News @ M-Media

Blog

  • သဘာဝဓာတ်ငွေ့ ဥရောပသို့တင်ပို့ရန် အီရန်စီစဉ်နေ

    သဘာဝဓာတ်ငွေ့ ဥရောပသို့တင်ပို့ရန် အီရန်စီစဉ်နေ

    ဇွန် ၃၊ ၂၀၁၅
    M-Media

    iran

    – နျူအရေး သဘောတူညီချက်ရပြီး ပိတ်ဆို့မှုများ ဖြေလျော့လိုက်ပါက ဥရောပနိုင်ငံများသို့ သဘာဝဓာတ်ငွေ့များ တင်ပို့ရန် အီရန်နိုင်ငံက စီစဉ်နေသည်ဟု အီရန် နိုင်ငံပိုင်သဘာဝဓာတ်ငွေ့ကုမ္ပဏီ အကြီးအကဲ အဇီဇွလ္လာဟ် ရာမီဇာနီက ပြောကြားလိုက်သည်။

    လမ်းကြောင်းငါးခုထဲမှ တစ်ခုခုဖြင့် ပေးပို့သွားမည်ဖြစ်ပြီး အဆိုပါလမ်းကြောင်းများမှာ တူရကီ၊ ပင်လယ်နက်၊ အီရတ်၊ ဆီးရီးယားနှင့် မြေထဲပင်လယ်တို့ ဖြစ်ကြသည်။

    “ဒါပေမယ့် ဒီလမ်းကြောင်းတွေကို စံနှုန်းတွေနဲ့ညီလားဆိုတာ လေ့လာဖို့ လိုအပ်ပါတယ်။ ပြီးတော့ အကောင်းဆုံးလမ်းကြောင်းကို ရွေးချယ်ဖို့ စီးပွားရေးဆိုင်ရာ ကုန်ကျစားရိတ်သက်သာမှုကိုလည်း ကျွန်တော်တို့ လေ့လာဖို့ လိုအပ်ပါတယ်။ ပိတ်ဆို့မှုကိစ္စကို ထည့်မတွက်ဘဲ သုတေသနပြုမှုတွေ အချိန်မရွေး လုပ်ဖြစ်နိုင်တာကြောင့် လေ့လာမှုတွေကတော့ စနေပါပြီ။ ဒါပေမယ့် ဥရောပက
    ဖောက်သည်တွေအပေါ်မှာလည်း မူတည်ပါတယ်။ ဥရောပက ပိတ်ဆို့မှုတွေ ဖယ်ရှားဖို့ မျှော်လင့်နေပြီး အဲဒီနောက်မှာ သူတို့ဟာ ဆွေးနွေးမှုတွေ စတင်ပါလိမ့်မယ်။ ပြီးတော့ အီရန်နဲ့ သဘောတူညီချက် ရေးထိုးနိုင်ပါလိမ့်မယ်” ဟု ရာမီဇာနီက ပြောကြားခဲ့သည်။

    ထို့ပြင် မိမိတို့နိုင်ငံအနေဖြင့် ရုရှားမှ မကြာသေးမီက အဆင့်မြှင်တင်ပေးထားည့် Turkish Stream ဓာတ်ငွေ့ပိုက်လိုင်းကိုလည်း အသုံးပြုသွားဖွယ်ရှိနေကာ ထိုကိစ္စအတွက် တူရကီနှင့် ဆွေးနွေးမှု မပြုလုပ်ရသေးဟု ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

    အီရန်၏ အငြင်းပွားဖွယ် နျူကလီးယား အစီအစဉ်ကြောင့် ကုလ၊ အမေရိကန်နှင့် ဥရောပနိုင်ငံများ၊ ထိုနိုင်ငံများရှိ အဖွဲ့အစည်းများက အီရန်အပေါ် ပိတ်ဆို့မှုများ ပြုလုပ်ထားသည်။

    အင်းအားကြီး ၆ နိုင်ငံနှင့် အီရန်တို့မှာ ဆွစ်ဇာလန်၌ ပြုလုပ်ခဲ့သော ဆွေးနွေးမှုအတွင်း ဧပြီလက အဓိကအချက်များကို သဘောတူညီခဲ့ပြီး ပြည့်စုံသည့် သဘောတူညီချက်တစ်ခု ဖြစ်လာရေးအတွက် နောက်ဆုံးရက်ကို ဇွန်လ ၃၀ ရက်နေ့အဖြစ် သတ်မှတ်ထားသည်။

