News @ M-Media

Blog

  • ပြဿနာ အများဆုံး အစိုးရ (Editorial)

    ပြဿနာ အများဆုံး အစိုးရ (Editorial)

    မေ ၂၅ ၊ ၂၀၁၅
    M-Media
    Editorial 2

    စကတည်းက ယဉ်သကို ဆိုတာလိုပါပဲ။ ၂၀၁၀ ရွေးကောက်ပွဲရဲ့အဖြစ်က အသေ၀နာစ ဗာလာနံဆိုပြီး လူ့ဗာလတွေနဲ့ကင်းဝေးစေဖို့ ဒီမိုကရေစီဂါထာစီးဖြန်း မန်းမှုတ်လာခဲ့တဲ့ ပြည်သူတွေဟာ ကံဆိုးချင်တော့ ဗွီလိန် က မင်းသားဝတ်စုံပြောင်းပြီး ထွက်လာတဲ့အခါ ဗာလာနဉ္စ သေ၀နာရယ်လို့ မင်္ဂလာတရားတော်ကို ကမောက်ကမလုပ်လိုက်ရပါတော့တယ်။ ဒီမှာတင် အမင်္ဂလာနဲ့ ဒီမိုကရေစီ ကင်ပွန်းတပ်ပွဲဟာ အခြေမလှ ဖြစ်ခဲ့ရပါတယ်။

    ၂၀၀၈ ဖွဲ့စည်းပုံကိုပြင်မှ NLD က ၂၀၁၀ ရွေးကောက်ပွဲကို ၀င်ချင်ပါတယ်။ ဒါကြောင့် ပြင်မပေးရင် ရွေးကောက်ပွဲသပိတ်မှောက်မယ်လို့ ဆိုခဲ့ပါတယ်။ ပြည်သူညီရင် ရွေးကောက်ပွဲပျက်ပါတယ်။ ဒါပေမဲ့ ဧရာဝတီသင်္ဘောကုမ္ပဏီနဲ့ ယှဉ်ပြိုင်ခဲ့တဲ့ ဦးနာအောက်ရဲ့ သနားစဖွယ်အဖြစ်ကို သံဝေဂ မယူမိလေသလားပဲ။ အများ အကျိုးထက် တစ်ကိုယ်ရေ အကျိုးရှာတဲ့ အချောင်သမားက ရာနှုန်းများနေလေတော့ NLD ရဲ့မျှော်လင့်ချက်ဟာ ဦးနာအောက်ရဲ့ အရှုံးမျိုးနဲ့ ပြာကြွေစလို လွင့်ပြယ်ဆုံးပါးခဲ့ရပါတယ်။

    ဘောင်းဘီချွတ်များရဲ့ ပြည်ခိုင်ဖြိုးဟာ ပြိုင်ဘက်တော်ရဲ့သပိတ်ကို လူနာမျက်ဖြူဆိုက်လေ ဆရာကြိုက်လေ အပြုံးမျိုးနဲ့ ပီတိဝေနေချိန်ပေါ့။ ချန်ပီယံမပါတဲ့ပွဲမို့ ပွဲချောင်ဝင်တိုးဦးမှဆိုတဲ့ တောကြောင်တွေကလည်း လက်ခမောင်း ထခတ်ကြပါတယ်။ ဒီလိုနဲ့ ၂၀၁၀ ဟာ ပြည်သူမျှော်မှန်းတဲ့ အောင်ပန်းတွေ ခြွေချကြေမွမြေခ သွားရပါတော့တယ်။

    အဲဒီကာလမှာ အကျိုးလိုလို့ ညောင်ရေသွန်းတဲ့ ခါတော်မီခင်းတဲ့ တစ်ခြမ်းတစ်ဝက် လမ်းအကွက် အကွက် တွေကို ပြန်မြင်ယောင် မိပါသေးတယ်။ ပြည်သူ့ဘဏ္ဍာတွေကို ပါတီပိုင်လို အလွဲသုံးစားလုပ်ပြီး ထင်တိုင်းသုံး မဲဆွယ်နေတဲ့ အရွေးခံ အမတ်လောင်းများကိုလည်း ပြန်မြင်ယောင်မိပါသေးတယ်။ မဲရုံမှာ မဲရေတုန်းက အနိုင်၊ ကြိုတင်မဲတွေ ထင်သလိုပေါင်းပြီး သတင်းမှာကြေညာတော့ အရှုံးဖြစ်သွားတဲ့ အရွေးခံတချို့ရဲ့ တက်ခေါက်သံ တွေကိုလည်း ကြားယောင်မိပါသေးတယ်။

