News @ M-Media
Blog
  • ရိုဟင်ဂျာအရေး ကမ္ဘာကမမေ့ဖို့ တောင်အာဖရိကနိုဘဲလ်ဆုရှင် တိုက်တွန်း
    ရိုဟင်ဂျာအရေး ကမ္ဘာကမမေ့ဖို့ တောင်အာဖရိကနိုဘဲလ်ဆုရှင် တိုက်တွန်း
    မေ ၂၇ ၊ ၂၀၁၅
    3BC9D988-EA71-417C-B4C3-581EC79F04A5_w640_r1_s
    မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်ကို ထောက်ခံ အားပေးပေမဲ့လည်း ရိုဟင်ဂျာတွေအရေး ပျောက်ကွယ်မသွားအောင် ဆက်လက် လုပ်ဆောင်သွား ရမယ်လို့ တောင်အာဖရိကနိုင်ငံက နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင် ဘုန်းတော်ကြီး Desmond Tutu က ပြောပါတယ်။
    မြန်မာနိုင်ငံမှာ ရိုဟင်ဂျာတွေ ဖိနှိပ်ခံနေရတဲ့အရေး ကမ္ဘာကသိရှိ၊ ထောက်ခံလာရေးအတွက် ရည်ရွယ်ပြီး နော်ဝေနိုင်ငံ အော်စလိုမြို့မှာ ကျင်းပနေတဲ့ နိုင်ငံတကာ ညီလာခံကို ပေးပို့တဲ့ သ၀ဏ်လွှာထဲမှာ ဘုန်းတော်ကြီး Desmond Tutu က အဲဒီလို ပြောကြားသွားတာပါ။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။
    Oslo Conference on Myanmar’s Systematic Persecution of Rohingyas လို့ခေါ်တဲ့ ရိုဟင်ဂျာတွေကို မြန်မာအစိုးရက စနစ်တကျ ညှဉ်းပန်းနှိပ်စက်နေမှု – အော်စလို ညီလာခံဆိုတဲ့ ခေါင်းစဉ်နဲ့ မေလ ၂၆ ရက်ကနေ ၂၈ ရက်နေ့အထိ ၃ ရက်ကြာ နိုင်ငံတကာ ညီလာခံကို ကျင်းပနေတာပါ။
    ဒီညီလာခံမှာ ဘာသာပေါင်းစုံက ခေါင်းဆောင်တွေ၊ တတ်သိပညာရှင်တွေ၊ နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင်တွေနဲ့ နိုင်ငံ ခေါင်းဆောင် ဟောင်းတွေလည်း ပါဝင် ဆွေးနွေးနေကြတာ ဖြစ်ပါတယ်။
    တောင်အာဖရိကနိုင်ငံက ဘုန်းတော်ကြီး Desmond Tutu ကတော့ ရိုဟင်ဂျာတွေအရေး အခုလို ဆိုးဆိုးရွားရွား ဖြစ်လာတာဟာ မြန်မာအစိုးရကြောင့်လို့ ညီလာခံကို ပေးပို့တဲ့ ဗွီဒီယို သ၀ဏ်လွှာထဲမှာ ထည့်သွင်း ပြောကြားထားပါတယ်။
    “မြန်မာနိုင်ငံမှာ စတင်ခဲ့တဲ့ ပြုပြင် ပြောင်းလဲရေးလုပ်ငန်းတွေကို ထောက်ခံအားပေးဖို့ ပြောဆိုနေတဲ့ တချိန်ထဲမှာပဲ ရိုဟင်ဂျာတွေ ခံစားနေရတဲ့ အတိဒုက္ခတွေကို ပျောက်ကွယ်သွားအောင် လုပ်ဆောင်ဖို့ ကျနော်တို့မှာ တာဝန်ရှိပါတယ်။ တိုင်းပြည်အတွင်းမှာ ငြိမ်းချမ်းရေးမရှိတဲ့၊ နိုင်ငံသားအားလုံးရဲ့ ဂုဏ်သိက္ခာနဲ့ တန်ဖိုးတွေကို ကာကွယ်ပေးဖို့ ပျက်ကွက်တဲ့ တိုင်းပြည်ဟာ လွတ်လပ်တဲ့ တိုင်းပြည်မဟုတ်ပါဘူး။ လွတ်လပ်မှုဆိုတာကို ပိုင်းခြားပစ်လို့ မရနိုင်ပါဘူး။ အားလုံး ပါဝင်လာအောင် ဖိတ်ခေါ်ရမှာဖြစ်သလို အားလုံးဟာလည်း အစိတ်အပိုင်းတခုအဖြစ် ပါဝင်ပါတယ်။”
    ဒါ့အပြင် ငြိမ်းချမ်းရေးကို ချစ်ခင် မြတ်နိုးသူတယောက်အနေနဲ့ – မြန်မာနိုင်ငံမှာ ရိုဟင်ဂျာတွေအတွက် နိုင်ငံသား၊ လူမျိုးအဖြစ် သတ်မှတ်တဲ့စံနစ်နဲ့ အခြေခံ လူ့အခွင့်အရေးတွေ ပြန်လည် ရရှိနိုင်ရေးအတွက် ဥရောပသမဂ္ဂအပါအ၀င် နိုင်ငံတကာက ငွေကြေးထောက်ပံ့တဲ့ အဖွဲ့အစည်းတွေအနေနဲ့ ရန်ပုံငွေ ထောက်ပံ့နိုင်ရေးအတွက် ဘုံမူဝါဒ ချမှတ် လုပ်ဆောင်သင့်ကြောင်းလည်း ဘုန်းတော်ကြီး တူးတူးက ထည့်သွင်း ပြောကြားသွားပါတယ်။
    ကမ္ဘာကျော် ဘီလီယံနာတဦးဖြစ်တဲ့ George Soros ကလည်း ရိုဟင်ဂျာတွေအရေး ဂရုဏာသက်ပြီး သွေးစည်း ညီညွတ်ကြောင်း ပြသတဲ့ အနေနဲ့ ဒီညီလာခံကို သ၀ဏ်လွှာပေးပို့ခဲ့ပါတယ်။-
    “မြန်မာနိုင်ငံကို ၄ ကြိမ် ကျနော် သွားလည်ခဲ့တဲ့အထဲမှာ စစ်တွေမြို့က အောင်မင်္ဂလာရပ်ကွက်ကိုလည်း တခေါက် ရောက်ခဲ့ပါတယ်။ အဲဒီနေရာဟာ ဒုတိယကမ္ဘာစစ်အတွင်း ၁၉၄၄ ခုနှစ်က Budapest မှာရှိတဲ့ Ghetto လို့ခေါ်တဲ့ အရှေ့ဥရောပတိုက်အတွင်း နာဇီတွေလက်အောက်မှာ ဂျူးတွေနေခဲ့ရတဲ့ ကျနော့် ငယ်ဘ၀ အခြေအနေနဲ့ တော်တော်တူပါတယ်။ ဒါကြောင့်လည်း ကျနော်ဟာလည်း ရိုဟင်ဂျာပါပဲ။ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်ကို လတ်တလော ခြိမ်းချောက်နေတဲ့ အရာဟာ မူဆလင် ဆန့်ကျင်ရေး လှုပ်ရှားမှုနဲ့ အဲဒီလို လှုပ်ရှားမှုတွေကို အစိုးရက တရားခွင့်ပြုထားတဲ့ အချက်ပဲ ဖြစ်ပါတယ်။”
