News @ M-Media

Blog

  • နိုင်ငံတကာသတင်းတို (ဇွန် ၃၊ ၂၀၁၅)

    ဇွန် ၃၊ ၂၀၁၅
    M-Media

    MERS ဗိုင်းရပ်စ်ကြောင့် တောင်ကိုရီးယားတွင် ကျောင်းများ ပိတ်ပစ်
    ………………………………
    ပြီးခဲ့သည့် သီတင်းပတ်အနည်းငယ်အတွင်း ကူးစက်ပြန့်နှံ့လာခဲ့သည့် MERS ဗိုင်းရပ်စ်ပိုးကြောင့် တောင်ကိုရီးယားရှိ စာသင်ကျောင်းပေါင်း ၂၀၀ ကျော်ကို ပိတ်ပစ်ခဲ့သည်ဟု ပညာရေးဝန်ကြီးဌာနက ယနေ့တွင် ပြောကြားခဲ့သည်။ ကျောင်းသားများ ကျောင်းမတက်ဟု ဆရာများက ပြောကြားခဲ့ပြီးနောက် ယခုကဲ့သို့ ကျောင်းပိတ်ခဲ့ခြင်းဖြစ်ပြီး MERS ဗိုင်းရပ်စ်ပိုးကြောင့်
    လက်ရှိချိန်အထိ တောင်ကိုရီးယားတွင် လူ ၂ ဦး သေဆုံးခဲ့ပြီဖြစ်ကာ ရာနှင့်ချီ၍ စောင့်ကြည့်ခံနေရသည်။

    မဟာမိတ်များ၏ တိုက်ခိုက်မှုအတွင်း IS တစ်သောင်းကျော် သေဆုံး
    ……………………………..
    အမေရိကန်ဦးဆောင်ပြီး မဟာမိတ်အာရပ်နိုင်ငံများပါဝင်သည့် ၉ လကြာ IS ဆန့်ကျင်ရေး တိုက်ခိုက်မှုအတွင်း IS တပ်ဖွဲ့ဝင် တစ်သောင်းကျော်ကို သုတ်သင်နိုင်ခဲ့သည်ဟု အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်က ယနေ့တွင်ပြောကြားခဲ့သည်။

    တရုတ်သင်္ဘောမှောက်မှု ၄၀၀ ကျော် ပျောက်ဆုံးနေဆဲ
    ……………………………..
    တရုတ်နိုင်ငံ ယန်ဇီမြစ်အတွင်း မုန်တိုင်းတိုက်ခတ်နေချိန် တနင်္လာနေ့ညပိုင်းက နစ်မြုပ်သွားခဲ့သည့် ဇိမ်ခံသင်္ဘောမှ လက်ရှိအချိအထိ အနည်းဆုံး အလောင်း ၁၉ လောင်းကို ရှာဖွေတွေ့ရှိထားပြီး လူပေါင်း ၄၀၀ ကျော်မှာ ဆက်လက်ပျောက်ဆုံးနေဆဲဖြစ်သည်။ အဆိုပါ သင်္ဘောမှောက်မှုမှာ နှစ်ပေါင်း ၇၀ အတွင်း တရုတ်နိုင်ငံ၏ အဆိုးရွားဆုံး ရေကြောင်း ဖြစ်ရပ်ဆိုးကြီးလည်း ဖြစ်သည်။

    ရီးယဲလ်နည်းပြသစ်အဖြစ် ဘင်နီတက်ဇ်အား ခန့်အပ်
    ………………………
    ရီးယဲလ်မက်ဒရစ်အသင်းက ၎င်းတို့၏ လစ်လပ်နေသော နည်းပြနေရာအတွက် နာပိုလီနည်းပြဟောင်း ရာဖာ ဘင်နီတက်ဇ်အား ယနေ့တွင် ၃ နှစ်စာချုပ်ဖြင့် တရားဝင်ခန့်အပ်ခဲ့သည်။ ရီးယဲလ် (ခ) အသင်းကို နည်းပြခဲ့ဖူးသည့် ဘင်နီတက်ဇ်မှာ အိမ်ပြန်လာခြင်းဖြစ်သည်ဟု ရီးယဲလ်ဥက္ကဌ ဖလော်ရန်တီနို ပီရက်ဇ်က ပြောကြားခဲ့သည်။ “အိမ်ပြန်လာရတာ စိတ်လှုပ်ရှားစရာပါပဲ။
    ဘာပြောရမှန်းမသိပါဘူး။ ကျွန်တော်တို့ ဖလားတွေရပြီး အသင်းကောင်းကောင်းကစားအောင် ကျွန်တော် ဆောင်ရွက်ပေးချင်ပါတယ်” ဟု ဘင်နီတက်ဇ်က မျက်ရည်ဖြိုင်ဖြိုင်ကျ၍ ပြောကြားခဲ့သည်။