    Ref: RT

  • အေစီမီလန်၏ ကမ်းလမ်းမှုကို အန်ဆယ်လော့တီလက်မခံ

    အေစီမီလန်၏ ကမ်းလမ်းမှုကို အန်ဆယ်လော့တီလက်မခံ

    ဇွန် ၃၊ ၂၀၁၅
    M-Media

    milan

    – မိမိတို့အသင်းက ကမ်းလှမ်းခဲ့သော်လည်း ရီးယဲလ်နည်းပြဟောင်း အန်ဆယ်လော့တီက ငြင်းပယ်ခဲ့သည်ဟု အေစီမီလန်အသင်းက ပြောကြားလိုက်သည်။

    အသက် ၅၅ နှစ်အရွယ် အန်ဆယ်လော့တီကို ပြီးခဲ့သည့်တစ်ပတ်က ရီးယဲလ်မှ ထုတ်ပယ်ခဲ့ပြီး အသင်းဟောင်း အေစီမီလန်အသင်းသို့ ပြန်လည်ပြောင်းရွှေ့တော့မည်ဟု သတင်းများ ထွက်ပေါ်ခဲ့သည်။

    စီးရီးအေတွင် ရုန်းကန်နေရသည့် အေစီမီလန်က ၎င်းတို့အနေဖြင့် အန်ဆယ်လော့တီကို ခေါ်ယူရန် ကြိုးပမ်းသွားမည်ဟု စောစာပိုင်းက ပြောကြားခဲ့ပြီး အန်ဆယ်လော့တီကလည်း မီလန်သို့ ပြန်သွားရန်မှာ ၅၀-၅၀ ဖြစ်သည်ဟု ဆိုသည်။

    သို့သော်လည်း အေစီကမူ အန်ဆယ်လော့တီမှာ ၎င်းတို့၏ ကမ်းလှမ်းမှုကို လက်မခံခဲ့ဟု ပြောကြားခဲ့သည်။

    “လာမယ့်ရာသီမှာ အေစီမီလန်အသင်းရဲ့နည်းပြ ဖြစ်မလာနိုင်ဘူးလို့ ကာလို အန်ဆယ်လော့တီက မီလန်ကို အကြောင်းကြားခဲ့ပါတယ်” ဟု အသင်း၏ ၀ဘ်ဆိုက်တွင် ထုတ်ပြန်သော ကြေညာချက်၌ ဖော်ပြထားသည်။

    အန်ဆယ်လော့တီက ထိုကဲ့သို့ ငြင်းပယ်ခဲ့သော်လည်း မီလန်မှာ လက်ရှိနည်းပြ အင်ဇာဂီအား ဆက်လက်လက်တွဲသွားမည့် အခြေအနေရှိနေသည်။

    သို့သော်လည်း ပါးမားအသင်းနည်းပြ အေစီမီလန်ကွင်းလယ်လူဟောင်း ရော်ဘတ်တို ဒိုနာဒိုနီကို ဒုတိယဦးစားပေးအဖြစ် လျာထားနေပြီး၊ ဆီးဗီးလားနည်းပြ အူနိုင် အမ်မရီ၊ ဆမ်ဒိုးရီးယားမှထွက်သွားသည့် ဆီနီဆာ မီဟဂ်ျလိုဗစ်၊ အီတလီနည်းပြ အန်တိုနီယိုကွန်တီ၊
    ဖီအိုရင်တီးနားနည်းပြ ဗင်ဆန်ဇို မွန်တဲလားတို့ကို ဆက်သွယ်နေသည်ဟု သတင်းများ ထွက်ပေါ်နေသည်။ အေစီမီလန်မှာ ယခုနှစ်တွင် အဆင့် ၁၀ ဖြင့် ရာသီသိမ်းခဲ့သည်။

