဲ။ ရှားပါဆို “ခရီးထွက်ပါလား” လို့ ကိုယ်ကစေတနာပရပွနှင့် တိုက်တွန်းတယ်ပဲထားဦး တစ်ဖက်လူမှာအခြေအနေကလေးပေးပါဦးမှ။ ငွေ၊ အချိန်နှင့် အခြေအနေအရပ်ရပ် အဆင်ပြေဖို့ ဆိုတာက စာရွက်ပေါ်မှာ ရေးချသလောက်မလွယ်ဘူးလေ။
.
“ခရီးထွက်တယ်ဆိုတာ လူသွားတာမဟုတ်ဘူး ပိုက်ဆံကသွားတာ” လို့မိတ်ဆွေတစ်ယောက်ကပြောဖူးတယ်။ ဘာပဲဖြစ်ဖြစ်ပေါ့လေ၊ ခရီးလေးထွက်ဖြစ်ပါစေတော့ရယ်လို့ မျှော်လင့်ချက်ကြီးကြီးထားမိပြီး အတတ်နိုင်ဆုံး ကြိုးပမ်းတယ်။ မျှော်လင့်တဲ့ အတိုင်းဖြစ်လာလို့ ကတော့ ဘာပြောစရာလိုသေးသလဲ။ အကောင်းဆုံးပေါ့။ ဒါပေမယ့် တစ်ခုခုလွဲချော်လို့ ခရီးမထွက်ဖြစ်လိုက်ရသူအနေနှင့် “နောင်နှစ်ခါ တန်ဆောင်မုန်း” နှင့်တင်ဖြေသိမ့်ရင်း နောင်နှစ်တွေကျမှဆိုပြီး ရင်ထဲတေးလိုက်ရသူတွေ မရှားဘူးပေါ့နော်။
.
တချို့ရှိတယ်။ လုပ်ငန်းခွင်မှာ နားရက်မယူဘဲ ဘယ်နှစ် နှစ်ဆက်တိုက် အလုပ်လုပ်ခဲ့တာဆိုပြီး ဂုဏ်ယူတတ်ကြတယ်။ မှန်တယ်၊ အလုပ်ပြီးအလုပ် အလုပ်ကလွဲလို့ ဘဝမှာဘာမှအရေးမကြီးဘူးလို့ ခံယူထားသူတွေအတွက်တော့ ကောင်းပါတယ်။ ဒါပေမယ့် အသွေးအသားနှင့်တည်ဆောက်ထားတဲ့လူဆိုတာက စိတ်ခံစားမှုရှိတယ်လေ။ ဒါကိုမေ့ထားလို့မှ မရတာ။ ဘဝအမောနှင့်သောကတွေကို ခဏလေးဖြစ်ဖြစ် ကျော်လွှားသွားနိုင်အောင် ကိုယ့်အိမ်လေးရဲ့ ပြင်ပကမ္ဘာကိုထွက်ကြည့်ဖို့တော့ လိုမှာပါ။ စိတ်လွတ်လပ်ပေါ့ပါးမှုကို ခံစားလိုက်ရမှာတော့ သေချာတယ်။
.