    Ref: News Agencies

  • လူကာကူ၏ အဲဗာတန်အနာဂတ် မသေချာ

    လူကာကူ၏ အဲဗာတန်အနာဂတ် မသေချာ

    ဇွန် ၃၊ ၂၀၁၅
    M-Media

    lukaku

    – မိမိအနေဖြင့် ချန်ပီယံလိဂ်တွင် ကစားချင်သော်လည်း လက်ရှိအချိန်တွင် အဲဗာတန်၌ ပျော်ရွှင်နေသည်ဟု ဘယ်လ်ဂျီယံတိုက်စစ်မှူး လူကာကူက ပြောကြားလိုက်သည်။

    လူကာကူက မိမိမှာ အသင်းကြီးများတွင် ပုံမှန်ကစားခွင့်ရကာ ဆုဖလားများ ဆွတ်ခူးခွင့် ရချိန်တန်ပြီဟု ယမန်နေ့တွင် ပြောကြားခဲ့ပြီး အဲဗာတန်အသင်းနှင့် အနာဂတ်အတွက် သံသယများ ဖြစ်ပေါ်စေခဲ့သည်။

    ယခုနှစ်နွေရာသီတွင် အဲဗာတန်မှ ထွက်ခွာဖြစ်မည်လားဟု မေးမြန်းခဲ့ရာ မိမိအနေဖြင့် အဲဗာတန်တွင် ပျော်ရွှင်နေသည်ဟု ပြောကြားခဲ့သော်လည်း ထွက်ခွာမှုနှင့်စပ်လျဉ်း၍ ငြင်းဆိုခဲ့ခြင်း မရှိချေ။

    “အခုအချိန်မှာတော့ ကျွန်တော်က အဲဗာတန်မှာပါ။ ကျွန်တော် စာချုပ်ရှိနေပြီး ပျော်လည်းပျော်ပါတယ်။ ဒါပေမယ့် ဘောလုံးမှာ ဘယ်တော့မှ ကံသေကံမ မပြောနိုင်ပါဘူး” ဟု Sky Sport သို့ ပြောကြားခဲ့သည်။

    ချယ်ဆီးမှ အငှားဖြင့် သွားရောက်ကစားခဲ့သည့် လူကာကူမှာ ခြေစွမ်းပြနိုင်သောကြောင့် ယူရို ၂၈ သန်းဖြင့် အဲဗာတန်က အပြီးသတ် ခေါ်ယူခဲ့သည်။ သို့သော်လည်း ၎င်း၏ အေးဂျင့်အသစ် မီနို ရီအိုလာက လူကာကူမှာ ဒီယေဂိုကော်စတာကဲ့သို့ အမြင့်ဆုံးအဆင့်တွင် ကစားသင့်သူတစ်ဦး ဖြစ်သည်ဟု ပြောကြားခဲ့ပြီးနောက် ၎င်း၏အနာဂတ်မှာလည်း မသေမချာ ဖြစ်လာခဲ့သည်။

    လူကာကူကမူ အေးဂျင့်၏ ပြောကြားမှုကို သဘောတူခဲ့သော်လည်း ထိပ်တန်းပြိုင်ပွဲများတွင် ကစားချင်သည့် စိတ်ဆန္ဒမှာ မိမိတစ်ဦးတည်းတွင် ရှိသည့် ဆန္ဒမျိုးမဟုတ်ဟု ထည့်သွင်းပြောကြားခဲ့သည်။

    “(အမြင့်ဆုံးအဆင့်ကို ရောက်ဖို့ဆိုတာ) ရည်ရွယ်ချက်တစ်ခုပါ။ ကစားသမားတိုင်းဟာ ချန်ပီယံလိဂ်မှာ ကစားချင်ကြပါတယ်။ ကစားသမားတိုင်းက အမြင့်ဆုံးအဆင့်မှာ ကစားချင်ကြပါတယ်”