    Ref: Goal

  • အစ္စရေးမှာ နိုင်ငံတကာတွင် ယုံကြည်မှုကျဆင်းနေပြီဟု အိုဘားမားပြော

    အစ္စရေးမှာ နိုင်ငံတကာတွင် ယုံကြည်မှုကျဆင်းနေပြီဟု အိုဘားမားပြော

    ဇွန် ၃၊ ၂၀၁၅
    M-Media

    obama

    – ပါလက်စတိုင်းအပေါ် ၀န်ကြီးချုပ် နေတန်ယာဟု၏ ရပ်တည်ချက်နှင့်ပတ်သက်၍ အစ္စရေးမှာ နိုင်ငံတကာ၏ ယုံကြည်မှုကို ဆုံးရှုံးနေပြီဟု အမေရိကန်သမ္မတ ဘာရက်အိုဘားမားက ပြောကြားလိုက်သည်။

    အိမ်ဖြူတော်၌ အစ္စရေး Channel Two ရုပ်သံနှင့် ယမန်နေ့ အင်တာဗျူးတွင် အိုဘားမားက ယခုကဲ့သို ပြောကြားလိုက်ခြင်းဖြစ်ပြီး ပါလက်စတိုင်းပြဿနာကြောင့် ကုလ၌ အစ္စရေးအား ရေရှည် ထောက်ခံမှုပေးလာခဲ့သည့် သံခင်းတမန်ခင်းကိုလည်း မိမိတို့အစိုးရက ပြန်လည် တွက်ချက်ရတော့မည်ဟု သတိပေးခဲ့သည်။

    ထို့ပြင် နေတန်ယာဟု၏ ပေါ်လစီကြောင့် အစ္စရေးနှင့် ပါလက်စတိုင်းတို့အကြား ငြိမ်းချမ်းရေး သဘောတူညီချက်မှာ အလှမ်းဝေးနေသေးသည်ဟုလည်း အိုဘားမားက ၀န်ခံခဲ့သည်။

    “မူဘောင်သဘောတူညီချက် အလားအလာကို ကျွန်တော်မမြင်ပါဘူး။ ဒါ့ကြောင့် အန္တရာယ်က အစ္စရေးကို ယုံကြည်မှု ကျဆင်းလာတာပါပဲ။ အစ္စရေးဟာ နှစ်နိုင်ငံအဖြေအတွက် အားတက်သရောရှိတယ်ဆိုတာကို နိုင်ငံတကာ အသိုင်းအ၀ိုင်းက မယုံကြည်ကြပါဘူး” ဟု အိုဘားမားက အင်တာဗျူးတွင် ထည့်သွင်းပြောကြားခဲ့သည်။

    မတ်လ ၁၇ ရက်နေ့ ရွေးကောက်ပွဲမကျင်းပမီ တစ်ရက်အရင်က နေတန်ယာဟုမှာ ၎င်း ၀န်ကြီးချုပ်အဖြစ် ဆက်အရွေးခံရပါက ပါလက်စတိုင်းနိုင်ငံ ထူထောင်မှုကို ခွင့်ပြုမည်မဟုတ်ဟု ပြောကြားခဲ့သည်။ သို့သော်လည်း နောက်ပိုင်းတွင် ထိုစကားအား ပြန်၍ ပြင်ခဲ့သည်။

    အမေရိကန်က ကြားဝင်စေ့စပ်ပေးသည့် အစ္စရေးနှင့် ပါလက်စတိုင်းတို့၏ ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ လွန်ခဲ့သည့် တစ်နှစ်ကပင် ရပ်တန့်ခဲ့ပြီး ပါလက်စတိုင်းကမူ ၎င်းတို့နယ်နမိတ်အတွင်း အစ္စရေးက အခြေချအိမ်ယာများ ဆောက်လုပ်မှု အစီအစဉ်အတွက် ပြစ်တင်ပြောဆိုခဲ့သည်။

    အမေရိကန်အနေဖြင့် အစ္စရေးအတွက် ကုလတွင် ဗီတို ဆက်လက်အသုံးပြုမည်လားဟု မေးမြန်းခဲ့ရာ အိုဘားမားက တိတိကျကျ ဖြေကြားခဲ့ခြင်းမရှိချေ။ အိုဘားမားမှာ ပါလက်စတိုင်းနယ်မြေများတွင် အစ္စရေးက ကျူးကျော်အိမ်ယာများ တည်ဆောက်မှုအတွက် အကြိမ်ကြိမ်အခါခါ ဝေဖန်ခဲ့သူဖြစ်သည်။