    ဒီညီလာခံကို နိုင်ဘဲလ်ငြိမ်းချမ်းရေးဆုရှင် ဘုန်းတော်ကြီး Desmond Tutu အပြင် တခြား နိုဘဲလ် ငြိမ်းချမ်းရေးဆုရှင်တွေဖြစ်ကြတဲ့ အိုင်ယာလန်နိုင်ငံက Mairead Maguire နဲ့ အရှေ့တီမောနိုင်ငံက José Ramos-Horta ၊ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေး အထူးကိုယ်စားလှယ်ဟောင်း Tomas Ojea Quintana ၊ မလေးရှားဝန်ကြီးချုပ်ဟောင်း ဒေါက်တာ မဟာသီယာ မိုဟာမက်နဲ့ ဘာသာပေါင်းစုံက ခေါင်းဆောင်တွေ၊ အစိုးရအရာရှိဟောင်းတွေ၊ တတ်သိပညာရှင်တွေလည်း ပါဝင် တက်ရောက် ဆွေးနွေးနေကြတာ ဖြစ်ပါတယ်။
    နိုင်ငံတကာမှာ ရောက်နေကြတဲ့ ရိုဟင်ဂျာခေါင်းဆောင်တွေကလည်း ရိုဟင်ဂျာအရေးနဲ့ပတ်သက်လို့ သူတို့အမြင်တွေကို ဒီညီလာခံ အတွင်းမှာ ပါဝင် ဆွေးနွေးခဲ့ကြပါတယ်။ ဒီညီလာကိုတော့ အောက်စဖို့ဒ် တက္ကသိုလ် ဆင်းရဲနွမ်းပါးမှုနဲ့ လူထုဖွံ့ဖြိုးမှုအဖွဲ့၊ ဟားဗတ်တက္ကသိုလ် ကမ္ဘာတ၀ှမ်း သာတူညီမျှရေး အဖွဲ့၊ ကမ္ဘာ့ဘာသာရေး ပါလီမန်လို့ခေါ်တဲ့ အဖွဲ့နဲ့ တခြား မြန်မာ့အရေးနဲ့ ဒုက္ခသည်တွေအရေး ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းပေါင်း (၇) ဖွဲ့က ပူးတွဲ ကမကထပြု ကျင်းပတာ ဖြစ်ပါတယ်။
    နော်ဝေနိုင်ငံ အော်စလိုမြို့မှာ ကျင်းပနေတဲ့ ဒီညီလာခံဟာ ရိုဟင်ဂျာတွေအရေး နိုင်ငံတကာက အာရုံစိုက်လာဖို့နဲ့ မြန်မာအစိုးရ အဆက်ဆက်က ဆယ်စုနှစ်တွေနဲ့ချီပြီး ဖိနှိပ် အုပ်ချုပ်လာခဲ့တာတွေကို ဖော်ထုတ် ပြသနိုင်ရေးအတွက် ရည်ရွယ်ပြီး LSE – လန်ဒန်စီးပွားရေးတက္ကသိုလ်နဲ့ အမေရိကန်နိုင်ငံ ဟားဗတ်တက္ကသိုလ်တို့မှာ မနှစ် ၂၀၁၄ ခုနှစ်က ကျင်းပခဲ့တဲ့ ညီလာခံ ၂ ခုရဲ့ နောက်ဆက်တွဲအဖြစ် ဆက်လက် ကျင်းပတာလည်း ဖြစ်ပါတယ်။
    VOA မှ ကူးယူဖော်ပြသည်။
    http://burmese.voanews.com/content/rohingya-oslo-conference/2792055.html
  • မြန်မာပြည်က မွတ်စ်လင်မ်တို့ရဲ့အကြမ်းဖက် အစီအစဉ် အမှန်တကယ် ရှိပါ့မလား ?
    မြန်မာပြည်က မွတ်စ်လင်မ်တို့ရဲ့အကြမ်းဖက် အစီအစဉ် အမှန်တကယ် ရှိပါ့မလား ?
    မေ ၂၆ ၊ ၂၀၁၅
    M-Media
    မူရင်း ဆောင်ပါးရှင် Carlos Sardiña Galache And Veronica Pedrosa
    DSC08585
    နိုင်ငံ့ လူနည်းစုဝင် မွတ်စ်လင်မ်တွေကို မတရားဆက်ဆံနေတဲ့ မြန်မာ အစိုးရဟာ လူတစ်ဒါဇင်နဲ့ အထက်ကို အကြမ်းဖက် အုပ်စုဝင်တွေပါဆိုပြီး ဖမ်းဆီး ထိန်းသိမ်းထားပါတယ်။ ဒီအပေါ် တရာခံရှေ့နေများနဲ့ လုံခြုံရေးကျွမ်းကျင်သူများက အဲ့ဒီလို လှုပ်ရှားမှုဖြစ်စဉ်မျိုး တကယ်မရှိကြောင်း ဆိုပါတယ်။
    ဦးသိန်းစိန် အစိုးရက မြန်မာမွတ်စ်လင်မ် စစ်တပ် အမှန်ရှိကြောင်း တစ်စုံတစ်ရာသော အထောက်အထားကို ဖွင့်ထုတ်ဖော်ပြဖို့ ငြင်း ဆိုထားတယ်။ ဒါဟာ မွတ်စ်လင်မ်တွေကို ကာလကြာရှည် ညှင်းဆဲမှုကိစ္စမှာ အခင်းအကျင်းသစ် တစ်ရပ်ပြင်ဆင်နိုင်ဖို့ အစ္စလာမစ် အကြမ်းဖက် အန္တရာယ်ရှိနေကြောင်း အစိုးရဖက်က တီထွင်လိုက်တာလို့ ခန့်မှန်းချက်မြှင့်တက်လာနေပါတယ်။ ဖမ်းဆီးခံရတဲ့ပမာဏ အတိအကျကို ရှင်းလင်းစွာ မသိရှိရသေးပါဘူး။ ဒါပေမယ့် The Intercept သတင်းဋ္ဌာနက အမှုသုံးခုနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံထဲ  အင်တာဗျူးတွေလုပ်ခဲ့သလို အထောက်အထားတွေလည်း ရရှိထားပြီဖြစ်ပါတယ်။ ပထမအမှုကတော့ အကြမ်းဖက်အုပ်စုနဲ့ ဆက်နွှယ်နေတယ်လို့ စွပ်စွဲခံရသူ ၁၂ ဦးရဲ့ကိစ္စဖြစ်ပါတယ်။ ဒုတိယအမှုကတော့ နိုင်ငံတွင်း ဗုံးထောင်ဖို့စီစဉ်နေတယ်လို့စွပ်စွဲခံရသူ ၅ ဦးရဲ့ကိစ္စဖြစ်ပြီး၊ တတိယအမှုကတော့ အကြမ်းဖက်အုပ်စုကို ငွေကြေးထောက်ပံ့ပါတယ်လို့စွပ်စွဲခံထားရသူရဲ့ကိစ္စဖြစ်ပါတယ်။
    The Intercept သတင်းအေဂျင်စီကရရှိထားတဲ့ ရုံးအမှုတွဲစာတမ်းတစ်ရပ်မှာ “တရားခံတွေဟာ  တရားမ၀င်ထူထောင် လှုပ်ရှားနေတဲ့ မြန်မာမွတ်စ်လင်မ် စစ်တပ်ရဲ့ စစ်စခန်းများမှာ သင်တန်းတက်ရောက်ခဲ့တယ်”လို့ ဖော်ပြထားပါတယ်။