    လူကာကူအား ခေါ်ယူရန် ပရီးမီးယားလိဂ်အသင်းကြီးများ အပါအ၀င် ကမ္ဘာတစ်ဝှမ်း ထိပ်တန်းအသင်းများက စိတ်ဝင်စားနေကြသည်။

    Ref: Goal

  • သဘာဝဓာတ်ငွေ့ ဥရောပသို့တင်ပို့ရန် အီရန်စီစဉ်နေ

    သဘာဝဓာတ်ငွေ့ ဥရောပသို့တင်ပို့ရန် အီရန်စီစဉ်နေ

    ဇွန် ၃၊ ၂၀၁၅
    M-Media

    iran

    – နျူအရေး သဘောတူညီချက်ရပြီး ပိတ်ဆို့မှုများ ဖြေလျော့လိုက်ပါက ဥရောပနိုင်ငံများသို့ သဘာဝဓာတ်ငွေ့များ တင်ပို့ရန် အီရန်နိုင်ငံက စီစဉ်နေသည်ဟု အီရန် နိုင်ငံပိုင်သဘာဝဓာတ်ငွေ့ကုမ္ပဏီ အကြီးအကဲ အဇီဇွလ္လာဟ် ရာမီဇာနီက ပြောကြားလိုက်သည်။

    လမ်းကြောင်းငါးခုထဲမှ တစ်ခုခုဖြင့် ပေးပို့သွားမည်ဖြစ်ပြီး အဆိုပါလမ်းကြောင်းများမှာ တူရကီ၊ ပင်လယ်နက်၊ အီရတ်၊ ဆီးရီးယားနှင့် မြေထဲပင်လယ်တို့ ဖြစ်ကြသည်။

    “ဒါပေမယ့် ဒီလမ်းကြောင်းတွေကို စံနှုန်းတွေနဲ့ညီလားဆိုတာ လေ့လာဖို့ လိုအပ်ပါတယ်။ ပြီးတော့ အကောင်းဆုံးလမ်းကြောင်းကို ရွေးချယ်ဖို့ စီးပွားရေးဆိုင်ရာ ကုန်ကျစားရိတ်သက်သာမှုကိုလည်း ကျွန်တော်တို့ လေ့လာဖို့ လိုအပ်ပါတယ်။ ပိတ်ဆို့မှုကိစ္စကို ထည့်မတွက်ဘဲ သုတေသနပြုမှုတွေ အချိန်မရွေး လုပ်ဖြစ်နိုင်တာကြောင့် လေ့လာမှုတွေကတော့ စနေပါပြီ။ ဒါပေမယ့် ဥရောပက
    ဖောက်သည်တွေအပေါ်မှာလည်း မူတည်ပါတယ်။ ဥရောပက ပိတ်ဆို့မှုတွေ ဖယ်ရှားဖို့ မျှော်လင့်နေပြီး အဲဒီနောက်မှာ သူတို့ဟာ ဆွေးနွေးမှုတွေ စတင်ပါလိမ့်မယ်။ ပြီးတော့ အီရန်နဲ့ သဘောတူညီချက် ရေးထိုးနိုင်ပါလိမ့်မယ်” ဟု ရာမီဇာနီက ပြောကြားခဲ့သည်။

    ထို့ပြင် မိမိတို့နိုင်ငံအနေဖြင့် ရုရှားမှ မကြာသေးမီက အဆင့်မြှင်တင်ပေးထားည့် Turkish Stream ဓာတ်ငွေ့ပိုက်လိုင်းကိုလည်း အသုံးပြုသွားဖွယ်ရှိနေကာ ထိုကိစ္စအတွက် တူရကီနှင့် ဆွေးနွေးမှု မပြုလုပ်ရသေးဟု ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

    အီရန်၏ အငြင်းပွားဖွယ် နျူကလီးယား အစီအစဉ်ကြောင့် ကုလ၊ အမေရိကန်နှင့် ဥရောပနိုင်ငံများ၊ ထိုနိုင်ငံများရှိ အဖွဲ့အစည်းများက အီရန်အပေါ် ပိတ်ဆို့မှုများ ပြုလုပ်ထားသည်။