    Ref: PressTV

  • ဖီဖာဥက္ကဌ ဆပ်ဘလတ္တာ ရာထူးမှနှုတ်ထွက်ပြီ

    ဖီဖာဥက္ကဌ ဆပ်ဘလတ္တာ ရာထူးမှနှုတ်ထွက်ပြီ

    ဇွန် ၃၊ ၂၀၁၅
    M-Media

    blatter

    – ချစားမှုပြဿနာများနှင့် ရင်ဆိုင်နေရပြီး ဝေဖန်မှုများကို ခံနေရသည့် ဖီဖာ၏ ဥက္ကဌ ဆပ်ဘလတ္တာက မိမိအနေဖြင့် ရာထူးမှ နှုတ်ထွက်ရန် ဆုံးဖြတ်လိုက်ပြီဟု ယမန်နေ့က ကြေညာခဲ့သည်။

    ၅ ကြိမ်မြောက် ဥက္ကဌအဖြစ် ပြီးခဲ့သည့် ၄ ရက်က ရွေးကောက်တင်မြှောက်ခံခဲ့ရသည့် ဘလတ္တာမှာ ဇူးရစ်ခ်ျတွင် ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင် ယခုကဲ့သို့ ကြေညာခဲ့ခြင်းဖြစ်သည်။

    “ကျွန်တော်ဟာ ဖီဖာကို ဘယ်လိုအရာမျိုးထက်မဆို ချစ်ခင်မြတ်နိုးပါတယ်။ ကျွန်တော်ဟာ ဖီဖာနဲ့ ဘောလုံးလောကအတွက် အကောင်းဆုံးကိုသာ လုပ်ချင်ခဲ့တာပါ။ ဖီဖာဟာ အလုံးစုံ ပြုပြင်မွမ်းမံဖို့ လိုနေပါပြီ။ ကျွန်တော်ဟာ ဒီညီလာခံကြီးမှာ တာဝန်ကနေရပ်နားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ နောက်ထပ် ဥက္ကဌ ရွေးကောက်ပွဲ အထိတော့ ဖီဖာရဲ့ ဥက္ကဌအဖြစ် ဆက်လက်ဆောင်ရွက်သွားမှာပါ” ဟု ဘလတ္တာက ပြောကြားခဲ့သည်။

    ဖီဖာ၏ လွတ်လပ်သော စာရင်းအင်းနှင့် လုပ်ငန်းပိုင်ဆိုင်ရာကော်မတီ အကြီးအကဲ ဒိုမီနီကို စကာလာကမူ ရွေးကောက်ပွဲတွင် ဥက္ကဌအဖြစ် ရွေးကောက်ယှဉ်ပြိုင်မည့် မည်သူမဆို ၄ လ ကြိုတင်၍ အကြောင်းကြားရမည်ဟု ပြောကြားခဲ့သည်။

    “နောက်ထပ် ဥက္ကဌရွေးကောက်ပွဲရဲ့ အချိန်ကာလအတွက် ဆုံးဖြတ်ချက်ဟာ အမှုဆောင်ကော်မတီပေါ်မှာပဲ မူတည်ပါတယ်။ ပြီးတော့ ဒီဇင်ဘာကနေ မတ်လအတွင်းမှာ ဖြစ်သွားမှာပါ” ဟု စကာလာက ဆိုသည်။

    ဘလတ္တာ၏ ထိုသို့နှုတ်ထွက်မှုမှာ မှန်ကန်သော ဆုံးဖြတ်ချက်ဖြစ်သည်ဟု ယူအီးအက်ဖ်အေဥက္ကဌ ပလာတီနီက ပြောကြားခဲ့သည်။ ပလာတီနီမှာ ဘလတ္တာကို နှုတ်ထွက်ရန် တောင်းဆိုထားသူဖြစ်သည်။

    ပြီးခဲ့သည့်သီတင်းပတ်အတွင်းက ချစားမှုဖြင့် ဖီဖာ၏ အကြီးတန်းတာဝန်ရှိသူများ အဖမ်းခံရပြီးနောက် ဘလတ္တာမှာ ဝေဖန်မှုများကို အပြင်းအထန် ခံစားနေရပြီး ရာထူးမှ နှုတ်ထွက်ပေးရန်လည်း ကျယ်ကျယ်ပြန့်ပြန့် တောင်းဆိုခြင်း ခံခဲ့ရသည်။