    အစိုးရသစ် လက်ထက်မှာ ဧရာဝတီမြစ်ဆုံရေကာတာကိစ္စဟာ စနက်တံဖြုတ်ထားတဲ့ လက်ပစ်ဗုံးတစ်လုံးကို ဆုပ်ကိုင်ထား မိသလို ဖြစ်ခဲ့ဖူးတယ်။ ကလေးကို အချိုသပ်သလို ပြည်တော်ပြန် ပုဏ္ဏားတို့ရဲ့ မာယာဉာဏ်နဲ့ ရွှေ့ဆိုင်းနှစ်သိမ့်ဖို့ အကြံအတိုင်း အကောင်အထည်ဖော်လိုက်တဲ့ သမ္မတကြီးဟာ နေ့ချင်းညချင်း နာမည်ကောင်း လက်မှတ် အချောင်ရသွားပါတယ်။ ဒီအချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ဟာ လူထုခေါင်းဆောင် ဘ၀ကနေ နိုင်ငံရေးသမားဘ၀ကို ပြောင်းလဲခံယူဖို့အတွက် သမ္မတကြီးကို ယုံတယ်ဆိုတဲ့ စကားတစ်ခွန်းနဲ့ သမ္မတကို ကျောသပ်လိုက်ချိန်မှာ ဘုမသိ ဘမသိတွေက သမ္မတကြီးကို ဘုရားတစ်ဆူ ဂူတစ်လုံးလို အကြည်ညို ပိုသွားကြပြန်ပါတယ်။

    လျှပ်စစ်မီးတွေ ပိုလျှံနေလို့ နိုင်ငံခြားတောင် ရောင်းစားနေရပါတယ်ဆိုတဲ့ ၀န်ကြီးက နှုတ်သရမ်းထားချိန်မှာ လျှပ်စစ်မီးတွေ ပျက်လွန်းလို့ ဖယောင်းတိုင်ထွန်း ဆုတောင်းပွဲတွေကလည်း မြန်မာပြည်ရဲ့ ထူးခြားတဲ့ မှတ်တိုင် တစ်ခုပါပဲ။

    ဦးသိန်းစိန် အစိုးရဟာ အမေရိကန်အပါအ၀င် အနောက်နိုင်ငံတွေရဲ့ ထောက်ခံမှုကို ရလိုပါတယ်။ စီးပွားရေး ပိတ်ဆို့မှုတွေကို ဖြေလျှော့စေ လိုတယ်။ ဧရာဝတီ ကိစ္စမှာ နာမည်ကောင်းရထားတာ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ အဆင်ပြေနေတာတွေ အပြင် နိုင်ငံရေးအကျဉ်းသားတွေ တစ်သုတ်ပြီး တစ်သုတ်လွှတ်ပေးတာတွေဟာ ကမ္ဘာ့အသိုင်းအ၀ိုင်းရဲ့ ထောက်ခံမှုရရေး အတွက် ရင်းနှီးမြှုပ်နှံမှုတွေပါပဲ။ ဒါပေမဲ့ နိုင်ငံရေးအင်အားစုတွေ ထောင်ကလွတ်လို့ အင်အားကောင်းလာရင် ချိန်ခွင်လျှာညှိနိုင်အောင် မိစ္ဆာဘက်တော်သား တချို့ကိုလည်း ရောင်တော်ပြန်နဲ့ ရောလွှတ်ပေးခဲ့ပါတယ်။ အဲဒီအထဲမှာ အထိကရုဏ်းဖန်တီးမှု ၀ိဇ္ဇာတွေလည်း ပါပါတယ်။

    ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲမှာ NLD ပါဝင်ယှဉ်ပြိုင်မယ်ဆိုတော့ ပြည်ခိုင်ဖြိုး အစိုးရ မျက်ခုံးလှုပ်ခဲ့ပါတယ်။ ထင်တဲ့အတိုင်းပဲ ၀င်ပြိုင်သမျှ နေရာတိုင်းမှာ NLD အနိုင်ရခဲ့ပါတယ်။ ဒီမှာတင် ၂၀၁၅ အတွက် ကြိုတင်စီမံကိန်း တစ်ခုကို ချရပါတော့တယ်။ ကြားဖြတ်ရွေးကောက်ပွဲဟာ ၂၀၁၂ ဧပြီ ၁ မှာ လုပ်ပါတယ်။ ဧပြီ ၁၂ မှာ ဆိုင်းတောင်၊ ဧပြီ ၁၃ မှာ ကံမ ဘာသာရေး၊လူမျိုးရေးပြဿနာတွေ စပြီးမွှေးပါတယ်။ နောက်တော့ ရခိုင် ပြည်နယ်မှာ အကြီးအကျယ်ဖန်တီးပါတယ်။ အဲဒီကနေ သာကေတ၊ လှိုင်သာယာ၊ မိတ္ထီလာ၊ ပဲခူးမြို့အနောက်ဘက် တစ်လွှား၊ ဥက္ကံ၊ လားရှိုး၊ မန္တလေးစသဖြင့် ပဋိပက္ခတွေ တစ်ခုပြီးတစ်ခု ဖန်တီးခဲ့ပါတယ်။ ဖန်တီးကြောင်းလည်း လက်ရာတွေတူနေပုံအရ ပြည်သူတွေ ရိပ်စားမိလာပါတယ်။