မြင်ဖူးကြမှာပါ။ အရွယ်လွန် သက်ကြီးပိုင်းတွေ တစ်ယောက်နှင့်တစ်ယောက် အဖော်သဟဲပြုရင်း နိုင်ငံတကာကို ထွက်လည်ကြသူတွေလေ။ လူတိုင်းဟာ ငွေကြေးချမ်းသာလို့ချည်းတော့ မဟုတ်ကြဘူး။ ခရီးထွက်မယ်ဆိုတဲ့ ရည်ရွယ်ချက်ကလေး ထားပြီး ပြင်ပြင်ဆင်ဆင် စုဆောင်းခဲ့ကြရသူတွေလည်း မရှိမဟုတ်ရှိကြသလို ပိုက်ဆံဒလဟောသုံးပြီး ကမ္ဘာပတ်နိုင်သူတွေလည်း ဦးရေ မသေးလှပါဘူး။ ဒါပေမယ့် အခြေအနေတွေ ဘယ်လိုလဲကွာခြားပါစေ ခရီးထွက်လို့ရလိုက်တဲ့ ရင်ထဲကကြည်နူးမှုတွေကတော့ မကွာခြားပါဘူး။ ကျန်းမာဖျက်လတ်ပြီး တက်ကြွတဲ့အရွယ်မှာ ခရီးထွက်တယ်ဆိုတာ ဖြစ်နိုင်ခြေများပေမယ့် အရွယ်လွန်သူတွေအဖို့ ကျားကုတ်ကျားခဲ ကြိုးပမ်းရတာများတယ်။ ကျန်းမာရေးက လူ့နောက်မလိုက်နိုင်၊ ဖျတ်လတ်သန်စွမ်းမှုနှင့် ပျိုရွယ်မှုတွေက ဟိုးအဝေးကြီးမှာ ကျန်နေခဲ့ပြီ။ ဒါပေမယ့် ခုချိန်ထိ ဇရာအရွယ်မှာ ရှင်သန်ကြံ့ခိုင်နေတာ တစ်ခုတော့ရှိတယ်။ အဲဒါက စိတ်ဓာတ်။
.
အဲဒီလိုကြံ့ခိုင်တဲ့ စိတ်ဓာတ်ကိုအရင်းခံပြီး ကမ္ဘာမြေအနှံ့ခရီးဆန့်ကျသူတွေဟာ သူတို့ရဲ့နေဝင်အချိန်လေးကို ပျော်ရွှင်ကြည်နူးမှုတွေနဲ့ အဆုံးသတ်တဲ့သဘော။ အတွေ့အကြုံသစ် ဒေသဝန်းကျင်အသစ်မှာ ယဉ်ကျေးမှုဓလေ့ကွာခြားသူတွေနှင့် ဆုံဆည်းရတာ ထူးခြားတဲ့ အတွေ့အကြုံတစ်ခုပဲပေါ့။ သက်ကြီးပိုင်းတစ်ချို့ဟာ သူတို့ရဲ့ အတိတ်နှစ်ဟောင်းတွေကို ပြန်လည်ကြည့်ရင်း ဝမ်းနည်းကြေကွဲစရာ၊ အားတက်စရာ စိတ်လှုပ်စရာစသည်တို့နှင့် ပြည့်နှက်နေတာကို ခံစားတွေးတောမိကြမှာပါ။ သားသမီး မြေးမြစ်တွေကလည်း လူလားမြောက်လို့ ကိုယ့်ဘဝနှင့်ကိုယ်၊ မိအိုဖအိုတွေရဲ့ ရင်ခွင်ကို စွန့်ခွာပြီး သံယောဇဉ်အသစ် အသစ်တွေဖွဲ့နှောင်ထားနှင့်ကြပြီ။ ဒီတော့ နှစ်ယောက်တည်း ကျန်နေကြတဲ့ (တချို့ကတော့ တစ်ယောက်တည်း) သူတွေအဖို့ ခရီးယာယီထွက်ရင်း လောကကြီးမှာ အလိုက်သင့်နေပျော်အောင်နေကြရပါတယ်။ ဘာပဲဖြစ်ဖြစ်ပေါ့လေ။ ဘဝမှာ အားမာန်လေးတစ်ခုအမြတ်ရလိုက်တဲ့သဘော။ ခရီးသွားလာခွင့်ကလေးရတာကိုက ဘဝမှာ ကျေနပ်စရာကောင်းနေပြီပဲကိုး။
.