    ထို့ပြင် ယခုကဲ့သို့ နှုတ်ထွက်မှုကြောင့် ဘလတ္တာမှာ ချစားမှုတွင် ပါဝင်နေလားဟု သံသယများ ထွက်ပေါ်နေသော်လည်း ဆွစ်ဇာလန် တရားသူကြီးချုပ်ကမူ ချစားမှုနှင့်ပတ်သက်သည့် စုံစမ်းစစ်ဆေးမှုတွင် ဘလတ္တာ ပါဝင်ခြင်းမရှိဟု ပြောကြားခဲ့သည်။

    သို့သော်လည်း အမေရိကန် အာဏာပိုင်များက ဘလတ္တာအား ချစားမှုနှင့် ပတ်သက်ခြင်း ရှိ၊ မရှိကို စုံးစမ်းစစ်ဆေးနေသည်ဟု နယူးယောက်တိုမ်းစ်သတင်းစာ၌ ယနေ့တွင် ပြောကြားခဲ့သည်။

    Ref: Goal

  • ခေတ် ဖက်ရှင်ဖြစ်လာတဲ့ ကုလားမုန်းဝါဒ

    ခေတ် ဖက်ရှင်ဖြစ်လာတဲ့ ကုလားမုန်းဝါဒ

    ဇွန် ၃ ၊ ၂၀၁၅
    M-Media
    ခင်မောင်ထွန်း(MDY) ရေးသည်။
    .Inn Lay
    ခေတ်ဖက်ရှင်ဖြစ်လာတဲ့ ကုလားမုန်း ဝါဒထဲ သယ်ချင်းတွေ ဒရောသောပါး ဝင်လာနေသည်။ မသိနားမလည် နားမလည်မှု့မှ မြစ်ဖျား ခံလာသော အတွေးအမြင်တွေကို တင်ပြလာသည်။ ဘာသာရေးတိုက်ခိုက်မှု့များနှင့် ပတ်သက်၍ ပြန်လည်ဖြေရှင်းမှု့များကို မလုပ်ချင်တော့ပါ။ သို့ပေမယ့် သူငယ်ချင်း ပညာတတ် တယောက်ဖြစ်နေ၍ မနေနိုင်လို့ပြန်ရှင်းခြင်းဖြစ် ပါသည်။ သို့ရာတွင် သူငယ်ချင်း wall ပေါ် ပြန်မန့်လို့ မရလို့ ကိုယ့်ဖာသာပဲ post တင်လိုက်တာပါ။ ငြိမ်းချမ်းသော အတွေးအခေါ်မှာ ရှင်သန်ပြီး မသိနားမလည် မလိုလားခြင်းများ ကင်းဝေးကြပါစေ။
    .
    ရိုးရိုးသားသားတွေးပြီးဖြေပါမည်။
    .
    ၁ ။ မွတ်စလင်အရေးက ငြိမ်ငြိမ်ချမ်းချမ်းဖြေရှင်း မရတော့ဘူးထင်တယ် ဆိုရာမှာ မြန်မာ မွတ်စလင်တွေက အုပ်စုအားကိုးနဲ့ တခြားဘာသာရဲ့ အိမ်၊ ကျောင်း၊သာသနိက အဆောက်အဦ၊ လူတွေကို တိုက်ခိုက် ရန်မူတာမျိုးရှိခဲ့ပါသလား? မြန်မာပြည်က မွတ်စလင်တို့ရဲ့ အသက်အိုးအိမ် စည်းစိမ်တွေသာ ဖျက်ဆီးခြင်း ခံရတာသေချာပါသည်၊ အမုန်းတရားလှုံ့ဆော်နေသော နိုင်ငံရေး အသာစီးရလိုသော လူတစု၏ စနစ်တကျ လုပ်ကွက်များဖြစ်နေတာကို ရိုးသားသူတွေ ဒေါသမာန် တက်စေခြင်းဖြစ်နေတာကို သိပါသလား? အရင်းအမြစ်က အစိုးရ ကိုယ်တိုင်ဖြစ်နေ၍ ထို root cause ကို ဖြေရှင်းနိုင်လျှင် ငြိမ်းချမ်းပါမည်။  ယခုထိ အိုးအိမ်ပျက်ဆီး ထိခိုက်သူများမှ ဘာမှ မတတ်နိုင် လက်မှိုင်ချ စိတ်အားငယ်ကြောက်ရွံ့နေရတာကို သင်သာ ခံစားရသူဖက်က ရှိခဲ့မည်ဆိုလျှင် သေချာ နားလည်ပါလိမ့်မည်။ တစုံတရာ အသံကြားရပြီဆိုလျှင် တထိတ်ထိတ် တလန့်လန့်နဲ့ နေထိုင်ရတဲ့ ဘဝတွေကို သိပါသလား?