    မွတ်စ်လင်မ်တွေဟာ တရားဝင်စာရင်းအင်းအရ မြန်မာ့လူဦးရေရဲ့ ၄ ရာခိုင်နှုန်းသာရှိပါတယ်။ ဒါပေမယ့် ပမာဏအမှန်က ၁၀ ရာခိုင်နှုန်း အထိလည်း ရှိကောင်းရှိပါလိမ့်မယ်။ မွတ်စ်လင်မ်တွေထဲ လူဦးရေအများဆုံးကတော့ မြန်မာနိုင်ငံအနောက်ပိုင်း ရခိုင်ပြည်နယ်မှာ ရှိတဲ့ ဒေသခံရိုဟင်ဂျာအုပ်စုပဲ ဖြစ်ပါတယ်။ အခြားအုပ်စုတွေက နိုင်ငံတစ်ဝှမ်းမှာ ပြန့်ကျဲလျက်ရှိပါတယ်။ ရိုဟင်ဂျာတွေက ညှင်းဆဲနှိပ်ကွပ်မှု အခံရဆုံးအုပ်စုဖြစ်ပါတယ်။ ဆယ်စုနှစ်ပေါင်းများစွာ နိုင်ငံသားအဖြစ်မှ အစိုးရက ငြင်းပယ်ထားတယ်။ သူတို့ဟာ လူမျိုးသုဉ်း ရှင်းလင်းရေး အစီအစဉ်ရဲ့ပစ်မှတ်တွေဖြစ်နေတာကြောင့် နယ်မြေစွန့်ပြေးလှေစီးခရီးသည်တွေ ဘ၀ကို ရောက်သွားစေတယ်လို့ လူ့အခွင့်အရေးအဖွဲ့အသီးသီးက ဆိုကြတဲ့အပြင်၊ ယခုနှစ်ပထမလလေးလတာအတွင်း အသက်ဆုံးရှုံးသူဦးရေ ခန့်မှန်း ၃၀၀ မျှရှိကြောင်း  ဒုက္ခသည်များဆိုင်ရာကုလသမဂ္ဂကော်မရှင်နာမင်းကြီးက ဆိုပါတယ်။
    ရိုဟင်ဂျာမဟုတ်တဲ့ မွတ်စ်လင်မ်တွေလည်း မြန်မာနိုင်ငံသားဖြစ်နေပါလျက် ခွဲခြားချိုးနှိမ်မှုကို ခံစားနေကြရပါတယ်။ လက်ရှိနှစ်များအတွင်း ရခိုင်ပြည်နယ်ပြင်ပမှာ မွတ်စ်လင်မ်ဆန့်ကျင်ရေးအကြမ်းဖက်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ပွင့်ထွက်လာခဲ့ပါတယ်။ မွတ်စ်လင်မ်တွေဆီမှာ “မြန်မာမွတ်စ်လင်မ်စစ်တပ်ရှိတယ်” သို့မဟုတ် အကြမ်းဖက်လှုပ်ရှားမှုတွေလုပ်ဖို့ ကြံစည်နေတယ်ဆိုတဲ့ စွပ်စွဲချက်တွေက အများအားဖြင့် မြန်မာနိုင်ငံအလယ်ပိုင်းနဲ့ မြောက်ပိုင်းဒေသများတစ်ခွင် အသံလွှင့်ထားကြတယ်။
    ဆယ်စုနှစ် ၅ ခုကြာ စစ်အုပ်ချုပ်ရေး လွန်မြောက်ပြီးနောက် စစ်ဗိုလ်ချုပ်များက စည်းကမ်းကျနသောဒီမိုကရေစီစနစ် ဆိုတဲ့အသုံးအနှုန်းနဲ့ နိုင်ငံရေး အကူးအပြောင်းကို ၂၀၁၁ ခုနှစ်မှာ စတင်ပြုလုပ်ခဲ့တယ်။ ဗိုလ်ချုပ်ဟောင်းတွေနဲ့ အရပ်သားတစ်ပိုင်း အစိုးရကို ဖန်တီးခဲ့တယ်။ နိုင်ငံရေးအကျဉ်းသား ရာပေါင်းများစွာကို လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွှတ်ပေးခဲ့တယ်။ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ၁၅ နှစ်တာနေအိမ်အကျယ်ချုပ်ခံဘ၀ကနေ ၂၀၁၂ ခုနှစ်ရွေးကောက်ပွဲမှာ လွှတ်တော်အမတ် အဖြစ် အရွေးခံစေခဲ့ကြတယ်။
    ဒီကူးပြောင်းခြင်းက နှစ်တိုတိုအတွင်း နိုင်ငံတကာရဲ့လက်ခံမှုကို မထင်မှတ်လောက်အောင် အတိုင်းအတာတစ်ရပ်အထိ ရရှိသွားစေခဲ့တယ်။ ၂၀၁၂ ခုနှစ်မှာ ဘားရက်အိုဘားမားက မြန်မာနိုင်ငံကိုလာရောက်တဲ့ ပထမဆုံးအမေရိကန်သမ္မတ ဖြစ်လာပြီး ကူးပြောင်းမှုလုပ်ငန်းစဉ်ကို ချီးကျူးခဲ့တယ်။ ဟီလာရီကလင်တန်လည်း ၂၀၁၄ ခုနှစ် လာရောက်တဲ့အပြင်  ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်အပေါ် အမွှမ်းတင်မှုရှိခဲ့တယ်။ မြန်မာအစိုးရဟာ မိမိတို့ရဲ့ ပုံရိပ်အရောင်တင်နိုင်ဖို့ ကလင်တန်ရဲ့ သမ္မတနေရာ မဲဆွယ်လှုပ်ရှားမှု ဥက္ကဌ ဂျွန်ပိုတက်စ်တာ တည်ထောင်ထားတဲ့ Podesta Group ကိုပင်လျှင် ငှားရမ်းထားပြီးဖြစ်ပါတယ်။
    မည်သို့ပင်ဆိုစေကာမူ ဗုဒ္ဓဘာသာဝင် လူများစုတိုင်းပြည်အတွက် နိုင်ငံရေးလွတ်လပ်ခွင့်တိုးတက်လာမှုများဟာ လူနည်းစုဝင် မွတ်စ်လင်မ်တွေ အတွက် ကံကြမ္မာဆိုးဝါးဖို့ တေ့တေ့ဆိုင်ဆိုင်ဖြစ်လာတယ်လို့ ဆိုရမှာပါပဲ။
    မြန်မာနိုင်ငံထဲက မွတ်စ်လင်မ်များဟာ ဗုဒ္ဓဘာသာဝင်လူများစုအ၀န်းအ၀ိုင်းအကြား နိုင်ငံခြားသားတွေ အဖြစ် အကြီးအကျယ် ပုံဖော်ခံနေကြရတယ်။
    ၂၀၀၁ ခုနှစ် ဘုရှ်အစိုးရ လက်ထက်က သူတို့ရဲ့ “အကြမ်းဖက်မှုပေါ်စစ်ဆင်ရေး”  စတင်လိုက်ရာက မြန်မာမွတ်စ်လင်မ်တွေဟာ အကြမ်းဖက် အန္တရာယ်ရှင်တွေအဖြစ် စတင်ထိုးကျွေးခံရတာပါပဲ။ အမေရိကန်အစိုးရက စစ်အာဏာရှင်အုပ်စုကို ဖယ်ကြဉ်ပစ်ဖို့ ကြိုးစားနေချိန်မှာ နိုင်ငံတကာ မျက်နှာသာပေးမှု ရလိုတဲ့အတွက် ပြုလုပ်လိုက်တာလို့မြင်ပါတယ်။ ဒါပေမယ့် စစ်အုပ်စုရဲ့ မွတ်စ်လင်မ်တွေအပေါ်ရုပ်လုံးဖော်ချက်နဲ့အတူ ပြဿနာတစ်ခု ပြူထွက်လာပါတော့တယ်။ အဲ့ဒါက လတ်တလောဆယ်စုနှစ်များ အတွင်း မြန်မာနိုင်ငံထဲက တကယ့် အကြမ်းဖက် တိုက်ခိုက်မှုတွေမှာ မွတ်စ်လင်မ်တွေလုပ်ဆောင်ခဲ့ကြောင်း မည်သည့်မှတ်တမ်း အထောက်အထားမှ ရှိ မနေခြင်းပဲ ဖြစ်ပါတယ်။