သုတေသနပညာရှင်တွေရဲ့ လေ့လာဆန်းစစ်ချက်အရ သိရတာကတော့ အားလပ်ရက်ခရီးထွက်တာ (ခရီးတို၊ ခရီးရှည်) ဟာလူတိုင်းအတွက် မရှိမဖြစ်လိုအပ်ချက်တစ်ခုဖြစ်တယ်။ လုပ်နေရတဲ့တာဝန်ဝတ္တရားတွေထဲက အချိန်ကလေးနည်းနည်းဖဲ့ပြီး ခရီးမထွက်နိုင်လို့ကတော့ စိတ်ဖိစီးမှုနှင့် ကျန်းမာရေး ချွတ်ယွင်းမှု အဆင့်တွေမြင့်သည်ထက်မြင့်လာသလို၊ လူမှုရေးနှင့် စိတ်ပျော်ရွှင် ကြည်နူးမှုအဆင့်တွေ နိမ့်သည်ထက်နိမ့်လာတယ်လို့ ဆိုပါတယ်။
.
ကောင်းပြီ။ ကောင်းကျိုးတွေအများကြီး (ဆိုးကျိုးနည်းနည်း ပါးပါးလောက်ပဲ) ရှိတဲ့ ခရီးထွက်ခြင်းဆိုတာကို ဘယ်လို အကြောင်းပြချက်တွေက ဟန့်တားနေတာပါလိမ့်။
.
“အလုပ်များလွန်းလို့အားချိန်ဆိုတာ မရှိပါဘူး။”
.
“အလုပ်မှာတင်ရတော့မဲ့ ပရောဂျက်က ရက်ကပ်နေပြီ အလုပ်ကိုပစ်ပြီး ဘယ်မှသွားလို့ မဖြစ်ပါဘူး”
.
“ဌာနမှာရှိကြတဲ့ လုပ်ဖော်ကိုင်ဖက်တွေ တစ်ယောက်တလေမှ ခွင့်ယူပြီး ခရီးသွားတယ်လို့ မကြားမိပါဘူး”
.
“အများပြည်သူ ဝန်ထမ်းတွေ အနားယူအပန်းဖြေဖို့ နိုင်ငံတော်က သတ်မှတ်ထားတဲ ပိတ်ရက်ရှည် (သင်္ကြန်ပိတ်ရက်မျိုး) မှာ အလုပ်ကြွေးအိမ်အလုပ်တွေ ကျုံးလုပ်လုပ်တာပိုပြီး အကျိုးရှိမလားပဲ”
.
“စုဆောင်းထားတဲ့ငွေထဲက ခရီးထွက်ဖို့သုံးပစ်လိုက်ရမှာ နှမြောပါတယ်။ ပျော်ရ ခဏပေါ၊ ခရီးကပြန်လာရင် ဆုံလည်နွားလို ရုန်းရဦးမှာဆိုတော့ ဘာထူမှာလဲ”
.
စတဲ့ စတဲ့အတွေးတွေထဲမှာ စာဖိတ်သူရော ပါနေမလား။ ရေတွင်းများလိုပေါ့။ တစ်နေကုန်သုံးထားသမျှ ညဘက်မှာအနားရတဲ့ အချိန်ကလေး အတွင်း ရေတွေပြန်ပြည့်လာတဲ့ သဘောပါပဲ။ ဘဝရဲ့နေ့သစ်တွေမှာ ဆတက်ထမ်းပိုးပြီး အလုပ်လုပ်နိုင်ဖို့ .
စိတ်ဓာတ် ခွန်အားပေးနိုင်တဲ့ ခရီး ယာယီလေးဖြစ်ဖြစ် ထွက်ကြည့်ရအောင်ပါလို့။
.
နှင်းဆီခင်
Blog
-

နှင်းဆီခင်- အားလပ်ရက် ရသလား၊ အသုံးချရအောင်
-

မနီပူးရ်ရှိ အိန္ဒိယစစ်ကား ချုံခို တိုက်ခိုက်ခံရ၊ တိုက်ခိုက်သူများမှာ မြန်မာဘက်က လာကြောင်း ထောက်လှမ်းရေးပြော
ဇွန် ၇၊ ၂၀၁၅
M-Media
– အိန္ဒိယနိုင်ငံ မနီပူးရ်ဒေသတွင် ချုံခိုတိုက်ခိုက်မှုတစ်ခုကြောင့် အိန္ဒိယစစ်သား ၂၀ သေဆုံးခဲ့ပြီး တိုက်ခိုက်သူများမှာ မြန်မာနိုင်ငံဘက်မှ လာခြင်းဖြစ်သည်ဟု အိန္ဒိယထောက်လှမ်းရေးဌာနက ပြောကြားလိုက်သည်။
.