    လက်ပံတန်းတောင်ကိစ္စ၊ ကိုပါကြီးကိစ္စ၊ ကချင် ဆရာမလေးနှစ်ဦး ကိစ္စ၊ ဒေါ်ခင်ဝင်း ကိစ္စ၊ မိကျောင်းကန် မြေသိမ်းခံများအပါအ၀င် အရပ်ရပ် အနယ်နယ်က မြေသိမ်းယာသိမ်း ကိစ္စ၊ မြို့တော်ခန်းမရှေ့ ကျောင်းသား တွေကို လက်ပတ်နီတွေနဲ့ အကြမ်းဖက်ဖြိုခွင်းတဲ့ကိစ္စ၊ လှိုင်သာယာ အလုပ်သမား သပိတ်ကို အကြမ်းဖက် ဖြိုခွင်းတဲ့ကိစ္စ၊ လက်ပံတန်းမှာ ကျောင်းသားတွေကို အကြမ်းဖက်ဖြိုခွင်းတဲ့ကိစ္စ အဲဒီလို ကိစ္စမြားမြောင် ပြဿနာ အစုံစုံကို စုံစမ်းစစ်ဆေးရေး ကော်မရှင်ပေါင်းများစွာနဲ့ တစ်ခု အဖြေမထွက်ခင် သည့်ထက်သည့်ထက် ပိုပိုကြီးတဲ့ပြဿနာတွေနဲ့ ဖုံးကွယ် အာရုံပြောင်းပစ်ပါတယ်။ လိုအပ်ရင် ခေါင်းလောင်းထဆယ်ချင်လည်း ဆယ်ခိုင်းလိုက်ပါတယ်။ ဒီမိုကရေစီစနစ်နဲ့ မအပ်စပ်တဲ့ အရည်အသွေး မပြည့်မီတဲ့ ၀န်ကြီးများဖြစ်ကြောင်း ထမင်းတစ်နပ်လျှော့စားခိုင်းတာ၊ တစ်နေ့ ၂၀၀၀ ပဲ သုံးဖို့ပြောတာ၊ တရုတ်ပြည်ကို ရောင်းထားတဲ့ လျှပ်စစ်မီးကို ပြန်ဝယ်ပြီး သုံးရမယ်ဆိုတာ၊ နယ်လှည့် ပါးရိုက်မယ်ဆိုတာတွေက သက်သေပြနေပါတယ်။ ဒီလိုနဲ့ ဒီအစိုးရဟာ စိတ်ပျက်စရာ အကောင်းဆုံးအစိုးရ၊ ပြဿနာ အများဆုံး အစိုးရအဖြစ် ဗိုလ်စွဲနိုင်ခဲ့ပါတယ်။
    ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲကနေစပြီး ဖြစ်ပေါ်လာခဲ့တဲ့ ပြဿနာတိုင်းရဲ့ နောက်ကွယ်မှာ အစိုးရရဲ့ လက်မည်းကြီး ရှိနေကြောင်း ပြည်သူတွေက ကောင်းကောင်းသိလာခဲ့ပါပြီ။ အခု ၂၀၁၅ ရွေးကောက်ပွဲ မတိုင်ခင် နောက်ထပ် ဘာ ပြဿနာတွေ ဖန်တီးဦးမလဲဆိုတာသာ ရင်တခုန်ခုန်နဲ့ စောင့်ဆိုင်းကြည့်ကြရဦးမှာပါ။

    ဒီလိုပြဿနာတွေဆက်ပြီး မကြုံတွေ့ရတော့မှာကို စိတ်ပူတယ်ဆိုရင်တော့ အကောင်းဆုံး အကြံတစ်ခု ပေးပါ့မယ်။ ၂၀၁၅ ခုနှစ်မှာ ပြည်ခိုင်ဖြိုးကိုသာ မဲပေးလိုက်ကြပါတော့။

  • နိုင်ငံတကာ သတင်းတို (မေ ၂၅၊ ၂၀၁၅)

    မေ ၂၅၊ ၂၀၁၅
    M-Media

    တူနီးရှားစစ်သားတစ်ဦး ရဲဘော်များကို ပြန်ပစ်
    …………………………..
    တူးနီးရှားနိုင်ငံ မြို့တော်တူနစ်ရှိ စစ်စခန်းတစ်ခုတွင် စစ်သားတစ်ဦးက ရဲဘော်ရဲဘက်များအား သေနတ်ဖြင့်ပစ်ခတ်မှုတစ်ခု ယနေ့တွင်ဖြစ်ပွားခဲ့ပြီး ၇ ဦးသေဆုံးခဲ့ကာ ၁၀ ဦးခန့် ဒဏ်ရာရရှိခဲ့သည်။ အဆိုပါ စစ်သားမှာ မိမိကိုယ်ကို ပြန်၍ ပစ်သတ်ခဲ့ပြီး ရဲတပ်ဖွဲ့ကမူ အဆိုပါ သေနတ်ပစ်မှုနောက်ကွယ်တွင် မည်သည့်အကြောင်းအရင်းရှိသည်ကို ရှင်းရှင်းလင်းလင်း မသိရှိရသေးဟု ပြောကြားခဲ့သည်။

    IS ကို အမေရိကန် ရပ်တန့်လိုစိတ်မရှိ
    ……………………………
    အီရန်တော်လှန်ရေးအစောင့်တပ်မှ အကြီးအကဲတစ်ဦးက အမေရိကန်အနေဖြင့် IS တပ်ဖွဲ့ကို ရပ်တန့်လိုစိတ်မရှိဘဲ မိမိတို့ အီရန်နှင့် မဟာမိတ်များက တိုက်ခိုက်နေရသည်ဟု ပြောကြားခဲ့သည်။ အီရန်မှာ အီရတ်ရှိ တီကရစ်မြို့အား IS လက်မှ ပြန်သိမ်းသည့်တိုက်ပွဲတွင် များစွာ အကူအညီပေးခဲ့သည်။ အမေရိကန်မှာ IS တပ်ဖွဲ့ ပေါ်ပေါက်လာသည့် အချိန်နှင့် ခြေကုပ်ယူသည့်အချိန်များတွင် မည်သည့်တုံ့ပြန်မှုများ မပြုလုပ်ခဲ့ဘဲ အီရတ်ရှိ အမေရိကန်၏ အကျိုးစီးပွားကို ထိခိုက်မှာသာ ပြန်လည်တုံ့ပြန်ခြင်းဖြစ်သည်ဟု ယခင်က ပြောကြားမှုများ ရှိခဲ့သည်။