    ခုချိန်မှာတော့ အမေရိကန်နဲ့ အခြား ရန်ဖက်တွေ ချီးကျူးခဲ့တဲ့ အကူးအပြောင်းကာလ၊ နိုဝင်ဘာမှာ ကျင်းပမယ့် ရွေးကောက်ပွဲနဲ့အတူ ဗိုလ်ချုပ်ဟောင်းအဖွဲ့မြန်မာ အစိုးရက နိုင်ငံတကာအသိုင်းအ၀ိုင်းမှာရော ဗုဒ္ဓဘာသာဝင်တွေလွှမ်းမိုးတဲ့ရွေးကောက်ပွဲမှာပါ မိမိတို့ရဲ့သြဇာအာဏာချုပ်ကိုင်မှု တရားဝင်ဖြစ်ဖို့ ခါတိုင်းအချိန်များထက် ပိုမိုလိုအပ်နေပါပြီ။ အကြမ်းဖက် ခြိမ်းခြောက်မှု အန္တရာယ်သစ်တစ်ရပ်ကို  ထုတ်ပြလိုက်ခြင်းဟာ “မိမိတို့သာလျှင် စည်းကမ်းကျနသောဒီမိုကရေစီစနစ်ဖြစ်ထွန်းဖို့ နိုင်ငံ့လုံခြုံရေးကို ကာကွယ်ပေးနိုင်သူဖြစ်တယ်” ဆိုတဲ့ စစ်တပ်ရဲ့ နှစ်ရှည်လများ ကြွေးကြော်ချက်ကို သွေးသစ်လောင်းလိုက်ခြင်းပါပဲ။
    ယမန်နှစ် နိုဝင်ဘာ ၁၇ ရက်ညဥ့်နှောင်းပိုင်း မန္တလေးမြို့က စိုးမိုးအောင်တို့မိသားစုတစ်စုလုံး မိမိတို့အိမ်ထဲ အိပ်မောကျနေစဉ်မှာ ရဲတပ်သား ၆ ဦး ရုတ်တရက်စီးနင်းဝင်ရောက်လာတယ်။ မိမိရဲ့သားဖြစ်သူကို သူတို့လက်ထဲလွှဲအပ်ဖို့ မိသားစုကို တောင်းဆိုတယ်။ သူတို့အိမ်ကိုဝိုင်းရံထားတဲ့ စစ်သားရော၊ ရဲသားတွေပါ ဘယ်သူကမှ ဖမ်းဝရမ်းပါကြောင်း မပြသခဲ့ပါဘူး။ ရဲစခန်းမှာ ထိန်းသိမ်းထားပြီး ၁၀ ရက်လောက် တွေ့ခွင့်မပေးခဲ့ဘူး။ ရှေ့နေငှားဖို့လည်း ငြင်းဆန်ခံခဲ့ရတယ်။ အသက် ၂၄ နှစ်အရွယ် သားဖြစ်သူ စိုးမိုးအောင်ကို ရုံးတင်စစ်ဆေးတဲ့အခါကျမှ မြန်မာမွတ်စ်လင်မ်စစ်တပ် နဲ့ ဆက်နွှယ်ပတ်သက်မှုနဲ့ စွဲချက်တင်ထားကြောင်း သိလိုက်ရပါတယ်လို့ မိခင်ဖြစ်သူ ဒေါ်နွယ်နီအောင်က ယခုနှစ်အစောပိုင်း အင်တာဗျူးမှာ ပြန်ပြောင်းပြောပြခဲ့ပါတယ်။
    “စစ်စခန်းတစ်ခုမှာ သင်တန်းသွားတက်ခဲ့တယ်ဆိုပြီး သူတို့က ကျွန်မသားကို စွပ်စွဲတယ်။ ဒါပေမယ့် ဒါဟာ မဖြစ်နိုင်တဲ့ကိစ္စပါ။ သူက အဆစ်အမြစ်ရောင်ရောဂါသည်ဖြစ်ပြီး နာမကျန်းဖြစ်လေ့ရှိတာကြောင့် ဘယ်လို စစ်သင်တန်းများ သွားတက်နိုင်မှာတဲ့လဲ” ဆိုပြီး မန္တလေးမှာ လူတွေ့မေးမြန်းစဉ် သူမက ဆိုပါတယ်။
    စိုးမိုးအောင်ရဲ့ရှေ့နေ ဒေါ်နန္ဒာမြင့်သိန်းက အဆိုပါအမှုထဲက နောက်ထပ်သံသယစွဲချက်လေးခုကို ကာကွယ်ချေပပေးလျက် ရှိပါတယ်။ မြန်မာမွတ်စ်လင်မ်စစ်တပ်အဖွဲ့ဝင်ဆိုပြီး စွပ်စွဲရုံးတင်ခံနေရသူ စုစုပေါင်း ၁၂ ဦးရှိတယ်လို့ The Intercept က ရလာတဲ့ အထောက်အထားများက ဖော်ပြနေပါတယ်။ သူတို့ဟာ ၁၉၅၀ ခုနှစ် အရေးပေါ်စီမံမှုအက်ဥပဒေအရ ထိန်းသိမ်းခံရတာ နိုင်ငံရေး အကျဉ်းသားများကူညီရေးအသင်း Assistance Association for Political Prisoners (Burma) ရဲ့ အဆိုအရ တက်ကြွလှုပ်ရှားသူတွေ၊ အတိုက်အခံတွေကို မတရားဖမ်းဆီးထိန်းသိမ်းတဲ့အခါတိုင်း အလားတူပုဒ်မမျိုး အသုံးပြုလေ့ရှိတယ်လို့ သိရပါတယ်။
    အယူခံဝင်ချေပခွင့် မပေးခဲ့တဲ့အပြင်၊ အကျဉ်းထဲမှာ ရက်များစွာထိန်းသိမ်းခံရပြီးနောက် အစွပ်စွဲခံရသူက ၀န်ခံလက်မှတ်ထိုးပေးလိုက်ရတယ်။ တရားခံအများစုဟာ တရားခွင်မရောက်ချိန်က တစ်ဦးနဲ့တစ်ဦးပင် မသိကျွမ်းကြပါဘူး လို့ ဒေါ်နန္ဒာမြင့်သိန်းက ဆိုပါတယ်။
    “မြန်မာမွတ်စ်လင်မ်စစ်တပ်နဲ့ ပတ်သက်တဲ့ အထောက်အထားအတွက် အထူးရဲတပ်ဖွဲ့ကို သက်သေခံအချက်အလက်တောင်းတဲ့အခါမှာ – အထက်ကရောက်လာတဲ့သတင်းအချက်အလက်ဖြစ်လို့ တရားရုံးပြင်ပမှာ ပြောပြခွင့်မရှိဘူး ဆိုပြီး ကျွန်မကို အဖြေပေးခဲ့ပါတယ်” လို့ သူမက ပြောပြပါတယ်။
    ဒီဆောင်းပါးအတွက် ပြုလုပ်တဲ့လတ်တစ်လောအင်တာဗျူးတစ်ခုမှာ သမ္မတရုံးညွှန်ကြားရေးမှူး ဦးဇော်ဋ္ဌေးက အစိုးရကို အကာအကွယ်ပေးဖြေကြားသွားပါတယ်။ “ပြည်ထဲရေးဝန်ကြီးဋ္ဌာနမှာ ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး အထောက်အထားအားလုံး ရှိနေပါတယ်။ ဒါပေမယ့် အများသိအောင် ထုတ်ပြခွင့် မရှိပါဘူး။ နိုင်ငံတော်လုံခြုံရေးကိစ္စဖြစ်နေလို့ပါပဲ”။ တရားရုံးမှာ စွဲချက်အထောက်အထားတွေကို ထိန်းချုပ်ထားတာကြောင်း တရားခံအတွက် တရားမျှတမှုကို ဘယ်လိုမျှော်လင့်နိုင်မလဲလို့ ဆက်ပြီးမေးမြန်းရာမျာ သူက “သူတို့အဖို့ ဆက်တက်မယ့်ရုံးတွေမှာ အယူခံဝင်ခွင့်ရှိပါတယ်” ဆိုပြီး ဖြေကြားပါတယ်။