    .
    ၂ ။ ကျုးကျော်သူတွေကို ဘာသာတူလို့ ဘက်လိုက်ငြင်းတာ ဆိုသောအချက် မဟုတ်ပါ၊ တိုင်းရင်းသား အဖြစ်ရှိနေသော ကမန် လူမျိုးအပါအဝင် အမည်နာမ အငြင်းခံနေရသော လူမျိုးစုတစုတို့သည် ရှေးယခင် ကတည်းက မြန်မာပြည်ကြီးမှာ အသေအချာ ရှိနေတာကို သိပါသလား? နှစ်ပေါင်း ရာချီသက်တမ်းရှိ ဗလီကြီးများ ရှိနေပါသေးသည်။၊ ခိုးဝင်ရှိကောင်းရှိမည် ဆိုသော်လည်း အထက်ပါ ခိုးဝင်ဆိုတဲ့ စကားရပ်ကို ရခိုင်တွင် မူလ ဘူတ ကတည်းက ရှိခဲ့သော မွတ်စလင်တို့ကိုပါ ရည်ညွှန်း တိုက်ခိုက်လာနေခြင်းဖြစ်သည်ကို သိပါသလား?
    .
    မြန်မာပြည်တွင် ဗုဒ္ဓဘာသာဝင်သာ ရှိသည်ဟူသော logic အတွေးမှ ဒီအမြင်ဖြာ ထွက်လာခြင်းဖြစ်နိုင်ပါသည်။ လှေစီးပြေး ဖမ်းမိ တဖက်နိုင်ငံက ဘင်္ဂါလီများကို ဘယ်ပြည်တွင်း မွတ်စလင်မှ လက်မခံပါ။ ကျုးကျော်လာသူများကို မည်သည့် ဘာသာဖြစ်စေ လက်မခံနိုင်ပါ၊ သို့သော် တဖက်နိုင်ငံတွင် ရှိနေသော ရခိုင် ဗုဒ္ဓဘာသာဝင်များကို အလုံးအရင်း ဝင်ရောက်နေတာကို သိပါသလား? အဆိုပါသူများမှာ မြန်မာ့ဥပဒေပါ အချက်များ အရ နိုင်ငံသားများ မဟုတ်ပါ။
    .
    NLD ရော အစိုးရဖက်ကရော racist တွေ အများကြီးရှိနေပါသည်၊ အစိုးရဖက်က တမင် ရည်ရွယ်ချက်နှင့် လုပ်နေတာဖြစ်၍ တဖက်ကတော့ လူတွင်ကျယ်လုပ်လို၍ လူအများ လူပြိန်းကြိုက် ဘာသာရေးအကြောင်းနဲ့ စင်ပေါ်ရောက်ချင်လို၍ဖြစ်သည်ဟု နားလည်သည်။
    .
    ၃ သူများနိုင်ငံက ဆိုးသွမ်း အစွန်းရောက်တာ များကို မြန်မာပြည်တွင်းနေများနှင့် ရောထွေး စဉ်းစား သုံးသပ်ခြင်းမှာ မြန်မာ မွတ်စလင်များကို ကိုယ်နှင့်မတူ Outsider များ အဖြစ် သင် မှတ်ယူထား၍ သာဖြစ်ပါသည်၊ ပြသနာက အဲ့ဒါဖြစ်ပါသည်၊ အဆိုပါနိုင်ငံများမှ ရူးသွပ်သူတို့၏ အပြုအမူများကို ဒီမှာရှိနေသော လူနည်းစုများအပေါ် ရောင်ပြန်ဟပ်ခြင်းဖြစ်ပါသည်၊ majority ၏ စိုးမိုးနှိပ်ဆက်မှု့ကို မြန်မာပြည်သားတွေ ပုံတူးကူးချလာအောင် စစ်အစိုးရ လုပ်နေပါသည်။ သွေးခွဲပါသည်။ ရန်တိုက်ပါသည်။