ဇွန်လ ၅ ရက်နေ့က ဖြစ်ပွားခဲ့သော အဆိုပါတိုက်ခိုက်မှုမှာ နှစ် ၂၀ အတွင်း အိန္ဒိယစစ်တပ်၏ အဆိုးရွားဆုံး တိုက်ခိုက်ခံရမှုဖြစ်ပြီး ၁၁ ဦး ဒဏ်ရာရရှိခဲ့သည်။တိုက်ခိုက်မှုပြီးနောက် ပြည်ထဲရေးဝန်ကြီး ရဂ်ျနသ်ဆင်း ဥက္ကဌအဖြစ် တာဝန်ယူသည့် အရေးပေါ်အစည်းအဝေးတစ်ခု ပြုလုပ်ခဲ့ပြီး ကာကွယ်ရေးဝန်ကြီး၊ စစ်တပ်အကြီးအကဲနှင့် ထိပ်တန်းအရာရှိများ တက်ရောက်ခဲ့ကြသည်။
.
အစိုးရက အိန္ဒိယ-မြန်မာ နယ်စပ်ကို ပိတ်ပစ်လိုက်ပြီး စစ်တပ်များ ပိုမိုချထားကာ ရှာဖွေမှုများကို တိုးမြှင့်လုပ်ဆောင်နေသည်။ ထို့ပြင် မနီပူးရ်နှင့် နာဂလန်းပြည်နယ် များတွင်လည်း လုံခြုံရေးတပ်ဖွဲ့ဝင်များ အသင့်အနေအထားရှိရန် ညွှန်ကြားထားပြီး အကြမ်းဖက်သမားများ၏ မည်သည့်တိုက်ခိုက်မှုများကိုမဆို တားဆီးရန် သတိပေးချက်ကို အဆင့်မြှင့်တင်ထားသည်။
.
စစ်တပ်ယာဉ်တန်းမှာ ပတ္တယောင်လှည့်ရန်အတွက် သွားရောက်နေစဉ် အမည်မသိ အကြမ်းဖက်သများက RPG များ၊ လက်လုပ်ဗုံးမျာဖြင့် တိုက်ခိုက်ခဲ့ပြီး စစ်ကား ပျက်ဆီးသွားသည့်အခါ ရိုင်ဖယ်များဖြင့် စစ်သားများကို ပစ်သတ်ခဲ့ခြင်းဖြစ်သည်။
.
ထိုတိုက်ခိုက်မှုတွင် မနီပူးရ် သူပုန်အဖွဲ့ဖြစ်သော PLA၊ KYKL နှင့် Meitei တော်လှန်ရေးအဖွဲ့တို့ ပါဝင်မည်ဟု စစ်ဘက်နှင့် အရပ်ဘက် အာဏာပိုင်များက သံသယရှိနေပြီး ၎င်းတို့အဖွဲ့များ စုပေါင်း၍ တိုက်ခိုက်ခြင်းဖြစ်နိုင်သည်ဟုလည်း ဆိုသည်။
.
ဝန်ကြီးချုပ် နရန်ဒရာမိုဒီကမူ အဆိုပါတိုက်ခိုက်မှုကို ရှုတ်ချခဲ့ပြီး တိုင်းပြည်အတွက် အသက်ပေးသွားခဲ့သည့် စစ်သားတိုင်းကို ဦးညွှတ်သည်ဟု Twitter စာမျက်နှာမှတစ်ဆင့် ပြောကြားခဲ့သည်။
.