    အဆိုပါအုပ်စုဝင် ဘယ်နှစ်ဦးထိ ရှိနေနိုင်မလဲလို့မေးမြန်းတဲ့အခါ ဦးဇော်ဋ္ဌေးက အမျိုးသားလုံခြုံရေးနဲ့ သက်ဆိုင်တဲ့ကိစ္စဖြစ်လို့ သတင်းပေါက်ကြားမခံဘူး ဆိုပြီး စကားလမ်းကြောင်းလွှဲခဲ့ပါတယ်။ ဒါပေမယ့် သူက “နိုင်ငံပြင်ပမှာ လှုပ်ရှားမှုအများအပြားရှိနေတယ်။ သူတို့က နိုင်ငံတွင်းလူတစ်ချို့နဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေ ဖြစ်လာအောင် လုပ်ချင်နေကြတယ်။ ဒါကြောင့် ကျွန်တော်တို့ဟာ ဖြစ်လာနိုင်ချေရှိတဲ့ဘယ်တိုက်ခိုက်မှုကိုမဆို ကာကွယ်နိုင်ဖို့ တင်ကြိုလက်ဦးမှုရယူခြင်းတစ်ရပ် လုပ်ဆောင်နေခြင်းဖြစ်ပါတယ်” ဆိုပြီး ပြောကြားသွားပါတယ်။
    ယမန်နှစ်ကတည်းကစပြီး အကြမ်းဖက်ခေါင်းစဉ်တပ်ပြီး ဖမ်းဆီးခံရသူ မွတ်စ်လင်မ်ပေါင်း ၁၀၀ ၀န်းကျင်ရှိနေပြီလို့ အရပ်ဖက်လူ့အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Legal Aid Documentation Team က ဆိုပါတယ်။
    အကြမ်းဖက်မှုလေ့လာရေး ကျွမ်းကျင်သူများ၊ လူ့အခွင့်အရေးအုပ်စုများက “မြန်မာမွတ်စ်လင်မ်တပ်မတော်” ရှိတယ်ဆိုတာကို အတည်ပြုချက်မပေးနိုင်သေးပါဘူး။ ဒါ့အပြင် စင်္ကာပူက အပြည်ပြည်ဆိုင်ရာနိုင်ငံရေး အကြမ်းဖက်မှုနဲ့အကြမ်းဖက်စနစ် သုတေသနဋ္ဌာန ဦးဆောင်သူ Rohan Gunaratna တစ်ဦးတည်းသာ ဒီအမည်ကို အသုံးပြုဖော်ပြထားတာရှိပါတယ်။ မကြားသေးမီက အစီရင်ခံစာတစ်စောင်ထဲမှာ “မြန်မာမွတ်စ်လင်မ်စစ်တပ် Myanmar Muslim Army (MMA) လို့ခေါ်တဲ့ အုပ်စုသစ်တစ်ခု ထွက်ပေါ်ခြင်းနဲ့ပတ်သက်လို့ ထိုင်းနယ်မြေထဲမှာ မြန်မာမွတ်စ်လင်မ်တွေ အတွက် သင်တန်းပေးတယ်ဆိုပြီး အတည်မပြုနိုင်တဲ့ သတင်းတွေတော့ ရှိပါတယ်” လို့ဖော်ပြထားပါတယ်။
    အမေရိကန်ပြည်ထဲရေး ဋ္ဌာနပြောရေးဆိုခွင့်ရှိသူ အင်တာဗျူး တစ်ခုမှာပြောကြားတာက အမေရိကန် အစိုးရအနေနဲ့ Gunaratna ရဲ့ရေးသားချက်မှအပ အခြားသတင်းအချက်အလက် ဘာမျှ မရှိပါဘူးတဲ့။ အရှေ့တောင်အာရှ လုံခြုံရေးနဲ့နိုင်ငံရေးကျွမ်းကျင်ပညာရှင် Zachary Abuza ကလည်း အဲ့ဒီ Myanmar Muslim Army ဆိုတာကို မကြားဖူးခဲ့ပါဘူးလို့ ဆိုပါတယ်။ “ဒီစကားသံတွေက ကျွန်တော့်အဖို့ လီဆည်ချက်တွေလို့ပဲ မြင်ပါတယ်။ နိုင်ငံတော်ကိုတိုက်ခိုက်နေတဲ့ ဘယ်အဖွဲ့ဖြစ်ဖြစ် စစ်အစိုးရရဲ့ အလိုကျအသုံးအနှုန်း “မြန်မာ” ဆိုတာကို အသုံးပြုမယ်လို့ ကျွန်တော် မယုံရဲရဲပါပဲဗျ” လို့ သူကပြောပါတယ်။ “မြန်မာ” ဆိုတာ ၁၉၈၉ ခုနှစ်မှာ စစ်အစိုးရက တိုင်းပြည်နာမည် “Burma” ကို အစားထိုးကင်ပွန်းတပ်လိုက်တဲ့ ဝေါဟာရဖြစ်ပါတယ်။ ဒါကြောင့် Abuza က “ဒီအမည်နာမနဲ့ တပ်မတော်(မြန်မာစစ်တပ်)ရဲ့နောက်ကြောင်းကို ခြေရာခံကြည့်ယင် နှိပ်စက်ညှင်းပန်းမှုအားဖြင့် ၀န်ခံချက်တွေကို  ထုတ်ပြတာဖြစ်ကြောင်း ဖြစ်နိုင်ချေသိပ်များနေပါပြီ” လို့ ဖြည့်စွက်ပြောပြခဲ့တယ်။
    အမှုသုံးခုမှာပါဝင်နေတဲ့ အသက် ၄၄ နှစ်အရွယ် လုပ်ငန်းရှင် ဦးခင်မောင်ရွှေ(ယူစုဖ်)ကို MMA တည်ထောင်ရေးမှာကူညီသူအဖြစ် စွပ်စွဲထားပါတယ်။ သူ့ကို ပြီးခဲ့တဲ့အောက်တိုဘာလက မန္တလေးမှာ ဖမ်းဆီးထိန်းသိမ်းခဲ့ခြင်းဖြစ်တယ်။ ဒါပေမယ့် သူ့ရှေ့နေ ဦးအောင်နိုင်စိုးက သူ့အမှုသည်ကို စစ်တပ်ထိန်းသိမ်းစဉ် ၀န်ခံချက် တစ်ခုတည်းအပေါ်မူတည်ပြီး အမှု တည်ဆောက်ခဲ့ကြောင်း၊ အခြားအထောက်အထား ဆိုလို့ တစ်စုံတစ်ရာမရှိကြောင်း ပြောပါတယ်။
    ဒီအမှုတွေထဲက စွဲချက်များကို အရေးပေါ်စီမံမှုဥပဒေလို့ဆိုပြီး ပြည်ထဲရေးဝန်ကြီးဋ္ဌာနက ကျားကန်ပေးထားပါတယ်။ ဒီလိုစွဲချက်နဲ့စီရင်ဖို့ ၀န်ကြီးကိုယ်တိုင်လက်မှတ်ထိုးထုတ်ပြန်ချက် အထောက်အထားတွေကို The Intercept က ရရှိထားပါတယ်။ “အစွပ်စွဲခံရသူအဖို့ အကြီးစားဝန်ထုပ်ကြီး ဖြစ်ရတယ်။ ဘာကြောင့်လဲဆိုတော့ ၀န်ကြီးအမိန့်ကိုမလိုက်နာခြင်းရဲ့ဆိုးကျိုးကို တရားရုံးက  ကြောက်နေလို့ဖြစ်ပါတယ်” လို့ ဦးအောင်နိုင်စိုးက ဆိုပါတယ်။