    ဂျပန်တွင် ယနေ့နေ့လည်က ငလျင်လှုပ်
    …………………………
    ဒေသစံတော်ချိန် ယနေ့နေ့လည်ပိုင်းက ဂျပန်နိုင်ငံ တိုကျိုမြို့နှင့် အနီးတစ်ဝိုက်တွင် ပြင်းအား ၅.၆ မဂ္ဂနီကျုရှိ ငလျင်တစ်ခု လှုပ်ခတ်ခဲ့သောကြောင့် မြေအောက်ရထားလမ်းများနှင့် လေယာဉ်ကွင်းတစ်ခု ပိတ်ခဲ့ရသည်။ သို့သော်လည်း ဆူနာမီသတိပေးချက် မထုတ်ပြန်ခဲ့ဘဲ ငလျင်ကြောင့် ထိခိုက်ဒဏ်ရာရရှိသူများလည်း မရှိခဲ့ချေ။

    ဗြိတိန်လက်ဝှေ့သမား ပထမဆုံး မစ်ဒယ်ဝိတ်ချန်ပီယံဖြစ်
    ………………………..
    ဗြိတိန်မှ အိုလံပစ်ရွှေတံဆိပ်ဆုရှင် လက်ဝှေ့သမား ဒီဂေးလ်နှင့် အမေရိကန်မှ စူပါ မစ်ဒယ်ဝိတ်ချန်ပီယံ ဒီရီးလ်တို့ စနေနေ့က ထိုးသတ်ခဲ့ရာ ဒီဂေးမှာ အမှတ်ဖြင့် အနိုင်ရရှိခဲ့သည်။ ဒီဂေးလ်မှာ ဒုတိယအချီတွင် ဒီရီးလ်အား ၂ ကြိမ်တိုင်တိုင် လဲကျသွားအောင် ထိုးနိုင်ခဲ့ပြီး ယခုနိုင်ပွဲမှာ ၎င်း၏ ပထမဆုံး IBF ၏ စူပါမစ်ဒယ်ဝိတ်တန်း ချန်ပီယံ ဖြစ်ခဲ့ခြင်းလည်း ဖြစ်သည်။

    Ref: News Agencies

  • နှင်းဆီခင်- နှစ်သိမ့်ပေးမယ်ဆို

    နှင်းဆီခင်- နှစ်သိမ့်ပေးမယ်ဆို

    မေ ၂၅ ၊ ၂၀၁၅
    M-Media
    နှင်းဆီခင်ရေးသည်။
    main-qimg-75d1a0bc54ddc9943d6883a518aa8bae
    ထီးတည်းနေလို့မရတဲ့ လူ့ပတ်ဝန်းကျင်အသိုင်းအဝိုင်းမှာ သွေးချင်းသားချင်းတွေ၊ မိသားစုဝင်တွေ ပြီးတော့ သူစိမ်းတွေနှင့် ရောနှောဆက်ဆံနေကြရတာ သဘာဝပါ။ ဒီတော့လည်း ခင်မင်ရင်းနှီးမှု အတိုင်းအတာ ကိုယ့်ဆွေမျိုး၊ ကိုယ့်မိသားစုဝင်တွေ ထက် တစ်ဆင့် နိမ့်သည်ပဲထား၊ မိတ်ဆွေအပေါင်းအသင်းတွေ အပေါ် ထားရှိတဲ့ သံယောဇဉ်အထုက မနည်းမနော ခိုင်မာလာတတ်ပါတယ်။ ရင်းနှီးမှုအတိုင်းအတာ အရ ပျော်လည်းအတူ ဝမ်းနည်းလည်းအတူ မျှဝေခံစားဖြစ်ကြတယ်။ ဒါဟာလည်း မိတ်ဆွေကောင်းတို့ရဲ့ အရည်အသွေးတွေထဲက တစ်ခုလို့ ဆိုနိုင်တယ်။ တကယ်တော့ တစ်ယောက်နှင့် တစ်ယောက် ရင်ဖွင့်ပြောကြပြီဆိုတဲ့အခါ ရင်ထဲက အပျော်လေးတွေ စီးဝင်လာတတ်သလို သူရဲ့သောက ဒုက္ခတွေကြောင့်လည်း ကိုယ်ပါ ဝမ်းနည်းမဆုံးဖြစ်ရတာမျိုးလည်းရှိတယ်။ လောကသဘာဝအရ ပျော်စရာလေးတွေ၊ ဝမ်းနည်းပူဆွေးမှုတွေဟာ ကူးစက်တတ်တဲ့သဘောရှိကြတာကိုး။