Ref: ibnlive
. -

မက်ဆီ၊ နေးမာ၊ ဆွာရက်ဇ်အတွဲရဲ့ အစွမ်းနဲ့ ချန်ပီယံလိဂ်ကို ၅ ကြိမ်မြောက်ရခဲ့တဲ့ ဘာစီလိုနာ
ဇွန် ၇၊ ၂၀၁၅
M-Media– ဒီနေ့မနက် ဘာလင်မှာကစားခဲ့တဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ဘာစီလိုနာအသင်းက ဂျူဗင်တပ်စ်အသင်းကို ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိပြီး အသင်းသမိုင်းတစ်လျှောက် ၅ ကြိမ်မြောက် ချန်ပီယံလိဂ်ကို ဆွတ်ခူးရရှိသွားခဲ့ပါတယ်။
ပွဲစတယ်ဆိုတာနဲ့ နှစ်သင်းစလုံး လျင်လျင်မြန်မြန်နဲ့ ထိုးဖောက် တိုက်စစ်ဆင်ခဲ့တာကြောင့် ၁၀ မိနစ်အတွင်းမှာပဲ ၂ သင်းစလုံး ဂိုးသွင်းခွင့် နှစ်ကြိမ်စီရခဲ့ပြီး ဘာစီလိုနာက တစ်ကြိမ် အသုံးချနိုင်ခဲ့ကာ ဂိုးရခဲ့ပါတယ်။ ဒီဂိုးကိုတော့ ၄ မိနစ်မှာ ဇာဗီရဲ့ ဖန်တီးပေးမှုကနေတစ်ဆင့် ရက်ကီတစ်က သွင်းယူခဲ့တာ ဖြစ်ပါတယ်။ ဇာဗီကတော့ ချန်ပီယံလိဂ် ဖိုင်နယ် ၃ ကြိမ်မှာ ဂိုးသွင်းနိုင်အောင် ဖန်တီးပေးနိုင်ခဲ့တဲ့ ပထမဆုံးကစားသမား ဖြစ်လာခဲ့ပါတယ်။
နောက်ပိုင်းမှာ ဘာကာကပဲ ဘောလုံးပိုင်ဆိုင်မှုအသာရခဲ့ကာ ဂိုးသွင်းခွင့်တွေရပေမယ့် ဂိုးပေါက်လွဲချော်တာ၊ ဂျူဗင်တပ်စ်ဂိုးသမား ဘူဖွန် အစွမ်းပြ ကာကွယ်နိုင်တာကြောင့် ဂိုးရရှိခြင်း မရှိခဲ့ပါဘူး။
ဂျူဗီကတော့ ဒုတိယပိုင်း ပထမဆုံးရတဲ့အခွင့်အရေးကို ၅၅ မိနစ်မှာ မိုရာတာက ချေပဂိုးအဖြစ် ပြောင်းလဲနိုင်ခဲ့ပါတယ်။ ချေပဂိုးရပြီး ဂျူဗီတို့ ဦးဆောင်နိုင်လုနီးပါး ဖြစ်ခဲ့ပါသေးတယ်။ ဒါပေမယ့် ၆၈ မိနစ်မှာ မက်ဆီရဲ့ ဖန်တီးပေးပို့မှုကတစ်ဆင့် ဆွာရက်ဇ်က ဦးဆောင်ဂိုး သွင်းနိုင်ခဲ့ပြီးနောက်မှာ ဘာကာဖက်ကို ဂျူဗီတို့ ထိထိရောက်ရောက် ခြိမ်းခြောက်နိုင်ခြင်း မရှိတော့ဘဲ ဒုတိယပိုင်း နာကျင်အချိန်ပိုမှာ နေးမာက နောက်တစ်ဂိုး ထပ်သွင်းနိုင်ခဲ့ပါတယ်။ ဂျူဗီကတော့ ချန်ပီယံလိဂ်ဖလား ဗိုလ်လုပွဲ ၆ ကြိမ်စလုံးရှုံးတဲ့ ပထမဆုံးအသင်း ဖြစ်လာပါတယ်။