    မြန်မာနိုင်ငံတရားစီရင်ရေးစနစ်နဲ့စပ်လျဉ်းပြီး ပြည်ထဲရေး ၀န်ကြီးဋ္ဌာနရဲ့ တိုက်ရိုက်လက်လျှိုပတ်သက်မှုက သွေးရိုးသားရိုးကိစ္စ တစ်ရပ် မဟုတ်ပါဘူး။ ဒါဟာ မြန်မာ့လူမှုရေးရာအပေါင်းအပေါ် စစ်တပ်က ဆက်လက်ပြီး အာဏာသုံး အသုံးချနေဆဲဖြစ်ကြောင်း ဖော်ပြနေခြင်းဖြစ်ပါတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေထဲမှာ ပြည်ထဲရေးဝန်ကြီးက စစ်တပ်ရဲ့အဖွဲ့ဝင်ဖြစ်ရမယ်၊ ကာကွယ်ရေးဦးစီးချုပ်ရဲ့ အသိအမှတ်ပြု တင်သွင်းသူဖြစ်ရမယ်လို့ ထည့်သွင်းထားတယ်။ ပြည်သူတွေ ပါဝင်လို့မရအောင် စနစ်တကျ စီမံကာကွယ်ထားတာပါ။ ၂၀၁၃ ခုနှစ်ထုတ် International Commission of Jurists ရဲ့အစီရင်ခံစာထဲမှာ “တရားသူကြီးများအပေါ် နိုင်ငံရေးနဲ့ စစ်ရေးအရ သြဇာလွှမ်းမိုးခြင်းက ရှေ့နေရှေ့ရပ်တွေကို သူတို့ရဲ့သက်မွေးမှုလုပ်ငန်း ထိရောက်ပီပြင်အောင်ဆောင်ရွက်နိုင်စွမ်းအတွက် အဓိကအတားအဆီးလုပ်ငန်းစဉ် ဖြစ်နေစေတယ်။ ဒီသဘောသဘာဝကြောင့် တရားသူကြီးတွေဟာ အစိုးရနဲ့စစ်တပ် အာဏာပိုင်တွေဆီကလာတဲ့ အမိန့်ပေါ်အခြေခံပြီး စီရင်ချက်တွေ ချမှတ်နေကြတယ်” လို့ မှတ်ချက်ပြုထားပါတယ်။
    ရန်ကုန်မှာ ရင်ဆိုင်နေရတဲ့ နောက်ထပ်အမှုတစ်ခုကတော့ လက်နက်ကိုင်တော်လှန်ဖို့ စီစဉ်နေတယ်ဆိုပြီး မွတ်စ်လင်မ်တွေကို ယိုးစွပ်ထားခြင်းဖြစ်တယ်။ ယမန်နှစ်စက်တင်ဘာလမှာ မြေသြဇာပစ္စည်း တရားမ၀င်တင်သွင်းမှုနဲ့ မွတ်စ်လင်မ်ငါးဦးကို ဖမ်းဆီးခဲ့တယ်။ အဲ့ဒီမြေသြဇာတွေကို မြန်မာနိုင်ငံထဲ လက်လုပ်ဗုံး အများအပြားပြုလုပ်ဆင်ယင်ဖို့ ရည်ရွယ်တယ်ဆိုပြီး စွဲချက်တင်ထားပါတယ်။
    အစွပ်ခံထားရသူတစ်ဦးဟာ နောက်ထပ်တရားလိုတစ်ဦးဆီက မြေသြဇာဝယ်ယူရောင်းချတဲ့ ဈေး ဆိုင်ပိုင်ရှင်သာဖြစ်တယ်လို့ သူ့ရှေ့နေထံကတစ်ဆင့် သိခဲ့ရပါတယ်။
    ICJ ရဲ့ အာရှ၊ ပစိဖိတ်ဒါရိုက်တာ Sam Zarifi က “အမှုတွေကိုရင်ဆိုင်ရာမှာ အစွပ်စွဲခံ(တရားလို)တွေ တရားမျှတစွာအရေးဆိုနိုင်ခွင့် အတွက် အရာရာကိုကြောက်နေရတယ်။ ရဲအရေးပိုင်အမှုတွေမှာရော နိုင်ငံရေးအမှုတွေမှာပါ လွတ်လပ်စွာတရားစီရင်ရေးက အစိုးရရဲ့မလိုလားအပ်တဲ့ သြဇာအာဏာ၊ ပါဝင်စွက်ဖက်မှုများကြောင့် ပျော့ညံ့ဖျော့တော့သွားရတယ်” လို့ ရှင်းပြခဲ့ပါတယ်။
    သံသယပုဒ်မတပ်ခံရသူများကို စစ်တပ်က သုံးလလောက် ထိန်းသိမ်းထားပြီး အဲ့လိုဝန်ခံချက်တွေထွက်ဖို့ နှိပ်စက်ညှင်းပန်းခဲ့ကြောင်း ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောကြားပါတယ်။ ဒီဆောင်းပါးရေးဖြစ်ဖို့ အင်တာဗျူးခဲ့တဲ့ အခြားရှေ့နေများအတိုင်း သူက မြေသြဇာပစ္စည်းနဲ့ ၀န်ခံချက်တွေကလွဲပြီး အကြမ်းဖက် အစီအစဉ်လုပ်တဲ့ အထောက်အထား တစ်စုံတစ်ရာမှ ရှိမနေဘူးလို့ ဆိုပါတယ်။ သူ့ရဲ့အမြင်ကို မေးမြန်းတဲ့အခါ ဦးရောဘတ်စန်းအောင်က မဆိုစလောက်သော မျှော်လင့်ချက်နဲ့ ဖြေကြားလိုက်ပါတယ်။
    “ကျွန်တော် ဒီအမှုကိုလိုက်တာ နိုင်မှာမဟုတ်ပါဘူး။ တကယ်လို့ တရားသူကြီးက ဥပဒေအတိုင်း ဆောင်ရွက်ရင် ကျွန်တော် အနိုင်ရပါလိမ့်မယ်။ ဒါပေမယ့် ဥပဒေလမ်းကြောင်းအတိုင်း ဆောင်ရွက်သွားဖို့ မရှိပါဘူး”။
    xxxxxxxxxxxxxxxxxxxxxxxxxxxxx
    ဘန်ကောက်အခြေစိုက် ဂျာနယ်လစ် Carlos Sardiña Galache နှင့် အရှေ့တောင်အာရှအရေး ၂၅ နှစ်တာလေ့လာသူ Veronica Pedrosa တို့ရေးသားသော In Myanmar, Muslims Arrested for Joining Terror Group That Doesn’t Exist ကို “မြင့်မိုရ်မောင်မောင်” မှ ဆီလျော်အောင် ပြန်ဆိုသည်။
    ဓါတ်ပုံအညွှန်း ရှမ်းပြည်နယ် ကွန်ဟိန်းမြို့မှာ မင်္ဂလာဆောင်တဲ့ သတို့သမီးနဲ့ သတို့သား၊ အပါအဝင် မွတ်စလင်မ် အယောက် ၂၀ ကို လက်နက်ကိုင် အဖွဲများနဲ့ ဆက်သွယ်ဆိုပြိး ၂၀၁၅ ခုနှစ် ဇန်နဝါရီ ၁၂ ရက်နေ့က ထောင်ဒဏ်နှစ်ရှည်များချမှတ်ခဲ့ပါတယ်။- ဇန်နဝါရီလ ၁၁ ရက်နေ့က စွပ်စွဲခံရသူများကို အမိန့်ချမှတ်ရန် တရားရုံးသို့ ခေါ်ဆောင်လာစဉ် (Photo Credit- 7Day)
  • ချာ့ခ်ျတွေက မွတ်စ်လင်မ်တွေကို ဘာသာပြောင်းအောင် မလုပ်နိုင်ဟု ကာတာ အခြေစိုက် ပညာရှင်ပြော