    ကောင်းပြီ။ ကိုယ်နှင့် ဆယ်နွယ်နေသောသူတစ်ဦးဦး (ဒါမှမဟုတ်) အများမှာ အောင်မြင်သူတွေ အဆင်ပြေမှုတွေ ရလာတာကို ကိုယ်ပါရောပြီး ဝမ်းသာပေးနိုင်ပါ့မလား။ မနာလိုဝန်တိုစိတ်ကြီးက ကိုယ့်ရဲ့အပျော်လေးတွေကို ဖျက်ဆီးဟန့်တားနေဦးမှာလား။ ဒီအတွေးတွေကတော့ သူများမသိဘူး။ ကာယကံရှင်သာ အသိဆုံးလေ။ တကယ့်စိတ်ရင်းစေတနာမှန်နှင့် ခင်မင်မိသူဆိုရင်တော့ သူနှင့်အတူ အားပါးတရ ပျော်ရွှင်ကြည်နူးပေးနိုင်မှာသေချာတယ်။ ရှိသေးတယ်။ လူဆိုတာ အမြဲတမ်း အောင်မြင်ပြီး ပျော်ရွှင်နေကြတာမှ မဟုတ်တာပဲ။ ဝမ်းနည်းပူဆွေးရတဲ့သောက ဒုက္ခဆိုတာကို ရင်ဆီးခံကြရသည်ပဲပေါ့။ ကိုယ့်မှာ ဒါမှမဟုတ် ကိုယ့်ရင်းနှီးသူများမှာ ကိုယ့်အိမ်နီးချင်းမှာ စသည်ဖြင့် သောကပွေကြ ရတာတွေ မကြာခဏကြုံကြရမှာပါ။ အထူးသဖြင့်တော့ နိစ္စဒူဝ လှုပ်ရှားလုပ်ကိုင်နေရတဲ့ ကံကြမ္မာဆိုးတဲ့ကြုံကြိုက်ခဲ့ရတာမျိုး။ ဒါကတော့ သူရောကိုယ်ပါဘဝမှာ ကြုံတွေ့နိုင်ဖို့ကတော့ ရာနှုန်းပြည့်ပဲလေ။

    သောက ဒုက္ခတွေ ခံစားရတဲ့ထဲမှာ တစ်သက်တာခွဲခွာရခြင်းကတော့ အဆိုးဝါးဆုံးပါပဲလို့ ဆိုရမှာဖြစ်သလို အဲဒီလိုသောက ပရိဒေဝမျိုး ခံစားလာရတဲ့အခါ အကောင်းဆုံးသောနည်းလမ်းတွေနှင့် အားပေးနှစ်သိမ့်ကြရစမြဲ။ ရုပ်ဝတ္တုပစ္စည်း အထာက်အပံ့ဆိုတာ မရှိမဟုတ်ရှိပေမယ့် စိတ်ဓာတ်ရေးရာ အားပေးနှစ်သိမ့်မှုကလည်း အရေးပါအရာရောက်လှပါတယ်။ ဆိုပါစို့ ကိုယ့်ရဲ့လုပ်ဖော်ကိုင်ဖက် တစ်ဦးဦးရဲ့ မိသားစုကွယ်လွန်သွား တာမျိုးကား လေယာဉ် ရေယာဉ် စတာတွေမှာ မတော်တဆ ထိခိုက်မှုကြောင့် ရုတ်တရက်ကြီး ဆုံးရှုံးသွားတာလည်း ဖြစ်နိုင်တယ်။ ဒါမှမဟုတ် ရောဂါဝေဒနာကြောင့်ပဲဖြစ်ဖြစ် အသက်အရွယ်အရပဲဆိုဆို အသက်ဆုံးရှုံးသွားကြတယ်။ အဲဒီအခါ ကာယကံရှင်ရဲ့ လူမျိုး၊ မျိုးနွယ်စုနှင့်ဆိုင်တဲ့ ဓလေ့ထုံးစံတွေအရ ဝမ်းနည်းကြေကွဲမှု အထိမ်းအမှတ်ကို ဖော်ဆောင် ကျင်းပကြတယ်။

    ဥပမာ အနေနှင့် အာရှတိုက်သားအနွယ်ဝင် မလေးလူမျိုးတွေရဲ့ ဓလေ့ထုံးစံအရကတော့ ကွယ်လွန်သေဆုံးခြင်းဆိုတာ ဘုရားသခင်ရဲ့ အလိုတော့အရကြောင့်သာပဲဆိုတဲ့ အသိစိတ်ကို တဖွဖွဆိုရင်း ကျန်ရစ်သူမိသားစုတွေကို နှစ်သိမ့် စကားပြောဆိုလေ့ရှိကြတယ်။

    ရိုးရာ တရုတ်လူမျိုးတွေကတော့ သေဆုံးခြင်းဆိုတာဟာ ကျိန်စာသင့်ခြင်းစတဲ့ မကောင်းမြင်စကားလုံးမျိုး သုံးစွဲတာကို လုံးဝ ရှောင်ရှားလေ့ရှိတယ်။ သွေးသား လုံးဝမတော်စပ်ဘဲနှင့် ဝမ်းနည်းစကားဆိုတာမျိုးကို အစစ်အမှန် မဟုတ်ဘဲ အယောင်ဆောင်တာလို့ ယူဆတယ်။ ကျန်ရစ်သူ မိသားစုအပေါ် ဂုဏ်သိက္ခာညှိုးနွမ်းစေတာလို့လည်း ယူဆပြန်တယ်။

