News @ M-Media
Blog
  • နိုင်ငံတကာသတင်းတို (မေ ၂၇၊ ၂၀၁၅)
    နိုင်ငံတကာသတင်းတို (မေ ၂၇၊ ၂၀၁၅)
    (နှစ် ၃၀ လွတ်နေသည့် မာဖီးယာခေါင်းဆောင်ကို ဖမ်းမိ)
    မေ ၂၇၊ ၂၀၁၅
    M-Media
    ဘယ်လ်ဂျီယံလေပိုင်နက် ပိတ်ပစ်
    …………………………..
    နိုင်ငံအတွင်းရှိ လေကြောင်းထိန်းသိမ်းရေး စနစ်မှာ နည်းပညာပိုင်းဆိုင်ရာ ပြဿနာရှိသောကြောင့် ဘယ်လ်ဂျီယံက ၎င်းတို့၏ လေပိုင်နက်အား ယနေ့တွင် ပိတ်ပစ်ခဲ့သည်။ လေကြောင်ထိန်းသိမ်းရေး စနစ်မှာ မည်သည့်အတွက်ကြောင့် ချို့ယွင်းခဲ့သည်ကို ရှင်းရှင်းလင်း မသိရသေးဘဲ မြင့်မားသော အမြင့်ပေမှနေ၍ လေယာဉ်များ နိုင်ငံအတွင်းမှ ဖြတ်ကျော်မှုကိုမူ ခွင့်ပြုထားသည်။
    နှစ် ၃၀ လွတ်နေသည့် မာဖီးယားခေါင်းဆောင်ကို ဘရာဇီးလ်တွင် ဖမ်းမိ
    ………………………………………..
    ၁၉၈၀ ပြည့်နှစ်များက လူ ၂၀ သတ်ဖြတ်မှုဖြင့် အလိုရှိနေပြီး နှစ်ပေါင်း ၃၀ ကျော် ထွက်ပြေးလွတ်မြောက်နေခဲ့သည့် အီတလီမာဖီးယားဂိုးဏ်မှ ခေါင်းဆောင် အသက် ၅၆ နှစ်အရွယ် ပါစကယ်လီ စကော့တီကို ဘရာဇီးရဲတပ်ဖွဲ့က ယနေ့တွင် ဖမ်းဆီးနိုင်ခဲ့သည်။ ၁၉၈၄ ခုနှစ်တွင် ဆေးရုံ၏ ပြတင်းပေါက်မှ ထွက်ပြေးလွတ်မြောက်သွားသည့် စကော့တီက ဘရာဇီးလ် နိုင်ငံသား
    ၎င်း၏ ကလေး ၂ ဦးကို ကျောင်းသွားပို့စဉ် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။ ၎င်းအား ၁၉၉၁ ခုနှစ်တွင် လက်နက်ပိုင်ဆိုင်မှုနှင့် လူသတ်မှု အမှု ၂၀ ကျော်အတွက် တရားစွဲဆိုခဲ့သည်။
    သြဇီရှိ အင်ဒိုနီးရှားကောင်စစ်ဝန်များတွင် သံသယဖြစ်ဖွယ်ပစ္စည်းတွေ့
    ………………………………
    သံသယဖြစ်ဖွယ် ပစ္စည်းများကို တွေ့ရခဲ့ခြင်းကြောင့် မဲလ်ဘုန်းနှင့် ပါ့သ်တို့ရှိ အင်ဒိုနီးရှား ကောင်စစ်ဝန်များကို သြစတေးလျ ရဲတပ်ဖွဲ့က ယနေ့တွင် ဆင့်ခေါ်ခဲ့သည်။ အဆိုပါ ပစ္စည်းများကို စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရန်အတွက် ယူဆောင်ခဲ့သည်ဟု နယူးဆောက်ဝေးလ်ပြည်နယ်မှ ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ ဧပြီလအတွင်းက သြစတေးလျ
    မူးယစ်မှောင်ခိုသမားများကို အင်ဒိုနီးရှားက ကွပ်မျက်ခဲ့ပြီးနောက်ပိုင်း နှစ်နိုင်ငံဆက်ဆံရေးမှာ ဆိုးရွားလာခဲ့သည်။