    ချာ့ခ်ျတွေက မွတ်စ်လင်မ်တွေကို ဘာသာပြောင်းအောင် မလုပ်နိုင်ဟု ကာတာ အခြေစိုက် ပညာရှင်ပြော
    M-Media
    မေ ၂၆၊၂၀၁၅
    jasser_auda_gmm_roundtable_20150525_620_413_100
    ၂၀၁၅ ခုနှစ်၊ မေလ ၂၅ ရက်၊ မလေးရှားနိုင်ငံ ကွာလာလမ်ပူမှာ Global Movement of Moderates Foundation က ကြီးမှူးကျင်းပတဲ့ မကာစစ်ဒုရှရီအဟ်(တရားတော်အမြင်မြှင့်တင်ရေး) စကားဝိုင်းဆွေးနွေးပွဲတစ်ရပ်ကျင်းပခဲ့ပါတယ်။
    မွတ်စ်လင်မ်လူများစုရပ်ဝန်းအတွင်းက ချာ့ခ်ျဘုရားကျောင်းနဲ့ ဟိန္ဒူဘုရားကျောင်း တွေကို ကန့်ကွက်ဆန္ဒပြနေကြတဲ့ မွတ်စ်လင်မ်တွေကို ရည်ညွှန်းပြီး “အစ္စလာမ့်ဘောင် အပြင်ရောက်ခြင်း ကိစ္စတွေက အဆောက်အဦတွေကြောင့် မဟုတ်ဘူး၊ယုံကြည်ချက် အယူဝါဒကြောင့် သာဖြစ်တယ်” လို့ ဒိုဟာအခြေစိုက် အစ္စလာမ့် ပညာရှင် ဒေါက်တာ Jaseer Auda က ဆွေးနွေးပွဲစကားဝိုင်းမှာပြောကြားလိုက်ပါတယ်။
    မေလ ၁၇ ရက်နေ့က Kuala Selangor နယ်၊ Puncak Alam က မွတ်စ်လင်မ် လူများစုရပ်ဝန်းထဲ ဟိန္ဒူဘုရားကျောင်း တည်ဆောက်ရေးစီစဉ်မှုကြောင့် ဒေသခံ မွတ်စ်လင်မ် ၃၀၀ မှ ၅၀၀ အကြားလူထုက ကန့်ကွက်ဆန္ဒပြခဲ့ကြတယ်။
    အလားတူစွာပဲ ပြီးခဲ့တဲ့လအတွင်း မွတ်စ်လင်မ် လူများစုရပ်ဝန်းထဲ ချာ့ခ်ျကျောင်းသစ်တစ်ခုရဲ့မျက်နှာစာမှာ လက်ဝါးကပ်တိုင်ပြသထားခြင်းက အစ္စလာမ်ကိုစိန်ခေါ်တာဖြစ်တယ်၊ မွတ်စ်လင်မ်လူငယ်တွေအပေါ် သြဇာသက်ရောက်စေတယ်ဆိုပြီး Pelaling Jaya က TAman Medan နယ်ခံလူ ၅၀ မှ ကန့်ကွက်ခဲ့ကြပါတယ်။
    အပြည်ပြည်ဆိုင်ရာ အစ္စလာမ်သာသနာ့ပညာရှင်များသမဂ္ဂ International Union of Muslim Scholars ရဲ့ တည်ထောင်သူ အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ Dr. Jaseer Auda က စားပွဲဝိုင်းဆွေးနွေးပွဲပြီးနောက် သတင်းထောက်များကို ဒီလိုပြောကြားခဲ့ပါတယ်။
    “ကျွန်တော် အီဂျစ်က လာတာပါ။ ကျွန်တော်တို့ဆီ ကနေရာတိုင်းမှာ ဗလီတွေနဲ့ကပ်လျက် ချာ့ခ်ျကျောင်းတွေ ရှိနေကြတာပါပဲ။ ကျွန်တော်တို့ ဒီပုံစံ အတိုင်း နေထိုင်လာကြတာ နှစ်ပေါင်း ၁၄၀၀ ကျော်ခဲ့ပါပြီ။ ကိုင်ရိုမှာကြီးပြင်းလာသူ တစ်ဦးအနေနဲ့ ဒီအရာကို ပြဿနာတစ်ရပ် အဖြစ် မမြင်ပါဘူး။ ဘာသာကူးပြောင်းခြင်းဆိုတာက သီးသန့်ကဏ္ဍသာဖြစ်ပါတယ်။ လူတွေက မိမိတို့ရဲ့ယုံကြည်ချက် အရသာ ကူးပြောင်း သက်ဝင်ကြတာပါ၊ ဘုရားကျောင်း တည်ဆောက်ခြင်းမတည်ဆောက်ခြင်းနဲပ ဘာမှမသက်ဆိုင်ပါဘူး။ မလေး မွတ်စ်လင်မ်တွေက ၀တ်ပြုနေရာ၊ အလ္လာဟ်ဆိုတဲ့ အမည်နာမ အသုံးပြုမှု၊ စည်းမျဉ်းပြဋ္ဌာန်း ကျင့်သုံးစေရေး စတဲ့ အသေးအဖွဲ ကဏ္ဍများထဲမှာ အာရုံစိုက်လွန်းတဲ့ အပေါ် ကျွန်တော် မှင်သက် အံ့သြသွားရပါတယ်။ အဲ့ဒါတွေအစား ပညာရေး၊ လူထုကျန်းမာရေး၊ တရားဥပဒေ စိုးမိုးရေး စတဲ့ လူမှုစီးပွားဆိုင်ရာ အဓိကကျတဲ့ပြဿနာတွေကို ပိုမိုအလေးထားသင့်တယ်လို့ သတိပေးလိုပါတယ်။ ဒါ့အပြင် အယူဝါဒ အသီးသီးက အထွဋ်အမြတ်ထားတဲ့ ၀တ်ပြုနေရာတွေကို ဆန့်ကျင်တာဟာ သက်ဆိုင်ရာ ဘာသာဝင်တွေကို စော်ကားရာရောက်နေပါတယ်။ ဘာသာတရားတိုင်း မိမိတို့ရဲ့ဝတ်ပြုနေရာကို လွတ်လပ်စွာ တည်ဆောက်ခွင့်ရှိကြပါတယ်။” ။
    Ref : The Malay Mail Online
  • ယူကေရှိ ကျန်းမာရေးအဖွဲ့တစ်ခု ရမ်ဇာန်တွင် ဆီးချိုရောဂါသည်များအတွက် ကျန်းမာရေး  စောင့်ရှောက်မှုပေးမည်
    ယူကေရှိ ကျန်းမာရေးအဖွဲ့တစ်ခု ရမ်ဇာန်တွင် ဆီးချိုရောဂါသည်များအတွက် ကျန်းမာရေး စောင့်ရှောက်မှုပေးမည်
    မေ ၂၆၊ ၂၀၁၅
    M-Media
    uk
    – ကမ္ဘာတစ်ဝှမ်းရှိ မွတ်စလင်များက ရမ်ဇာန်ဥပုသ်လကို ငံ့လင့်နေသည့်အချိန်တွင် စကော့တလန်ရှိ ကျန်းမာရေး စောင့်ရှောက်မှု အဖွဲ့တစ်ခုက ဆီးချိုရောဂါ ခံစားနေရသူများအတွက် ရမ်ဇာန်လအတွင်း ကျန်းမာရေးစောင့်ရှောက်မှု ပေးအပ်မည့် အစီအစဉ်ကို စတင်လိုက်သည်။