    .
    ဆော်ဒီ၊ အီရန်၊ အီရတ်တို့တွင် majority ကြီးစိုးမှု့မှ အစွန်းရောက် အတွေးအခေါ်များ ဖြစ်ပေါ်နေသလားဆိုတာ သူတို့ လုပ်ရပ်သာဖြစ်၍ မြန်မာပြည်တွင်းမှ မွတ်စလင်များနှင့် မည်သို့မှ မသက်ဆိုင်သည်ကို ဆက်စပ်ပြီး သူတို့ဆီမှာတော့ မရှိလို့ ငါတို့ဆီမှာ မရှိရဘူးဟုထင်မြင်လျှင် အထက်ပါ သူတို့စိတ်ဓာတ်ကို ပုံတူ အားကျခြင်းမျိုးပဲဖြစ်နိုင်ပါသည်။
    .
    အင်ဒို၊ မလေးတို့မှာ မြန်မာဘုန်းကြီးကျောင်းများရှိသည်ဟု သိရသည်။ အစွန်းရောက် လူပေလူတေများ၏ မြန်မာသံရုံး ဗုံးခွဲဖို့ ကြံစည်သည်များကို အမြန်ဖြိုခွင်းကာ၊ တလောက ဆန္ဒပြမှု့ကို ချက်ချင်းဖြိုခွဲသော နိုင်ငံများဖြစ်သည်။ အင်ဒိုနီးရှားတွင်  ရှေးအကျဆုံးနှင့် အကြီးဆုံးဘုရားကြီးကိုလည်း ထိန်းသိမ်းစောင့်ရှောက်ထားတာကို သိမြင်နိုင်ပါသည်။ မလေးသည်လည်း အလားတူသာဖြစ်သည်။
    .
    ကုရ်အာန်ကျမ်းရဲ့ အဆိုအမိန့်ထဲက တချို့အချက်တွေဟာ အင်မတန်ဆိုးပါသည် ဟူသော အတွေးကို မည်သည့် source မှ လက်ခံထားပါသနည်း? သူငယ်ချင်းအနေနဲ့ တခြားဘာသာရဲ့ အမွန်အမြတ်ကို သည်လို မဝေဖန်သင့်ပါ၊ ကိုယ်က သယ်ချင်းတို့ အမွန်အမြတ်ကို ဝေဖန်မည်ဆိုလျှင် လက်မခံမှာ သေချာ ပါသည်။ ကုရ်အာန် ကို စော်ကားထိခိုက်တာမျိုးကို အင်တာနက်မှ ဟောင်နေသော ခွေးတို့သာ လုပ်ပါစေ၊
    .
    စစ်အစိုးရပေါ်လာမှ၊ တိတိကျကျဆိုလျှင် ကြားဖြတ်ရွေးကောက်ပွဲပြီးမှ ဘာသာရေး ပြသနာတွေပေါ်လာတာကို သူငယ်ချင်း သတိချပ်ပါ၊
    .
    အရင်းအမြစ်က အမုန်းတရားများ ဖြန့်ဖြူးနေသော ဘုန်းကြီးတုများ၏ ဗုဒ္ဓဓလေ့နှင့် မအပ်စပ်သော အပြုအမူများကို ရပ်တန့်စေလျှင်ပြီးပါပြီ၊ ဒီအစိုးရပြုတ်လျှင် ငြိမ်းချမ်းပါပြီ၊ အန္တရာယ်က ကိုယ်တို့လူနည်းစုအပေါ်မှာ ကျရောက်နေ၍ လူအများစုအနေနှင့် ကိုယ်နှင့်မဆိုင်၊ ငါတို့က ဘာမှမဖြစ်ဟု စိတ်အေးနေနိုင်၊ သူများက ကုလားချဟေ့ဆိုတိုင်း ရောယောင် ချကြနှင် နေနိုင်သော်လည်း မွတ်စလင်များမှာ ဘယ်တော့ ငြိမ်းချမ်းမလဲဟု မျှော်လင့် စောင့်စားနေကြသူများချည်းဖြစ်သည်ကို စာနာပေးပါ။

    Photo Credit- DVB