    ဖီဖာဒုဥက္ကဌဟောင်း ချစားမှုစွဲချက်များကို ငြင်း
    ………………………………
    အမေရိကန်တရားရေးဌာနက လာဘ်စားမှုအပါအ၀င် စွဲချက်များစွာဖြင့် တရားစွဲဆိုခဲ့သော ဖီဖာတာဝန်ရှိသူ ၁၄ ဦးတွင် ပါဝင်ခဲ့သူ ဖီဖာဒုတိယဥက္ကဌဟောင်း ဂျက်ဝါနာက အဆိုပါ စွဲချက်များကို ငြင်းပယ်လိုက်ပြီး မိမိအနေဖြင့် မည်သည့်အမှားမှ မပြုလုပ်ခဲ့ဟု ကြေညာချက် ထုတ်ပြန်လိုက်သည်။ ဆွဇ်လန် ရဲတပ်ဖွဲ့မှာ ဇူးရစ်ခ်ျသို့ ရောက်နေသည့် ဖီဖာအကြီးတန်းတာဝန်ရှိသူ ၁၀ ဦးကျော်ကို ချစားမှု စွဲချက်ဖြင့် ယနေ့တွင် ဖမ်းဆီးကာ အမေရိကန်လက်ထဲသို့ အပ်ရန်ရှိနေသည်။
    Ref: News Agencies
  • တောင်တရုတ်ပင်လယ်ရှိ အငြင်းပွားဖွယ်ကျွန်းတွင် ဖိလစ်ပိုင်နှင့် ဗီယက်နမ်တပ်များ ဘောလုံးကန်
    တောင်တရုတ်ပင်လယ်ရှိ အငြင်းပွားဖွယ်ကျွန်းတွင် ဖိလစ်ပိုင်နှင့် ဗီယက်နမ်တပ်များ ဘောလုံးကန်
    မေ ၂၇၊ ၂၀၁၅
    M-Media
    – ပိုင်နက်ကိစ္စ တရုတ်နိုင်ငံနှင့် တင်းမာမှုများ မြင့်တက်လာသည့်အချိန်တွင် တောင်တရုတ်ပင်လယ်အတွင်းရှိ ကျွန်းတစ်ကျွန်းတွင် ဗီယက်နမ်နှင့် ဖိလစ်ပိုင်တို့မှ စစ်သားများမှာ ဘောလုံးကန်ခဲ့ကာ ကာရာအိုကေများ ဆိုခဲ့ကြသည်ဟု သိရသည်။
    တရုတ်နိုင်ငံက စိုးမိုးရေးလှုပ်ရှားနေသော စပရက်တလေကျွန်းစု၌ ယနေ့တွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး တရုတ်နိုင်ငံ၏ လှုပ်ရှားမှုများကို တန်ပြန်တုံ့ပြန်ရန် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ ဖိလစ်ပိုင် ရေတပ်မှ အကြီးတန်းတာဝန်ရှိသူများကမူ ဖိလစ်ပိုင်က ထိန်းချုပ်ထားသော အရှေ့မြောက်ဘက် ကေးကျွန်းတွင် မိမိတို့တပ်ဖွဲ့ ၂ ဖွဲ့မှာ ဘောလုံးပွဲ၊ ဘောလီဘောပွဲများ ကစားခဲ့သည်ဟု ပြောကြားခဲ့သည်။
    အဆိုပါကျွန်းတွင် ဖိလစ်ပိုင်စစ်သား ၁၀၀ ခန့် ရှိနေပြီး ဗီယက်နမ်ရေတပ်မှ စစ်သင်္ဘောတစ်စင်းမှာ ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ရေတပ်သား ၆၀ ခန့်ကို ကျွန်းပေါ်သို့ ပို့ဆောင်ခဲ့သည်ဟု ၎င်းတို့က ထပ်လောင်း ပြောကြားခဲ့သည်။
    “ကျွန်တော်တို့ တော်တော်ပျော်ခဲ့ပါတယ်။ ဒီလှုပ်ရှားမှုတွေဟာ အငြင်းပွားနေတဲ့ ဒီနေရာမှာ စစ်သားတွေကို သက်တောင့်သက်သာဖြစ်စေပြီး ကျွန်တော်တို့ ရေတပ်တွေအကြား ဆက်ဆံရေးကိုလည်း ခိုင်မာစေပါတယ်” ဟု အမည်မဖော်လိုသည့် ဖိလစ်ပိုင် အကြီးတန်း ရေတပ်အရာရှိတစ်ဦးက ပြောကြားခဲ့သည်။
    တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဟွာချန်ယင်းက သူမအနေဖြင့် ထိုလုပ်ရပ်များကို သတိမပြုမိခဲ့ကြောင်း၊ ထိုကျွန်းတွင် ရှိနေသည့် မိမိတို့က မည်သူ့ကိုမှ အခြားသူများကို နှောက်ယှက်မည်မဟုတ်ကြောင်း ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
    “ဒါပေမယ့် တရုတ်နိုင်ငံရဲ့ အချုပ်အခြာနဲ့ ပိုင်နက် တည်တံ့ခိုင်မြဲဖို့အတွက်ကတော့ ကျွန်မတို့ရဲ့ ကာကွယ်လိုစိတ်နဲ့ ကာကွယ်နိုင်တဲ့စွမ်းရည်တွေ အဲဒီမှာရှိနေပါတယ်” ဟု ဟွာချန်ယင်းက ထည့်သွင်းပြောကြားခဲ့သည်။
    တရုတ်နိုင်ငံမှာ စပရက်တလေကျွန်းစုအတွင်းမှ ကျွန်းတစ်ချို့တွင် ကျွန်းတုများဖန်တီးကာ စိုးမိုးရေးလုပ်ငန်းများ လုပ်ဆောင်နေပြီး ဒေသတွင်းနိုင်ငံများနှင့် တင်းမာမှုများလည်း မြင့်တက်လာနေသည်။
    Ref: Reuters
  • အာဆင်နယ်မှာ လာမည့်နှစ်ချန်ပီယံဘွဲ့ စိန်ခေါ်ရန် အဆင်သင့်ဖြစ်နေသည်ဟု ရမ်ဆေးပြော
    အာဆင်နယ်မှာ လာမည့်နှစ်ချန်ပီယံဘွဲ့ စိန်ခေါ်ရန် အဆင်သင့်ဖြစ်နေသည်ဟု ရမ်ဆေးပြော
    မေ ၂၇၊ ၂၀၁၅
    M-Media
    ar
    – FA ဖလား ချန်ပီယံဘွဲ့ကို ထိန်းသိမ်းနိုင်ခြင်းမှာ အာဆင်နယ်အသင်းအတွက် တိုးတက်မှုဖြစ်ပြီး မိမိတို့အသင်းအနေဖြင့် လာမည့်နှစ် ပရီးမီးယားလိဂ်ဖလားရရန် အဆင်သင့်ဖြစ်နေသည်ဟု ကွင်းလယ်လူ ရမ်ဆေးက ပြောကြားလိုက်သည်။
    ရမ်ဆေးမှာ ပြီးခဲ့သည့်နှစ်က FA ဖလား ဗိုလ်လုပွဲတွင် အသင်းအတွက် အချိန်ပိုအနိုင်ဂိုး သွင်းပေးခဲ့သူဖြစ်ပြီး အသင်း၏ ၉ နှစ်ကြာ ဖလားလက်မဲ့ဖြစ်မှုကို အဆုံးသတ်စေခဲ့သည်။
    အာဆင်နယ်မှာ လာမည့် တနင်္ဂနွေနေ့တွင် အက်စတွန်ဗီလာနှင့် FA ဖလားကို ဗိုလ်လုရမည်ဖြစ်ပြီး ဗိုလ်စွဲပါက အသင်းမှာ မှန်ကန်သော လမ်းကြောင်းသို့ ဦးတည်နေသည်ကို ပြသခြင်းဖြစ်သည်ဟု ရမ်ဆေးက ယုံကြည်နေသည်။
    “ဒီနိုင်ပွဲဟာ တော်တော်လေး စကားပြောမယ်လို့ ကျွန်တော်ထင်ပါတယ်။ ကျွန်တော်တို့ တိုးတက်မှုကို ပြသပါလိမ့်မယ်။ ဘာတစ်ခုမှမရဘဲနဲ့ အချိန်တွေကို ဖြတ်သန်းရခြင်းဟာ အသင်းမှာရှိတဲ့လူတိုင်းအတွက် ဖိအားကို ခံစားရစေပါတယ်။ ပြီးတော့ ဒါကို ကျွန်တော်တို့ ချန်ထားခဲ့ချင်ပါတယ်။ ပြီးခဲ့တဲ့နှစ်က ကျွန်တော်တို့ လုပ်နိုင်ခဲ့ပြီး လာမယ့်ပွဲကတော့ ခက်ခဲတဲ့ပွဲ ဖြစ်မှာပါ” ဟု ရမ်ဆေးက ပြောကြားခဲ့သည်။
