ဇွန် ၇၊ ၂၀၁၅
M-Media
– တစ်ဖက်နိုင်ငံအတွင်း ကျရောက်နေသည့် မိမိတို့၏ ပိုင်နက်များကို လဲလှယ်ရေးအတွက် သမိုင်းဝင် သဘောတူညီချက်ကို အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့က လက်မှတ်ရေးထိုးခဲ့ကြသည်ဟု သိရသည်။
အိန္ဒိယသမ္မတ မိုဒီ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ပထမဆုံး လာရောက်လည်ပတ်သည့်အချိန် ယမန်နေ့က မြို့တော်ဒါကာတွင် နှစ်နိုင်ငံ သမ္မတနှစ်ဦး၏ ရှေ့မှောက်၌ နိုင်ငံခြားရေး အတွင်းဝန်များက လက်မှတ်ရေးထိုးခဲ့ကြခြင်း ဖြစ်သည်။
ထိုသဘောတူညီချက်ကြောင့် အငြင်းပွားနေသော ဒေသတွင် ဆယ်စုနှစ်နှင့်ချီ၍ နိုင်ငံမဲ့ဘ၀ဖြင့် နေထိုင်နေရသည့် ပြည်သူများအနေဖြင့် ၎င်းတို့ ကြိုက်နှစ်သက်ရာနိုင်ငံကို ရွေးချယ် နေထိုင်နိုင်မည်ဖြစ်သည်။
အဆိုပါ သဘောတူညီချက်နှင့်အတူ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်များလည်း ပါဝင်ခဲ့ပြီး နှစ်နိုင်ငံ အပြန်အလှန်ဆက်ဆံရေး နက်ရှိုင်းစေရန်အတွက် အိန္ဒိယနိုင်ငံက ဘင်္ဂလားဒေ့ရှ်အား ကန်ဒေါ်လာ ၂ဘီလီယံ ချေငွေပေးသွားမည်ဟုလည်း ကြေညာခဲ့သည်။
အိန္ဒိယနိုင်ငံအတွင်း ကျရောက်နေသည့် ဘင်္ဂလားဒေ့ရှ်နယ်မြေ ၅၀ ကျော်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ထောင်ပေါင်းများစွာ နေထိုင်နေပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း ကျရောက်နေသည့် အိန္ဒိယနယ်မြေ ၁၀၀ ကျော်တွင်လည်း အိန္ဒိယနိုင်ငံသား အများအပြား
နေထိုင်နေကြသည်။
“လွတ်လပ်ရေးရပြီးကတည်းက ကြန့်ကြာနေတဲ့ ပြဿနာတစ်ခုကို ကျွန်တော်တို့ ဖြေရှင်းပြီးပါပြီ။ ကျွန်တော်တို့ နိုင်ငံနှစ်ခုဟာ အခုအချိန်မှာ နယ်နမိတ်ကို သတ်မှတ်ပြီးပါပြီ။ ကျွန်တော်တို့ဟာ အိမ်နီးချင်းနိုင်ငံတွေသာမကဘဲ သမိုင်း၊ ဘာသာတရား၊ ယဉ်ကျေးမှု၊ ဘာသာစကား၊
ဆွေမျိုးတော်စပ်မှု၊ ပြီးတော့ ခရစ်ကတ်အားကစားနည်းအပေါ် စွဲလမ်းမှု စတဲ့အမျှဉ်အတန်းတွေနဲ့ ရစ်သီနှောင်ဖွဲ့ထားတဲ့ တိုင်းပြည်တွေပါပဲ” ဟု မိုဒီက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး အဘူလ် ဟာဆန် မဟ်မူးဒ်အလီကလည်း အဆိုပါ သဘောတူညီချက်များမှာ မိမိတို့ အိမ်နီးချင်း ၂ နိုင်ငံအကြား ဆက်ဆံရေးတွင် သမိုင်းမှတ်တိုင်ဖြစ်သည်ဟု ပြောကြားခဲ့သည်။
ထို့ပြင် အိန္ဒိသမ္မတမိုဒီနှင့် ဘင်္ဂလားဒေ့ရှ်သမ္မတ ရှိခ်ဟာဆီနာတို့မှာ ဒါကာနှင့် အိန္ဒိယမြို့များဖြစ်သော ကိုလ်ကာတား၊ အဂ္ဂါတာလာ၊ ဂူဝါဟ်တီနှင့် ရှိလောင်မြို့များသို့ ပြေးဆွဲမည့် ဘတ်စ်ကားလိုင်းသစ်တစ်ခု ဖွင့်လှစ်ရန်လည်း သဘောတူညီခဲ့ကြသည်။
Ref: BBC, Aljazeera
Leave a Reply
You must be logged in to post a comment.