ဘာကာနည်းပြ လူးဝစ်အန်းရစ်က ဖလားရတဲ့အတွက် ပျော်ရွှင်မိပေမယ့် အနာဂတ်အတွက်တော့ မသေချာဘူးလို့ ဆိုပါတယ်။
“ကျွန်တော့်အနာဂတ် မသေချာဘူးဆိုတာ အမှန်တရားတစ်ခုပါပဲ။ ဒါပေမယ့် အခုအချိန်မှာတော့ အားလုံးဟာ ပျော်ရွှင်စရာပါပဲ။ ကျွန်တော်တို့ အရမ်းပျော်ပါတယ်။ ကျွန်တော့်မှာ ထူးခြားတဲ့ ကစားသမားတစ်စု ရှိပါတယ်။ သူတို့ဟာ အောင်နိုင်သူတွေပါ။ စစ်သားတွေပါ။ သူတို့လုပ်သလောက် သူတို့ ပျော်ရွှင်ရပြီး၊ ကျွန်တော်တို့ကိုလည်း သူတို့ ပျော်ရွှင်အောင် လုပ်ပေးခဲ့ပါတယ်။ ဒီပွဲဟာ ဒီရာသီ ပွဲ ၆၀ မြောက်ပါ။ ပွဲ ၅၀ ကျွန်တော်တို့ နိုင်ခဲ့ပါတယ်။ ခက်ခဲတဲ့ နှစ်တစ်နှစ်ဖြစ်ပြီး ကျွန်တော်တို့ကို ယုံကြည်တဲ့သူတွေကို အရမ်းကျေးဇူးတင်ပါတယ်” လို့ ပွဲအပြီးမှာ အန်းရစ်က ပြောကြားခဲ့ပါတယ်။
ဂျူဗီနည်းပြ အလ်လီဂရီကတော့ အသင်းရှုံးပေမယ့် ကြီးကျယ်တဲ့ရာသီဖြစ်ခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။
“ဘာစီလိုနာဂိုးတွေဟာ ကျွန်တော်တို့ အလို့၊ နလို့ ပေးခဲ့ရတာပါ။ ဒါပေမယ့် အဆုံးအထိတော့ တိုက်ပွဲဝင်ခဲ့ပါတယ်။ ထူးခြားတဲ့ရာသီတစ်ခု ဖြစ်ခဲ့ပြီး ကျွန်တော့်အသင်းအတွက် ဘယ်လိုခြွင်းချက်မျိုးမှ ပြစရာမရှိပါဘူး။ ကျွန်တော်တို့ အန္တရာယ်အတော်ရှိခဲ့ပြီး အခွင့်အရေးတွေလည်း တော်တော် ရခဲ့ပါတယ်။ ဒါပေမယ့် ကြီးကျယ်တဲ့ ကစားသမားတွေကို ရင်ဆိုင်ကစားရတဲ့အခါ တစ်ခါတစ်ရံ ထိန်းချုပ်ခံရတယ်လို့ ထင်ရပါတယ်။ အဲဒီလိုမျိုးဆိုရင် ပြိုင်ဘက်က ဂိုးသွင်းသွားတာပါပဲ”
Ref: UEFA.com, Goal
-
နိုင်ငံတကာသတင်းတို (ဇွန် ၆၊ ၂၀၁၅)
ဇွန် ၆၊ ၂၀၁၅
M-MediaIS က ဓာတုလက်နက်သုံးနေပြီး ထုတ်လုပ်ရန်လည်း ကြိုးစားနေ
…………………………..