    အင်းအားကြီး ၆ နိုင်ငံနှင့် အီရန်တို့မှာ ဆွစ်ဇာလန်၌ ပြုလုပ်ခဲ့သော ဆွေးနွေးမှုအတွင်း ဧပြီလက အဓိကအချက်များကို သဘောတူညီခဲ့ပြီး ပြည့်စုံသည့် သဘောတူညီချက်တစ်ခု ဖြစ်လာရေးအတွက် နောက်ဆုံးရက်ကို ဇွန်လ ၃၀ ရက်နေ့အဖြစ် သတ်မှတ်ထားသည်။

    Ref: RT

  • အေစီမီလန်၏ ကမ်းလမ်းမှုကို အန်ဆယ်လော့တီလက်မခံ

    အေစီမီလန်၏ ကမ်းလမ်းမှုကို အန်ဆယ်လော့တီလက်မခံ

    ဇွန် ၃၊ ၂၀၁၅
    M-Media

    milan

    – မိမိတို့အသင်းက ကမ်းလှမ်းခဲ့သော်လည်း ရီးယဲလ်နည်းပြဟောင်း အန်ဆယ်လော့တီက ငြင်းပယ်ခဲ့သည်ဟု အေစီမီလန်အသင်းက ပြောကြားလိုက်သည်။

    အသက် ၅၅ နှစ်အရွယ် အန်ဆယ်လော့တီကို ပြီးခဲ့သည့်တစ်ပတ်က ရီးယဲလ်မှ ထုတ်ပယ်ခဲ့ပြီး အသင်းဟောင်း အေစီမီလန်အသင်းသို့ ပြန်လည်ပြောင်းရွှေ့တော့မည်ဟု သတင်းများ ထွက်ပေါ်ခဲ့သည်။

    စီးရီးအေတွင် ရုန်းကန်နေရသည့် အေစီမီလန်က ၎င်းတို့အနေဖြင့် အန်ဆယ်လော့တီကို ခေါ်ယူရန် ကြိုးပမ်းသွားမည်ဟု စောစာပိုင်းက ပြောကြားခဲ့ပြီး အန်ဆယ်လော့တီကလည်း မီလန်သို့ ပြန်သွားရန်မှာ ၅၀-၅၀ ဖြစ်သည်ဟု ဆိုသည်။

    သို့သော်လည်း အေစီကမူ အန်ဆယ်လော့တီမှာ ၎င်းတို့၏ ကမ်းလှမ်းမှုကို လက်မခံခဲ့ဟု ပြောကြားခဲ့သည်။

    “လာမယ့်ရာသီမှာ အေစီမီလန်အသင်းရဲ့နည်းပြ ဖြစ်မလာနိုင်ဘူးလို့ ကာလို အန်ဆယ်လော့တီက မီလန်ကို အကြောင်းကြားခဲ့ပါတယ်” ဟု အသင်း၏ ၀ဘ်ဆိုက်တွင် ထုတ်ပြန်သော ကြေညာချက်၌ ဖော်ပြထားသည်။

    အန်ဆယ်လော့တီက ထိုကဲ့သို့ ငြင်းပယ်ခဲ့သော်လည်း မီလန်မှာ လက်ရှိနည်းပြ အင်ဇာဂီအား ဆက်လက်လက်တွဲသွားမည့် အခြေအနေရှိနေသည်။

    သို့သော်လည်း ပါးမားအသင်းနည်းပြ အေစီမီလန်ကွင်းလယ်လူဟောင်း ရော်ဘတ်တို ဒိုနာဒိုနီကို ဒုတိယဦးစားပေးအဖြစ် လျာထားနေပြီး၊ ဆီးဗီးလားနည်းပြ အူနိုင် အမ်မရီ၊ ဆမ်ဒိုးရီးယားမှထွက်သွားသည့် ဆီနီဆာ မီဟဂ်ျလိုဗစ်၊ အီတလီနည်းပြ အန်တိုနီယိုကွန်တီ၊
    ဖီအိုရင်တီးနားနည်းပြ ဗင်ဆန်ဇို မွန်တဲလားတို့ကို ဆက်သွယ်နေသည်ဟု သတင်းများ ထွက်ပေါ်နေသည်။ အေစီမီလန်မှာ ယခုနှစ်တွင် အဆင့် ၁၀ ဖြင့် ရာသီသိမ်းခဲ့သည်။