    ဟိန္ဒူ လူမျိုးတွေကျပြန်တော့ သေဆုံးခြင်းဆိုတာ သံသရာတစ်လျှောက်ကူးပြောင်းမှု တစ်ခုလို့ ယူဆထားတာမို့ (၁၁) ရက်ကြာအောင် ပူဆွေးဝမ်းနည်းခြင်း အထိမ်းအမှတ် ကျင်းပရင်း သံသရာမှာ ကူးပြောင်းနိုင်ဖို့ ခရီးလမ်းဆောင်ကျဉ်းပေးလေ့ရှိတယ်။

    လုပ်ငန်းခွင်မှာ ကိုယ့်ရဲ့လုပ်ဖော်ကိုင်ဖက် တစ်ဦးဦးရဲ့ ပူးဆွေးဝမ်းနည်းခြင်းဟာ တခြားကျန်တဲ့သူကို ကူးစက် သွားတာတော့ အမှန်ပဲ။ ဒီတော့ အဲဒီကာယကံရှင်ရဲ့သောကကို လုံးဝ မဟုတ်သည့်တိုင် တစ်စိတ်တစ်ဒေသလျော့ပါး သွားအောင် သင့်လျော်တဲ့ဂရုစိုက်မှုနှင့် အားပေးနှစ်သိမ့်မှုတွေကို အတတ်နိုင်ဆုံး ဆောင်ရွက်ဖို့ လိုပြီပေါ့။

    ဒီတော့ ဘာလုပ်သင့်သလဲ။ ဦးဆုံးအနေနှင့်ကတော့ သောကဝေနေတဲ့ လုပ်ဖော်ကိုင်ဖက်ကို သူရဲ့ခံစားနေရသမျှ ဝမ်းနည်းပူဆွေးမှုကို နားလည် လက်ခံပေးပါတယ်ဆိုတာ သူသိအောင်လုပ်ရပါလိမ့်မယ်။ အဲဒီအတွက် တကယ့်ကို လှိုက်လှိုက်လှဲလှဲ ခံစားနေရတာကို သူသိအောင် ကိုယ်အမူအရာ၊ နှုတ် အမူအရာနှင့် ဖော်ပြရမှာပါ။ အချင်းချင်းစာနာ ကူညီစိတ်ကြောင့် တတ်စွမ်းသရွေ့ အထောက်အပံ့တွေပေးဖို့ ကြိုးစားရမယ်။ (တစ်ချို့ကတော့ လက်ခံဖို့ ငြင်းတယ်) သူခံစားရသမျှ အတွေ့အကြုံတွေကို အားပါးတရ ဖွင့်ပြောပါစေ။ အဲဒါကိုလည်း စိတ်ရှည်ရှည်ထားပြီး နားထောင်ပေးသင့်တယ်။ ခံစားရတဲ့ ကာယကံရှင်အနေနှင့် ထပ်ပြန်တလဲလဲ ပြောလာပါစေ။ မညည်းမညူပဲ နားထောင်ပေးတာဟာ သူ့ရင်ထဲကသောကကို လျော့ပါးစေနိုင်တာကတော့ အမှန်ပါပဲ။ တကယ်လို့ သူကဘာမှပြောပြချင်စိတ်မရှိဘဲ ဆိတ်ဆိတ်နေနေရင်လည်း ဘာမှမမေးမြန်းပဲ အလိုက်သင့်နေပေးသင့်တယ်။ နောက်ပြီး သူရဲ့လူမှုရေးရာ တာဝန်ဝတ္တရားတွေ (ဈေးဝယ်တာကအစ) ကို တစ်နိုင်တစ်ပိုင် ဝိုင်းကူပေးတာဟာ ထိရောက်တဲ့ ကူညီမှု ဆိုတာ မမေ့သင့်ဘူး။

    တစ်ခါတစ်ရံမှာတော့ ပူဆွေးနေသူကို စကားတွေ အများကြီးပြောပြီး နှစ်သိမ့်ပေးနေတာ ထက် သူ့အနားမှာ ဆိတ်ဆိတ်ငြိမ်ငြိမ် ကလေးနေပြီး သူပြောသမျှ စိတ်ရှည်ရှည်နှင့် နားထောင်ပေးတာက သူ့ကိုစကားလုံးရာထောင်ချီပြီး အားပေးစကားပြောနေတာထက်ပိုပြီး ထိရောက်မှုရှိပါတယ်။ ရှိုက်ကြီးတငင် ငိုကြွေးနေသူကို “မငိုနဲ့နော်” လို့တိုက်တွန်းတာထက် သူ့အားအောင် ငိုစေတာဟာ ရင်ထဲကသောက အထုကို လျော့ပါးသွားစေတတ်ပါတယ်။ ပူဆွေးသောကဖြေပျောက်စေဖို့ ဆေးမြီးတို မရှိပါဘူး။ အချိန်ကာလက ကုစားသွားပါလိမ့်မယ်။ ကိုယ့်အကျိုး၊ မိသားစုအကျိုးနှင့် ကျယ်ကျယ်ပြန့်ပြန့် ပြောရရင် လူသားအကျိုးပြုလုပ်ငန်းတွေမှာ တတ်စွမ်းသလောက် ဆောင်ရွက်ရင် အာရုံနှစ်ထားနိုင်ခဲ့ရင်ပေါ့။ မဝေးလှတဲ့ အချိန်ကာလတစ်ခုမှာ စိတ်တည်ငြိမ်အေးချမ်းပြီး နေသား ကျသွားပါလိမ့်မယ်ဆိုတဲ့အကြောင်း။