IS စစ်သွေးကြွများမှာ ကလိုရင်းဓာတ်ငွေ့ကို လက်နက်အဖြစ် အသုံးချနေပြီး ဓာတုလက်နက်ထုတ်လုပ်ရေးအတွက် အရည်အသွေးမြင့် ပညာရှင်များကို စုဆောင်းနေသည်ဟု သြစတေးလျ နိုင်ငံခြားရေးဝန်ကြီး ဂျူလီဘစ်ရှော့က IS တွန်းလှန်ရေး နိုင်ငံတာဆွေးနွေးပွဲတွင် သတိပေးပြောကြားလိုက်သည်။ IS ၏ ပညာရှင် စုဆောင်းမှုတွင် အနောက်နိုင်ငံများမှ ပညာရှင်များလည်း ပါဝင်သည်ဟု ၎င်းကဆိုသည်။ ဇန်ဝါရီလ တိုက်ပွဲတစ်ခုတွင် IS မှာ ဓာတုလက်နက်ဖြင့် တိုက်ခိုက်ခဲ့သည်ဟု ကာ့ဒ်တပ်ဖွဲကများကလည်း မကြာသေးမီက ပြောကြားခဲ့သည်။ယူကရိန်း လိင်တူချစ်သူ ထောက်ခံရေးချီတက်မှု တိုက်ခိုက်ခံရ
………………………..
ယူကရိန်းနိုင်ငံ ကိဗ်မြို့တွင် ယနေ့၌ ပြုလုပ်ခဲ့သော လိင်တူချစ်သူများ အခွင့်အရေး လှုပ်ရှားသူများ၏ ချီတက်လမ်းလျှောက်မှုအတွင်း အမည်မသိသူများက တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သောကြောင့် ရဲတပ်ဖွဲ့ဝင် ၂ ဦး ဒဏ်ရာရရှိခဲ့သည်။ အဆိုပါချီတက်ပွဲအား တိုက်ခိုက်သွားမည်ဟု လက်ယာစွန်းရောက် အဖွဲ့များက ကြေညာထားမှုကြောင့် မြို့တော်ဝန်က မပြုလုပ်ရန် ယမန်နေ့တွင် သတိပေးခဲ့သေးသည်။ တိုက်ခိုက်မှုအတွင်း ပါဝင်သူ ၃၀ ခန့်ကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။ဟားမက်စ်ကို အကြမ်းဖက်အဖွဲ့အဖြစ်မှ အီဂျစ်ပယ်ဖျက်
………………………
ပါလက်စတိုင်းလွတ်မြောက်ရေး လှုပ်ရှားနေသည့် ဟားမက်စ်အဖွဲ့အား အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ထားမှုကို အီဂျစ်တရားရုံးက ယနေ့တွင် ရုပ်သိမ်းခဲ့သည်ဟု Reuters သတင်းဌာနက ဖော်ပြခဲ့သည်။ အာဏာသိမ်းစစ်အစိုးရက အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ထားသော မွတ်စလင်ညီအကိုများအဖွဲ့နှင့် ဟားမက်စ်မှာ အဆက်အသွယ်ရှိသည်ဟုလည်း ဆိုသည်။အေစီမီလန်အသင်း၏ ရှယ်ယာတစ်ဝက်နီးပါး ရောင်းချမည်
…………………………
အေစီမီလန်အသင်း၏ ရှယ်ယာ ၄၈ ရာခိုင်နှုန်းကို ထိုင်း စီးပွားရေးလုပ်ငန်းရှင် ဘီး တေချူဘိုးလ်က ၀ယ်ယူရန် နီးစပ်နေပြီဟု အသင်းဥက္ကဌ ဆီလ်ဗီယို ဘာလူစကိုနီက ပြောကြားလိုက်သည်။ မီလန်၏ ရှယ်ယာများအား ရောင်းချတော့မည်ဆိုသည့် သတင်းများမှာ စောစောပိုင်းကတည်းက ပြန့်နှံ့နေခဲ့ပြီး ဘာလူစကိုနီကမူ ဥက္ကဌတာဝန် ဆက်လက်ထမ်းဆောင်သွားမည်ဖြစ်သည်။Ref: News Agencies