    ထို့ပြင် ယခုဗိုလ်လုပွဲတွင် ဂိုးသွင်းနိုင်ပါက ထူခြားမည်ဖြစ်သော်လည်း လာမည့်နှစ်တွင် ချယ်ဆီးအား ဖြုတ်ချရန်သာ မျက်စပစ်နေသည်ဟု ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။
    Ref: Goal
  • အိန္ဒိယတွင် အပူလှိုင်းကြောင့် လူ တစ်ထောင်ကျော်သေဆုံး
    အိန္ဒိယတွင် အပူလှိုင်းကြောင့် လူ တစ်ထောင်ကျော်သေဆုံး
    မေ ၂၇၊ ၂၀၁၅
    M-Media
    india
    – ပြင်းထန်သော အပူလှိုင်းကြောင့် အိန္ဒိယနိုင်ငံတစ်ဝှမ်းတွင် သေဆုံးသူမှာ ပြီးခဲ့သည့် သီတင်းပတ်တွင် ၁၁၀၀ ကျော်သွားခဲ့ပြီဟု အာဏာပိုင်များက ယနေ့တွင် ပြောကြားလိုက်သည်။
    “နိုင်ငံတောင်ပိုင်း အန်ဒရာပရာဒက်ရှ်နဲ့ တီလန်ဂါနာ ပြည်နယ်တွေမှာ အပူလွန်ကဲမှုကြောင့် သေတာတွေအပါအ၀င် သေဆုံးသူဟာ အခုအချိန်မှာ ၁၁၀၀ ကျော်သွားပါပြီ။ အခြား သေဆုံးသူ ၂၀ က နိုင်ငံအနောက်ပိုင်း ဂူဂျာရတ်ပြည်နယ် အပါအ၀င် အိန္ဒိယရဲ့ အခြားသောအစိတ်အပိုင်းတွေက ဖြစ်ပါတယ်” ဟု အမည်မဖော်လိုသည့် တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
    အဆိုပါ ပြည်နယ်များတွင် အပူလှိုင်းဒဏ်ကို အဆိုးဆုံးခံစားရသည့် ပြည်နယ်မှာ အန်ဒရာပရာဒက်ရှ် ပြည်နယ်ဖြစ်ပြီး ယခုအချိန်အထိ လူပေါင်း ၈၅၂ ဦး သေဆုံးခဲ့ကာ တီလန်ဂါနာပြည်နယ်တွင် သေဆုံးသူမှာ ၂၆၀ ကျော်သွားခဲ့ပြီး ဂူဂျာရတ်တွင် သေဆုံးသူ ၇ ဦးရှိခဲ့သည်ဟု အဆိုပါ တာဝန်ရှိသူက ပြောကြားခဲ့သည်။
    နယူးဒေလီတွင် အပူချိန်မှာ ၄၅ ဒီဂရီဆဲလ်စီးယက်ပ်ရှိပြီး တောင်ပိုင်းပြည်နယ်များတွင် ၄၇ ဒီဂရီရှိနေသည်ဟု မိုးလေ၀သ၏ ထုတ်ပြန်မှုအရ သိရသည်။ အပူရှိလွန်ကဲမှုအခြေအနေ ဖြစ်ပေါ်နေသည့် နိုင်ငံအတွင်း ယခုတစ်ပတ်ကြာသာပတေးနေ့တွင် မိုးအနည်းငယ် ရွာမည်ဟု မိုးလေ၀သက ခန့်မှန်းထားသည်။ သို့သော်လည်း ယခုလကုန်နောက်ပိုင်းတွင်မှ အိန္ဒိယတွင်
    မိုးမှန်မည်ဖြစ်သည်။
    Ref: Xihnua
  • ဖီဖာ၏ အကြီးတန်း တာဝန်ရှိသူများ လာဘ်ပေး လာဘ်ယူ ပြဿနာဖြင့် အဖမ်းခံရ