    နှင်းဆီခင်

  • ဂါဇာအတွက် ရာဖာနယ်ခြားအား အီဂျစ် ၂ ရက်ကြာ ပြန်ဖွင့်ပေးမည်

    ဂါဇာအတွက် ရာဖာနယ်ခြားအား အီဂျစ် ၂ ရက်ကြာ ပြန်ဖွင့်ပေးမည်

    မေ ၂၅၊ ၂၀၁၅
    M-Media

    – ဂါဇာနှင့် အီဂျစ်အကြားရှိ ရာဖာနယ်ခြားကို တစ်လမ်းသွားအတွက် အင်္ဂါနေ့မှ ဗုဒ္ဓဟူးနေ့အထိ ဖွင့်လှစ်ပေးသွားမည်ဟု အီဂျစ်အာဏာပိုင်များက ပြောဆိုလိုက်သည်ဟု အီဂျစ်နိုင်ငံပိုင် မီဒီယာမှ ဖော်ပြသည်ကြောင်း Awsat Masriya သတင်းဝဘ်ဆိုက်တွင် ရေးသားထားသည်။

    အစ္စရေးက ပိတ်ဆို့မှုများ ပြုလုပ်ထားသည့် ဂါဇာကမ်းမြှောင်အတွက် အဆိုပါ ရာဖာနယ်ခြားမှာ ဂါဇာပြည်သူများ ပြင်ပကမ္ဘာနှင့်ဆက်သွယ်ရန် တစ်ခုတည်းသော ထွက်ပေါက်ဝင်ပေါက်ဖြစ် ပြီး ပြီးခဲ့သည့်နှစ် အောက်တိုဘာလကတည်းက ပိတ်ထားခဲ့ခြင်းဖြစ်ကာ ကြားတွင် ရက်အနည်းငယ်သာ ဖွင့်ပေးခဲ့သည်။

    အီဂျစ်ရှိ ပါလက်စတိုင်းသံရုံကမူ နယ်ခြားအား ဖွင့်ပေးရန် အဆိုပါဆုံးဖြတ်ချက်မှာ ပါလက်စတိုင်းနှင့် အီဂျစ်အာဏာပိုင်များ ထိပ်တန်းဆက်သွယ်မှုပြီးနောက် ဖြစ်ပေါ်လာခြင်းဖြစ်ပြီး ဂါဇာပြည်သူများ၏ ထိခိုက်ခံစားရမှုများ လျော့ပါးစေရန် ထိုကဲ့သို့ နယ်ခြားအား ဖွင့်ပေးခြင်းအတွက် အီဂျစ်အာဏာပိုင်များကို ကျေးဇူးတင်သည်ဟု ပြောကြားခဲ့သည်။

    ဂါဇာစီးပွားရေးမှာ ပြိုလဲလုနီးနီးဖြစ်နေပြီဟု ကမ္ဘာ့ဘဏ်က ကြေညာပြီး သိပ်မကြာခင်မှာပင် အီဂျစ်က အဆိုပါ ရာဖာနယ်ခြားအား ပိတ်ပစ်ခဲ့ခြင်းဖြစ်သည်။ ကမ္ဘာ့ဘဏ်၏ အစီရင်ခံစာအရ ဂါဇာကမ်းမြှောင်မှာ ကမ္ဘာပေါ်ရှိ အခြားသောနိုင်ငံများမှ ပို၍ ဆိုးရွားသော ဒေသဖြစ်သည်ဟု ကမ္ဘာ့ဘဏ်၏ အစီရင်ခံစာက ဆိုသည်။

    “အစ္စရေးက ပိတ်ဆို့ထားတာတွေ၊ စစ်ပွဲနဲ့ ညံ့ဖျင်းတဲ့ အုပ်ချုပ်ရေးတွေက ဂါဇာစီးပွားရေးကို မရှုနိုင်မကယ်နိုင်ဖြစ်စေပြီး အလုပ်လက်မဲ့နှုန်းကလည်း ကမ္ဘာပေါ်မှာ အများဆုံးဖြစ်ပါတယ်” ဟု အဆိုပါ အစီရင်ခံစာတွင် ဖော်ပြထားသည်။

    ၂၀၀၇ ခုနှစ်မှစ၍ အစ္စရေးပိတ်ဆို့မှုအပါအ၀င်၊ ပဋိပက္ခများ၊ ကန့်သတ်မှုများ မရှိပါဘက ဂါဇာ၏ GDP မှာ လက်ရှိအနေအထားထက် ၄ ဆ ပိုမိုမြင့်မားနေမည်ဟုလည်း ကမ္ဘာ့ဘဏ်က ထည့်သွင်းပြောကြားခဲ့သည်။