    “ဒီနှစ် ရမ်ဇာန်က နွေရာသီမှာ ကျရောက်မှာဖြစ်ပြီး ဥပုသ်စောင့်ချိန်က ၁၇ နာရီနဲ့အထက် ရှိမှာဖြစ်ပါတယ်။ ဆီးချိုရှိတဲ့ မွတ်စလင်တွေအတွက် ဒါက သွေးထဲသကြားဓာတ်နည်းတာ၊ ရေဓာတ်နည်းတဲ့ အန္တရာယ်တွေ ပိုများသလို နံနက် ဥပုသ်ထမင်းစားချိန်နဲ့ ညနေ့ ဥပုသ်ထွက် စားသောက်ချိန်တွေမှာ ဂလူးကို့စ်မြင့်မားဖို့ အခွင့်အလမ်းကို ပိုများစေပါတယ်” ဟု Diabetes UK အဖွဲ့၏ စကော့တလန်အဖွဲ့ခွဲမှ ဆာကစ်ဘ် အက်ဘာစီက ပြောကြားခဲ့သည်။
    ထို့ပြင် အက်ဘာစီက ဆီးချိုရှိသော မွတ်စလင်များအနေဖြင့် ရမ်ဇာန်လအတွင်း Diabetes UK မှပေးသော ကျန်းမာရေးစောင့်ရှောက်မှုကို ခံယူရန် တိုက်တွန်းခဲ့သည်။
    “သင့်မှာ ဆီးချိုရှိပြီး ဥပုသ်စောင့်ဖို့ စဉ်းစားတယ်ဆိုရင်တော့ နောက်ဆုံး ဆုံးဖြတ်ချက်မချမီ သင့်ရဲ့ ရှေ့ဆောင်အီမာမ်၊ ဆရာဝန်တွေနဲ့ သေချာ ဆွေးနွေးသင့်ပါတယ်” ဟု ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။
    Diabetes UK အဖွဲ့၏ ၂၀၁၅ ရမ်ဇာန်လှုပ်ရှားမှုတွင် ဆီးချိုရောဂါနှင့်ပတ်သက်သည့် အချက်အလက်များ ရေးသားထားသော စာရွက်များကို ဘာသာစကားအမျိုးမျိုးဖြင့် ရိုက်နှိပ်ကာ ဗလီဝတ်ကျောင်းတော်များနှင့် အစ္စလာမ့်စင်တာများကို ဖြန့်ဝေသွားရန်လည်း ပါဝင်သည်။
    အဆိုပါ လှုပ်ရှားမှုတွင် ပါဝင်သူများမှာ ရမ်ဇာန်ဥပုသ်လအတွင်း ဆီးချိုရောဂါအား ဂရုစိုက်ခြင်းနှင့် ပတ်သက်သည့် ရှင်းလင်းပြသမှုများကိုလည်း ပြုလုပ်သွားမည်ဖြစ်သည်။
    ရမ်ဇာန်ဥပုသ်လတွင် ဥပုသ်သီလ ဆောက်တည်ခြင်းမှာ မွတ်စလင်များအနေဖြင့် သည်းခံခြင်း၊ မိမိကိုယ်ကို ထိန်းချုပ်နိုင်ခြင်းနှင့် စိတ်ပိုင်းဆိုင်ရာ သန့်စင်မှုတို့ ရရှိစေရေး လေ့ကျင့်သင်ကြားပေးခြင်းဖြစ်ပြီး၊ ရမ်ဇာန်လတွင် အလ္လာဟ်အရှင်မြတ်နှင့် ပိုမို နီးကပ်မှုကိုရရန်
    ဥပုသ်သီလဆောက်တည်ခြင်းမှာ အရွယ်ရောက်ပြီးသော မွတ်စလင် အမျိုးသား၊ အမျိုးသမီးတိုင်း မလုပ်မနေရ တာဝန်တစ်ခုဖြစ်ပြီး နေမကောင်းသူများ၊ ခရီးသွားသူများ၊ ဥပုသ်သီလ ဆောက်တည်ခြင်းကြောင့် ကျန်းမာရေးအန္တရာယ် ရှိသူများအတွက်မူ ပလပ်ခွင့်ရှိသည်။
    အစ္စလာမ့်ဓမ္မပညာရှင်များကမူ အင်ဆူလင်ထိုးရန်လိုအပ်သည့် ဆီးချိုရောဂါသည်များမှာလည်း ဥပုသ်သီလ ဆောက်တည်ရန်မလိုသည့် ပုဂ္ဂိုလ်များစာရင်းတွင် ပါဝင်သည်ဟု ဆုံးဖြတ်ထားသည်။
    ယခုနှစ် ရမ်ဇာန်ဥပုသ်လမှာ ဇွန်လ တတိယသီတင်းပတ်အတွင်း ကျရောက်မည်ဖြစ်သည်။
    Ref: Onislam
  • ပရီးမီးယားလိဂ်သို့ ပြန်မလာဟု မိုယက်စ်ပြော
    ပရီးမီးယားလိဂ်သို့ ပြန်မလာဟု မိုယက်စ်ပြော
    မေ ၂၆၊ ၂၀၁၅
    M-Media
    moyes
    – ပရီးမီးယားလိဂ် ကလပ်အသင်းများက စိတ်ဝင်စားနေသော်လည်း မိမိအနေဖြင့် လာမည့်ရာသီတွင် ရီးယဲလ်ဆိုစီဒက်၌သာ ဆက်ရှိနေမည်ဟု မန်ယူနည်းပြဟောင်း ဒေးဗစ်မိုယက်စ်က ပြောကြားလိုက်သည်။
    မိုယက်စ်မှာ နိုဝင်ဘာလက ဆိုစီဒက်နည်းပြ ဂျာဂိုဘာ အာရာဆာတေးနေရာ၌ အစားဝင်ရောက်ခဲ့ပြီးနောက် ဆီုစီဒက်အသင်းအား အဆင့် ၁၂ ဖြင့် ရာသိမ်းနိုင်အောင် စွမ်းဆောင်ပေးခဲ့သည်။
    သို့သော်လည်း ပရီမီးယားလိဂ်တွင် ရုန်းကန်ခဲ့ရသည့် နယူးကာဆယ်နှင့် ၀က်စ်ဟမ်းအသင်းများက မိုယက်စ်အားခေါ်ယူရန် စိတ်ဝင်စားနေပြီး ၎င်းကမူ မိမိနေဖြင့် စပိန်တွင်သာပျော်သည်ဟု ပြောကြားခဲ့သည်။
    “လာမယ့်နှစ်မှာ စပိန်မှာပဲ ဆက်ရှိနေမယ်လို့ ကျွန်တော် လူတိုင်းကို ပြောထားပါတယ်။ စပိန်ကို မရောက်ခင် အင်္ဂလန်မှာနေဖို့ ကျွန်တော် အခွင့်အလမ်းတွေ အများကြီးရခဲ့ပါတယ်။ ကျွန်တော် စပိန်ကိုသွားပြီး အလုပ်လုပ်မယ်လို့ ဆုံးဖြတ်ခဲ့တာပါ” ဟု မိုရက်စ်က Sky Sports သို့ ပြောကြားခဲ့သည်။
    ဖာဂူဆန်၏ အကြံပေးချက်ဖြင့် မိုယက်စ်အား မန်ယူက နည်းပြအဖြစ် ခန့်အပ်ခဲ့သော်လည်း မန်ယူအား ရလဒ်ကောင်းများ ရအောင် စွမ်းဆောင်ပေးနိုင်ခဲ့ခြင်း မရှိချေ။
    မိုယက်စ်ကမူ မိမိအနေဖြင့် မတူညီသောအရာ၊ ယဉ်ကျေးမှုအသစ်တို့ကို မြည်းစမ်းချင်ပြီး မတူညီသော ကစားသမားဖြင့် အလုပ်လုပ်ချင်ကာ လာလီဂါတွင် မည်သို့ အလုပ်လုပ်ကြသည်ကို ကြည့်ချင်သည်ဟု ပြောကြားခဲ့သည်။
    “ဆိုစီဒက်ဟာ ကြီးကျယ်တဲ့ကလပ်ပါ။ ကျွန်တော်လည်း ပျော်ရပါတယ်”
    Ref: Goal