    ဖီဖာ၏ အကြီးတန်း တာဝန်ရှိသူများ လာဘ်ပေး လာဘ်ယူ ပြဿနာဖြင့် အဖမ်းခံရ
    မေ ၂၇၊ ၂၀၁၅
    M-Media
    fifa
    – ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဖီဖာမှ အဆင်မြင့်တာဝန်ရှိသူများကို ဆွစ်ဇာလန် အာဏာပိုင်များက လာဘ်စားမှုဖြင့် ယနေ့တွင် ဖမ်းဆီးလိုက်သည်ဟု သိရသည်။
    လာဘ်ငွေအဖြစ် ဒေါ်လာသန်းနှင့်ချီ အပေးအယူရှိသည်ဟူသော စွပ်စွဲချက်ဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး အမေရိကန် အာဏာပိုင်များ၏ မေတ္တာရပ်ခံမှုကြောင့် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု ဆွစ်ဇာလန် ဖက်ဒရယ်တရားရေးရုံး FOJ မှ ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြထားသည်။
    ဖမ်းဆီးခံရသူများမှာ ၁၀ ဦးကျော်ရှိပြီး ၎င်းတို့မှာ ဖီဖာ၏ နှစ်ပတ်လည် ညီလာခံသို့ တက်ရောက်ရန် ဇူးရစ်ခ်ျသို့ ရောက်ရှိနေစဉ်အတွင်း ယခုကဲ့သို့ အဖမ်းခံခဲ့ရခြင်း ဖြစ်သည်။ သို့သော်လည်း ဖမ်းဆီးခံရသူများတွင် ဖီဖာဥက္ကဌ ဆပ်ဘလတ္တာ ပါဝင်ခြင်း မရှိဟု ဖီဖာ၏ ပြောရေးဆိုခွင့်ရှိသူ ဝေါလ်တာ ဒီ ဂရီဂေါ်ရီက ပြောကြားခဲ့သည်။
    “နယူးအယောက်အရှေ့ပိုင်းခရိုင် တရားရုံးက ဒီသံသယရှိသူတွေကို ၁၉၉၀ ပြည့်နှစ်အစောပိုင်းကနေ ဒီနေ့အချိန်အထိ လာဘ်ငွေတွေ၊ တရားမ၀င်ငွေကြေးတွေ လက်ခံမှုနဲ့ စုံစမ်းစစ်ဆေးနေပါတယ်။ အားကစားမီဒီယာ ကိုယ်စားလှယ်တွေ၊ အားကစားဆိုင်ရာ ပရိုမိုးရှင်းလုပ်တဲ့ လုပ်ငန်းတွေ စတဲ့ သံသယရှိသူတွေဟာ ဘောလုံးနဲ့ ပတ်သက်တဲ့ တာဝန်ရှိသူတွေ၊ ဖီဖာက ကိုယ်စားလှယ်တွေနဲ့ ဖီဖာရဲ့ အဖွဲ့ခွဲတွေက အခြားသော အမှုထမ်းတွေကို စုစုပေါင်း ဒေါ်လာ သန်း ၁၀၀ကျော်လောက်ပေးတဲ့ ကိစ္စတွေမှာ ပါဝင်ပတ်သက်နေတယ်လို့ စွပ်စွဲခံထားရပါတယ်” ဟု FOJ ၏ ကြေညာချက်တွင် ဖော်ပြထားသည်။
    သို့သော်လည်း ဖမ်းဆီးထားသူများ၏ အမည်ကို ဖော်ပြခဲ့ခြင်း မရှိချေ။ ဖမ်းဆီးခံရသူများတွင် ကေးမန်ကျွန်းမှ ဖီဖာ၏ ဒုတိယဥက္ကဌ ဂျက်ဖရီ ၀ဘ်လည်း ပါဝင်သည်ဟု AP သတင်းဌာနက ဖီဖာနှင့် နီးစပ်သည့် သတင်းရင်းမြစ်များကို ကိုးကား၍ ဖော်ပြခဲ့သည်။ ဖမ်းဆီးခံထားရသူများကို ဆွစ်ဇာလန် တာဝန်ရှိသူများက အမေရိကန်သို့ လွှဲပြောင်းပေးသွားမည်ဖြစ်သည်။
    Ref: Aljazeera