    ပြီးခဲ့သည့်နှစ်က ဟားမက်စ်မှ ဒုံးကျည်ပစ်လွှတ်သည်ကို တုံ့ပြန်သည်ဟုဆိုကာ အစ္စရေး၏ ရက် ၅၀ ကြာ တိုက်ခိုက်မှုအတွင်း ဂါဇာပြည် ၂၂၀၀ ကျော် သေဆုံးခဲ့ပြီး အိမ်ယာများ၊ ဆေးရုံများ၊ ကျောင်းများ အများအပြား ပျက်ဆီးခဲ့ရသည်။

    Ref: Alarabiya

  • ချယ်ဆီးမှာ ပြီးပြည့်စုံသည့်အသင်းဖြစ်သည်ဟု မော်ရင်ဟိုဆို

    ချယ်ဆီးမှာ ပြီးပြည့်စုံသည့်အသင်းဖြစ်သည်ဟု မော်ရင်ဟိုဆို

    မေ ၂၅၊ ၂၀၁၅
    M-Media

    s

    – ပရီးမီးယားလိဂ်ချန်ပီယံ မိမိတို့အသင်းအား လာမည့်ရာသီတွင် သွေးသစ်လောင်းကာ အခြားအသင်းများအား ဖိအားပေးသွားမည်ဟု နည်းပြမော်ရင်ဟိုက ပြောကြားလိုက်ပြီး မိမိတို့အသင်းမှာ ပြီးပြည့်စုံသည့်အသင်းလည်း ဖြစ်သည်ဟုဆိုသည်။

    ယမန်နေ့တွင် ဆန်းဒါးလန်းအား ၃ ဂိုး ၁ ဂိုးဖြင့် အနိုင်ယူကာ ပရီးမီးယားလိဂ်ဖလားကို ကိုင်မြှောက်နိုင်ခဲ့သည့် ချယ်ဆီးမှာ ၂၇၄ ရက်ဆက် အဆင့် ၁ နေရာတွင် ရှိနေကာ ပရီးမိးယားလိဂ်သမိုင်းတစ်လျှောက် အချိန်အကြာဆုံး အဆင့် ၁ နေရာ ဆုပ်ကိုင်နိုင်သည့် အသင်း ဖြစ်လာခဲ့သည်။

    အသင်းတိုက်စစ်မှူး ဒရော့ဘာမှာ အသင်းမှထွက်ခွာမည်ဟု ကြေညာခဲ့ပြီး ဂိုးသမား ပီတာချက်မှာလည်း အသင်းမှ ထွက်ခွာဖွယ်ရှိနေကာ လာမည့်ရာသီ ပထမနေရာအတွက် ယှဉ်ပြိုင်မှု မြင့်လာစေရန် အသင်းတွင် အစားထိုးရမည်ကို မော်ရင်ဟိုက သိနေသည်။

    “ကျွန်တော်တို့ ဖလားရတာကို ပြိုင်ဘက်အသင်းတွေက လက်ခံနိုင်မှာမဟုတ်ဘူးဆိုတာ ကျွန်တော်သိပါတယ်။ ပြီးတော့ သူတို့ တိုက်ပွဲဝင်ကြမှာဖြစ်ပြီး ကျွန်တော်တို့နေရာကို ချိန်နေတဲ့ အသင်းက သုံးလေးသင်းလောက် ရှိပါတယ်။ ကျွန်တော်ကိုယ်တိုင်၊ ကစားသမားတွေနဲ့ ကျွန်တော်တို့အသင်း အားလုံး ပိုကောင်းရပါမယ်။ အဲဒီအသင်းတွေကို ဖိအားထဲမှာ ဆက်ရှိစေဖို့
    သွေးသစ်အချို့လည်း လိုအပ်ပါတယ်” ဟု မော်ရင်ဟိုက ယမန်နေ့ပွဲအပြီးတွင် သတင်းထောက်များအား ပြောကြားခဲ့သည်။

    ထို့ပြင် မော်ရင်ဟိုက အသင်းအား ဝေဖန်ခဲ့သူများကို ပြန်လည် တုံ့ပြန်ခဲ့ပြီး လွန်ခဲ့သည့် ၂ နှစ် စရောက်စဉ်က အသင်းမှာ အန္တရာယ်ရှိနေသော်လည်း လက်ရှိအချိန်တွင် ပြည့်စုံသည့်အသင်း ဖြစ်လာခဲ့ပြီဟု ထည့်သွင်းပြောကြားခဲ့သည်။

    “ကျွန်တော်တို့မှာ အားလုံး ပြည့်စုံပြီလို့ ကျွန်တော်ထင်ပါတယ်။ ကျွန်တော်တို့ ကစားပုံမကောင်းဘူးလို့ တစ်ယောက်ယောက်က ပြောနိုင်လား။ သူတို့ ပြောနိုင်ပါတယ်။ ဒါပေမယ့် အမှန်တော့ မဟုတ်ပါဘူး။ ကျွန်တော်တို့ ကစားတဲ့ပွဲမှာ အနုပညာပါတယ်။ စိတ်ဓာတ်ကောင်းရှိတယ်။ အစုအဖွဲ့ကောင်းတယ်။ ပြီးတော့ လက်တွေ့လည်းကျပါတယ်။ ကျွန်တော်တို့ဟာ ပြီးပြည့်စုံတဲ့အသင်းဖြစ်ပြီး ဒါ့ကြောင့်လည်း ချန်ပီယံဖြစ်တာပေါ့”

    Ref: Goal