    Ref: Goal

  • အစ္စရေးမှာ နိုင်ငံတကာတွင် ယုံကြည်မှုကျဆင်းနေပြီဟု အိုဘားမားပြော

    အစ္စရေးမှာ နိုင်ငံတကာတွင် ယုံကြည်မှုကျဆင်းနေပြီဟု အိုဘားမားပြော

    ဇွန် ၃၊ ၂၀၁၅
    M-Media

    obama

    – ပါလက်စတိုင်းအပေါ် ၀န်ကြီးချုပ် နေတန်ယာဟု၏ ရပ်တည်ချက်နှင့်ပတ်သက်၍ အစ္စရေးမှာ နိုင်ငံတကာ၏ ယုံကြည်မှုကို ဆုံးရှုံးနေပြီဟု အမေရိကန်သမ္မတ ဘာရက်အိုဘားမားက ပြောကြားလိုက်သည်။

    အိမ်ဖြူတော်၌ အစ္စရေး Channel Two ရုပ်သံနှင့် ယမန်နေ့ အင်တာဗျူးတွင် အိုဘားမားက ယခုကဲ့သို ပြောကြားလိုက်ခြင်းဖြစ်ပြီး ပါလက်စတိုင်းပြဿနာကြောင့် ကုလ၌ အစ္စရေးအား ရေရှည် ထောက်ခံမှုပေးလာခဲ့သည့် သံခင်းတမန်ခင်းကိုလည်း မိမိတို့အစိုးရက ပြန်လည် တွက်ချက်ရတော့မည်ဟု သတိပေးခဲ့သည်။

    ထို့ပြင် နေတန်ယာဟု၏ ပေါ်လစီကြောင့် အစ္စရေးနှင့် ပါလက်စတိုင်းတို့အကြား ငြိမ်းချမ်းရေး သဘောတူညီချက်မှာ အလှမ်းဝေးနေသေးသည်ဟုလည်း အိုဘားမားက ၀န်ခံခဲ့သည်။

    “မူဘောင်သဘောတူညီချက် အလားအလာကို ကျွန်တော်မမြင်ပါဘူး။ ဒါ့ကြောင့် အန္တရာယ်က အစ္စရေးကို ယုံကြည်မှု ကျဆင်းလာတာပါပဲ။ အစ္စရေးဟာ နှစ်နိုင်ငံအဖြေအတွက် အားတက်သရောရှိတယ်ဆိုတာကို နိုင်ငံတကာ အသိုင်းအ၀ိုင်းက မယုံကြည်ကြပါဘူး” ဟု အိုဘားမားက အင်တာဗျူးတွင် ထည့်သွင်းပြောကြားခဲ့သည်။

    မတ်လ ၁၇ ရက်နေ့ ရွေးကောက်ပွဲမကျင်းပမီ တစ်ရက်အရင်က နေတန်ယာဟုမှာ ၎င်း ၀န်ကြီးချုပ်အဖြစ် ဆက်အရွေးခံရပါက ပါလက်စတိုင်းနိုင်ငံ ထူထောင်မှုကို ခွင့်ပြုမည်မဟုတ်ဟု ပြောကြားခဲ့သည်။ သို့သော်လည်း နောက်ပိုင်းတွင် ထိုစကားအား ပြန်၍ ပြင်ခဲ့သည်။

    အမေရိကန်က ကြားဝင်စေ့စပ်ပေးသည့် အစ္စရေးနှင့် ပါလက်စတိုင်းတို့၏ ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ လွန်ခဲ့သည့် တစ်နှစ်ကပင် ရပ်တန့်ခဲ့ပြီး ပါလက်စတိုင်းကမူ ၎င်းတို့နယ်နမိတ်အတွင်း အစ္စရေးက အခြေချအိမ်ယာများ ဆောက်လုပ်မှု အစီအစဉ်အတွက် ပြစ်တင်ပြောဆိုခဲ့သည်။

    အမေရိကန်အနေဖြင့် အစ္စရေးအတွက် ကုလတွင် ဗီတို ဆက်လက်အသုံးပြုမည်လားဟု မေးမြန်းခဲ့ရာ အိုဘားမားက တိတိကျကျ ဖြေကြားခဲ့ခြင်းမရှိချေ။ အိုဘားမားမှာ ပါလက်စတိုင်းနယ်မြေများတွင် အစ္စရေးက ကျူးကျော်အိမ်ယာများ တည်ဆောက်မှုအတွက် အကြိမ်ကြိမ်အခါခါ ဝေဖန်ခဲ့သူဖြစ်သည်။

    Ref: PressTV